အခန်း (၂)
ပါးနပ်မှုမရှိလျှင်လည်း မဖြစ်ချေ။ တုဇယ်ချန်းဆိုသည်မှာ မောက်မာဝင့်ကြွားသော သခင်လေးတစ်ပါးဖြစ်ပြီး စိတ်သဘောထားမှာလည်း ကောင်းလှသည် မဟုတ်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ဖန်ရွှယ်ယင်းနှင့် ကိစ္စသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အကြီးမားဆုံးသော ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အဆိုးဆုံးမှာ ထိုကိစ္စ၌ သူသည် မတရား စွပ်စွဲခံလိုက်ရခြင်း ဖြစ်သည်။
ယခု အဖြစ်မှန်ကို သိသွားပြီဆိုလျှင် မိုးမီးလောင်အောင် ဒေါသထွက်တော့မည်မှာ မလွဲဧကန်ပင်။ ရှန်ယို့ယောင်အနေဖြင့် ထိုဒေါသကို ရင်ဆိုင်နိုင်စွမ်း မရှိသေးသဖြင့် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။
အဖြစ်အပျက်များကလည်း သူမ တွေးထင်ထားသည့်အတိုင်းပင်။ တုဇယ်ချန်းသည် စာကို ဖတ်ပြီးသည်နှင့် ဒေါသအိုးပေါက်ကွဲကာ လက်ထဲမှ ဖန်ခွက်ကို ပစ်ပေါက်လိုက်လေသည်။ သူသည် တုအိမ်တော်၏ အရာရာပြည့်စုံသော သခင်လေးတစ်ယောက် ဖြစ်သည်။ ဤဘဝတစ်လျှောက်လုံး မည်သူ့ကိုများ အောက်ကျို့ ခေါင်းငုံ့ခံဖူးသနည်း။ ထိုကာလတုန်းက ဖန်ရွှယ်ယင်းရှေ့တွင် ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ပြပြီး ရှင်းပြခဲ့သမျှသည် အရာမထင်ခဲ့။ သူ မကောင်း၍ သူမက လက်မခံခြင်း မဟုတ်ဘဲ သူမကိုယ်တိုင်က ကွာရှင်းရန် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေသောကြောင့်ပေလော။
တုဇယ်ချန်းသည် အံကို တင်းတင်းကြိတ်လျက် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးမှ သူ၏ ဖုန်းကို ကောက်ကိုင်ကာ ကိုယ်ရေးလက်ထောက်ထံသို့ ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"ငါ့ကို သီးသန့်စုံထောက်တစ်ယောက်လောက် အမြန်ရှာပေးစမ်း... ဖန်ရွှယ်ယင်းရယ်၊ ရွမ်ဟုန်လန်ဆိုတဲ့ ကောင်ရယ်အကြောင်းကို သေချာ စုံစမ်းခိုင်းမလို့... အခုချက်ချင်းနော်"
ရှောင်းမင်ကျန့်က သက်ပြင်းချကာ ပြန်ပြောသည်။
"မဟုတ်ရပါဘူး သခင်လေးတုရယ်... မင်းကလည်း ဘာတွေ စိတ်ရူးထပြန်ပြီလဲ။ ဆုံးဖြတ်ချက် ခိုင်မာကြောင်း ပြချင်လို့ဆိုပြီး တခြားတစ်ယောက်နဲ့တောင် လက်မှတ်ထိုးပြီးပြီ မဟုတ်လား။ အခုမှ နောင်တရပြန်ပြီလား။ ဒါ မင်းပုံစံမှ မဟုတ်တာ"
တုဇယ်ချန်းက နာကျည်းစွာ ရေရွတ်လိုက်သည်။
"ငါ့ကွာရှင်းမှုက ထောင်ချောက်ဆင် ခံရတာကွ။ ဒီမိန်းမက ငါ့ကို ဘာလို့ ဒီလို အရူးလုပ်ရတာလဲဆိုတာ ငါသိမှ ဖြစ်မယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်းမင်ကျန့်လည်း လေးနက်သွားလေသည်။ သူသည် တုဇယ်ချန်း၏ လက်ထောက်ဆိုသော်လည်း သီးသန့်အချိန်များတွင် ညီအစ်ကို သူငယ်ချင်းသဖွယ် ရင်းနှီးသူများ ဖြစ်ကြသည်။ ဖန်ရွှယ်ယင်းနှင့် တုဇယ်ချန်းတို့၏ ဇာတ်လမ်းကိုလည်း အစအဆုံး သိထားသူ ဖြစ်သည်။
