Ch 1
Viewers 78

အခန်း (၁)

ရှန်ယို့ယောင် မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိနေပြီး နှာခေါင်းဝတွင်လည်း စီးကရက်နံ့၊ အရက်နံ့တို့ဖြင့် မွှန်ထူနေသည်။ သူမ အိပ်ရာမှထကာ ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်မိတော့ မိမိရောက်နေသည်က လုံးဝစိမ်းသက်နေသော အခန်းတစ်ခန်း။ သူမ ဒီလို ထူးဆန်းသောနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာရသလဲဆိုတာကို အတော်ကြာအောင် စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေသည်။

ထိုစဉ် အိပ်ရာဘေး ခုံပုပေါ်ရှိ အနီရောင် စာအုပ်ငယ်လေးနှစ်အုပ်က သူမအကြည့်ကို ဖမ်းစားလိုက်လေသည်။ "လက်ထပ်စာချုပ်" ဟူသော စာလုံးသုံးလုံးကို မြင်လိုက်ရသောအခါ ရှန်ယို့ယောင်သည် စာအုပ်ကို ကောက်ယူပြီး သတိထားကာ ဖွင့်ကြည့်လိုက်သည်။ စာအုပ်ထဲရှိ "ရှန်ယို့ယောင်" နှင့် "တုဇယ်ချန်း" ဟူသော အမည်နှစ်ခုကို မြင်လိုက်ရချိန်တွင်တော့ သူမ ကြက်သေသေသွားရတော့သည်။

ဒါ... မနေ့က သူမ ဖတ်ခဲ့တဲ့ ဝတ္ထုထဲက အမြောက်စာ ဇာတ်ကောင်နှစ်ယောက်ရဲ့ နာမည်တွေ မဟုတ်လား။

သူမ အခြေအနေကို သုံးသပ်၍ မပြီးသေးခင်မှာပင် ဧည့်ခန်းဘက်ဆီမှ ဝုန်းဒိုင်းကြဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှန်ယို့ယောင် လန့်ဖျပ်သွားပြီး အိပ်ရာပေါ်မှ အမြန်ဆင်းကာ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့် ပြင်းထန်လှသော အရက်နံ့က မျက်နှာကို ဟပ်လာ၏။ ဧည့်ခန်းထဲတွင် မူးရူးနေသော အမျိုးသားတစ်ယောက်သည် ကော်ဖီစားပွဲကို အမှီပြုလျက် ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်ရန် ကြိုးစားနေသည်။ သူ့ပုံစံက ကြည့်ပျော်ရှုပျော် မရှိလှ။ ဆံပင်များက ဖရိုဖရဲ၊ မုတ်ဆိတ်မွှေးများက ရှည်လျားရှုပ်ပွနေပြီး အဝတ်အစားများကလည်း ခန္ဓာကိုယ်ပေါ်တွင် တွန့်ကြေနေသည်။ မျက်မှောင်ကို တင်းတင်းကြုတ်ထားပုံမှာ မူးနေသည့်တိုင် စိတ်ရှုပ်ထွေးမှုနှင့် ရန်လိုမှုတို့ လွှမ်းခြုံနေသည့်ပုံပင်။

သို့သော် ထိုသို့သော ပုံစံဖြစ်နေသည့်တိုင် ပန်းပုရုပ်သဖွယ် ထင်ရှားပြတ်သားလှသည့် မျက်နှာကျက သူ့ကို ချောမောခန့်ညားနေစေတုန်းပင်။

သူ့ဘယ်ဘက်မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့လေးကို မြင်လိုက်ရချိန်တွင်တော့ ဒီလူသည် မနေ့ညက သူမဖတ်ခဲ့သော «ဇာတ်ပို့မလေး ဘဝပြောင်းလဲခြင်း» ဝတ္ထုထဲမှ တုဇယ်ချန်း ဖြစ်ကြောင်း ရှန်ယို့ယောင် သေချာသွားခဲ့ပြီ။

အမျိုးသမီးဇာတ်လိုက် ဖန်ရွှယ်ယင်း၏ ထောင်ချောက်ဆင် ဖောက်ပြန်မှု ဇာတ်ကွက်ကြောင့် ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ စွန့်ပယ်ခြင်းခံရတော့မည့် သားကောင် တုဇယ်ချန်းနှင့် ထိုဖောက်ပြန်မှု ဇာတ်ကွက်ထဲမှ ဖောက်ပြန်သူ အမျိုးသမီးဖြစ်သူ ရှန်ယို့ယောင်။

