Ch 3
Viewers 91

အခန်း (၃)

တုဇယ်ချန်း၏ တုံ့ပြန်လှုပ်ရှားမှုများက နှေးကွေးခြင်း မရှိပေ။ ဘဝတွင် ပထမဦးဆုံးအကြိမ် ဤမျှကြီးမားသော ဆုံးရှုံးမှုကို ကြုံတွေ့လိုက်ရရာ သူသည် ဤအငြိုးအတေးကို မည်သို့မျိုသိပ်ထားနိုင်ပါမည်နည်း။ ထို့အပြင် ဖန်ရွှယ်ယင်းသည် သူ သံသယဝင်နေကြောင်းကို မရိပ်မိခဲ့ပေ။ ထို့ကြောင့် သီးသန့်စုံထောက်သည် ထိုနေ့၌ပင် ဝန်ထမ်းတစ်ဦးအဖြစ် အသွင်ယူကာ သူမ၏ အနုပညာရှင်သုံး နားနေယာဉ်ပေါ်တွင် ကြားဖြတ်နားထောင်သည့် စက်ကိရိယာကို ချောမွေ့စွာ တပ်ဆင်နိုင်ခဲ့လေသည်။

ရှောင်းမင်ကျန့်သည် တုဇယ်ချန်း၏ နေအိမ်သို့ ရောက်ရှိလာချိန်၌ အသုံးဝင်သော သတင်းအချက်အလက် အချို့ကို ချက်ချင်းပင် ကြားလိုက်ရသည်။

ရှောင်းမင်ကျန့်က နားကြပ်တစ်ဖက်ကို ဖြုတ်ကာ တုဇယ်ချန်းကို ကမ်းပေးရင်း ပြောလိုက်သည်။

"မင်းနဲ့ လမ်းခွဲတဲ့ ကိစ္စ ပြောနေကြတာ"

သို့သော် တုဇယ်ချန်းက နားကြပ်ကို မယူဘဲ စပီကာနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အသံချဲ့လိုက်သည်။

စပီကာမှတစ်ဆင့် ဖန်ရွှယ်ယင်း၏ မန်နေဂျာအသံ ထွက်ပေါ်လာသည်။

[နင် ဒီလို လမ်းခွဲလိုက်တော့ အသိုင်းအဝိုင်းထဲက လူတော်တော်များများက နင့်ကို သဘောကျသွားကြတယ်။ အခု လာကမ်းလှမ်းတဲ့ ဇာတ်ညွှန်းတွေက နင် အချစ်ရေးအကြောင်း ကြေညာတုန်းကထက်တောင် ပိုကောင်းနေသေးတယ်]

ထိုအသံကြောင့် ရှောင်းမင်ကျန့် လန့်ဖျပ်သွားရသည်။ တုဇယ်ချန်းက ထိုစကားကို ကြားတော့ မဲ့ပြုံး ပြုံးလိုက်သည်။

"ကံကောင်းလို့ လက်မှတ်ထိုးပြီးတာနဲ့ သူက ရှုတင်ထဲ တန်းဝင်သွားလို့... မဟုတ်ရင် အားလုံးက သူ့ကို ပိုလေးစားကုန်ကြမှာ။ အိမ်ထောင်ကွဲ အမျိုးသမီးက လူလွတ်ပြန်ဖြစ်လာသူထက် ပိုပြီး သတ္တိရှိတယ်လို့ ထင်ကြမှာလေ"

ရှောင်းမင်ကျန့်က သူ့ကို မျက်ဖြူလှန်ကြည့်ရင်း ပြောလိုက်သည်။

"သတင်း ကြီးကြီးကျယ်ကျယ် မလွှင့်လိုက်ရတာကိုပဲ ကျေးဇူးတင်စမ်းပါ။ မဟုတ်ရင် မင်းဘဝတစ်ခုလုံး သိက္ခာကျစရာ ဖြစ်ကုန်တော့မှာ... လမ်းလျှောက်ထွက်ရင်း မြို့နယ်ရုံး တွေ့တာနဲ့ ဝင်ပြီး လက်မှတ်ထိုးရဲတာ မင်းတစ်ယောက်ပဲ ရှိတယ် သခင်လေးတုရယ်"

