Ch 5
Viewers 70

အခန်း (၅)

တုဇယ်ချန်းသည် စကားအနည်းငယ်နှင့် ရှုတင်တစ်ခုလုံးကို ဗွက်ပွအောင် မွှေနှောက်ပြီးနောက် တာဝန်မဲ့စွာဖြင့် ရှန်ယို့ယောင်ကို လက်ဆွဲကာ ထွက်လာခဲ့လေသည်။

သို့သော် ကရာတေးမယ်လေး ရှုတင်ထဲမှ သူတို့နှစ်ဦး ထွက်လာချိန်တွင် လာရောက်ကြည့်ရှုကြသော ပရိသတ်များနှင့် အပိုသရုပ်ဆောင်များက တုဇယ်ချန်းကို မှတ်မိသွားကြသည်။ ရှန်ယို့ယောင်သည် လူအများ ဝိုင်းဝန်းကြည့်ရှုခြင်း ခံရသည့် ဖိအားကို ချက်ချင်းပင် ခံစားလိုက်ရသည်။

တုဇယ်ချန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး ရှန်ယို့ယောင်၏ မျက်နှာမှ ဒဏ်ရာကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ပြေးနိုင်လား"

ရှန်ယို့ယောင် ခေါင်းညိတ်ပြလိုက်သည်။ တုဇယ်ချန်းက အရပ်မျက်နှာအစုံမှ စုဝေးလာသော လူအုပ်ကို ကြည့်ပြီး သူမလက်ကို ဆွဲကာ ပြေးလေတော့သည်။

"ဒါဆို မြန်မြန်လေး သွားကြစို့"

နောက်ကျောဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးကလည်း သူတို့နောက်သို့ အရှိန်ဖြင့် လိုက်လာကြသည်။ တုဇယ်ချန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း ရှန်ယို့ယောင်ဘက် လှည့်ကြည့်လိုက်ရာ သူမ အနည်းငယ် နှေးကွေးနေသည်ကို တွေ့လိုက်ရသည်။

ရှန်ယို့ယောင် ပြုံးလိုက်မိသည်။ ဒီသခင်လေးက ထင်ထားတာထက် ပိုပြီး ဂရုစိုက်တတ်သားပဲ။ သူမသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်ရင်း လက်တွေ့ သက်သေပြလိုက်သည်။

"ကျန်တဲ့နေရာတွေ ဒဏ်ရာမရပါဘူး" 

သူမက သူ့ကို ကျော်တက်သွားသည်ကို မြင်တော့ တုဇယ်ချန်း သဘောကျစွာ ရယ်မောလိုက်မိသည်။ ထို့နောက် သူလည်း အားမနာတော့ဘဲ အရှိန်ကုန် ဖွင့်ပြေးတော့သည်။ နောက်ဆုံးတွင် ပရိသတ်များ ဝိုင်းမထားမီ ကားပေါ်သို့ အချိန်မီ ရောက်ရှိသွားလေသည်။

သို့သော် ကားရှေ့တွင် ပိတ်ရပ်ထားသော ပရိသတ်များကို ကြည့်ရင်း ရှန်ယို့ယောင် ရင်တုန်နေဆဲပင်။ ဤကဲ့သို့ ဝိုင်းဝန်းခံရသော စိတ်အားထက်သန်မှုမျိုးကို သူမ ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် အနည်းငယ် ကြောက်စရာ ကောင်းလှသည်။

တုဇယ်ချန်းက အနည်းငယ် မောဟိုက်နေသည့်ကြားမှ ပြောလိုက်သည်။

"သတင်းခေါင်းစဉ်တွေမှာ မပါချင်ရင် မင်းမျက်နှာကို တစ်ခုခုနဲ့ ကာထားလိုက်... ဒါပေမဲ့ နည်းနည်းတော့ နောက်ကျသွားပြီ ထင်တယ်"