လက်ထဲမှ လက်ထပ်စာချုပ်ကို သူမ ငုံ့ကြည့်လိုက်မိသည်။ ဒါက ဖန်ရွှယ်ယင်း၏ မရပ်မနား လှုံ့ဆော်မှုများကြောင့် တုဇယ်ချန်းတစ်ယောက် ဒေါသအိုးပေါက်ကွဲပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကို လက်ဆွဲကာ သွားရောက်မှတ်ပုံတင်ခဲ့သော လက်မှတ်ပင်။

တကယ်တမ်းတွင်တော့ တုဇယ်ချန်းသည် စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းသာဖြစ်သည်။ တရားဝင် လင်မယား ဖြစ်ကြသော်လည်း သူမကို ဇနီးသည်အဖြစ် တစ်ခါမျှ အသိအမှတ်မပြုခဲ့။ သူနှင့် ဖန်ရွှယ်ယင်းတို့၏ အချစ်ရေးကို ဖျက်ဆီးသူအဖြစ်သာ သတ်မှတ်ပြီး သူမကို အလွန်ရွံရှာမုန်းတီးခဲ့သည်။ ထို့ကြောင့်ပင် မူလခန္ဓာရှင်မှာ အမြောင်မယား ဟူသော ခေါင်းစဉ်အောက်တွင် လူတကာ၏ လက်ညှိုးထိုး ကဲ့ရဲ့မှုကို ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသည်။

ရှန်ယို့ယောင် ခေါင်းကိုက်လာသည်။ ဒါတွေက ဘာတွေများပါလိမ့်...။

"ဟေး... သတိထား"

ထိုအမျိုးသား ခြေထောက်အောက်ရှိ ဝိုင်ပုလင်းခွံကို တက်နင်းမိလုနီးပါး ဖြစ်သွားသည်ကို မြင်တော့ ရှန်ယို့ယောင် အမြန်ပြေးသွားပြီး သူ့ကို တွဲထူလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဝိုင်ပုလင်းများနှင့် ဘီယာဘူးများကို ကြည့်ရင်း ခုနက ကြားရသော အသံဗလံများမှာ သူနှင့် ဒီပုလင်းခွံတွေ တိုက်မိရာမှ ထွက်လာမှန်း သိလိုက်ရသည်။ ဇနီးဟောင်းနှင့် ကွာရှင်းရမည့် ကိစ္စကို သူတော်တော်လေး ခံစားနေရပုံပင်။

ရှန်ယို့ယောင်မှာ ကိုယ့်ကိုယ်ကိုယ် သနားရမလား၊ သူ့ကို သနားရမလား မဝေခွဲတတ်တော့။ ဝတ္ထုထဲတွင် တုဇယ်ချန်းသည် ရုပ်ရည်ချောမောရုံသာမက နောက်ခံအင်အားလည်း တောင့်တင်းသည်။ ဖန်ရွှယ်ယင်းသည် သူ့ကို တစ်နှစ်ကျော်ကြာအောင် ခက်ခက်ခဲခဲ လိုက်ပိုးပန်းခဲ့ရပြီးမှ အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်မှတ်ထိုးပြီး၍ မင်္ဂလာပွဲ မကျင်းပရသေးခင်မှာပင် ဖန်ရွှယ်ယင်းက အတိတ်ဘဝမှ ပြန်လည်မွေးဖွားလာခဲ့သည်။ တုဇယ်ချန်းသည် နောင်တစ်ချိန်တွင် မိသားစု၏ စွန့်ပစ်ခြင်းကို ခံရမည့်သူ၊ ပြန်လည် နလန်ထူနိုင်တော့မည့်သူ မဟုတ်မှန်း သူမ (ဖန်ရွှယ်ယင်း) ကြိုသိလိုက်သည်။ တစ်ဖက်တွင်လည်း သူမကို တိတ်တခိုးချစ်နေသော ဆင်းရဲသားကောင်လေး ရွမ်ဟုန်လန်သည် နောင်တွင် ဘီလျံချီ ကြွယ်ဝမည့် သန်းကြွယ်သူဌေးကြီး ဖြစ်လာမည်ကို သိလိုက်ရသည်။