တုဇယ်ချန်းက ဒေါသတကြီး တုံ့ပြန်လေသည်။

"ငါက ကိုကြီးလီ မင်္ဂလာဆောင်တာ တွေ့ပြီး အားကျလို့ စိတ်မြန်လက်မြန် ဖြစ်သွားတာပါကွ... သူရဲကောင်းတို့မည်သည် အတိတ်ကို ပြန်မတူးဆွသင့်။... မင်း ဒီကိစ္စကို မပြောဘဲ နေလို့ မရဘူးလား"

ရှောင်းမင်ကျန့်က သူ့ကို ပြောစရာစကားမဲ့စွာ ကြည့်နေမိသည်။ 'သူရဲကောင်းတို့မည်သည် အတိတ်ကို ပြန်မတူးဆွသင့်' ဆိုတဲ့ စကားပုံကို ဒီနေရာမှာ သုံးလို့ရလို့လား။

တုဇယ်ချန်းက စပီကာကို လက်ညှိုးထိုးပြပြီး အမိန့်ပေးလိုက်သည်။

"အလုပ်ကိစ္စ ဆက်လုပ်စမ်း"

ရှောင်းမင်ကျန့်သည် ဤသခင်လေးကို မလွန်ဆန်ရဲသဖြင့် လက်မြှောက်အရှုံးပေးလိုက်ရပြီး ဆိုဖာပေါ်တွင် မှီလျက် ဆက်လက် နားထောင်လိုက်သည်။

ဖန်ရွှယ်ယင်းသည် မည်သည့် ဇာတ်ညွှန်းကိုမျှ သဘောကျပုံ မရပေ။

[ဒါရိုက်တာဟယ်က 'မူလန်' ဇာတ်ကား ရိုက်မယ်လို့ ကြားတယ်]

တုဇယ်ချန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါရိုက်တာဟယ်ရဲ့ ဇာတ်ကားကို ငါတောင် မမှန်းရဲဘူး"

ဒါရိုက်တာဟယ်သည် နိုင်ငံတကာအဆင့်မီ ကျော်ကြားသော ဒါရိုက်တာ တစ်ဦးဖြစ်သည်။ သူ ရိုက်ကူးသော ဇာတ်ကား အရေအတွက် နည်းပါးသော်လည်း ထွက်သမျှကားတိုင်း အောင်မြင်မှု ရရှိစမြဲဖြစ်သည်။ ထို့ပြင် သာမန် သရုပ်ဆောင်များကို ခေါင်းဆောင်မင်းသား မင်းသမီးအဖြစ် မြေတောင်မြှောက်ပေးလေ့ ရှိရာ သူ့ဇာတ်ကားတွင် ပါဝင်ခွင့်ရသူတိုင်း အကယ်ဒမီဆုများအတွက် ရေပန်းစားသူများ ဖြစ်လာလေ့ရှိသည်။

မန်နေဂျာ ဖြစ်သူကလည်း ဖန်ရွှယ်ယင်း၏ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် သက်ပြင်းချကာ ပြောရှာသည်။

[နင်က သတင်းတော့ မြန်သားပဲ။ ငါတောင် သဲ့သဲ့ပဲ ကြားရသေးတာ။ ဒါပေမဲ့ အဲဒါကို လောလောဆယ် မစဉ်းစားနဲ့ဦး။ အခု နာမည်ရနေတုန်းလေး ဇာတ်ကားကောင်းကောင်း နှစ်ကားလောက် ပီပီပြင်ပြင် ရိုက်လိုက်ပါဦး]

သူတို့အားလုံး နားလည်လိုက်သည်မှာ ဖန်ရွှယ်ယင်းသည် ဘဝင်မြင့်နေပြီ ဖြစ်ကြောင်းပင်။

ဘေးလူများကမူ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်ကြသည်။ ဖန်ရွှယ်ယင်းသည် ခြောက်လအတွင်း ဒုတိယတန်းစား မင်းသမီး အဆင့်မှ ပထမတန်းစား အဆင့်သို့ ရောက်ရှိလာခြင်းမှာ တုဇယ်ချန်း၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။

တုဇယ်ချန်း ဆိုသည်က ဘယ်သူနည်း။

လက်ရှိ အနုပညာလောကတွင် သူ့ကိုယ်သူ ဒုတိယဟု သတ်မှတ်လျှင် ပထမနေရာကို ရဲရဲယူရဲသူ မရှိလောက်အောင် ကျော်ကြားသော မင်းသားဖြစ်သည်။