ကားပြတင်းပေါက် အပြင်ဘက်တွင် သူတို့နှစ်ယောက်ကို အငမ်းမရ ဓာတ်ပုံရိုက်နေကြသော ပရိသတ်များကို ကြည့်ရင်း သူက ဆက်ပြောလိုက်သည်။

နောက်ကျနေပြီ ဖြစ်သော်လည်း ရှန်ယို့ယောင်သည် ဤကဲ့သို့ အကြည့်ခံရခြင်းကို နေသားမကျသေးပေ။ ဘေးဘီဝဲယာကို ကြည့်ပြီး မျက်နှာကာစရာ တစ်ခုခု ရှာလိုက်မိသည်။

သူမသည် ဇာတ်ခုံပေါ်မှ အဆွဲချခံလိုက်ရခြင်း ဖြစ်သဖြင့် ကိုယ်ပေါ်တွင် အားကစား ဘရာနှင့် ဘောင်းဘီတိုသာ ဝတ်ဆင်ထားသည်။ ရိုက်ကွင်းပေါ်တွင် ကိစ္စမရှိသော်လည်း ယခုလို အမျိုးသားတစ်ဦးနှင့် အလုံပိတ် အခန်းကျဉ်းလေးထဲတွင် ရှိနေရခြင်းက အနည်းငယ် နေရခက်စရာ ဖြစ်နေသည်။

တုဇယ်ချန်းက သူမ၏ အတွေးကို ရိပ်မိပုံရသည်။ သူ၏ ကုတ်အင်္ကျီရှည်ကို ချွတ်ပြီး သူမထံ ပစ်ပေးလိုက်ရာ ကားအပြင်ဘက်မှ အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ရှန်ယို့ယောင် လန့်သွားသည်ကို မြင်တော့ တုဇယ်ချန်းက ရယ်မောလိုက်သည်။

"ကိစ္စမရှိပါဘူး... ကြာရင် အသားကျသွားမှာပါ"

သူမ၏ စိုးရိမ်မှုကို လျော့ပါးစေရန် ရည်ရွယ်ပြီး စကားစပ်လိုက်သည်။

"ဘော်ဒီ မိုက်သားပဲ"

ဘုရားစူး ကျိန်ပါရစေ၊ သူက ရိုးရိုးသားသား ချီးကျူးလိုက်ခြင်းသာ ဖြစ်သည်။ ဒီကောင်မလေးက အားကစား လိုက်စားသူ ဖြစ်၍ ထင်သည်၊ ခြေတံများက သွယ်လျပြီး သန်မာသည်။ ခါးနှင့် ဝမ်းဗိုက်သားများကလည်း ကျစ်လျစ်ပြီး ကြွက်သားအမြောင်းလိုက် ပေါ်နေသည်။ တကယ်ကို ကြည့်ကောင်းသည့် ခန္ဓာကိုယ်ပင်။

သို့သော် ရှန်ယို့ယောင်၏ မျက်နှာသည် ချက်ချင်းပင် ခရမ်းချဉ်သီး မှည့်သလို ရဲတက်သွားပြီး ကုတ်အင်္ကျီကို ဆွဲယူကာ ခေါင်းမြီးခြုံလိုက်တော့သည်။

တုဇယ်ချန်း ဆွံ့အသွားသည်။

'ငါ လူကို စော်ကားလိုက်မိတာများလား...'