ထို့ကြောင့် ဖန်ရွှယ်ယင်းသည် ကွာရှင်းခွင့်ရရန်နှင့် ကွာရှင်းပြတ်စဲကြေး ရယူနိုင်ရန်အတွက် တုဇယ်ချန်းကို ဖောက်ပြန်သူ ဖြစ်သွားအောင် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်။ တုဇယ်ချန်းခမျာ "အချစ်ပေါ် သစ္စာမရှိသူ" ခေါင်းစဉ်တပ်ခံရပြီး ဇနီးသည်၏ ကန်ထုတ်ခြင်းကို ခံလိုက်ရသလို လူအများ၏ ဝိုင်းဝန်းလှောင်ပြောင်မှုကိုလည်း ခံခဲ့ရရှာသည်။

"သတိထားဦး..."

တုဇယ်ချန်းက တော်တော်လေးကို သောက်ထားပုံရသည်။ ပုလင်းခွံကို နင်းမိပြီး ချော်မလဲစေရန် ရှန်ယို့ယောင်က သူ့ခါးကိုဖက်ကာ အနည်းငယ် မလိုက်မိသည်။ သို့သော် မထင်မှတ်ထားသည်မှာ ထိုသို့ မလိုက်သည့်အခါ ထိုအမျိုးသား၏ ခြေထောက်နှစ်ဖက်လုံး ကြမ်းပြင်မှ ကြွတက်သွားခြင်းပင်။

ရှန်ယို့ယောင် အံ့သြတကြီး မော့ကြည့်လိုက်မိသည်။ သူမထက် ခေါင်းတစ်လုံးလောက် ပိုရှည်သည့်လူက ဘာလို့ ဒီလောက် ပေါ့ပါးနေရတာလဲ။

တစ်ဖက်လူကလည်း သူမကို ပြန်ငုံ့ကြည့်နေသည်။ မူးဝေနေသည့် ကြားမှပင် အံ့သြသွားသည့် ပုံစံဖြင့် ပြောလိုက်သည်။

"ဟာကြူလီလား..."

အမူးပြေစ အသံအက်အက်ကလေးဖြင့် ပြောလိုက်သည့်တိုင် သူ့အသံက နားထောင်လို့ ကောင်းနေဆဲ။

ရှန်ယို့ယောင် ခဏလောက် ကြောင်သွားပြီးမှ သဘောပေါက်လိုက်သည်။ သူက ပေါ့နေတာ မဟုတ်ဘူး၊ သူမရဲ့ ခွန်အားကသာ ပုံမှန်ထက် ကြီးမားနေတာပဲ။

"ဆောရီး... ဆောရီး..." ရှန်ယို့ယောင် ကမန်းကတန်း တောင်းပန်လိုက်ပြီး အားကိုလျှော့ကာ သူ့ကို ကြမ်းပြင်ပေါ် ပြန်ချပေးလိုက်သည်။

တုဇယ်ချန်းမှာ ပြန်အန်ချင်နေသဖြင့် တခြားဟာတွေကို ဂရုမစိုက်နိုင်တော့။ "ငါ့ကို ရေချိုးခန်း တွဲပို့ပေးစမ်း... မြန်မြန်"

ရှန်ယို့ယောင်လည်း သူ့ကို အမြန်တွဲခေါ်သွားသည်။ သူမက ခွန်အားကြီးသူမို့ သူအတော်လေး နေမကောင်းဖြစ်နေသည်ကို မြင်တော့ စိတ်ပူသွားပြီး သူ့ခါးကို ဖက်ကာ ရေချိုးခန်းဆီသို့ မချီရုံတမယ် ဆွဲခေါ်သွားတော့သည်။

တုဇယ်ချန်းသည် အိမ်သာခွက်ကို ဖက်ကာ အသည်းအသန် အန်နေလေသည်။ ရှန်ယို့ယောင်က သူ့ကျောကို ပွတ်သပ်ပေးရင်း မှန်ထဲတွင် ပေါ်နေသော ပုံရိပ်ကို ငေးကြည့်မိသွားသည်။

