Ch 6
Viewers 82

အခန်း (၆)

နောက်တစ်နေ့တွင် #ဖန်ရွှယ်ယင်းနှင့် တုဇယ်ချန်း ငြိမ်းချမ်းစွာ လမ်းခွဲ ဟူသော သတင်းသည် #သခင်လေးတုဖောက်ပြန်ပြီ ဟူသော Hot Search နောက်သို့ ကပ်လိုက်လာတော့သည်။

ဖန်ရွှယ်ယင်းသည် မနက်အစောကြီးတွင် သူမနှင့် သခင်လေးတု သဘောထား မတိုက်ဆိုင်သောကြောင့် ငြိမ်းချမ်းစွာ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း Weibo တွင် တင်ခဲ့ပြီး ချက်ချင်း ပြန်ဖျက်လိုက်သော်လည်း လက်မြန်သော နက်တီဇင်များက Screenshot ရိုက်ထားလိုက်ကြသည်။

သူမက ငြိမ်းချမ်းစွာ လမ်းခွဲခြင်းဟု ဆိုသော်လည်း အရင်တက်ထားသော Hot Search နှင့် တုဇယ်ချန်း၏ နောက်ခံအသိုင်းအဝိုင်းကို ဆက်စပ်ကြည့်လိုက်သောအခါ နက်တီဇင်များက ကိုယ်ပိုင် ဇာတ်လမ်းများ ဖန်တီးလိုက်ကြတော့သည်။ တုသခင်လေး ဖောက်ပြန်သော်လည်း နောင်တမရသဖြင့် ဖန်ရွှယ်ယင်းက ဝမ်းနည်းစွာ လမ်းခွဲလိုက်ခြင်း ဖြစ်ပုံရသည်။ သို့သော် သူမက သူ့ကို မထိခိုက်စေချင်၍ (သို့မဟုတ်) မတိုက်ခိုက်ရဲ၍ သဘောထား မတိုက်ဆိုင်ဟု ခေါင်းစဉ်တပ်ပေးလိုက်ခြင်းသာ ဖြစ်မည်ဟု ထင်ကြေးပေးကုန်ကြသည်။

ရည်ရွယ်ထားသည့်အတိုင်းပင် ဖန်ရွှယ်ယင်း၏ နာမည်သည် တစ်ရှိန်ထိုး တက်လာပြီး အွန်လိုင်းပေါ်တွင် သူမနှင့် ပတ်သက်သော သတင်းများ နေရာယူသွားတော့သည်။

[သနားလိုက်တာ ရှောင်ရွှယ်ရယ်... မီးကိုတိုးတဲ့ ပိုးဖလံလေးလို ဖြစ်နေရှာတယ်။ ဒါတောင် သခင်လေးရဲ့ နှလုံးသားကို မဆွဲဆောင်နိုင်ခဲ့ပါလား]

[ရှောင်ရွှယ်... အားတင်းထားနော်။ လူငယ်ဘဝမှာ လူမှားပြီး ချစ်မိတာမျိုး ရှိတတ်ပါတယ်။ နင်က ဒီထက်ပိုကောင်းတဲ့သူနဲ့ တန်ပါတယ်]

[ရှောင်ရွှယ်... ငါတို့ 'နှင်းလုံးလေးများ' (Fan Group Name) က နင့်ဘက်မှာ အမြဲရှိနေမှာပါ]

...

[ငါ့ရဲ့ သခင်လေးက တကယ်ပဲ ဖောက်ပြန်တတ်တဲ့လူစားလား... မယုံနိုင်စရာပဲ]

[သောက်ကျိုးနည်း... တကယ်ဆိုရင်တော့ ငါ Unfollow ပြီဟေ့]

[ငါကတော့ တကယ်ဖြစ်နိုင်တယ်လို့ ထင်တယ်။ မဟုတ်ရင် သူ့နောက်ခံနဲ့ ဘယ်သူက သူ့ကို အသရေဖျက်ရဲမှာလဲ]

...

[ငါတစ်ယောက်တည်းပဲ ရှောင်ရွှယ်ကို လေးစားနေမိတာလား။ သူ တော်တော် သတ္တိရှိတာပဲ။ သခင်လေးတုကိုတောင် ဖြတ်ရဲတယ်ဟ]

[ချစ်ရဲမုန်းရဲရှိတယ်။ အရင်က သာမန်ကာလျှံကာ ပရိသတ်ပဲ။ အခုတော့ ငါ့အသည်းနှလုံးကို သိမ်းပိုက်သွားပြီ။ နောင်တစ်ချိန်လုံး အားပေးနေမှာပါ... Fighting!]

[သခင်လေးတု... နန်းတော်ပြန်ပြီး ထီးနန်းဆက်ခံလိုက်ပါတော့။ မောင်းမမိဿံ သုံးထောင်က စောင့်နေကြပါတယ်]

...