သူသည် ကားရှေ့ခန်းကို မွှေနှောက်ပြီး ရှေးဦးသူနာပြု အိတ်ကလေး တစ်လုံးကို ရှာတွေ့သွားသည်။

"ရော့... သုံးလို့ရတာ ရှိမလား ကြည့်ပြီး ဒဏ်ရာကို ကိုယ့်ဘာသာ လုပ်ထားလိုက်ဦး"

ရှန်ယို့ယောင်သည် ကုတ်အင်္ကျီအောက်မှ လက်တစ်ဖက် ထွက်လာပြီး လှမ်းယူလိုက်သည်။

ထိုစဉ် ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာရာ ရှန်ယို့ယောင် နောက်တစ်ကြိမ် လန့်သွားပြန်သည်။ အင်္ကျီစကို အနည်းငယ် ဆွဲချလိုက်ရာ ထိတ်လန့်နေသော မျက်ဝန်းတစ်စုံ ပေါ်လာသည်။

တုဇယ်ချန်း မျက်လုံးထဲတွင် သူ့အမေ မွေးထားသော ပါရှန်းကြောင်ဖြူလေးကို သွားမြင်ယောင်မိသည်။ ထိုကြောင်လေးကို ရုတ်တရက် ပွေ့ချီလိုက်တိုင်း ဤကဲ့သို့ မျက်လုံးမျိုးဖြင့် ကြည့်တတ်သည်။ ချစ်စရာ ကောင်းလိုက်တာ...။

သူ့အိတ်ကပ်ထဲ နှိုက်ရန် လက်လှမ်းလိုက်ချိန်တွင် ရှန်ယို့ယောင်သည် အဝတ်ချိတ် တစ်ခုသဖွယ် မလှုပ်မယှက် ငြိမ်နေပေးသည်။ ဖုန်းကို ထုတ်ယူသွားမှ သူမ သက်ပြင်းချနိုင်တော့သည်။ သို့သော် ဖုန်းခေါ်သူကို မြင်သောအခါ တုဇယ်ချန်း မျက်နှာ ပျက်သွားသည်။ ခဏမျှ တွေဝေနေပြီးမှ ဖုန်းကို ကိုင်လိုက်သည်။

"ငါ့ရဲ့ ဘိုးဘေးရေ... မင်း ငါ့ကို နည်းနည်းလေးတောင် အနားမပေးချင်ဘူးလားကွာ"

တစ်ဖက်လူ၏ အသံသည် ဟိန်းထွက်နေသဖြင့် ရှန်ယို့ယောင်ပင် အတိုင်းသား ကြားနေရသည်။

"မင်း ဘာတွေ သွားလုပ်ပြန်ပြီလဲ"

တုဇယ်ချန်း၏ ခေါင်းကိုက်နေသော ပုံစံကို ကြည့်ပြီး ရှန်ယို့ယောင် ရယ်ချင်သွားသည်။ ခိုးပြီး ပြုံးလိုက်မိသော်လည်း ကံဆိုးစွာပင် လူမိသွားသည်။

"ဘာရယ်တာလဲ"

တုဇယ်ချန်းက သူမ၏ ကွေးညွှတ်သွားသော မျက်လုံးလေးများကို ကြည့်ပြီး ဟန်ဆောင်ကာ ရန်တွေ့လိုက်သည်။

"ငါက ဘယ်သူ့အတွက်မို့လို့လဲ"

ရှန်ယို့ယောင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း တိုးတိုးလေး ပြောရှာသည်။

"တောင်းပန်ပါတယ်... ပြီးတော့ ကျေးဇူးတင်ပါတယ်ရှင်"

သူမ၏ လိမ္မာသော ပုံစံလေးက စိတ်နှလုံးကို ပျော့ပြောင်းသွားစေသည်။ တုဇယ်ချန်း ဉာဏ်နီဉာဏ်နက် ပေါ်လာပြီး ဖုန်းကို သူမထံ ထိုးပေးလိုက်သည်။

"ကျေးဇူးတင်ရင် လက်တွေ့ သက်သေပြလေ... ဒါ ငါ့မန်နေဂျာပဲ၊ မင်း ရှင်းပြလိုက်"

ရှန်ယို့ယောင် ကြောင်သွားသည်။

"ဟလို... မင်္ဂလာပါရှင်"