"မင်း အဲဒီလို ပြောတော့လည်း ဟုတ်သလိုလိုပဲ။ ဖန်ရွှယ်ယင်းက မင်းနဲ့ ကွာရှင်းဖို့ အရမ်းကို ဇွတ်အတင်း လုပ်လွန်းအားကြီးတယ်လို့ ငါလည်း ထင်မိသား။ အရင်တုန်းက မင်းကို အဲဒီလောက် ချစ်ခဲ့တဲ့သူက ကိစ္စတစ်ခု ဖြစ်တာနဲ့ ချက်ချင်းကြီး ပြောင်းလဲသွားတာလေ။ အထင်လွဲမှု တစ်ခုဆိုတာ သိသာနေတာတောင်မှ ဖြေရှင်းဖို့ နည်းနည်းလေးမှ ဆန္ဒမရှိဘဲ ကွာရှင်းဖို့ပဲ ဦးတည်နေတာက သံသယ ဖြစ်စရာပဲ"
ယခင်က ဖန်ရွှယ်ယင်း၏ "အချစ်ကြီးသူ" ဟူသော ပုံရိပ်ကြောင့် မည်သူကမျှ ထိုဘက်ကို တွေးမိခြင်း မရှိခဲ့ကြပေ။ တုဇယ်ချန်းကို လက်ထပ်ချင်သည့် မိန်းကလေးများစွာ ရှိသည့်အနက် ဖန်ရွှယ်ယင်းကဲ့သို့သောသူက နေရာရလာခြင်းကိုပင် လူအများက ရှေးဘဝက ကုသိုလ်ထူးသည်ဟု သတ်မှတ်ထားကြသည်။ ထိုသို့သော ဖန်ရွှယ်ယင်းက တုဇယ်ချန်းနှင့် ကွာရှင်းရန် ဇာတ်ကွက်ဆင်လိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။
သို့သော် ရှန်ယို့ယောင်၏ သတိပေးချက်ကြောင့် ပြန်စဉ်းစားကြည့်လိုက်သောအခါ အရာရာသည် လွဲချော်နေကြောင်း တွေ့ရသည်။ ထိုနေ့က ဖန်ရွှယ်ယင်း ကိုယ်တိုင်ကပင် သူ့ကို ရှုတင်သို့ လာလည်ရန် ချွဲနွဲ့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကာလရှည်ကြာ ခွဲခွာနေရသော်လည်း ကြည်နူးစကား မဆိုဘဲ အရက်သောက်ရန် တိုက်တွန်းခဲ့သည်။ နောက်ဆုံး သူ သတိရလာချိန်၌ ကုတင်ပေါ်တွင် ဗလာကျင်းနေသော ရှန်ယို့ယောင် ရောက်နေခဲ့ခြင်းပင်။
သူ့လို အရက်သောက်နိုင်သူတစ်ယောက်က ဒီလောက် အလွယ်တကူ မူးလဲသွားစရာ အကြောင်းမရှိ။ ထို့ပြင် ရှန်ယို့ယောင်ကဲ့သို့ အနုပညာလောကသို့ ရောက်ခါစ သာမန် ကောင်မလေးတစ်ယောက်က သူ့အခန်းထဲသို့ ဘယ်သူမှ မသိအောင် ဘယ်လိုလုပ် ဝင်လာနိုင်မည်နည်း။
တုဇယ်ချန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ရှန်ယို့ယောင် အကြောင်းကိုပါ ထည့်ပြီး စုံစမ်းခိုင်းလိုက်"
ထိုမိန်းမသည်လည်း အပြစ်ကင်းစင်သူဟု သူ မယုံကြည်ပေ။
သို့သော် ရှန်ယို့ယောင်က သူ စုံစမ်းမည်ကို မကြောက်သည့်အပြင် အမြန်ဆုံး စုံစမ်းပါစေဟုပင် ဆုတောင်းနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အနာဂတ် လမ်းကြောင်းမှာ ရင်လေးစရာ ကောင်းနေပြီး သံသယများ ရှင်းသွားမှသာလျှင် ကယ်တင်ရှင် ပေါ်လာနိုင်မည် ဖြစ်သောကြောင့်ပင်။
မန်နေဂျာ အစ်မအန်းသည် သူမအား နားချလိုက်သည်။