ဖန်ရွှယ်ယင်းက ဖောက်ပြန်ဖက်အဖြစ် ရွေးချယ်ခဲ့သည်ဆိုတော့ မူလခန္ဓာရှင်၏ ရုပ်ရည်ကလည်း သာမညတော့ မဟုတ်ပေ။ ကပြားဆန်ဆန် မျက်နှာပေါက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် အချိုးအဆစ် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ အထူးသဖြင့် မျက်လုံးများက အရည်လဲ့နေပြီး ပြုံးလိုက်သည့်အခါ မျက်လုံးလေးများ မှေးသွားပုံက အသည်းယားစရာ ကောင်းလှသည်။

လှပခြင်းကို မကြိုက်သည့် အမျိုးသမီးရယ်လို့ မရှိပေ။

"ကြည့်လို့ ဝပြီလား"

သွားကြားထဲမှ ထွက်လာသော အသံမာမာကြောင့် သူမ သတိဝင်လာသည်။

ရှန်ယို့ယောင် အနည်းငယ် ရှက်သွားပြီး "ဝပါပြီ" ဟု ယောင်ယမ်းပြီး ပြန်ဖြေလိုက်မိသည်။

ထိုအမျိုးသားက သူမ ပြန်ဖြေလိမ့်မည်ဟု ထင်မထားပုံရသည်။ ဆွံ့အသွားပြီးမှ ဒေါသသံဖြင့် ပြောလိုက်သည်။ 

"ဝရင်လည်း တဘက် ကမ်းပေးဦး" 

"ဪ... ဟုတ် ဟုတ်" ရှန်ယို့ယောင်လည်း ကမန်းကတန်း တဘက်ယူပြီး ကမ်းပေးလိုက်သည်။

တုဇယ်ချန်းသည် မနေ့ညက ဘာမှမစားထားဘဲ သောက်ထားပုံရသည်။ အန်လိုက်သည်မှာလည်း အချဉ်ရည်များသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ပြီးသည့်အခါတွင်တော့ အားအင်ကုန်ခမ်းကာ ယိုင်နဲ့နဲ့ ဖြစ်နေသည်။

"ကျွန်မ ရှင်အနားယူဖို့ တွဲပို့ပေးမယ်လေ... ရမလား"

ရှန်ယို့ယောင်က သူ့စိတ်ကို မဆွမိအောင် သတိထားပြီး မေးလိုက်သည်။ ဒေါသအိုးပေါက်ကွဲလွယ်သူများကို ကိုင်တွယ်ရတာ သူမ မကျွမ်းကျင်ပါ။ တုဇယ်ချန်းကတော့ ထိုလူစားမျိုးထဲတွင် ထိပ်ဆုံးကပင်။

တုဇယ်ချန်းက မျက်လုံးမှိတ်ကာ သူ့ခန္ဓာကိုယ်အလေးချိန်ကို သူမအပေါ် ပစ်တင်လိုက်ခြင်းဖြင့် အဖြေပေးလိုက်သည်။

သူ့ကို ခုတင်ပေါ်တွင် လှဲသိပ်ပြီး ဖိနပ်နှင့် ခြေအိတ်များ ချွတ်ပေးလိုက်သည်။ ထို့နောက် သူမက မေးလိုက်တော့သည်။

"မျက်နှာ သုတ်ပေးရဦးမလား" 

သူမ၏ ပြုစုမှုက သိမ်မွေ့ညင်သာပြီး သက်သောင့်သက်သာ ဖြစ်စေသောကြောင့်လား မသိ၊ တုဇယ်ချန်းက ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။

ရှန်ယို့ယောင်က တဘက်ကို ရေစွတ်၊ ရေညှစ်ပြီး သူ့မျက်နှာနှင့် လက်များကို သေချာ သုတ်ပေးလိုက်သည်။ ကျန်သည့်နေရာများကိုတော့ သူမ မထိရဲ။ သူမခေါင်းပေါ်တွင် "အိပ်ရာပေါ် တက်လာသူ" ဟူသည့် ခေါင်းစဉ် တပ်ခံထားရသည်ကို မမေ့ပေ။ ငြိမ်းချမ်းစွာ အတူနေနိုင်ရန် သူမ သတိထားရမည်။

သူ့ကို စောင်ခြုံပေးပြီး ရေဆာလျှင် သောက်နိုင်ရန် ရေတစ်ခွက်ကို ခုတင်ခေါင်းရင်းတွင် တင်ပေးခဲ့လိုက်သည်။ ထို့နောက် ဧည့်ခန်းရှိ ရှုပ်ပွနေသည်များကို ရှင်းလင်းရန် ထွက်လာခဲ့သည်။ အရက်ကြိုက်သည့် ဖခင်ရှိခဲ့ဖူးသော သူမအတွက်တော့ ဒီလိုကိစ္စတွေက ကျွမ်းကျင်နေပြီ။