ရုပ်ရည်ပိုင်းတွင် ပြောစရာမလို။ မည်သည့် အနုပညာ ဖန်တီးမှုမျှ မရှိသေးခင် ဓာတ်ပုံအချို့ဖြင့်ပင် အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ အနုပညာလောကရှိ ချောမောလှပသူ အများစုသည် သူ့ဘေးနား ရောက်သွားလျှင် သာမန်လူများ ဖြစ်သွားရလောက်အောင် ပြိုင်ဘက်ကင်းသော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်။

ရုပ်ရည်သည်သာ ပဓာနဟု ယူဆကြသော ဤခေတ်ကြီးတွင် သူသည် ပန်းအိုး (အလှပြ သက်သက်) အဖြစ်သာ ရပ်တည်နေလျှင်တောင်မှ ပရိသတ်က ဆက်လက် ချစ်ခင်နေကြမည်ဟု နက်တီဇင်(အင်တာနက်အသုံးပြုသူ)များက ဆိုကြသည်။

အဓိကအချက်မှာ သခင်လေးတုသည် အလှပြ ပန်းအိုးသက်သက် မဟုတ်ခြင်းပင်။ သူသည် ဝါသနာပါရာကို စိုက်လိုက်မတ်တတ် လုပ်တတ်သူ ဖြစ်ရာ၊ ဇာတ်လမ်းတွဲ နှစ်ခုနှင့် ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူးပြီးချိန်တွင် ရုပ်ရည်ကိုသာ ကြိုက်သော ပရိသတ်များမှ သူ၏ အရည်အချင်းကို အသိအမှတ်ပြုသော ပရိသတ်များအဖြစ်သို့ ပြောင်းလဲလာကြသည်။

အနုပညာလောကတွင် ရုပ်ရည်နှင့် အရည်အချင်း နှစ်မျိုးလုံး ပြည့်စုံသူများ ရှိကြပါသည်။ သို့သော် သူ့ကို နံပါတ်တစ်ဟု ကြွေးကြော်ရဲစေသည့် အချက်မှာ သူ၏ နောက်ခံ အသိုင်းအဝိုင်းပင် ဖြစ်သည်။

သူသည် "ထီးနန်း" ကို ဆက်ခံမည့် အိမ်ရှေ့မင်းသားလေး တစ်ပါး ဖြစ်သည်။

ဖခင်ဖြစ်သူသည် "ယင်းဟောင် မီဒီယာ" ၏ ဥက္ကဋ္ဌ ဖြစ်ပြီး မိခင်ဖြစ်သူမှာ "ဟန်ယန် အုပ်စု" ၏ တစ်ဦးတည်းသော သမီးရတနာ ဖြစ်သည်။ ထိပ်သီး ကုမ္ပဏီကြီး နှစ်ခုမှ ပိုးမွေးသလို မွေးထားသော တစ်ဦးတည်းသော သားဖြစ်သဖြင့် သခင်လေးတု၏ ဘဝသည် စိတ်တိုင်းကျ နေနိုင်သော ဘဝမျိုးဖြစ်သည်။

တက္ကသိုလ်တက်စဉ်က ကွန်ပျူတာ ပညာရပ်ကို စိတ်ဝင်စားသဖြင့် ထိုဘာသာရပ်ကို ယူခဲ့သည်။ သူငယ်ချင်းများနှင့် ဂိမ်းကစားရာမှ စိတ်ပါဝင်စားလာပြီး e-sports ကစားသမား လုပ်ခဲ့သည်။ ရုပ်ရည်ချောမောမှုကြောင့် ကြော်ငြာအချို့ လက်ခံရိုက်ကူးရာမှ သရုပ်ဆောင်ရတာ ပျော်စရာကောင်းသည်ဟု ထင်မြင်လာကာ မင်းသား ဖြစ်လာခဲ့သည်။

မိသားစု ပိုင်ဆိုင်သော ကုမ္ပဏီကြီးများမှာ ဖျော်ဖြေရေး လောက၏ ခေါင်းကိုင်ကြီးများ ဖြစ်ကြရာ သခင်လေး တစ်ယောက်အနေဖြင့် အကောင်းဆုံးသော အခွင့်အရေးများကို ရရှိခဲ့ပြီး နှစ်နှစ်အတွင်း အအောင်မြင်ဆုံး စာရင်းဝင် ဖြစ်လာခဲ့သည်။