"နင်လည်း သိတဲ့အတိုင်းပဲ... သခင်လေးတုကို ပြစ်မှားမိမှတော့ ဒီလောကမှာ ဆက်ရပ်တည်ဖို့ ခက်သွားပြီ။ နင့်ကို ဘယ်သူမှ အလွယ်တကူ အလုပ်ခေါ်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါရိုက်တာ ဝမ်ဟောင်ကတော့ ခြွင်းချက်ပေါ့။ သူ့ရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲက နာမည်သိပ်မကြီးတော့ သရုပ်ဆောင်ကောင်း ငှားဖို့ အခက်အခဲ ရှိနေတာနဲ့ နင့်အတွက် အခွင့်အရေး ရလာတာပဲ။ ငါ့အမြင်တော့ အဆင်ပြေပါတယ်။ နောင်တစ်ချိန်ကျရင် ပရိသတ် မုန်းမဲ့ ဗီလိန်ဇာတ်ရုပ်လိုင်းကို သီးသန့် လိုက်စားမယ်ဆိုရင်လည်း ဒါက ထမင်းစားလို့ ရမဲ့ နည်းလမ်းတစ်ခုပဲလေ"
အစ်မအန်းသည် ရှန်ယို့ယောင်၏ ငြင်းဆန်ချင်နေသော မျက်နှာထားကို မမြင်ချင်ယောင်ဆောင်ကာ လမ်းဘေးရှိ ကားတံခါးကို ဆွဲဖွင့်ပေးလိုက်သည်။
"သူတို့ ရိုက်ကူးရေး စနေပြီ၊ နင်က ရှုတင်ကို တန်းသွားလိုက်တော့။ ဇာတ်ညွှန်းကို လမ်းမှာပဲ သေချာ ဖတ်သွားလိုက်နော်။ ငါ အားမှ လာကြည့်မယ်"
နောက်ဆုံးပြောလိုက်သော စကားမှာ ယဉ်ကျေးမှုအရ ပြောခြင်းသာ ဖြစ်ကြောင်း သိသာလှသည်။ မနေ့ကမှ ကမ်းလှမ်းလာသော ဇာတ်ကားကို လက်ခံပြီး ဒီနေ့ချက်ချင်း ရှုတင်သွားခိုင်းခြင်းက သူမကို မည်မျှ တန်ဖိုးမထားကြောင်း ပေါ်လွင်နေသည်။ အစ်မအန်း လာကြည့်မည် ဆိုသည်မှာ ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
ရှန်ယို့ယောင်သည် သရုပ်ဆောင် အလုပ်ကို မြတ်နိုးသော်လည်း ဇာတ်ညွှန်းကို လှန်ကြည့်လိုက်ပြီးနောက် သပိတ်မှောက်ချင်စိတ် ပေါက်သွားသည်။
ဝတ္ထုထဲမှ ဤဇာတ်ကွက်ကို ရှန်ယို့ယောင် သိထားပြီးဖြစ်သည်။ အမှန်စင်စစ် ဤအကွက်သည် ဖန်ရွှယ်ယင်းက သူမ၏ အကျိုးစီးပွားအတွက် စီစဉ်လိုက်ခြင်းပင် ဖြစ်သည်။ တုဇယ်ချန်းကို ဖောက်ပြန်သော ယောကျ်ားဆိုးအဖြစ် လူတွေကြားထဲတွင် စွဲမြဲသွားစေရန်အတွက် ဖောက်ပြန်ဖက်ဖြစ်သော ရှန်ယို့ယောင်ဆိုသည့် "အမြောက်စာ" လေးမှာ ခဏတာ ပွင့်ပြီး နွမ်းသွားသည့် ပန်းမျိုး ဖြစ်၍ မရပေ။ သို့မဟုတ်ပါက တုဇယ်ချန်း၏ အရှိန်အဝါနှင့် ဩဇာအာဏာကြောင့် မကြာခင်မှာပင် နာမည်ပြန်ကောင်းသွားပေလိမ့်မည်။
ထို့ကြောင့်ပင် နာမည်ပျက်နေပြီး တုဇယ်ချန်း၏ ဖိနှိပ်မှုကို ခံနေရသော ရှန်ယို့ယောင်ထံသို့ ဇာတ်ကောင်နေရာ တစ်ခု ကမ်းလှမ်းလာခြင်း ဖြစ်သည်။ သို့သော် ထိုဇာတ်ရုပ်မှာ အလွန်ဆိုးရွားသော ဗီလိန်ဇာတ်ရုပ် ဖြစ်နေသည်။
ဝတ္ထုထဲတွင် ဖန်ရွှယ်ယင်းက ဒါရိုက်တာ ဝမ်ဟောင်ကို ပြောခဲ့သည်မှာ ဤသို့ ဖြစ်သည်။
['အခုချိန်မှာ ရှန်ယို့ယောင်က လူတိုင်း ရွံရှာနေတဲ့ မယားငယ်လေ။ သူ့ကို လူတွေက စိတ်ဝင်တစား ရှိနေကြတာ။ ဒါရိုက်တာဝမ်ရဲ့ လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းထဲက ယုတ်မာတဲ့ မယားငယ် ဇာတ်ရုပ်နဲ့ဆို ကွက်တိပဲ။ ပြီးတော့ ဇာတ်လမ်းထဲမှာ သူမ အနှိပ်စက်ခံရတဲ့ ဗီဒီယိုဖိုင်တွေသာ တက်လာရင် လူတွေက အဲဒါကို ကြည့်ချင်လွန်းလို့ လာကြည့်ကြရင်း ခင်ဗျား ဇာတ်လမ်းတွဲလည်း လူကြည့်များသွားမှာ။ ကြော်ငြာခတောင် အများကြီး သက်သာဦးမယ်။ ဘယ်လိုလဲ... စိတ်ကူးမိုက်တယ် မဟုတ်လား']
