Ch 4
Viewers 96

အခန်း (၄)

တုဇယ်ချန်းသည် အခြေအနေကို အရင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရှန်ယို့ယောင် အနိုင်ကျင့်ခံရမှ ဝင်ကူညီလျှင်လည်း နောက်မကျသေးပေ။

"Action!"

ကလပ်ဘုတ် ရိုက်သံအဆုံးတွင် မောက်ရှန်းရှန်းသည် အားကုန်သုံးကာ ပြေးဝင်ချလာသည်။ သူ၏ ပုံစံသည် ကျွမ်းကျင်သော ကိုယ်ခံပညာရှင်နှင့် မတူဘဲ လမ်းဘေးရန်ပွဲမှ လူမိုက်မလေးနှင့်သာ တူနေတော့သည်။

သို့သော် လူမိုက်မလေး၏ အရည်အချင်းမှာ ပြောပလောက်အောင် မရှိလှ။ သူ ရှေ့သို့ ရောက်လာသည်နှင့် ရှန်ယို့ယောင်က မျက်နှာတည့်တည့်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အရှိန်မထိန်းနိုင်ဘဲ ရှေ့ဆက်တိုးလာသော မောက်ရှန်းရှန်းကို နောက်ထပ် လက်သီးတစ်လုံး ဆင့်ထိုးလိုက်ရာ "KO" ဆိုသည်မှာ မည်သို့မည်ပုံ ဖြစ်ကြောင်း လက်တွေ့ပြသလိုက်သလို ရှိတော့သည်။

"ဖြောင်း... ဖြောင်း"

အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် မောက်ရှန်းရှန်း ပက်လက်လန် လဲကျသွားသည်။ ဘေးမှ ကြည့်နေသူများအဖို့ မောက်ရှန်းရှန်း၏ ခြေထောက်များ မြေကြီးနှင့် လွတ်ကာ လွင့်ထွက်သွားသယောင် ထင်လိုက်ရသည်။

လေထုတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မောက်ရှန်းရှန်း ခံစားလိုက်ရမည့် နာကျင်မှုကို ကိုယ်ချင်းစာမိသလို ဘေးလူများက မိမိတို့ပါးကို အုပ်ကိုင်လိုက်မိကြသည်။

ခဏကြာမှ ကြမ်းပြင်ပေါ် လဲကျနေသော မောက်ရှန်းရှန်းဆီမှ စူးရှသော အော်သံ ထွက်ပေါ်လာသည်။

"ရှန်းရှန်း"

ဝမ်ဟောင်က အရင်ဆုံး သတိဝင်လာပြီး ပြေးသွားသလို အခြား ဝန်ထမ်းများလည်း ပျာပျာသလဲ ရောက်ရှိလာကြသည်။

"သွေးတွေ... သွေးတွေ... ငါ့မျက်နှာတော့ ပျက်စီးသွားပါပြီ"

မောက်ရှန်းရှန်းသည် လက်ပေါ်တွင် ပေကျံနေသော သွေးများကို ကြည့်ပြီး လန့်ဖျပ်ကာ အော်ဟစ်လေသည်။

ဝမ်ဟောင်က သူ၏ မျက်နှာကို အမြန်ကြည့်လိုက်ရာ ပါးစပ်ထောင့်တွင် ကွဲရှသွားပြီး ပါးတစ်ဖက်လည်း ဖူးရောင်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ရှန်ယို့ယောင်ဘက်သို့ လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဘာလုပ်တာလဲ"

ရှန်ယို့ယောင်သည် ဘာလုပ်ရမှန်း မသိသည့်ပုံဖြင့် လက်အိတ်ကို ပွတ်သပ်ရင်း အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

"ဒါရိုက်တာဝမ်ပဲ တကယ်ချရမယ်လို့ ပြောတာလေ... မဟုတ်ဘူးလား"

ဝမ်ဟောင်က ပြန်အော်သည်။

"သူက နင့်ကို ထိုးရမှာ... နင်က သူ့ကို ပြန်ထိုးရမှာ မဟုတ်ဘူး။ နင်က ဗီလိန်လေ... ဗီလိန်ဆိုတာ နားမလည်ဘူးလား"