မျှော်လင့်ထားသည်အတိုင်းပင်။ သိမ်မွေ့ နူးညံ့သော မိန်းကလေး အသံကို ကြားလိုက်ရသောအခါ ကျူးယန်လင် ဆက်မဆဲနိုင်တော့။ အသံကို ရှစ်သံလောက် နှိမ့်ချလိုက်ပြီး မေးလိုက်သည်။

"မင်းက... ရှန်ယို့ယောင်လား"

"ဟုတ်ပါတယ်ရှင်... မင်္ဂလာပါ"

ရှန်ယို့ယောင်က တုဇယ်ချန်း သင်ပေးထားသည့်အတိုင်း ဆက်ပြောလိုက်သည်။

"မစ္စတာတုနဲ့ ကျွန်မတို့ မြောက်ဘက်ပိုင်းက ရှုတင်မှာ ပိတ်မိနေလို့ပါ။ ကျွန်မတို့ကို လာကြိုပေးလို့ ရမလားရှင်"

...

ဖုန်းချလိုက်သည်နှင့် တုဇယ်ချန်းက လက်မထောင်ပြသည်။

"မိုက်တယ်ဟေ့... နောက်ကျ သူ့ကို ရှင်းပြဖို့ မင်းကိုပဲ အားကိုးရတော့မယ်"

ရှန်ယို့ယောင် မျက်လုံးလေးများ ကွေးညွှတ်သွားပြန်သည်။ တုဇယ်ချန်းလည်း လိုက်ပြုံးမိသွားသည်။

သူ၏ အပြုံးက အလှတရားဖြင့် တိုက်ခိုက်လိုက်သကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် ရှန်ယို့ယောင် မျက်လွှာချလိုက်မိသည်။ "ပြိုင်ဘက်ကင်း အလှ" ဆိုသည့် တင်စားချက်သည် ဒီလူအတွက် တကယ်ကို မှန်ကန်လွန်းလှသည်။ သာမန်လူ တစ်ယောက် ဖြစ်သော သူမအနေဖြင့် အနီးကပ် မြင်လိုက်ရသောအခါ ခံနိုင်ရည် မရှိ ဖြစ်သွားရသည်။

တုဇယ်ချန်းက သူမပုံစံကို ကြည့်ပြီး သဘောကျသွားသည်။ လူအများက သူ့ကို ငေးမောကြည့်ရှုခြင်းကို သူ ယဉ်ပါးနေပြီ ဖြစ်သော်လည်း ပထမဆုံး တွေ့တုန်းက ပုံစံပျက်နေခဲ့သည်ကို ယခုမှ အမှတ်ပြန်ယူနိုင်လိုက်သလို ခံစားရသဖြင့် စိတ်ကြည်နူးသွားသည်။

ကျူးယန်လင်သည် ထိပ်တန်း မန်နေဂျာ တစ်ယောက် ဖြစ်သည့်အားလျော်စွာ စွမ်းဆောင်ရည် မြင့်မားလှသည်။ ဆယ်မိနစ် မကြာခင်မှာပင် လုံခြုံရေး ဝန်ထမ်းများ ရောက်လာပြီး လူအုပ်ကို ရှင်းလင်းပေးသဖြင့် တုဇယ်ချန်းတို့ ကားမောင်းထွက်လာနိုင်ခဲ့သည်။

တစ်နာရီခွဲခန့် အကြာတွင် နှစ်ယောက်သား "ယင်းဟောင် ဖျော်ဖြေရေး" အဆောက်အအုံသို့ ရောက်ရှိလာကြသည်။ မြေအောက် ကားပါကင်မှ ဓာတ်လှေကား စီးလာစဉ် အထပ်အချို့တွင် ရပ်တန့်ခဲ့ရာ ဝင်လာသူများက သူတို့နှစ်ဦးကို ထူးဆန်းသလို ကြည့်ကြသည်။