ကံကောင်းသည်က ဒီနေရာသည် တုဇယ်ချန်း မြို့ထဲတွင် ခေတ္တနားခိုရာ နေရာဖြစ်သဖြင့် သိပ်မကျယ်ဝန်းလှပေ။ တစ်နာရီနီးပါးကြာအောင် သိမ်းဆည်းရှင်းလင်းပြီးနောက် အိမ်တစ်ခုလုံး သပ်ရပ်သွားသည်။ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ဖွင့်ထားလိုက်ပြီး ရေခဲသေတ္တာထဲ မွှေနှောက်ကြည့်ရာ ပဲပင်ပေါက်၊ တိုဟူး၊ မျှစ်နှင့် ရေညှိတို့ကို တွေ့သဖြင့် အမူးပြေဟင်းရည် တစ်အိုးချက်ကာ နွေးထားလိုက်သည်။

ထိုအချိန်တွင် မနက် ၁၀ နာရီ ထိုးနေပြီ။ ဗိုက်လည်း ဆာလာသဖြင့် ရှိသည့်ပစ္စည်းများဖြင့် ထမင်းတည်၊ ဟင်းသုံးခွက်ကြော်ကာ မနက်စာရော နေ့လယ်စာပါ ပေါင်းစားရန် ပြင်ဆင်လိုက်တော့သည်။

တုဇယ်ချန်းသည် ဗိုက်နာသဖြင့် နိုးလာခြင်းဖြစ်သည်။ လေထုထဲတွင် သင်းပျံ့နေသော ထမင်းဟင်းနံ့များကြောင့် ငြိမ်နေသော အစာအိမ်က ဒရမ်တီးကာ ဆန္ဒပြလာတော့သည်။ သို့သော် အစာအိမ်ကို မချော့ခင် သူ့လည်ချောင်းကို အရင် စိုစွတ်အောင် လုပ်ရမည်။ ခုတင်ဘေးရှိ ရေတစ်ခွက်ကို တွေ့တော့ မော့သောက်လိုက်မှ အသက်ရှူချောင်သွားပြီး အစာအိမ်ဆန္ဒပြမှုကို ဖြေရှင်းရန် မီးဖိုချောင်ဘက် ထွက်လာနိုင်တော့သည်။

အိပ်ခန်းထဲမှ ထွက်လိုက်သည်နှင့် ပြောင်လက်တောက်ပနေသော ဧည့်ခန်းကို မြင်လိုက်ရသည်။ သူက သူငယ်ချင်းများကို အိမ်ခေါ်ပြီး မကြာခဏ သောက်စားလေ့ရှိသူမို့ မူးပြီးအိပ်ရာနိုးချိန်တွင် အိမ်အခြေအနေ ဘယ်လိုရှိတတ်လဲဆိုတာ သူအသိဆုံး။ သို့သော် မိန်းမတစ်ယောက်က သူ့ကို ပွေ့ချီသွားသည့်ကိစ္စနှင့် ယှဉ်လိုက်လျှင်တော့ ဒါက သိပ်အံ့သြစရာ မဟုတ်တော့။

ဟင်းနံ့ရရာ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်တော့ ရှန်ယို့ယောင်က ဟင်းပန်းကန်နှစ်ချပ်ကို ကိုင်လျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဆာလောင်နေမှုကြောင့် တုဇယ်ချန်းသည် ထိုမိန်းမကို မုန်းတီးရမည်ကိုပင် မေ့သွားပြီး တံတွေးမျိုချလိုက်မိသည်။

"နိုးပြီလား..." သူစိမ်းယောကျ်ားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရသဖြင့် ရှန်ယို့ယောင် နေရခက်စွာ နှုတ်ဆက်လိုက်သည်။ 

"အမူးပြေဟင်းရည် ချက်ထားတယ်၊ သောက်လိုက်ရင် နေလို့ကောင်းသွားမှာ... ကျွန်မ ခပ်ပေးရမလား"

"မလိုဘူး" တုဇယ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမနှင့် စကားများများ မပြောချင်။ "မင်း ထမင်းဝိုင်းသာ သွားပြင်ချေ၊ ငါ့ဘာသာ ခပ်သောက်မယ်"