ရှန်ယို့ယောင်က တည်ငြိမ်စွာ ရှင်းပြသည်။

"ဒါရိုက်တာပဲ ပြောခဲ့တယ်လေ။ ဒါက နိုင်ငံတကာအဆင့် ပြိုင်ပွဲ၊ ဇာတ်လမ်းတစ်ခုလုံးရဲ့ အထွတ်အထိပ် အခန်းဆို... ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးမှ ဗီလိန်က ရှုံးသွားရမှာလေ။ တစ်ဖက်သတ်ကြီးပဲ အရိုက်ခံနေရရင် အနိုင်ကျင့်ခံရတာနဲ့ တူသွားမှာပေါ့"

ဝမ်ဟောင် ဆွံ့အသွားရှာသည်။ သူ ပြောနေသည်က အမှန်တရားလော၊ သို့တည်းမဟုတ် မိမိကို သရော်နေခြင်းလော မဝေခွဲတတ်တော့။

လက်ထောက်တစ်ဦး ကမ်းပေးသော ရေခဲဝတ်ဖြင့် မောက်ရှန်းရှန်း မျက်နှာကို အုပ်နေသည်ကို မြင်တော့ ရှန်ယို့ယောင်က ဝင်ပြောလိုက်သည်။

"ကျွန်မတို့ လိုချင်တာ ဒီလို အဖူးအယောင်တွေ မဟုတ်ဘူးလား။ ရေခဲကပ်လိုက်ရင် သက်သာသွားမှာပေါ့... ဒါဆို ဘယ်လို ဆက်ရိုက်မလဲ"

စကားပြောနေရင်း မောက်ရှန်းရှန်း၏ မျက်နှာတစ်ဖက်မှာ သိသိသာသာ ရောင်ကိုင်းလာပြီး ပါးရိုးနေရာတွင်လည်း ညိုမည်းစွဲလာရာ မိတ်ကပ်လိမ်းစရာ မလိုအောင် သဘာဝကျနေတော့သည်။ ရှန်ယို့ယောင်က ဝမ်ဟောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါမှမဟုတ် မိတ်ကပ် အထူးပြုလုပ်ချက် မသုံးဘူး ဆိုတာက ကျွန်မတစ်ယောက်တည်းအတွက် သက်သက်လား"

ဝမ်ဟောင်သည် မည်မျှပင် သဘောထား သေးသိမ်ပြီး အာဏာပြချင်ပါစေ၊ လူအများရှေ့တွင် ဘက်လိုက်လွန်းသည်ဟု အပြောမခံနိုင်ပေ။ အံကြိတ်ပြီး အမိန့်ပေးလိုက်သည်။

"ကင်မရာ အဆင်သင့် ပြင်ထား... အနီးကပ် ရိုက်မယ်"

ထို့နောက် မောက်ရှန်းရှန်း နားနားကပ်ကာ တစ်စုံတစ်ခု တိုးတိုး ပြောလိုက်သည်။

မောက်ရှန်းရှန်းသည် ရှန်ယို့ယောင်ကို မုန်းတီးစွာ မော့ကြည့်လိုက်ပြီးနောက် ကြမ်းပြင်မှ ကုန်းရုန်းထလိုက်သည်။

ထို့နောက်တွင် ရှန်ယို့ယောင်က အလိုက်သင့် တုံ့ပြန်ပြီး တိုက်ခိုက်ရမည့် အခန်းဖြစ်သည်။ သို့သော် မောက်ရှန်းရှန်းသည် ရှန်ယို့ယောင်ကို မည်မျှပင် မုန်းတီးနေပါစေ၊ စောစောက "KO" ခံလိုက်ရသည်ကို လန့်နေသဖြင့် လှုပ်ရှားမှုတိုင်းတွင် တွန့်ဆုတ်နေသည်။

နောက်ဆုံးတွင် ရှန်ယို့ယောင်က မထင်မှတ်ဘဲ ထပ်ထိုးမည်ကို စိုးရိမ်သဖြင့် လူစားထိုး စတန့်သမား သုံးရန် တောင်းဆိုလိုက်တော့သည်။

ဤဇာတ်ကားမှာ အားကစား ဇာတ်ကားဖြစ်သဖြင့် သရုပ်မှန် ပေါ်လွင်စေရန် ဝမ်ဟောင်က ကိုယ်ခံပညာ အခြေခံရှိသော စတန့်သမား နှစ်ဦး ငှားရမ်းထားသည်။