အဖြစ်အပျက်များကလည်း ဖန်ရွှယ်ယင်း တွက်ဆထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ အရည်အသွေးမမီသော ထိုဇာတ်လမ်းတွဲသည် "မယားငယ်" ကို နှိပ်စက်သည့် အခန်းများကြောင့် နာမည်ကြီးသွားခဲ့ပြီး... တုဇယ်ချန်း၏ ဖောက်ပြန်မှု အသေးစိတ် အချက်အလက်များလည်း ပေါ်ထွက်လာကာ သူ၏ ဂုဏ်သိက္ခာမှာ ရေစုန်မျှော ခံလိုက်ရလေသည်။
ဝတ္ထုထဲတွင် ဇာတ်ညွှန်းအကြောင်း အများကြီး မပါသော်လည်း "ဟူယန်" ဆိုသည့် ထိုဇာတ်ကောင်မှာ မည်မျှ ရွံရှာစရာ ကောင်းကြောင်းကိုမူ ယခု ကိုယ်တိုင် ဖတ်ကြည့်မှသာ သိလိုက်ရတော့သည်။
ဇာတ်လမ်းမှ ခေါင်းဆောင်မင်းသမီးသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ရူးသွပ်ပြီး အိပ်မက်မက်နေသူ တစ်ယောက် ဖြစ်သည်။ ရှန်ယို့ယောင် သရုပ်ဆောင်ရမည့် ဟူယန် ဆိုသည့် မိန်းကလေးမှာမူ အဆိပ်မျိုးစုံ ပြည့်နေသော မြွေပွေးမလေးသဖွယ် လူဆိုးလူမိုက်တို့၏ စံပြပင်။ မင်းသမီး၏ ပါရမီကို မနာလိုသဖြင့် နေရာတကာတွင် လိုက်လံပိတ်ပင် တိုက်ခိုက်သည်။ မင်းသားက မင်းသမီးကို ကြိုက်နေမှန်း သိသည့်အခါ နည်းမျိုးစုံဖြင့် ဒုက္ခပေးသည်။ လူမိုက်များ ငှားရမ်းပြီး အဓမ္မကျင့်ခိုင်းခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲလာအောင် ဖိအားပေးခြင်း စသည်ဖြင့် မလုပ်ဖူးသော မကောင်းမှု ဟူ၍ မရှိပေ။ နောက်ဆုံးတွင် အတန်းဖော်များ တွေ့ဆုံပွဲ၌ မင်းသားကို ဆေးခပ်ပြီး အိပ်ရာပေါ် တက်ရန် ကြံစည်ခဲ့သေးသည်။
ရှန်ယို့ယောင်ကတော့ ဤဇာတ်ညွှန်းသည် သူမ၏ လက်ရှိဘဝ အစစ်အမှန်ကို အခြေခံပြီး ရေးထားသလားဟုပင် သံသယဝင်မိသည်။ သို့မဟုတ်ပါက ဤအပိုင်းကျမှ အဘယ်ကြောင့် ဤမျှ အသေးစိတ်ကျနေရသနည်း။
ဟူယန်၏ ဇာတ်သိမ်းပိုင်းမှာတော့ မင်းသမီး၏ အောင်မြင်မှုလမ်းကြောင်းအတွက် နင်းသွားရမည့် ကျောက်တုံးပမာ "အမြောက်စာ" သက်သက်သာ ဖြစ်သည်။ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပေါက်ကွဲထွက်လာသော မင်းသမီး၏ လက်သီးချက်များအောက်တွင် မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ထိုးနှက်ခံရပြီး ပြန်မထနိုင်တော့ပေ။ ထို့နောက် အခြား ပြိုင်ဘက်များ၏ လက်ချက်ဖြင့် လည်ပင်းရိုး ကျိုးကာ အိပ်ရာထဲတွင် လဲနေရသည့် ဘဝသို့ ရောက်သွားသည်။ ထိုမျှမက ဆေးကြောင်ရင်း သူမ၏ အရှုပ်တော်ပုံများ ပေါ်ပေါက်လာကာ လူတကာ၏ ရွံရှာမုန်းတီးမှုကြားတွင် ဘဝကို စိတ်ပျက်ဖွယ် ကုန်ဆုံးရလေတော့သည်။ တကယ့်ကို လက်ခမောင်းခတ်ချင်စရာ ဇာတ်သိမ်းမျိုးပင်။
ကိုယ်ခံပညာ ကစားသမားဟောင်း တစ်ယောက်အနေဖြင့် ရှန်ယို့ယောင်သည် အလွဲလွဲအချော်ချော်များဖြင့် ပြည့်နှက်နေသော ဇာတ်ညွှန်းကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားရသည်။ ဒါရိုက်တာ ဝမ်ဟောင်သည် ယုတ္တိမရှိသော ဤဇာတ်လမ်းကို ဗီလိန်အပေါ် မုန်းတီးသည့် ပရိသတ်၏ စိတ်ကို အသုံးချပြီး ဆွဲဆောင်ရန် ဆုံးဖြတ်ထားပုံ ရသည်။