လွန်ခဲ့သော ခြောက်လကျော်က ဖန်ရွှယ်ယင်းနှင့် တွဲနေပြီဟူသော သတင်းသည် အနုပညာလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ အသက် ၃၅ ဝန်းကျင်မှ အိမ်ထောင်ပြုလေ့ ရှိကြသော ဤလောကတွင် တုဇယ်ချန်းကဲ့သို့သော လူက အသက် ၂၄ နှစ်နှင့် ရည်းစားထားလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြ။

ထိုသတင်းကြောင့် ပရိသတ်များ ငိုကြွေးခဲ့ကြရပြီး ဖန်ရွှယ်ယင်း၏ နာမည်မှာလည်း ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

သို့သော် ဤအရာများမှာ သဲထဲရေသွန်သကဲ့သို့ ခိုင်မာမှု မရှိလှ။ ရရှိလာသော အခွင့်အရေးကို အသုံးချပြီး ခိုင်မာသော ခြေလှမ်းများ မလှမ်းနိုင်ပါက မကြာမီ မှေးမှိန်သွားပေလိမ့်မည်။

ဖန်ရွှယ်ယင်းကမူ ထိုသို့ တွေးပုံမရပေ။

[ဇာတ်ကားကောင်းကောင်းတော့ ရိုက်ရမှာပေါ့။ ဒါပေမဲ့ အစပျိုးမှု မြင့်မားနေရင် ပိုကောင်းတာပဲလေ]

မန်နေဂျာက သတိပေးလိုက်သည်။

[ဒါရိုက်တာဟယ်က လူရွေး အရမ်းစိစစ်တာနော်]

ဖန်ရွှယ်ယင်းက ဆက်ပြောလိုက်သည်။

[ငါ့ရဲ့ လူသိများမှုက အဆမတန် ပေါက်ကွဲသွားရင်ရော]

မန်နေဂျာက စိုးရိမ်တကြီး မေးလိုက်သည်။

[နင် လမ်းခွဲတဲ့ကိစ္စကို ချပြမလို့လား။ လမ်းခွဲတာကို ချပြရင် ခဏတာတော့ နာမည်ကြီးနိုင်ပေမဲ့ ရေရှည်အတွက် မကောင်းဘူးနော်။ အခု လူတွေက တုဇယ်ချန်းအကြောင်း ပြောရင် နင့်ကိုပါ ထည့်ပြောကြတယ်။ လမ်းခွဲလိုက်ရင် သူ့ပရိသတ်တွေက ပျော်သွားကြပြီး နင့်ကို မကြာခင် မေ့ပစ်လိုက်ကြမှာ]

ဖန်ရွှယ်ယင်းက နောက်ပြောင်သလိုလို ပြောလိုက်သည်။

[ဒါဆို ငါတို့ လမ်းခွဲရတဲ့ အကြောင်းအရင်းကို ငါ ဖွင့်ချလိုက်ရင်ရော]

မန်နေဂျာက လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

[အဲဒါတော့ မလုပ်ပါနဲ့လို့ ငါ တိုက်တွန်းချင်တယ်။ နင် အနုပညာလောကထဲမှာ ဘယ်လိုပဲ ပြောပြော ကိစ္စမရှိဘူး။ တုဇယ်ချန်းက နင့်ကို ချစ်နေတုန်းမို့ ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ အွန်လိုင်းပေါ် တင်လိုက်ရင်တော့ ဒီကိစ္စက ပြီးမှာ မဟုတ်တော့ဘူး။ နင် ရန်စမိမဲ့သူတွေက 'ယင်းဟောင်' နဲ့ 'ဟန်ယန်' အုပ်စုကြီးတွေနော်။ သူတို့သာ လက်ဝါးချင်းရိုက်ပြီး တုဇယ်ချန်းကို ပြန်အဖတ်ဆယ်လိုက်ရင် နင် ဒုက္ခရောက်သွားလိမ့်မယ်။ နင်လည်း သိတာပဲ... နက်တီဇင်တွေက အမှန်တရားကို ဂရုစိုက်တာ မဟုတ်ဘူး]

ဖန်ရွှယ်ယင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

[အေးပါဟယ်... စတာပါ။ သူ ဖောက်ပြန်တာကို မုန်းပေမဲ့ သူ့ဘဝပျက်တဲ့အထိတော့ ငါ မလုပ်ရက်ပါဘူး]

...