ဘေးမှ ကြည့်နေသော တုဇယ်ချန်းမှာ ကြိတ်ရယ်နေမိသည်။ ဒီကောင်မလေးက ကြည့်တော့သာ နှာစေးနေသလိုလိုနဲ့ ဘယ်သူ့အနိုင်ကျင့်တာမှ ခံမဲ့ပုံ မပေါ်။

စတန့်သမားကမူ ဒါရိုက်တာ ခိုင်းသည့်အတိုင်း လှုပ်ရှားရုံသာ ဖြစ်သည်။ ယုတ္တိ ရှိသည် မရှိသည်ကို ထည့်မတွက်ဘဲ မောက်ရှန်းရှန်း၏ ပျော့ခွေခွေ လက်သီးချက်များနှင့် အလိုက်သင့် နေပေးလိုက်ရာ မင်းသမီး အသာစီးရနေသည့် အခန်းကို ရိုက်ကူးပြီးစီးသွားသည်။

ယခု အားလုံး မျှော်လင့်စောင့်စားနေသော ဗီလိန်ကို နှိပ်စက်မည့် အခန်းသို့ ရောက်ရှိလာလေပြီ။

ဝမ်ဟောင်က အော်ခေါ်လိုက်သည်။

"လူစားထိုး ဘယ်ရောက်သွားလဲ... နေရာယူထားလေ"

မိတ်ကပ်ဆရာက မောက်ရှန်းရှန်းနှင့် ကိုယ်ခန္ဓာ အချိုးအစားတူညီသော အမျိုးသမီး တစ်ယောက်ကို ခေါ်ဆောင်လာသည်။

ဝမ်ဟောင်က ရှန်ယို့ယောင်ဘက် လှည့်ပြောလိုက်သည်။

"ဒီတစ်ယောက်က ပရော်ဖက်ရှင်နယ် MMA ကစားသမား။ ပြိုင်ပွဲမှာ ခက်ခဲတဲ့ လှုပ်ရှားမှုတွေကို သူ လုပ်ပြလိမ့်မယ်။ ဒါပေမဲ့ ဒီအခန်းမှာ နင့်ရဲ့ ဇာတ်ဝင်ခန်းက များနေတော့ လူစားထိုးလို့ မရဘူး။ နင်ကိုယ်တိုင် ရိုက်မှ ရမယ်... အဆင်ပြေတယ်မလား"

အားလုံး၏ အကြည့်များက ရှန်ယို့ယောင်ထံသို့ ရောက်ရှိလာကြသည်။ အချို့က ကံဆိုးမိုးမှောင်ကျတော့မည့် သူမကို ကြည့်ပြီး ကျေနပ်နေကြသလို အချို့ကလည်း သနားနေကြသည်။ ဒါရိုက်တာနှင့် မင်းသမီးက သူမကို အငြိုးထားနေသည့်အပြင် သူမကပါ မင်းသမီးကို ထိုးလိုက်မိသေးရာ ယခု ပရော်ဖက်ရှင်နယ် ကစားသမားနှင့် တွေ့ပါက အသေအလဲ ခံရတော့မည်မှာ သေချာသည်။

တုဇယ်ချန်း မျက်မှောင်ကြုတ်ကာ ဝင်ပြောရန် ပြင်လိုက်သော်လည်း ရှန်ယို့ယောင်၏ မျက်နှာထားက အနည်းငယ်မျှ ပျက်ယွင်းသွားခြင်း မရှိဘဲ လိမ္မာစွာ ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ သူ စိတ်ဝင်စားသွားကာ သူမ ဘာဆက်လုပ်မည်ကို ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ပရော်ဖက်ရှင်နယ် စတန့်သမား နေရာယူလိုက်သည်နှင့် ဝမ်ဟောင်က မှာကြားလိုက်သည်။

"ဇာတ်ညွှန်း ဖတ်ပြီးပြီမလား။ အရင်ဆုံး အကြိတ်အနယ် ချမယ်။ ပြီးရင် ရှန်ယို့ယောင်က ရှုံးရမယ်။ တော်တော်လေး သနားစရာကောင်းအောင် ရှုံးရမှာနော်... သိတယ်မလား"