ထိုမျှသာ မကသေး၊ သူမ၏ ဖုန်းထဲသို့ ဝင်လာသော စာများကို ကြည့်ရင်း ရှန်ယို့ယောင် စိတ်ပျက်သွားရသည်။
[ဝမ်ဟောင်က နင့်ကို ရိုက်ကူးရေး ခေါ်တယ်ဆို... သူဌေးသား ဖြစ်ရတာ ကောင်းလိုက်တာဟာ... ကျောင်းဆင်းတာနဲ့ ဒါရိုက်တာ လုပ်ပြီး ဇာတ်လမ်း ရိုက်နိုင်ပြီ]
[ဒါပေမဲ့ နင် သတိထားနော်။ ဝမ်ဟောင်က နည်းနည်း စိတ်သဘောထား ကျဉ်းမြောင်းတဲ့ လူစားမျိုး။ ပြီးတော့ မောက်ရှန်းရှန်းလည်း ရှိသေးတယ်။ အရင်တုန်းက ဝမ်ဟောင် နင့်ကို လိုက်တုန်းက မောက်ရှန်းရှန်းက နင့်အကြောင်း အတင်းတွေ လိုက်ပြောခဲ့တာလေ။ နင်က ဝမ်ဟောင်ကို ငြင်းလိုက်တော့ သူတို့ မျက်နှာတွေ ပူသွားကြတာ]
[အခု သူတို့နှစ်ယောက် တွဲနေကြပြီတဲ့။ မောက်ရှန်းရှန်းက ဒီကားရဲ့ မင်းသမီးလေ။ နင့်ကို ဖိတ်တာ မရိုးသားဘူးလို့ ထင်တယ်နော်]
မရိုးသားတာတော့ သေချာနေပြီ။ သူ့ရဲ့ ပထမဆုံး ဇာတ်ကားကို လူကြည့်များအောင် လုပ်နိုင်သလို ကိုယ်ရေးကိုယ်တာ အငြိုးအတေးကိုလည်း တရားဝင် လက်စားချေခွင့် ရနေသည် မဟုတ်ပါလား။ ရှုတင်ရောက်လျှင် မည်မျှ သနားစရာကောင်းအောင် အနှိပ်စက်ခံရမည်ကို ရှန်ယို့ယောင် ကြိုမြင်နေသည်။ သို့သော် သူမတွင် ရွေးချယ်စရာ လမ်းမရှိ။ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်အရ ကုမ္ပဏီ၏ စီစဉ်မှုကို မဖြစ်မနေ နာခံရမည် ဖြစ်သည်။
ရှန်ယို့ယောင်သည် သူမ၏ အနာဂတ်ကို တွေးရင်း မျှော်လင့်ချက် ကင်းမဲ့နေသော်လည်း ရှုတင်ရောက်သောအခါ ကြားလိုက်ရသည့် စကားကြောင့် တုန်လှုပ်သွားမိသည်။
"ရှင်... ဘာပြောလိုက်တယ်"
သူမနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော လူငယ်သည် ဂျုံရောင် အသားအရေနှင့် ပွင့်လင်း ဖော်ရွေမည့် ပုံစံမျိုး ဖြစ်သည်။ သူသည် ဒါရိုက်တာ တစ်ယောက်နှင့် မတူသလို ထိုရိုးသားသော မျက်နှာထားအောက်တွင် ယုတ်မာ ကောက်ကျစ်သော စိတ်ဓာတ်များ ရှိနေလိမ့်မည်ဟုလည်း ထင်ရက်စရာ မရှိပေ။
သူသည် အားနာရိပ် လုံးဝမပါဘဲ ယုတ္တိရှိသယောင် ပြောဆိုလာသည်။
"ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဇာတ်ကားဆိုတော့ ငွေကြေး အခက်အခဲ ရှိတယ်။ နာမည်ကြီး မိတ်ကပ်ပညာရှင်တွေကို မငှားနိုင်ဘူးဗျာ။ ဒါကြောင့် ညီမလေး ယို့ယောင်ဘက်က နည်းနည်းလောက် ပေးဆပ်ပေးပါ"
ဘေးနားမှ မိတ်ကပ်ဆရာမလေးကမူ ပျာပျာသလဲ တောင်းပန်ရှာသည်။
"တောင်း... တောင်းပန်ပါတယ် ဒါရိုက်တာဝမ်... ရှင်က နောက်ဆုံး အခန်းကို ဒီနေ့ ရိုက်မယ်မှန်း ကျွန်မ မသိလိုက်လို့ပါ။ ကျွန်မ ဘာမှ ပြင်ဆင်မထားမိဘူး... ရှန်လောင်ရှီး (ဆရာမရှန်) မျက်နှာကို ကျွန်မ အစွမ်းကုန် ပြင်ပေးကြည့်ပါရစေ..."