ထို့နောက်တွင် အသုံးဝင်သော အချက်အလက်များ မပါတော့သဖြင့် တုဇယ်ချန်းသည် ဆိုဖာကို ဒေါသတကြီး ထုရိုက်လိုက်သည်။

"သူ ငါ့ကို နင်းပြီး တက်ဖို့ သေချာ ကြံစည်ထားတာပဲ"

ရှောင်းမင်ကျန့်ကမူ ပိုပြီး လေးနက်စွာ တွေးတောနေသည်။

"သူ နောက်ပြောင်ပြီး ပြောတာ မဟုတ်လောက်ဘူး။ ငါတို့ ပြင်ဆင်ထားမှ ရမယ်။ သူက ဦးနှောက်မရှိတဲ့သူ မဟုတ်ဘူး။ မင်းကို ဒီလောက်ထိ ဒုက္ခပေးရဲတယ် ဆိုကတည်းက သူ့နောက်ကွယ်မှာ ကျောထောက်နောက်ခံ တစ်ခုခု ရှိနေလို့ပဲ"

တုဇယ်ချန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"လာစမ်းပါစေ... ငါက သူ့ကို ကြောက်နေရမှာလား။ သူ့အဖေက ဘယ်သူလဲဆိုတာ သိအောင် ပြရသေးတာပေါ့"

"နေပါဦး... ရွမ်ဟုန်လန် ဆိုတဲ့ကောင်အကြောင်းရော စုံစမ်းလို့ ရပြီလား"

ရှောင်းမင်ကျန့်က အီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်။

"အခြေခံ အချက်အလက်တွေတော့ ရပြီ။ S တက္ကသိုလ်၊ ၂၀၀၇ ခုနှစ် ကျောင်းဆင်း၊ ကွန်ပျူတာ မေဂျာပဲ။ ရုပ်ရည် သန့်ပြန့်ပြီး ပညာရေးမှာလည်း ထူးချွန်တယ်။ အခု သူငယ်ချင်းတွေနဲ့ စပ်တူ ဂိမ်းကုမ္ပဏီ ထောင်ထားတယ်။ တက္ကသိုလ် တက်တုန်းက ဖန်ရွှယ်ယင်းကို တောက်လျှောက် လိုက်ခဲ့ဖူးတယ်တဲ့။ ကျန်တာတွေတော့ အချိန် နည်းနည်း ပေးရဦးမယ်။ ဒါပေမဲ့ မင်း ရှုတင်ကို သွားလည်တဲ့နေ့က ကိစ္စတော့..."

တုဇယ်ချန်း ဆိုဖာပေါ်မှ မတ်မတ် ထထိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ... ရှန်ယို့ယောင်က ကြံရာပါ ဖြစ်နေတာလား"

ရှောင်းမင်ကျန့်က သူ့ကို လှောင်ပြုံး ပြုံးလိုက်သည်။

"ဒါ ဖန်ရွှယ်ယင်းရဲ့ လက်ချက်လားလို့ မင်း အရင်မေးမယ် ထင်နေတာ။ ဘာလဲ... ဟိုတစ်ယောက် မတရား စွပ်စွဲခံရမှာ ကြောက်နေတာလား"

တုဇယ်ချန်းက ပြန်အော်လိုက်သည်။

"သွားစမ်းပါကွာ... ဖန်ရွှယ်ယင်း လက်ချက်ဆိုတာ ငါသိပြီးသားမို့ မေးစရာ မလိုတော့လို့ပါ"

ရှောင်းမင်ကျန့်က သူ့ကို ဆက်မစတော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေက ပြုပြင်ခံထားရတာ သေချာတယ်။ တော်တော် ကျွမ်းကျင်တဲ့သူ လုပ်ထားတာ၊ ကြားထဲက အချိန်တစ်ခုကို အစားထိုးထားတယ်"

သူက ဆက်ပြောသည်။

"အဲဒီနေ့က ဖန်ရွှယ်ယင်း မွေးနေ့ဆိုပြီး မင်းကို လာခိုင်းတယ်။ ရောက်သွားတော့ မွေးနေ့အထိမ်းအမှတ် ဆိုပြီး အရက်သောက်ခိုင်းတယ်။ ပြီးတော့ ဒါရိုက်တာက ညဘက် ရိုက်ကွင်း ရှိတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ သူ ထွက်သွားတယ်... ဟုတ်တယ်မလား"