ထို့နောက် ရှန်ယို့ယောင်ကို ပြောလိုက်သည်။

"နာမှာ မကြောက်နဲ့... စတန့်ဆရာမက ပရော်ဖက်ရှင်နယ်ပဲ၊ နင့်ကို တကယ် ဒဏ်ရာရအောင် မလုပ်ပါဘူး"

နှစ်ယောက်သား ခေါင်းညိတ်ပြလိုက်ပြီးနောက် ကလပ်ဘုတ် ရိုက်သံ ထွက်ပေါ်လာသည်။

ပရော်ဖက်ရှင်နယ် စတန့်သမား၏ လှုပ်ရှားမှုများက သပ်ရပ်လှပသည်။ စစချင်းမှာပင် တွဲလုံးများဖြင့် တရစပ် တိုက်ခိုက်သည်။ သို့သော် သူ၏ ကျွမ်းကျင်မှုသည် တကယ့်လက်တွေ့ တိုက်ခိုက်ရေးသမား ဖြစ်ခဲ့ဖူးသော ရှန်ယို့ယောင်အတွက်မူ ကလေးကစားစရာသဖွယ် ဖြစ်နေသည်။

တစ်ဖက်လူ၏ တိုက်ကွက်များ အားလုံးကို သူ သက်သောင့်သက်သာပင် ဖမ်းဆီးထိန်းချုပ်လိုက်သည်။ ပြင်းထန်သော လက်သီးချက်များ၊ ခုန်ကန်ချက်များကို အပြန်အလှန် တုံ့ပြန်ရင်း တိုက်ပွဲမှာ အလွန်ပင် ကြည့်ကောင်းနေတော့သည်။

စတန့်သမားလည်း အံ့သြသွားသလို စိတ်ပါဝင်စားလာသည်။ တစ်ဖက်လူတွင် အခြေခံကောင်း ရှိကြောင်း သိလိုက်ရသဖြင့် အားမနာတမ်း ပညာကုန် ထုတ်သုံးတော့သည်။

တံတောင်ရိုက်ချက်၊ ဒူးတိုက်ချက်များကို ရှန်ယို့ယောင်က ကာကွယ်ပြီး ခြေထောက်ကို ဖမ်းချုပ်ကာ ချေဖျက်လိုက်သည်။ ထိုစဉ် တစ်ဖက်လူက လေပေါ်သို့ ခုန်တက်ကာ လှပသော ဝဲပျံကန်ချက်ဖြင့် ရှန်ယို့ယောင်၏ လည်ပင်းကို ပစ်မှတ်ထား ကန်ကျောက်လိုက်သည်။

ကြည့်ရုံဖြင့် ပြင်းထန်သော တိုက်ကွက်မှန်း သိသာသဖြင့် ဘေးလူများ မျက်လုံးများကို အုပ်ထားလိုက်မိကြသည်။

သို့သော် ရှန်ယို့ယောင်သည် ထိုခြေထောက်ကို ဖမ်းဆွဲကာ တစ်ဖက်လူ၏ အရှိန်ကို အသုံးချ၍ ဘေးဘက်သို့ လှည့်ကာ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်လေသည်။ လှုပ်ရှားမှုတိုင်းက ချောမွေ့ပြေပြစ်ပြီး သိမ်မွေ့စွာ လှပနေသည်။

ကြည့်ရှုနေသူများထဲမှ တစ်စုံတစ်ယောက်က စိတ်မထိန်းနိုင်ဘဲ "ဟေး... မိုက်တယ်ဟေ့" ဟု အော်ဟစ်လိုက်ရာ ကျန်လူများဆီမှလည်း လက်ခုပ်သံများ၊ ဩဘာသံများ ထွက်ပေါ်လာသည်။ တုဇယ်ချန်းသည်လည်း လေချွန်လိုက်မိသည်။ ဒီတိုက်ကွက်က တကယ်ကို လန်းလွန်းသည်။

ဝမ်ဟောင်က "Cut" လုပ်ရန် ပြင်လိုက်သော်လည်း လက်ထောက် ဒါရိုက်တာက တားဆီးလိုက်သည်။

"စိတ်မလောပါနဲ့... ခင်ဗျားရဲ့ ပထမ ရည်ရွယ်ချက်က ဇာတ်ကားကောင်း ရိုက်ဖို့လေ။ ဒီလို အခန်းမျိုးက ရခဲတယ်ဗျ"