သို့သော် နှစ်ယောက်လုံးက ဂရုမစိုက်ကြ။ အဓိကအားဖြင့် ရှန်ယို့ယောင်၏ ပုံစံက ထူးခြားနေခြင်း ဖြစ်သည်။ သူမသည် တုဇယ်ချန်း၏ ကုတ်အင်္ကျီအရှည်ကြီးကို ဝတ်ထားရာ ခြေသလုံးထိ ဖုံးအုပ်နေပြီး ကော်လာကို ထောင်ကာ မျက်နှာတစ်ခုလုံးကို ကွယ်ထားသည်။ မျက်လုံးတစ်စုံသာ ဖော်ထားပြီး လမ်းကြည့်နေခြင်း ဖြစ်သည်။

သူမ နားမလည်သည်မှာ အနုပညာရှင်များ ရုပ်ဖျက်လျှင် ဒီထက် ထူးဆန်းသော ပုံစံများ ရှိပါလျက်နှင့် ဘာကြောင့် သူမကို အထင်သေးသော၊ ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြသနည်း။ တုဇယ်ချန်းရဲ့ အဝတ်ကို ဝတ်ထားမိလို့များလား။

စဉ်းစားနေစဉ်မှာပင် သူတို့သွားမည့် အထပ်သို့ ရောက်ရှိသွားသည်။ ဓာတ်လှေကား တံခါးပွင့်သည်နှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ဖြတ်လျှောက်သွားရာမှ ပြန်လှည့်လာသည်။ ပြဿနာကောင်ကို မြင်လိုက်သည်နှင့် လှမ်းဖက်လိုက်ပြီး အံကြိတ်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

"သခင်လေးတု... ပျော်နေပါလား။ ဆဲရတာ အရသာ ရှိရဲ့လား"

တုဇယ်ချန်းက သူ့ကို ကြောက်ရွံ့ဟန် ရှိသော်လည်း ခေါင်းမော့ကာ ပြန်ပြောလိုက်သည်။

"အဲဒီလူက တကယ် အဆဲခံထိုက်လို့ပါဗျာ... ဘယ်လောက် လွန်လဲဆိုတာ ခင်ဗျား မသိပါဘူး"

သက်သေပြစရာ လူပါလာသည်ကို သတိရသွားပြီး ရှန်ယို့ယောင်ကို လှမ်းဆွဲလိုက်သည်။

"လာပါဦး... သူတို့ ဘယ်လောက် ရက်စက်လဲဆိုတာ အစ်ကိုကျူးကို ပြလိုက်စမ်းပါ"

ရှန်ယို့ယောင်လည်း တစ်လမ်းလုံး ကွယ်လာသော မျက်နှာကို ဖော်ပြလိုက်ရာ တုဇယ်ချန်းရော ကျူးယန်လင်ပါ လန့်သွားကြသည်။

စောစောက သိပ်မပြင်းထန်ဟု ထင်ရသော်လည်း နှစ်နာရီခန့် ကြာပြီးနောက် ဒဏ်ရာများက သိသာလာသည်။ ပါးပြင်နှင့် နှုတ်ခမ်းထောင့်များမှာ သိသိသာသာ ရောင်ကိုင်းနေပြီး ပါးရိုးပေါ်တွင် ညိုမည်းစွဲနေသည်။

ကျူးယန်လင် မျက်မှောင်ကြုတ်လိုက်သည်။ တုဇယ်ချန်းကလည်း ဆဲရေးလိုက်မိသည်။

"လမ်းတုန်းက ဘာလို့ မပြောဘဲ နေတာလဲ။ ဆေးရုံ အရင်သွားရအောင်"

ရှန်ယို့ယောင်က ဒဏ်ရာကို စမ်းသပ်ကြည့်လိုက်သည်။ ပူပြီး ယားကျိကျိ ဖြစ်နေသည်မှလွဲ၍ သိပ်မဆိုး။