ဝမ်ဟောင်က သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ငေါက်လိုက်သည်။
"ဒါ ငါ့ရဲ့ ပွဲဦးထွက် ဇာတ်ကားနော်။ နောက်ဆုံးခန်းက အရေးအကြီးဆုံးပဲ။ အစစ်အတိုင်း ဖြစ်မှ ရမှာ။ နင် အခုမှ ထပြီး စမ်းသပ် ပြင်ဆင်နေလို့ အဆင်ပြေပါ့မလား"
မျက်နှာတစ်ခုလုံး ဖူးရောင်နေသည့် မိတ်ကပ်ပုံစံ ဖန်တီးရခြင်းမှာ သိပ်မခက်ခဲလှသဖြင့် "ရပါတယ်" ဟု မိတ်ကပ်ဆရာမလေး ပြောချင်သော်လည်း ဝမ်ဟောင်၏ အကြည့်ကြောင့် ပါးစပ်ပိတ်သွားရသည်။ ဒါရိုက်တာတိုင်းတွင် ကိုယ်ပိုင် စိတ်သဘောထား ရှိကြသည်။ သူမသည် ဝမ်ဟောင်နှင့် ပထမဆုံး လက်တွဲဖူးခြင်း ဖြစ်သဖြင့် သူ့အထာကို မသိသေး။ သို့သော် သဘာဝကျချင်ရုံ သက်သက်နှင့် သရုပ်ဆောင်ကို အမှန်တကယ် ဝိုင်းထိုးခိုင်းမည် ဆိုသည်ကတော့... ဒါသည် အလုပ်ကို လေးစားခြင်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မုဒိမ်းကျင့်ခံရသည့် အခန်းကို သဘာဝကျချင်လို့ဆိုပြီး တကယ်ပဲ မုဒိမ်းကျင့်ခိုင်းတော့မည်လော။
အတိုးချပြီး လက်စားချေနေမှန်း သိသာလွန်းသဖြင့် ရှန်ယို့ယောင် ဒေါသထွက်လွန်း၍ ရယ်ချင်သွားမိသည်။ သူမလည်း ပြန်ပြောလိုက်သည်။
"ကျွန်မ ဇာတ်ညွှန်းကို ဒီနေ့မှ ရတာပါ။ ဖတ်တောင် မဖတ်ရသေးဘူး။ ဒါရိုက်တာဝမ်... ကျွန်မကို ဇာတ်ညွှန်းလေ့လာဖို့ အချိန်နည်းနည်းလောက်တော့ ပေးသင့်တယ် မဟုတ်လား"
ဝမ်ဟောင်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူမက ဖြတ်ပြောလိုက်သည်။
"ရှင်က ကျွန်မကို အလုပ်မလေးစားဘူးလို့ ထင်ရင်လည်း အစ်မအန်းကို ပြောပြီး ကျွန်မကို ဖြုတ်လိုက်လေ"
ဝမ်ဟောင် ဆွံ့အသွားသည်။ သူမကို ဖြုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်။ ဒီဇာတ်လမ်းတွဲ လူကြည့်များဖို့က သူမအပေါ် မူတည်နေသည် မဟုတ်ပါလား။
ဇာတ်လမ်းတွဲ ခေါင်းဆောင်မင်းသမီး မောက်ရှန်းရှန်း လျှောက်လာပြီး လှောင်ပြောင်လိုက်သည်။
"ဟယ်... သရုပ်ဆောင်တောင် မလုပ်ရသေးဘူး၊ မင်းသမီးကြီးစတိုင် ဖမ်းနေပြီလား... သခင်လေးတုကို အမှီပြုထားရတော့ လေတွေ တိုက်နေတာပဲနော်"
သူမ၏ စကားကြောင့် ပတ်ဝန်းကျင်မှ အကြည့်များက ရှန်ယို့ယောင်ထံသို့ စုပြုံရောက်ရှိလာကြသည်။ လူအများရှေ့တွင် တရားဝင် အကဲခတ်ခွင့် ရသွားသဖြင့် ထိုအကြည့်များက စူးရှ ရိုင်းပျနေသည်။
တုဇယ်ချန်းက သူမကို လက်ထပ်ရန် ခေါ်သွားသည့် ကိစ္စကို လူသိနည်းသော်လည်း သူမ အိပ်ရာပေါ် တက်ခဲ့သည့် ကိစ္စကိုမူ တစ်လောကလုံး သိကြသည်။ မောက်ရှန်းရှန်းက ထိုအချက်ကို ကိုင်ပြီး စောင်းမြောင်း ပြောဆိုနေခြင်း ဖြစ်သည်။
ရှန်ယို့ယောင်သည် သူမနှင့် အချေအတင် စကားမများချင်သဖြင့် ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်သည်။
"နင် ဘယ်လိုထင်ထင် သဘောပါပဲဟာ။ ဒါပေမဲ့ ငါက တကယ်ကို ဘာမှ ပြင်ဆင်မထားရသေးတာပါ။ ဇာတ်သိမ်းခန်းကို တန်းရိုက်ဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်ဘူး။ ဇာတ်ညွှန်းရတာတောင် နှစ်နာရီလောက်ပဲ ရှိသေးတာလေ"