ဝမ်ဟောင် ဝန်ခံရမည်မှာ ဤနှစ်ယောက်၏ တိုက်ခိုက်မှုသည်သာ စစ်မှန်သော အားကစား စိတ်ဓာတ်နှင့် အင်အားကို ဖော်ကျူးနိုင်ခြင်း ဖြစ်သည်။ မောက်ရှန်းရှန်း၏ ပျော့နွဲ့နွဲ့ ခြေဟန်လက်ဟန်များနှင့် ယှဉ်လိုက်လျှင် ကွာခြားလွန်းလှသည်။ သို့သော် ဘာတတ်နိုင်မည်နည်း။ သူ မြေတောင်မြှောက်ချင်သည်က ရှန်ယို့ယောင် မဟုတ်။

တစ်မိနစ်ခန့် အကြာတွင် ဝမ်ဟောင်က "Cut!" ဟု အော်လိုက်သည်။

"လေ့ကျင့်ဖူးသလား"

သူက ရှန်ယို့ယောင်ကို မေးလိုက်သည်။

ရှန်ယို့ယောင်က အနည်းငယ် မောဟိုက်နေသော်လည်း ခေါင်းညိတ်ပြသည်။

"အရင်က နည်းနည်း သင်ဖူးပါတယ်"

'ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာကိုး' ဟု ဝမ်ဟောင် တွေးရင်း မဲ့ပြုံး ပြုံးလိုက်သည်။

"ဒါပေမဲ့ နင်က မင်းသမီး မဟုတ်ဘူး။ ကမ္ဘာကျော် ဖြစ်နေစရာ မလိုဘူး။ ရှေ့ပိုင်းမှာ ပြစရာရှိတာ ပြပြီးပြီဆိုတော့ နောက်ပိုင်းမှာ ဟူယန်က အရေးနိမ့်တဲ့ အခန်းပဲ ရိုက်ရမယ်... သဘောပေါက်လား"

ရှန်ယို့ယောင်က လိမ္မာစွာပင် ခေါင်းညိတ်ပြသည်။

"သဘောပေါက်ပါတယ်"

ဝမ်ဟောင်က သူ့ကို မယုံကြည်တော့။ သူ အရိုက်ခံရပြီး သနားစရာ ဖြစ်နေမည့် ပုံကို ရိုက်ချင်သော်လည်း နှစ်ကြိမ်ဆက်တိုက် သူ ထင်သလို ဖြစ်မလာခဲ့။ ထို့ကြောင့် အက်ရှင်ဒါရိုက်တာကို ခေါ်ပြီး တိုက်ကွက်များကို သေချာ ဇာတ်တိုက်ခိုင်းလိုက်သည်။

ဝမ်ဟောင်သာမက တုဇယ်ချန်းကလည်း ဒီကောင်မလေး အလွယ်တကူ အံတုခံရလိမ့်မည် မဟုတ်ဟု တွေးထင်ထားသည်။ ထို့ကြောင့် သူငယ်ချင်းထံမှ ဖုန်းဝင်လာသည့်အခါ ဘေးနားသို့ ရှောင်ပြီး ဖုန်းကို စိတ်ချလက်ချ သွားပြောနေလိုက်သည်။

သို့သော် အားလုံး အံ့အားသင့်သွားစေသည်မှာ ရှန်ယို့ယောင်သည် ဇာတ်တိုက်ထားသည့်အတိုင်း တိတိကျကျ လိုက်လုပ်ခြင်းပင်။ စတန့်သမား၏ ပျံဝဲကန်ချက်ကြောင့် ဇာတ်ခုံ၏ လက်ရန်းတိုင်ကို သွားရိုက်မိသည့်အချိန်ထိ ဘေးလူများ အခြေအနေကို သဘောမပေါက်လိုက်ကြ။

ဝမ်ဟောင်က စိတ်လှုပ်ရှားစွာ လက်သီးကို ဝှေ့ယမ်းလိုက်သည်။ မောက်ရှန်းရှန်းကလည်း ကွင်းဘေးမှ ပျော်ရွှင်စွာ အားပေးနေသည်။

"လုပ်ထား... လုပ်ထား... ကောင်းတယ်"