ဖန်ရွှယ်ယင်း၏ မန်နေဂျာ လင်းနသည် ဒေါသတကြီး အော်ဟစ်နေသည်။

"ငါ ပြောခဲ့တယ် မဟုတ်လား... တုဇယ်ချန်းကို သွားမထိပါနဲ့လို့။ နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

သူတို့ရှိနေသော ရာစုသစ် ဖျော်ဖြေရေးနှင့် ယင်းဟောင် ဖျော်ဖြေရေးတို့သည် အနုပညာလောက၏ ထိပ်သီး ကုမ္ပဏီကြီး နှစ်ခုဖြစ်သည်။ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း အရင်းအမြစ် လုခြင်း၊ အောင်မြင်မှု ယှဉ်ပြိုင်ခြင်းကလွဲ၍ ကျန်အချိန်များတွင် သင့်မြတ်ကြသည်။ ကောင်းမွန်သော ပရောဂျက်များ ရှိလျှင် ပူးပေါင်းဆောင်ရွက်လေ့ ရှိကြသည်။

ယခုကဲ့သို့ ကိစ္စ ဖြစ်လာလျှင် ယင်းဟောင်ဘက်က တုဇယ်ချန်းကို နာမည်ပြန်ကောင်းအောင် အစွမ်းကုန် ကြိုးစားကြမည်မှာ သေချာသည်။ သို့သော် ရာစုသစ် ဖျော်ဖြေရေး ဘက်ကမူ ဖန်ရွှယ်ယင်းအတွက် ထိုမျှ အားစိုက်ထုတ်ပေးမည် မဟုတ်ပေ။ လတ်တလော ကျေနပ်စရာ ကောင်းသော်လည်း နောက်ဆုံးတွင် ဖန်ရွှယ်ယင်းသာ ခံရပေလိမ့်မည်။

ဖန်ရွှယ်ယင်းက ဝမ်းနည်းပူဆွေးဟန် ဆောင်ပြီး ပြောလိုက်သည်။

"ကျွန်မ မနေ့က Hot Search ကို မြင်ပြီး ဒေါသထွက်လွန်းလို့ စိတ်လိုက်မာန်ပါ တင်လိုက်မိတာပါ။ ပြီးတော့ ချက်ချင်း ပြန်ဖျက်လိုက်ပါတယ်။ နက်တီဇင်တွေက ဒီလောက် မြန်ကြမယ်လို့ မထင်ခဲ့မိဘူး... အစ်မလင်း... အစ်ကိုကျူးနဲ့ တိုင်ပင်ပေးလို့ ရမလားဟင်။ ဒီကိစ္စ ဘယ်လို ရှင်းရမလဲလို့။ နောက်ဆို ကျွန်မ သေချာ ပူးပေါင်းပါ့မယ်"

ပါးစပ်ကသာ ပြောနေသော်လည်း စိတ်ထဲတွင် ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် တုဇယ်ချန်း မကြာခင် ကျရှုံးတော့မယ် မဟုတ်လား။ သူမ နာမည်ကြီးဖို့အတွက် နောက်ဆုံးအနေနှင့် အသုံးချလိုက်ခြင်းသာ ဖြစ်သည်။

လင်းနသည် အရူးမဟုတ်။ သူမသည် ဖန်ရွှယ်ယင်းနှင့် တုဇယ်ချန်း တွဲပြီးမှ ဖန်ရွှယ်ယင်း၏ မန်နေဂျာ ဖြစ်လာခဲ့သူ ဖြစ်သည်။ သူမသည် ထိပ်တန်း မင်းသားမင်းသမီးများကို ကိုင်တွယ်ခဲ့ဖူးသော ရွှေအဆင့် မန်နေဂျာ တစ်ဦး ဖြစ်ပြီး လောကသဘာဝ အဆိုးအကောင်းများကို မြင်ဖူးခဲ့သူ ဖြစ်သည်။

မကြာသေးမီက အခြေအနေများ မူမမှန်သည်ကို သူမ ရိပ်မိခဲ့သည်။ အချစ်ဆိုသည်မှာ ဖုံးကွယ်ထား၍ မရဟု ဆိုကြသော်လည်း ဖန်ရွှယ်ယင်း၏ သရုပ်ဆောင်မှုက သိပ်မပီပြင်လှ။ သူမသည် တုဇယ်ချန်းအပေါ် ချစ်ခြင်းမေတ္တာ လုံးဝမရှိကြောင်းနှင့် ကုမ္ပဏီ၏ အစီအစဉ်များကိုလည်း သိပ်မခန့်လေးစား လုပ်တတ်ကြောင်း သတိထားမိသည်။ သူမ နောက်ကွယ်တွင် အခြား အစီအစဉ် ရှိနေပုံရသည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း... ဒီကိစ္စကို နင့်နောက်ကွယ်က တစ်ယောက်ယောက်က ခိုင်းလိုက်တာလား"

လင်းနက တည်ကြည်လေးနက်စွာ မေးလိုက်သည်။

"သူက ဘာလို့ တုဇယ်ချန်းကို ပစ်မှတ်ထားတာလဲ"