လေထု မကောင်းသည်ကို ရိပ်မိသော လက်ထောက် ဒါရိုက်တာ ဝင်ထိန်းလိုက်သည်။
"ကဲပါ... ကဲပါ... ရှောင်ဟယ်... ရှန်လောင်ရှီးကို မိတ်ကပ်ခန်း ခေါ်သွားပြီး ဇာတ်ကောင်ဒီဇိုင်း ဆွေးနွေးလိုက်ကြ။ ပြီးရင် ဇာတ်ညွှန်းဖတ်ဖို့ အချိန်ပေးလိုက်ဦး။ ရှန်းရှန်း... မင်းရဲ့ ဒီအခန်းလေး တစ်ချက်လောက် လာကြည့်ပါဦး"
ရှန်ယို့ယောင် ထွက်သွားသည်နှင့် ကွယ်ရာတွင် အတင်းပြောသံများ ညံသွားတော့သည်။
"သူက မယားငယ် သွားလုပ်တယ်ဆိုတာ တကယ် မထင်ရက်စရာပဲနော်။ ရုပ်ရည်၊ အရည်အချင်း အကုန်ရှိရက်နဲ့ ဖြည်းဖြည်းချင်း ကြိုးစားရင် တက်လာမဲ့ဟာကို"
"လူကိုမြင်ရပေမဲ့ စိတ်ကိုမှ မမြင်ရတာ။ ရည်မှန်းချက်ကြီးလွန်းရင် ဒီလိုပဲပေါ့"
"သူက သခင်လေးတုကိုမှ ရွေးပြီး ဖမ်းတာဆိုတော့ သတ္တိတော့ ရှိသားဟ"
"ဒါကြောင့် လူဆိုတာ ကိုယ့်အတိုင်းအတာ ကိုယ်သိရတယ်။ အခုတော့ ကြည့်... ဘဝပျက်ပြီ မဟုတ်လား..."
နောက်ကျောဘက်မှ ထွက်ပေါ်လာသော စကားသံများသည် အားနာမှုကင်းမဲ့စွာ ကျယ်လောင်လွန်းလှသည်။
ဝမ်ဟောင်၏ ပွဲဦးထွက် ဇာတ်ကား ဖြစ်သဖြင့် ရှုတင်တစ်ခုလုံးတွင် ဝမ်ဟောင်နှင့် မောက်ရှန်းရှန်း၏ သူငယ်ချင်း မိတ်ဆွေများသာ အများဆုံး ရှိနေသည်။ သူတို့ စိတ်ထဲတွင် မည်သို့ပင် ရှိစေကာမူ အပြင်ပန်း၌ သူတို့ဘက်မှ ရပ်တည်ကြောင်း ပြသကြမည်မှာ မလွဲပေ။
ထို့ကြောင့် ရှန်ယို့ယောင် တစ်ယောက်တည်း အပယ်ခံထားရသည့် ဘဝသို့ ရောက်နေတော့သည်။
သို့သော် သူမသည် ထိုအခြေအနေကြောင့် စိတ်ဓာတ်ကျ မသွားပေ။ အခြားအရာများကို ခေါင်းထဲမှ ထုတ်ပြီး ဇာတ်ညွှန်းကိုသာ အလေးအနက် လေ့လာနေလိုက်သည်။ တကယ်တမ်းတွင် သူမသည် သရုပ်ဆောင် အလုပ်ကို နှစ်သက်သူ ဖြစ်သည်။
သူမ၏ အမေသည် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကတည်းက အမေနှင့်အတူ ရှုတင်လိုက်သွားပြီး မတူညီသော ဘဝများကို သရုပ်ဖော်ကြသည်ကို ကြည့်ရခြင်းအား သူမ နှစ်သက်ခဲ့သည်။ ကံဆိုးသည်မှာ သူမ ရှစ်နှစ်သမီးအရွယ်တွင် "ကိုယ်ခံပညာ ပါရမီရှင်" ဖြစ်သော ဖခင်သည် ကြိုးဝိုင်းထဲတွင် ဒဏ်ရာရရှိပြီး ကစားသမားဘဝမှ အနားယူလိုက်ရသည်။ ထိုအခါ ဖခင်ဖြစ်သူသည် သူ့ကိုယ်စား အိပ်မက်ကို အကောင်အထည်ဖော်ရန် သမီးဖြစ်သူ သူမကို အတင်းအကျပ် ဖိအားပေးတော့သည်။
သူမတွင် သရုပ်ဆောင် ပါရမီ ပါကြောင်း အမေက ပြောရှာသော်လည်း ဖခင်ကမူ ကိုယ်ခံပညာ သင်ရမည်ဟုသာ တစ်ယူသန် ဇွတ်တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ဖခင်၏ သဘောထားကို မလွန်ဆန်နိုင်ခဲ့။ ထိုကိစ္စကြောင့်ပင် အမေနှင့် အဖေ ကွာရှင်းပြတ်စဲခဲ့ကြသည်။
လက်တွေ့တွင် သူမ၌ ကိုယ်ခံပညာ ပါရမီဟူ၍ မရှိသလောက်ပင်။ သူမ တတ်မြောက်ထားသမျှ အရာအားလုံးသည် ပြင်းထန်သော လေ့ကျင့်မှုနှင့် ချွေးစက်များ၏ ရလဒ်များသာ ဖြစ်သည်။ ဖခင်ဖြစ်သူ စိတ်တိုင်းကျ ဖြစ်စေရန်အတွက် သူများထက် အဆပေါင်းများစွာ ပိုမို ကြိုးစားခဲ့ရသည်။