စတန့်သမားသည် ရှုတင်ရောက်ခါစ ဖြစ်သဖြင့် သူ့ကို အစွမ်းကုန် တိုက်ခိုက်ရန် အထပ်ထပ် မှာကြားထားသည်ကို အဟုတ်မှတ်နေရှာသည်။ ထို့ပြင် ရှန်ယို့ယောင်၏ စွမ်းရည် မနိမ့်ကြောင်း သိထားသဖြင့် လက်ရည်ထိန်းမထားဘဲ အဆက်မပြတ် တိုက်ခိုက်တော့သည်။ ခေါင်းကို ပစ်မှတ်ထားပြီး တရစပ် ထိုးနှက်လေသည်။

ရှန်ယို့ယောင်သည် ခွန်အားကို လျှော့ချလိုက်ပြီး ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ကာကွယ်ရုံသာ ကာကွယ်နေသည်။

MMA ကစားသမား တစ်ယောက်အတွက် အရိုက်ခံရခြင်းမှာ အခြေခံ သင်ခန်းစာ ဖြစ်ပြီး ထမင်းစား ရေသောက်သကဲ့သို့ ရိုးရှင်းလှသည်။ စတန့်သမားကလည်း အပေါ်ယံ ဟန်ပြ ရိုက်နှက်နေခြင်းသာ ဖြစ်သည်။ ကြည့်လျှင် အကြီးအကျယ် အရိုက်ခံရသလို ထင်ရသော်လည်း ရှန်ယို့ယောင်သည် မျက်နှာတွင် ဒဏ်ရာရရုံလောက်သာ သူ့ကိုယ်သူ အထိခံလိုက်သည်။ သို့မှသာ ဝမ်ဟောင်က ကျေနပ်ပြီး ရပ်တန့်ပေးမည် မဟုတ်ပါလား။

ဇာတ်တိုက်ထားသော ကွက်စဉ် ပြီးဆုံးသွားချိန် ဝမ်ဟောင်က "Cut" လုပ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။

"ဒါက ဟူယန်ရဲ့ ဝဋ်လည်တဲ့ အစပျိုးခန်းပဲ ရှိသေးတယ်။ သိပ်မပြင်းထန်သေးဘူး။ နောက်တစ်ခေါက် ပြန်ရိုက်မယ်"

မျက်စိအောက်က လူတိုင်း မြင်ကြသည်။ ခုနက ရိုက်ချက်များသည် မောက်ရှန်းရှန်းနှင့် ရိုက်တုန်းကထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သည်။ သို့သော် ဒါရိုက်တာက ရှန်ယို့ယောင်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေမှန်း သိကြသဖြင့် မည်သူမျှ မအံ့သြကြတော့။

ထို့ကြောင့် တုဇယ်ချန်း ဖုန်းပြောပြီး ပြန်ရောက်လာချိန်တွင် ရှန်ယို့ယောင်သည် ကြမ်းပြင်ပေါ်တွင် ဖိချခံထားရပြီး တစ်ဖက်သတ် အရိုက်ခံနေရသည်ကို တွေ့လိုက်ရသည်။ မောက်ရှန်းရှန်းကလည်း ဘေးမှနေ၍ ဝမ်းသာအားရ ဖြစ်နေသည်။

"တောက်"

တုဇယ်ချန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရပ်လိုက်... အခုချက်ချင်း ရပ်လိုက်စမ်း"

ဝမ်ဟောင်က ပြေးဝင်လာသော လူကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ"

တုဇယ်ချန်းသည် ဦးထုပ်နှင့် နှာခေါင်းစည်းကို ဆွဲချွတ်လိုက်ပြီး နေကာမျက်မှန်ကိုပါ ဖယ်လိုက်ကာ ပြန်မေးလိုက်သည်။

"ငါ ဘယ်သူလဲ ဟုတ်လား"

လူအားလုံး အံ့အားသင့်သွားကြသည်။ တုဇယ်ချန်း၏ ပရိသတ်များ မနည်းလှသဖြင့် သူ့မျက်နှာ ပေါ်လာသည်နှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အို... သခင်လေးတု"