"ကြည့်ရတာ ကြောက်စရာ ကောင်းနေပေမဲ့ တကယ်တမ်း သိပ်မပြင်းထန်ပါဘူး။ ရေခဲ ကပ်လိုက်ရင် ရပါပြီ"

ကျူးယန်လင်သည် အနုပညာလောကတွင် ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်လာသူ ဖြစ်ပြီး မန်နေဂျာအငယ်စား ဘဝမှ ယခုနေရာသို့ ရောက်လာသူ ဖြစ်ရာ လူပေါင်းစုံနှင့် ဆက်ဆံဖူးသည်။ ဒီမိန်းကလေးသည် အမှန်တရားကိုသာ ပြောပြနေခြင်း ဖြစ်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ဒီလောက် ရိုးသားလွန်းသော သူမျိုးက အနုပညာလောကတွင် နေရာရဖို့ မလွယ်ကူလှပေ။

တုဇယ်ချန်းက ဆေးရုံခေါ်သွားရန် ပြင်နေသည်ကို မြင်တော့ ကျူးယန်လင် တားလိုက်သည်။

"နေဦး... အခုချိန် သူ့ကို ခေါ်ပြီး အပြင်ထွက်ရင် ပြဿနာ ပိုတက်သွားလိမ့်မယ်"

ထို့နောက် ဖုန်းကို ထုတ်ပြီး ရှန်ယို့ယောင်၏ မျက်နှာကို ဘယ်ပြန်ညာပြန် ဓာတ်ပုံရိုက်လိုက်သည်။

"အရန်သင့် ရှိအောင်လို့"

တုဇယ်ချန်းက နားမလည်သလို ကြည့်နေသည်။ ကျူးယန်လင်က ရုံးခန်းတံခါး ဖွင့်ပေးပြီး သူတို့ကို အထဲဝင်ခိုင်းလိုက်သည်။ ထို့နောက် ဖုန်းကို ပွတ်ဆွဲပြီး တုဇယ်ချန်းအား လှောင်ပြုံးဖြင့် ကမ်းပေးလိုက်သည်။

"မင်းဘာသာမင်းသာ ကြည့်လိုက်တော့"

ရှန်ယို့ယောင်ဘက် လှည့်သောအခါ လေသံက ပျော့ပျောင်းသွားသည်။ ဆိုဖာကို ညွှန်ပြပြီး ပြောလိုက်သည်။

"ထိုင်ပါဦး... ရေခဲအိတ် သွားယူပေးမယ်။ မင်းလည်း ကြည့်လိုက်ပါဦး... Weibo Hot Search ကိုလေ"

ရှန်ယို့ယောင်သည် ဆိုဖာထောင့်တွင် ဝင်ထိုင်ပြီး သူမ၏ ဖုန်းကို ထုတ်ကာ ကြိုးစားကြည့်သည်။ သို့သော် ဖုန်းက မော်ဒယ်နိမ့်သဖြင့် Weibo တစ်ခုဖွင့်တာတောင် ဟန်းနေသည်။

တုဇယ်ချန်းက သူမ၏ အဖြစ်ကို ကြည့်မနေနိုင်သဖြင့် သူ့ဖုန်းကို ထုတ်ပေးလိုက်သည်။

"ရော့... ဒါနဲ့ ကြည့်"

သို့သော် ဖုန်း Lock ဖွင့်ပြီးချိန်တွင် ရေခဲအိတ် ကိုင်ပြီး ပြန်ရောက်လာသော ကျူးယန်လင်က ဖုန်းကို ဆွဲယူလိုက်သည်။ ထို့နောက် သူ၏ ဖုန်းကို တုဇယ်ချန်း လက်ထဲ ထည့်ပေးလိုက်ပြီး တုဇယ်ချန်း၏ ဖုန်းကို ရှန်ယို့ယောင်အား ပေးလိုက်သည်။

"မင်း သူ့ဖုန်းနဲ့ ကြည့်... သူ့ကို ငါ့ဖုန်း ပေးလိုက်"