တုဇယ်ချန်းက ဒေါသသံဖြင့် ဖြေလိုက်သည်။

"ဟုတ်တယ်... ငါ ပြန်နိုးလာတော့ နောက်တစ်နေ့ မနက် ရောက်နေပြီ။ ရှန်ယို့ယောင်က ငါ့ဘေးမှာ အိပ်နေတာ"

"မှတ်တမ်းတွေအရ ဖန်ရွှယ်ယင်း ထွက်သွားပြီး တစ်နာရီခွဲလောက်အကြာမှာ ရှန်ယို့ယောင်က တံခါးလာခေါက်ပြီး ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက်မလာတော့ဘူး။ ဖန်ရွှယ်ယင်း ထွက်သွားတဲ့ တစ်နာရီခွဲနဲ့ ရှန်ယို့ယောင် ဝင်သွားပြီးနောက် တစ်နာရီ အတွင်းမှာ စင်္ကြံလမ်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ ဖြတ်မသွားဘူး။ ညဘက် ရိုက်ကူးရေး ရှိတယ်ဆိုတဲ့ ဟိုတယ်မှာ နှစ်နာရီခွဲလောက် ဘယ်သူမှ ဖြတ်မသွားဘူး ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အဲဒီ ဗီဒီယိုဖိုင်က ဆက်စပ် ဖြတ်ညှပ်ကပ် လုပ်ထားတာ သေချာတယ်"

တုဇယ်ချန်းက တုံးအသူ မဟုတ်ပေ။ အကယ်၍ မရိုးသားမှု မရှိလျှင် ဗီဒီယိုဖိုင်ကို ဘာကြောင့် ဖြတ်ညှပ်ကပ် လုပ်ရမည်နည်း။ ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။ ထိုအချိန်အတွင်း ဖန်ရွှယ်ယင်း ပြန်ရောက်လာခဲ့ခြင်း ဖြစ်မည်။

"ရှန်ယို့ယောင် ပြောတုန်းကတော့ ဖန်ရွှယ်ယင်းက ကိတ်မုန့်ပို့ခိုင်းလို့ သွားပို့တာတဲ့။ ပြီးတော့ မွေးနေ့မို့လို့ဆိုပြီး အရက်တစ်ခွက် တိုက်တယ်၊ နောက်ပိုင်း ဘာဖြစ်သွားလဲ သူ မမှတ်မိတော့ဘူးတဲ့"

ရှောင်းမင်ကျန့်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ သူ့စကားကို ဘယ်သူမှ မယုံခဲ့ကြဘူးလေ။ သူက နောက်ခံမရှိတဲ့သူကိုး။ တကယ်တော့ သူပြောတာ အမှန်ဖြစ်လောက်တယ်။ သူ အခန်းထဲ ဝင်သွားတာကလည်း ဖန်ရွှယ်ယင်းက အတွင်းကနေ လှမ်းခေါ်လို့ ဖြစ်မယ်။ သူ မူးမေ့သွားပြီးမှ ဖန်ရွှယ်ယင်းက မင်းတို့နှစ်ယောက် အတူအိပ်နေတဲ့ ပုံစံမျိုး ဖန်တီးပြီး ပြန်ထွက်သွားတာ နေမှာ။ ဒါကြောင့် ကြားထဲက မှတ်တမ်းကို အစားထိုးလိုက်တာပေါ့"

တုဇယ်ချန်းက မျက်နှာထား တင်းမာစွာ မေးလိုက်သည်။

"မူရင်း ဗီဒီယိုဖိုင်ကို ပြန်ရှာလို့ ရမလား"

ရှောင်းမင်ကျန့် ခေါင်းခါလိုက်သည်။

"ဖန်ရွှယ်ယင်းက ဒီလောက်ထိ လုပ်ရဲမှတော့ သဲလွန်စ ချန်ထားမှာ မဟုတ်ဘူး။ အကုန်ဖျက်ပစ်လောက်ပြီ။ ငါတို့က ပြုပြင်ထားတဲ့ နေရာတွေကို ကြည့်ပြီး သုံးသပ်လို့ပဲ ရတော့မယ်"

တုဇယ်ချန်းက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"ဒါဆို ရှန်ယို့ယောင်က အပြစ်မရှိဘူးပေါ့"