ရှန်ယို့ယောင်က ခေါင်းညိတ်ပြပြီး မှာလိုက်သည်။ "မြေအိုးထဲမှာ အမူးပြေဟင်းရည် ရှိတယ်နော်၊ ပူတယ်... သတိထားဦး" 

တုဇယ်ချန်း မီးဖိုချောင်ထဲ ဝင်သွားပြီး အနည်းငယ် တုံ့ဆိုင်းနေသော်လည်း မြေအိုးကိုဖွင့်ကာ ဟင်းရည်ကို အရင် မြည်းကြည့်လိုက်သည်။ ထို့နောက် ပန်းကန်တစ်လုံးထဲ ထည့်ကာ မီးဖိုချောင်ထဲတွင်ပင် မတ်တတ်ရပ်လျက် တစ်ပန်းကန်လုံး ကုန်အောင် သောက်လိုက်သည်။ ချိုချဉ်အရသာ ဟင်းရည်ပူပူလေး အစာအိမ်ထဲ ရောက်သွားတော့မှ တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး တစ်ညလုံး ရှုပ်ထွေးနောက်ကျိနေသော စိတ်များလည်း ကြည်လင်သွားတော့သည်။

ထမင်းပန်းကန်ကို ကိုင်ပြီး ထွက်လာတော့ ရှန်ယို့ယောင်က စားပွဲတွင် ငြိမ်ကုပ်စွာ ထိုင်စောင့်နေသည်ကို တွေ့ရသည်။ သူ့ကို မြင်လိုက်သည်နှင့် "စားလို့ရပြီ" ဟု ပြောနေသယောင် မျက်လုံးလေးများ အရောင်တောက်လာသည်။

တုဇယ်ချန်း စိတ်ထဲမှ မဲ့ရွဲ့လိုက်သည်။ 'ဟန်ဆောင်ကောင်းလိုက်တာ... ငါ့အိပ်ရာပေါ် တက်ရဲတဲ့မိန်းမက ဒီလောက် အပြစ်ကင်းပါ့မလား'

သူ ဘာမှမပြောဘဲ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူက ဟင်းတစ်ဖတ် ယူလိုက်ပြီးမှ တစ်ဖက်လူကလည်း စတင် စားသောက်တော့သည်။

ပျော့အိမွှေးကြိုင်နေသော ထမင်းကို စားလိုက်ရချိန်တွင်တော့ တုဇယ်ချန်းသည် ရှေ့မှလူကို မေ့သွားပြီး မိမိ၏ ဆာလောင်နေသော ဝမ်းခေါင်းကို အရင်ဖြည့်ဆည်းလိုက်တော့သည်။ ထမင်းတစ်ပန်းကန် ကုန်သွားမှ သူ အရှိန်လျှော့လိုက်သည်။ မော့ကြည့်လိုက်တော့ ရှေ့မှ ကောင်မလေးမှာ ပါးလေးဖောင်းကားနေအောင် ပလုတ်ပလောင်း စားနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ ထမင်းစားမြိန်မည့်ပုံပင်။

တုဇယ်ချန်း ခဏလောက် ကြောင်ကြည့်နေပြီးမှ ထမင်းတစ်ပန်းကန် ထပ်ထည့်ရန် ထသွားလိုက်သည်။

ထမင်းစားပွဲ ပြန်ရောက်ရောက်ချင်း ဖုန်းမြည်သံကို ကြားလိုက်ရသည်။

ရှန်ယို့ယောင်က အင်္ကျီအိတ်ကပ်ထဲမှ အနည်းငယ် ဟောင်းနွမ်းနေသော ဖုန်းကို ကမန်းကတန်း ထုတ်လိုက်သည်။ ဖုန်းခေါ်သူကို မြင်တော့ ကိုင်ရန် ကြိုးစားသော်လည်း ဖုန်းက သိပ်မကောင်းတော့သဖြင့် ပွတ်ဆွဲ၍ မရဖြစ်နေသည်။ အကြိမ်ကြိမ် ပွတ်ဆွဲပြီးမှ ဖုန်းလိုင်းပွင့်သွားသလို မတော်တဆ စပီကာပါ ပွင့်လျက်သား ဖြစ်သွားသည်။ ပိုဆိုးသည်က စပီကာကို ပြန်ပိတ်၍ မရတော့။ တစ်ဖက်လူ၏ ပြောစကားများကို မျက်နှာချင်းဆိုင်မှ လူပါ အတိုင်းသား ကြားနေရတော့သည်။