ရှန်ယို့ယောင် နားမလည် ဖြစ်နေသည်ကို မြင်တော့ သူက ရှင်းပြသည်။

"ဒီဘိုးဘေးက စိတ်မထိန်းနိုင်ဘဲ Weibo မှာ လျှောက်ရေးနေမှာ စိုးလို့လေ"

ရှန်ယို့ယောင် ခိုးရယ်လိုက်မိသည်။ ဒီမန်နေဂျာလည်း တော်တော် စိတ်ပင်ပန်းရရှာမှာပဲ။

Weibo Hot Search ကို မြင်လိုက်ရချိန်တွင်တော့ မန်နေဂျာက ဘာကြောင့် တုဇယ်ချန်းကို ဒီလောက် တင်းကျပ်နေရလဲ ဆိုတာ နားလည်သွားတော့သည်။

နှစ်နာရီ အတွင်းမှာပင် #တုသခင်လေးဖောက်ပြန်ပြီ #တုဇယ်ချန်းလူရှုပ် ဟူသော ခေါင်းစဉ်များက Hot Search စာရင်း ဝင်နေပြီ ဖြစ်သည်။ တုဇယ်ချန်း၏ ပရိသတ် အရေအတွက်နှင့်ဆိုလျှင် နံပါတ်တစ်နေရာ ရောက်ဖို့က အချိန်ကိစ္စသာ ဖြစ်သည်။

ခေါင်းစဉ်အောက်တွင် အတွင်းသိတစ်ဦးက ဖော်ပြထားသည်မှာ တုသခင်လေးသည် ပွဲဦးထွက်ခါစ လူသစ်လေးနှင့် ဖောက်ပြန်နေသည်ဟု သံသယအဖြစ်ခံရကြောင်း၊ သူမ၏ ဗီလိန်ဇာတ်ရုပ်ကို မကျေနပ်သဖြင့် ရှုတင်တွင် ဒါရိုက်တာကို ဆဲဆိုခဲ့ကြောင်း ပါရှိသည်။ အောက်တွင် တုဇယ်ချန်းက စတန့်သမားကို တွန်းထုတ်ပုံ၊ ရှန်ယို့ယောင်၏ ဒဏ်ရာကို ကြည့်ရှုနေပုံ၊ ဝမ်ဟောင်ကို လက်ညှိုးထိုး ဆဲဆိုနေပုံနှင့် လက်ဆွဲပြီး ခေါ်သွားပုံများကို ဖော်ပြထားပြီး အားလုံးကို "ဖောက်ပြန်မှု" ခေါင်းစဉ်အောက်တွင် ပုံဖော်ထားသည်။

တုဇယ်ချန်း ဒေါသထွက်လွန်း၍ ရယ်လိုက်မိသည်။

"ဒီကောင် ဝမ်ဟောင် သတ္တိ ကောင်းလှချည်လား။ ရှုတင်မှာ လူအများကြီး ရှိတာကို... ဗီဒီယို အပြည့်အစုံ ထွက်လာရင် သူ သွားပြီလေ"

"ငါ ပြောချင်တာက အဲဒါပဲ"

ကျူးယန်လင်က ဝင်ပြောသည်။

"ဒီကိစ္စက ဖန်ရွှယ်ယင်းနဲ့ ပတ်သက်နေတယ်။ စောစောက ရှောင်းမင်ကျန့် ဖုန်းဆက်လာတယ်။ ဝမ်ဟောင်နဲ့ ဖန်ရွှယ်ယင်း ဖုန်းပြောတာကို ကြားလိုက်ရတယ်တဲ့"