ရှောင်းမင်ကျန့်က သက်ပြင်းချလိုက်သည်။

"ဖြစ်နိုင်ခြေ အများကြီး ရှိတာပေါ့။ ကျောင်းပြီးခါစ လူသစ်လေး တစ်ယောက်က ရည်မှန်းချက် ဘယ်လောက်ကြီးကြီး ဘာအဆက်အသွယ်မှ မရှိဘဲ လူတစ်ယောက် အိပ်ပျော်နေတုန်း အိပ်ရာပေါ် တက်ရဲပါ့မလား"

တုဇယ်ချန်းက မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ရှောင်းမင်ကျန့်က ရယ်မောကာ စလိုက်သည်။

"သခင်လေး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့လို့ ငါပြောသားပဲ။ အခုကြည့်... ကောင်မလေးတစ်ယောက်ကို အိမ်ထောင်သည် ဖြစ်အောင် လုပ်လိုက်တယ်၊ မကြာခင် ကွာရှင်းပြတ်စဲတဲ့ မိန်းမ ဖြစ်အောင် လုပ်တော့မယ်။ သူ ဘယ်သူ့ဆီသွားပြီး တိုင်တည်ရမလဲ"

တုဇယ်ချန်းက ရှက်ရမ်းရမ်းကာ အော်လိုက်သည်။

"အမေကြီးရှောင်း... ငါ့ကို ဆုံးမနေမဲ့အစား အလုပ်သွားလုပ်စမ်းပါ။ ဖန်ရွှယ်ယင်းရဲ့ နောက်ကွယ်က လူကို စုံစမ်းပြီးပြီလား။ မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ဗီဒီယိုဖိုင်ကို ပြုပြင်နိုင်မှာလဲ။ ရွမ်ဟုန်လန်နဲ့ ဘယ်လို ဇာတ်လမ်းတွေ ရှိလဲဆိုတာရော ရှင်းပြီလား။ အွန်လိုင်းပေါ်မှာ ငါ့ကို တိုက်ခိုက်ရင် ဘယ်လို ပြန်ဖြေရှင်းမလဲ ဆိုတာရော စဉ်းစားပြီးပြီလား။ ငါ့ရုပ်ရှင်ကားသစ်အတွက် ဇာတ်ညွှန်းရော ရွေးပြီးပြီလား"

ရှောင်းမင်ကျန့်က ပြန်ပက်လိုက်သည်။

"နောက်ဆုံး နှစ်ချက်က မင်း မန်နေဂျာ အလုပ်လေ"

တုဇယ်ချန်းက ခြေချိတ်ထိုင်လိုက်ပြီး နှင်ထုတ်လိုက်သည်။

"ဒါဆိုလည်း သွားတိုင်ပင်ချေ... မြန်မြန်သွား၊ အခုချက်ချင်းသွား"

ရှောင်းမင်ကျန့်က ခေါင်းခါ သက်ပြင်းချရင်း ထွက်ခွာသွားသည်။

တံခါးပိတ်သွားသည်နှင့် တုဇယ်ချန်းသည် ဖုန်းကို ထုတ်ကာ ကုမ္ပဏီမှ သရုပ်ဆောင် တစ်ယောက်ကို လှမ်းမေးလိုက်သည်။

"မန်နေဂျာ အစ်မအန်း ဆိုတာ ဘယ်သူလဲ။ သူ့ဖုန်းနံပါတ် ရှိလား"

...

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် တုဇယ်ချန်းသည် ရုပ်ဖျက်ပြီး "ကရာတေးမယ်လေး" ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။ အဝေးကပင် လူငယ်တစ်ယောက် အသံချဲ့စက်ဖြင့် အော်ပြောနေသည်ကို ကြားလိုက်ရသည်။

"ရှန်းရှန်း... ခဏနေကျရင် အားထည့်ပြီး ရိုက်နော်၊ သိတယ်မလား။ ဒါက နိုင်ငံတကာ ပြိုင်ပွဲ၊ အရမ်း ပြင်းထန်တယ်။ အားပါမှ ရမယ်။ ရှန်ယို့ယောင်... သဘာဝ ကျချင်လို့ တကယ် ရိုက်မှာနော်။ ဒါကြောင့် မင်းဘက်က နည်းနည်းလောက် ပေးဆပ်ပေးပါ..."