တုဇယ်ချန်းသည် ဇာတ်ခုံပေါ်သို့ ခုန်တက်သွားပြီး ကြောင်အမ်းအမ်း ဖြစ်နေသော စတန့်သမားကို တွန်းထုတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ကွေးပြီး ခေါင်းကို ကာကွယ်ထားသော ရှန်ယို့ယောင်ကို တွဲထူရင်း အံကြိတ်ကာ ဆူပူလိုက်သည်။

"မင်း တော်တော် စွမ်းတယ်ဆို... ဒီလို အနိုင်ကျင့်ခံနေရတာလား"

ရှန်ယို့ယောင်အတွက်မူ ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။ ဖခင်ဖြစ်သူ ပြောဖူးသလို သူသည် တခြားအရာ ညံ့ချင်ညံ့မည်၊ ခုခံကာကွယ်ခြင်းတွင်မူ ထိပ်တန်းဖြစ်သည်။ သို့သော် ရုတ်တရက် ရောက်လာသော တုဇယ်ချန်းကို ကြည့်ပြီး အံ့သြသွားသည်။

"ရှင်... ဘယ်လိုလုပ် ရောက်လာတာလဲ"

သူ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းခြင်း၊ နာကျည်းခြင်း အရိပ်အယောင် မတွေ့ရဘဲ ရိုးရှင်းသော အံ့သြမှုသာ ရှိနေသည်။

'သူ ဘယ်သူ့ကိုမှ အကူအညီ တောင်းဖို့ စိတ်ကူးမရှိပါလား' ဟူသော အတွေး ဝင်လာသည်နှင့် တုဇယ်ချန်း ပို၍ ဒေါသထွက်သွားသည်။

"ငါသာ မလာရင် မင်းက ဒီလိုပဲ အနှိပ်စက်ခံနေတော့မှာလား"

ရှန်ယို့ယောင်က သူ့အတွက် ဝင်ပါပေးမှန်း သဘောပေါက်သွားပြီး ပြုံးလိုက်သည်။

"ဇာတ်လမ်း ရိုက်နေတာပါ... ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်နော်"

ပါးပြင်များ ဖူးရောင်ပြီး ပါးစပ်ထောင့် ကွဲရှနေသည့်တိုင် သူမ၏ ကွေးညွှတ်သွားသော မျက်ဝန်းလေးများထဲတွင် မည်သည့် အညစ်အကြေးမှ မရှိ။ ကြည်လင်သန့်ရှင်းသော မျက်ဝန်းများမှ တစ်ဆင့် ကြယ်တာရာများ၏ အလင်းရောင် ဖြာကျနေသယောင် ထင်ရသည်။

'ဒီလို လူမျိုးကို ဘယ်သူကများ ရက်ရက်စက်စက် လုပ်ရက်ကြတာလဲ' ဟု တွေးမိပြီးမှ သူမ ဒီလို အခြေအနေ ရောက်ရခြင်း၏ တရားခံမှာ မိမိကိုယ်တိုင် ဖြစ်နေကြောင်း သတိရသွားသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ချင်သော သခင်လေးတုသည် ကြောင်ကြည့်နေသော ဝမ်ဟောင်ဘက် လှည့်ကာ မဲလေတော့သည်။

"ဒါ ဘယ်လိုရှုတင်လဲ။ ကျောင်းတက်တုန်းက ဘာတွေ သင်လာတာလဲ။ သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ မိတ်ကပ်၊ ပစ္စည်းကိရိယာ... တစ်ခုမှ ပရော်ဖက်ရှင်နယ် မဆန်ဘူး"

"အညံ့ဆုံးကတော့ မင်းပဲ... ဒါရိုက်တာ လုပ်ဦးမလို့လား။ ကိုယ့်စွမ်းရည် မရှိရင် နှိမ့်ချပြီး သင်ယူစမ်းပါ။ ဒီမှာ လာပြီး လူရယ်စရာ လုပ်မနေနဲ့။ သဘာဝကျချင်လို့ တကယ်ရိုက်ရမယ် ဟုတ်လား။ ဒါဆို လူသတ်ကား ရိုက်ရင် တကယ် လူသတ်ခိုင်းဦးမှာလား"

လူအုပ်ကြီး ဆူညံသွားပြီး ဝမ်ဟောင် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