"မနေ့က သခင်လေးတုက နင့်ကို ဆွဲခေါ်သွားပြီး ဘာလုပ်တာလဲ" ဖုန်းခေါ်သူမှာ မူလခန္ဓာရှင်၏ မန်နေဂျာ အစ်မအန်း ဖြစ်သည်။ သူမက စနောက်လိုသော လေသံဖြင့် "တကယ်ကြီး သွားပြီး လက်မှတ်ထိုးလိုက်ကြတာတော့ မဟုတ်ပါဘူးနော်"

ဖန်ရွှယ်ယင်းနှင့် မူလခန္ဓာရှင် နှစ်ယောက်လုံးက သရုပ်ဆောင်များ ဖြစ်ကြသည်။ ဖန်ရွှယ်ယင်းက တရားဝင် ကွာရှင်းချင်သလို နာမည်ကောင်းလည်း ရချင်သဖြင့် ကိစ္စကို အကျယ်ချဲ့ခဲ့သည်။ သူမ ရိုက်ကွင်းရှိရာကို တုဇယ်ချန်း လာရောက်ချိန်တွင် ဖောက်ပြန်သည့် ဇာတ်ကွက်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ရိုက်ကွင်းတစ်ခုလုံးရှိ အရေးပါသူများအားလုံး မျက်မြင်သက်သေ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် အနုပညာလောကသို့ ဝင်ကာစ ရှန်ယို့ယောင်မှာ "မယားငယ်" ဟူသော ခေါင်းစဉ်ဖြင့် နာမည်ပျက်ကာ လူသိများသွားခဲ့သည်။

ထို့နောက် သူမ အပြစ်မရှိကြောင်း ဖန်ရွှယ်ယင်းကို သက်သေပြရန်အတွက် ဒေါသထွက်နေသော တုဇယ်ချန်းက ရှန်ယို့ယောင်၏ ဇာတ်ဝင်ခန်းများကို ဖြတ်ကာ ရိုက်ကွင်းမှ မောင်းထုတ်ခဲ့သည်။ ကုမ္ပဏီကလည်း သူမကို မြေမြှုပ်ထားရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သို့သော် ဇာတ်လမ်းက ရုတ်တရက် အချိုးအကွေ့ ဖြစ်သွားသည်။ မနေ့က တုဇယ်ချန်း ကုမ္ပဏီသို့ ရောက်လာပြီး လက်မှတ်ထိုးမည်ဟု ဆိုကာ သူမကို ဆွဲခေါ်သွားခဲ့သည်။ ကြည့်ရတာ စိတ်တိုပြီး လုပ်သလို ရှိသော်လည်း တကယ်ဖြစ်လာခဲ့ရင်ကော...။ သခင်လေးတု ဆိုတာကလည်း စိတ်ထင်ရာ လုပ်တတ်သူအဖြစ် နာမည်ကြီးသူ မဟုတ်လား။

အစ်မအန်း၏ စကားထဲမှ အကဲခတ်လိုသော သဘောကို ရှန်ယို့ယောင် ရိပ်မိလိုက်သည်။ ထမင်းစားနေသော တုဇယ်ချန်းကို ကြည့်ပြီး နေရခက်စွာဖြင့် ငြင်းလိုက်ရသည်။ 

"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ သခင်လေးတုက ဖန်လောင်ရှီး (ဆရာမဖန်) ကို စိတ်ဆိုးအောင် ကျွန်မကို ဆွဲခေါ်သွားရုံပါပဲ"

ရှန်ယို့ယောင်သည် ဒီရှုပ်ထွေးပွေလီသော ကိစ္စများထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိပါ။ သူမနှင့် သူတို့သည် လူတန်းစားချင်း မတူကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့် "မယားငယ်" ဟူသော စွပ်စွဲချက်မှ ကင်းလွတ်သည်နှင့် သူမသည် မူလခန္ဓာရှင်၏ ဘဝအမှန်အတိုင်း သူမ ဘဝကို သူမ လျှောက်လှမ်းမည် ဖြစ်သည်။