အနီးသို့ ရောက်သွားသောအခါ လူအချို့ ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။

"ဒါက နည်းနည်း များလွန်းမနေဘူးလား။ မျက်နှာ ဖူးရောင်သွားတဲ့အထိ တကယ်ရိုက်မယ် ဆိုတော့ နောက်ရိုက်မဲ့ အခန်းတွေ ဘယ်လို လုပ်ကြမလဲ"

"ဗီလိန် ဇာတ်ပို့ပဲဟာ... အခန်းကလည်း နည်းနည်းလေး။ တခြားလူတွေ အရင်ရိုက်နှင့်ပေါ့။ သူ သက်သာမှ ပြန်လာရိုက်ခိုင်းလိုက်"

"ဝမ်ဟောင်ကလည်း သတ္တိ ကောင်းလွန်းတယ်။ နာမည်ကြီး ဒါရိုက်တာတွေတောင် ဇာတ်သိမ်းခန်းကို အရင် မရိုက်ရဲကြဘူး။ သူက လူသစ် ဖြစ်ပြီးတော့ စစချင်း ဒါကို ရိုက်မယ်တဲ့။ ခံစားချက် မရောက်ဘဲ ပျက်သွားမှာ မကြောက်ဘူးလား မသိဘူး"

"ရှန်ယို့ယောင်ကို တမင် သက်သက် နှိပ်စက်တာပါဟယ်။ ဒါပေမဲ့ သူက မယားငယ် သွားလုပ်တာကိုး... ခံရတာ နည်းတောင် နည်းသေးတယ်။ ဟိုက ကောင်မလေးတွေ ကြည့်... ပျော်နေကြတာ"

"ငါကြားတာတော့ ဝမ်ဟောင်က ရှန်ယို့ယောင်ကို လိုက်လို့ မရလို့ လက်စားချေတာဆို"

တုဇယ်ချန်းသည် လူအုပ်ကြားမှ တိုးဝင်သွားလိုက်သည်။ ဇာတ်ခုံပေါ်တွင် သူ မမြင်ဖူးသော မင်းသမီး တစ်ယောက်ကို လူများ ဝိုင်းဝန်းပြီး မိတ်ကပ် ပြင်ပေးနေကြသည်။ ရှန်ယို့ယောင်မှာမူ တစ်ဖက်တွင် တစ်ယောက်တည်း အထီးကျန်စွာ ရပ်လျက် လက်ဝှေ့အိတ်ကို ပြင်ဆင်နေသည်။

အသံချဲ့စက် ကိုင်ထားသော အမျိုးသားက မောက်ရှန်းရှန်းကို တကယ်ရိုက်ရန် အထပ်ထပ် မှာကြားနေပြီး ရှန်ယို့ယောင်ဘက်ကျတော့ ပေးဆပ်ရန် ပြောနေသည်။

တုဇယ်ချန်း ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ ရှေ့သို့ တိုးထွက်ရန် ပြင်လိုက်စဉ် ရှန်ယို့ယောင်က လက်ဝှေ့အိတ်ကို ဝတ်ဆင်ရင်း ဝမ်ဟောင်ကို မေးလိုက်သည်ကို တွေ့လိုက်ရသည်။

"တကယ် ထိုးမှာနော်... မိတ်ကပ် အထူးပြုလုပ်ချက် မသုံးဘူးဆိုတာ သေချာတယ်နော်"

ဝမ်ဟောင်က သူမ ကြောက်နေသည်ဟု ထင်ပြီး ဟန်ဆောင်ကာ နှစ်သိမ့်လိုက်သည်။

"ဟုတ်တယ်... သည်းခံလိုက်ပါ။ တစ်ခါတည်းနဲ့ ပြီးအောင် ကြိုးစားကြတာပေါ့"

တုဇယ်ချန်းသည် သူမ၏ သွေးပူလေ့ကျင့်ခန်း လုပ်နေသော ပုံစံကို ကြည့်လိုက်မိသည်။ အလွန် ကျွမ်းကျင် ပိုင်နိုင်လှပြီး အရိုက်ခံမည့်သူ တစ်ယောက်နှင့် လုံးဝ မတူပေ။ ရုတ်တရက် သူမ၏ ခွန်အားကြီးမားပုံကို သတိရလိုက်မိသည်။

ဒီရိုးသားသော မိန်းကလေးက ထင်သလောက် အနိုင်ကျင့်ရ လွယ်ကူမည့်သူ မဟုတ်မှန်း သူ ရိပ်စားမိလိုက်သည်။