ယခုအခါ သူမသည် အခွင့်အရေး တစ်ရပ်ကို ရရှိထားပြီ ဖြစ်သည်။ ဝတ္ထုထဲမှ "ရှန်ယို့ယောင်" နေရာတွင် ဝင်ရောက်ပြီး သူမ နှစ်သက်သော ဘဝကို စတင်ခွင့် ရလေပြီ။ အစပိုင်းလေး ဒီလောက် မဆိုးရွားလျှင်တော့ ပိုကောင်းမည် ဖြစ်သော်လည်း...။
မောက်ရှန်းရှန်း တံခါးတွန်းဖွင့် ဝင်လာပြီး သူမကို လှောင်ပြောင်လေသည်။
"နင်က ခဏလောက် ပုန်းနေရင် လွတ်ပြီလို့ ထင်နေတာလား... မြန်မြန်လေး လေ့လာထားဖို့ မျှော်လင့်ပါတယ်။ နောက်ဆုံးအခန်းကို မနက်ဖြန် နောက်အကျဆုံးထားပြီး ရိုက်ရမှာ။ နင် နားမလည်တာ ရှိရင် ငါ့ကို လာမေးလို့ ရတယ်နော်... ဇာတ်တိုက်ပေးမယ်လေ"
ရှန်ယို့ယောင်သည် သူမ၏ မောက်မာသော မျက်နှာပေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ငါ့အမြင် ပြောရရင် နင့်ပုံစံက ဟူယန် ဇာတ်ကောင်ရဲ့ စရိုက်အမှန်နဲ့ တစ်ထပ်တည်း ကျနေတာပဲ။ ဒီဇာတ်ရုပ်ကို နင်ဝင်ရိုက်ဖို့ စဉ်းစားကြည့်ပါလား။ မင်းသမီးနေရာထက် ဒီဇာတ်ရုပ်က ပိုပြီး ပီပြင်မဲ့ပုံပဲ"
မောက်ရှန်းရှန်းသည် သူမ ပြန်ပြောလိမ့်မည်ဟု ထင်မထားသဖြင့် ဒေါသထွက်သွားသည်။
"နင်... နင် ဘာပြောလိုက်တာလဲ... သတ္တိရှိရင် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း"
"ငါက စကားကို နှစ်ခါ မပြောတတ်ဘူး"
ရှန်ယို့ယောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး ဇာတ်ညွှန်းပေါ်သို့သာ အာရုံပြန်စိုက်ထားလိုက်သည်။ သူမကို ဆက်လက် ဂရုစိုက်မည့် ပုံမပေါ်တော့။
မောက်ရှန်းရှန်းမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး သူမကို ဝါးစားမတတ် စိုက်ကြည့်နေတော့သည်။
ထိုစဉ် ဝမ်ဟောင် ဝင်လာသည်။ သူတို့ ပြောစကားများကို ကြားလိုက်ပုံရသော်လည်း ဘာမှ ဝင်မပြောပေ။ ရှန်ယို့ယောင်ကိုသာ ကြည့်ပြီး ပြောလိုက်သည်။
"ဒီနေ့ နောက်ဆုံးအခန်းကိုပဲ သေချာ လေ့လာထားပါ။ မနက်ဖြန် နေ့လယ်ကျရင် ရိုက်မယ်။ မိတ်ကပ် အထူးပြုလုပ်ချက်တွေ မပါဘူးနော်... အဆင်ပြေတယ်မလား"
ရှန်ယို့ယောင်သည် မတ်တတ်ထရပ်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
"ဒါရိုက်တာ့ ဆန္ဒအတိုင်း ဖြစ်စေရပါမယ်ရှင်"
သူမ၏ တုံ့ပြန်ပုံကို ဝမ်ဟောင် သဘောမကျပေ။ မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ဒါဆိုလည်း သေချာ ပြင်ဆင်ထားပေါ့"
သူ့ပုံစံက 'နင့်အလှည့် ရောက်လာမှာပါ' ဟု ဆိုလိုနေသယောင်ပင်။
သူတို့ ထွက်သွားသည်နှင့် ရှန်ယို့ယောင်သည် လက်မောင်းများကို ဆန့်ထုတ်ကာ ကိုယ်ခံပညာ အခြေခံ လေ့ကျင့်ခန်း အချို့ကို စမ်းသပ် လုပ်ဆောင်ကြည့်လိုက်သည်။ တုဇယ်ချန်း အမှန်တရားကို စုံစမ်းမသိရှိမီ အချိန်အတွင်းမှာတော့ သူမကိုယ်သူမသာ အားကိုးရပေမည်။
ဝမ်ဟောင်နှင့် မောက်ရှန်းရှန်းတို့ နောင်တမရကြပါစေနှင့်ဟုသာ ဆုတောင်းပေးရတော့မည်။
…