"ဪ... ဟုတ်လား" အစ်မအန်း၏ အသံက အနည်းငယ် အေးစက်သွားသည်။ "ဒါဆိုရင်လည်း မနက်ဖြန် ကုမ္ပဏီကို အချိန်မီ လာခဲ့လိုက်။ နင့်ကို ကမ်းလှမ်းထားတဲ့ ဇာတ်ညွှန်းတစ်ခု ရှိတယ်"

"ဟုတ်ကဲ့ပါ အစ်မအန်း" ရှန်ယို့ယောင် ဖုန်းချလိုက်သည်။

တုဇယ်ချန်းက သူမကို မဲ့ပြုံးပြုံးကာ ကြည့်နေသည်။

"ရဖို့ ခက်ခဲချင်ယောင်ဆောင်တဲ့ နည်းလမ်းတွေကို သိမ်းထားလိုက်စမ်းပါ... ငါက အဲဒါတွေဆို ရွံတယ်"

ရှန်ယို့ယောင်က စကားပြော မကောင်းသူမို့ ဘယ်လို ပြန်ပြောရမှန်း မသိတော့။ ထို့ကြောင့် ခေါင်းငုံ့ပြီး ထမင်းနှစ်လုပ်လောက် အမြန်လွေးလိုက်ကာ တူကို ချလိုက်သည်။

"ရှင် ဖြည်းဖြည်းစားနော်... ကျွန်မ ကုမ္ပဏီ သွားလိုက်ဦးမယ်"

ခဏစဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။ "ကျွန်မ ဒီကို ပြန်မလာတော့ဘူး... စားပြီးရင် ပန်းကန်တွေ ဆေးထားဖို့ မမေ့နဲ့ဦး"

တုဇယ်ချန်း ဒေါသထွက်လွန်း၍ ရယ်ချင်သွားသည်။ "စိတ်ချ... ဒီအိမ်မှာ ပန်းကန်ဆေးမဲ့လူ မရှားဘူး"

ရှန်ယို့ယောင်သည် ချက်ချင်းပင် အိပ်ခန်းထဲဝင်ကာ မူလခန္ဓာရှင်၏ ပစ္စည်းများကို သိမ်းဆည်းသည်။ အခန်းဝမှ မထွက်ခွာမီ ထမင်းစားခန်းထဲတွင် ကျန်ရစ်ခဲ့သော တုဇယ်ချန်းကို လှမ်းအော်ပြောလိုက်သည်။

"သခင်လေးတု... ရှင့်အတွက် ကျွန်မ စာတစ်စောင် ရေးခဲ့တယ်။ ကော်ဖီစားပွဲပေါ်မှာ တင်ထားတယ်၊ ဖတ်ကြည့်လိုက်ပါဦး"

တုဇယ်ချန်းက 'ငါ အခု အမူးပြေနေပြီ၊ ပြောစရာရှိရင် မျက်နှာချင်းဆိုင် ပြောလို့ရတယ်' ဟု ပြန်ပြောရန် ပြင်လိုက်သော်လည်း ထိုမိန်းကလေးမှာ သရဲခြောက်ခံရသည့်အလား တံခါးအနောက်သို့ လျှပ်စီးလက်သလို ပျောက်ကွယ်သွားတော့သည်။

"ဒီသခင်လေး မမြင်ဖူးတဲ့ ဇာတ်ကွက်မျိုး ရှိသေးလို့လား..." တုဇယ်ချန်း မဲ့ကာ ပြုံးလိုက်သည်။ 

"အခေါင်းမတွေ့မချင်း မျက်ရည်ကျမဲ့ပုံ မပေါ်ဘူးပဲ"

သို့သော် သိချင်စိတ်ကို မထိန်းနိုင်သဖြင့် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ စာရွက်ပေါ်မှ အကြောင်းအရာကို မြင်လိုက်ရချိန်တွင်တော့ ဂရုမစိုက်ဟန် ပြုထားသော မျက်နှာထားသည် ရုတ်ချည်း မည်းမှောင်သွားပြီး အံကို ကြိတ်ကာ ရေရွတ်လိုက်တော့သည်။

"ဟင်း... ဘာလို့ အဲ့လောက် မြန်မြန် ထွက်ပြေးသွားလဲ ဆိုတာ ခုမှပဲ သိတော့တယ်... တော်တော် ဉာဏ်များတဲ့ မိန်းမ"