"ဒါကြောင့်လည်း ရှုတင်မှာ လူအများကြီး ရှိပေမဲ့ တစ်ဖက်သတ် သတင်းတွေပဲ ထွက်လာတာပေါ့။ အမှန်တရားကို ပြောမဲ့သူတွေရဲ့ အသံက ရေလှိုင်းကြားက အမြှုပ်လေးတွေလို ပျောက်ကွယ်သွားမှာပဲ"

"ငါ စုံစမ်းထားသလောက် ဖန်ရွှယ်ယင်းက မင်းကို ခုတုံးလုပ်ပြီး နာမည်ကြီးဖို့ ကြိတ်ကြံစည်နေတာ ကြာပြီ။ ဒါပေမဲ့ အခု မင်းက ပြဿနာ သွားရှာလိုက်တော့ သူက အခွင့်ကောင်း ယူပြီး ပုံကြီးချဲ့လိုက်တာပဲ။ ငါ မမှားဘူးဆိုရင် မနက်ဖြန်ကျရင် မင်းတို့ လမ်းခွဲတဲ့သတင်းကို သူ ထုတ်ပြန်လိမ့်မယ်။ ပြီးရင် ရှန်ယို့ယောင်ရဲ့ အကြောင်းကို တဖြည်းဖြည်း ဖော်ထုတ်လာလိမ့်မယ်။ အရင်က ရှန်ယို့ယောင်မှာ လက်ရာ မရှိသေးတော့ နက်တီဇင်(အင်တာနက်အသုံးပြုသူ)တွေ ရှာရခက်ပေမဲ့ အခု ဒီဇာတ်လမ်းတွဲက ပုံရိပ်တွေနဲ့တင် လုံလောက်နေပြီ။ မင်းတို့ကို ဖောက်ပြန်သူတွေလို့ အတည်မပြုနိုင်ရင်တောင် နာမည်ပျက်အောင် လုပ်ဖို့ လုံလောက်တယ်။ သူကတော့ သနားစရာ ဇာတ်ရုပ်နဲ့ ကိုယ်ချင်းစာမှုတွေ အများကြီး ရသွားမှာပေါ့"

တုဇယ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ရှန်ယို့ယောင်ကို ဝမ်ဟောင်ရဲ့ ဇာတ်ကား ရိုက်ခိုင်းတာကလည်း သူ စီစဉ်လိုက်တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ရှန်ယို့ယောင်ရဲ့ ရန်သူ ဖြစ်နေတာကိုး။ ရှုတင်မှာ ရှန်ယို့ယောင်ကို ဆက်ဆံပုံတွေက အဆိုးဆုံးပဲ... အဲဒီကနေ ထွက်လာမဲ့ ပုံရိပ်တွေက ငါတို့ကို တိုက်ခိုက်ဖို့ လက်နက်ကောင်းတွေ ဖြစ်လာမှာ သေချာတယ်"

"ငါလည်း အဲဒီလိုပဲ တွေးတယ်။ ကံကောင်းတာက ရှန်ယို့ယောင်ရဲ့ သတိပေးချက်ကြောင့် ငါတို့ အမှန်တရားကို ကြိုသိလိုက်ရတာပဲ"

ကျူးယန်လင်က အေးစက်စွာ ပြောလိုက်သည်။

"မင်ကျန့်ဘက်ကလည်း သဲလွန်စ အသစ်တွေ ထပ်ရထားတယ်။ အကုန်လုံး မစုံသေးပေမဲ့ လက်ရှိ ရထားတာနဲ့တင် ဖန်ရွှယ်ယင်း ဘယ်တော့မှ ပြန်မထနိုင်အောင် လုပ်ဖို့ လုံလောက်နေပါပြီ"

ထို့နောက် တုဇယ်ချန်းကို သတိပေးလိုက်သည်။

"ဒီတစ်ခါ ဖန်ရွှယ်ယင်းကို အောင်အောင်မြင်မြင် ဖြိုချင်ရင် မင်း ငြိမ်ငြိမ်နေ... ဘာမှ ထမလုပ်နဲ့၊ ကြားလား"