တုဇယ်ချန်းသည် အနုပညာလောကတွင် ဗိုလ်ကျတတ်သူအဖြစ် နာမည်ကြီးသည်။ နောက်ခံ တောင့်တင်းသဖြင့် မီဒီယာများ၊ အခြား နာမည်ကြီးများကို ထိပ်တိုက်တွေ့ရန် ဝန်မလေးပေ။ ထူးခြားသည်က ပရိသတ်များက သူ့ကို 'ပင်ကိုစရိုက် အမှန်အတိုင်း နေသူ'၊ 'အမှန်တရား ဖော်ထုတ်သူ' ဟု သတ်မှတ်ကာ နှစ်သက်ကြခြင်း ဖြစ်သည်။

သူ ပွဲဦးထွက်ခါစက သူ၏ ရန်တွေ့သံများသည် အမြဲလိုလို ရေပန်းစားလေ့ရှိသည်။ ယခု ခြောက်လအတွင်း အနည်းငယ် ငြိမ်သက်နေသော်လည်း ယခုတစ်ခါ ပြောလိုက်သော စကားများသာ ပျံ့နှံ့သွားပါက ဝမ်ဟောင်၏ ဇာတ်ကားမှာ စမရိုက်ခင်ကပင် ပျက်စီးသွားနိုင်သည်။

မိမိ၏ လက်ရာနှင့် သက်ဆိုင်နေသဖြင့် ဝမ်ဟောင်က သတ္တိမွေးကာ ပြန်ပြောလိုက်သည်။

"သခင်လေးတု... ခင်ဗျားက ခင်ဗျားရဲ့ မယားငယ်ကို ဘက်လိုက်နေတာလား"

သတင်းကြီးပဲ။

အားလုံး၏ မျက်လုံးများက သူတို့နှစ်ဦးထံ အာရုံစိုက်သွားကြသည်။ ကောလာဟလ မဟုတ်ဘဲ ကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားရမည့် အမှန်တရား ဖြစ်နေပြီလေ။

တုဇယ်ချန်းက ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။

"ဘာစကား ပြောလိုက်တာလဲ။ မင်းက ဘယ်သူမို့လို့ ငါ့ရဲ့ အချစ်ရေးကို ငါ့ထက် ပိုသိနေရတာလဲ။ ငါ့မှာ မယားငယ် ရှိနေမှန်း ငါ့ဘာသာတောင် မသိပါလား"

"စိတ်သဘောထား သေးသိမ်တာက ထားပါတော့... သူများကို ခေါင်းစဉ်တပ်ပြီး စွပ်စွဲချင်သေးတယ်။ မင်း သူ့ကို လိုက်လို့ မရတာနဲ့ အငြိုးထားပြီး အနိုင်ကျင့်တာ မဟုတ်လား။ သူက အမြင်မှန် ရှိလို့ မင်းလိုကောင်ကို ငြင်းလိုက်တာလေ... အဲဒါကိုများ လက်စားချေစရာလို့ သတ်မှတ်နေသလား"

ဝမ်ဟောင်၏ မျက်နှာ မည်းမှောင်သွားပြီး ဘေးလူများက ရယ်မောကုန်ကြသည်။

တုဇယ်ချန်းက အားမရသေးဘဲ ထပ်ပြောလိုက်သည်။

"အောက်တန်းကျတဲ့ကောင်တွေ ငါအများကြီး တွေ့ဖူးပေမဲ့ မင်းကတော့ ထိပ်ဆုံးကပဲ။ မင်းသာ ဒါရိုက်တာကြီး ဖြစ်လာရင် ဒီလောကအတွက် အဆိပ်အတောက် တစ်ခု တိုးလာမှာ သေချာတယ်"

ထိုသို့ ပြောပြီးနောက် သူ့ကို ဆက်မကြည့်တော့ဘဲ ရှန်ယို့ယောင်ကို လက်ဆွဲကာ ခေါ်ထုတ်သွားတော့သည်။

ဝမ်ဟောင်သည် သူတို့၏ ကျောပြင်ကို ကြည့်ရင်း ပတ်ဝန်းကျင်မှ ကဲ့ရဲ့သော အကြည့်များကြောင့် တစ်ကိုယ်လုံး တုန်ရီလာသည်။ ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်ပြီး မျက်လုံးထဲတွင် ယုတ်မာသော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။

'မင်းတို့ ဘယ်လောက် ကြာကြာ ပျော်နိုင်မလဲ ကြည့်ကြသေးတာပေါ့...'