မဟုတ်ပါက ဖန်ရွှယ်ယင်းသည် သခင်လေးတုကို ထိပါးရဲစရာ အကြောင်းမရှိ။ နာမည်ကြီးချင်ရုံ သက်သက်ဆိုလျှင် တုဇယ်ချန်းနှင့် မကွာရှင်းဘဲ နေလိုက်ရုံဖြင့် သူမ လိုချင်တာ ရနိုင်သည်။

ဖန်ရွှယ်ယင်း မျက်လုံးများ လှုပ်ရှားသွားသော်လည်း ငြင်းဆိုလိုက်သည်။

"အစ်မလင်း ဘာတွေ ပြောနေတာလဲ။ ဒါ တကယ် မတော်တဆ ဖြစ်သွားတာပါ။ ကျွန်မ နောင်တရနေပါပြီ"

လင်းနသည် သူမ ဆက်လက် ဖုံးကွယ်နေသည်ကို မြင်တော့ စိတ်ပျက်သွားကာ ကျူးယန်လင်ထံသို့ ဖုန်းဆက်လိုက်တော့သည်။

ယင်းဟောင် ဖျော်ဖြေရေး ရုံးခန်းတွင်...

ကျူးယန်လင် ဖုန်းချလိုက်ပြီး လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ရပ်နေသော လူကြောင့် လန့်သွားသည်။

"မင်း ဘာလုပ်နေတာလဲ"

တုဇယ်ချန်းက ဖုန်းကို မြှောက်ပြပြီး မကျေမနပ် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့် Weibo စကားဝှက်ကို ထပ်ချိန်းလိုက်ပြန်ပြီ"

"ချိန်းလိုက်တာ မှန်သွားပြီပေါ့"

ကျူးယန်လင်က သူ့ကို ကျော်ပြီး ရှောင်းမင်ကျန့် ရှိရာ ဆိုဖာသို့ လျှောက်သွားသည်။

တုဇယ်ချန်းက နောက်မှ တကောက်ကောက် လိုက်ကာ ညည်းတွားနေသည်။

"ကျွန်တော် ဘာမှ လျှောက်မပြောဘူးလို့ ကတိပေးပါတယ်ဆို"

"သရဲမပြောနဲ့ ငါတောင် မယုံဘူး"

ကျူးယန်လင်က မဲ့ရွဲ့လိုက်သည်။

"ကဲ... ထားလိုက်တော့။ ခုနက လင်းန ဖုန်းဆက်တယ်။ ဘာကိစ္စလဲ သိချင်လား"

"ဘာတဲ့လဲ"

တုဇယ်ချန်း ငြိမ်ကျသွားပြီး ရှောင်းမင်ကျန့် ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဖန်ရွှယ်ယင်း ကိစ္စကို လင်းန မသိဘူးတဲ့။ ဖန်ရွှယ်ယင်းက နည်းနည်း ဘဝင်မြင့်နေပေမဲ့ အရူးတော့ မဟုတ်ဘူး။ မင်းကို ဒီလို လုပ်ရင် ဘာဖြစ်မလဲဆိုတာ သူ မသိဘဲ မနေဘူး"

ရှောင်းမင်ကျန့်က ဝင်ထောက်လိုက်သည်။

"ဒါဆို သူ့နောက်ကွယ်မှာ လူရှိနေတာ သေချာပြီပေါ့။ ရည်ရွယ်ချက်က ဇယ်ချန်းရဲ့ နာမည်ကို ဖျက်ဆီးဖို့လား"

ကျူးယန်လင်က မေးလိုက်သည်။

"မင်း ဒီရက်ပိုင်း ဘယ်သူ့ကိုများ ရန်စမိသေးလဲ"

တုဇယ်ချန်းက အံ့သြသလို ပြန်ကြည့်သည်။

"ကျွန်တော့်ကို ခင်ဗျားတို့ နေ့တိုင်း စောင့်ကြည့်နေကြတာပဲ... မသိဘူးလား။ ကျွန်တော် ရန်စခဲ့တဲ့လူတွေ များမှများပဲ"

ကျူးယန်လင် လက်ယားလာသလို ခံစားလိုက်ရသည်။

"ဒါပေမဲ့ ကျွန်တော့်ကို ဖြိုချဖို့ဆိုတာ မလွယ်ဘူးလေ။ ဖန်ရွှယ်ယင်းကို ကွာရှင်းခိုင်းပြီး ကျွန်တော့်ကို နာမည်ဖျက်ခိုင်းရအောင် အထိ သူတို့ ဘယ်လောက် ပေးဆပ်ထားရမလဲ။ ပြီးတော့ ရည်ရွယ်ချက်က နာမည်ဖျက်ရုံ သက်သက်ပဲလား"

"ဒီလို လုပ်လို့ ဖန်ရွှယ်ယင်းကလွဲပြီး ဘယ်သူ အကျိုးရှိမှာလဲ။ ကျေနပ်ချင်ရုံ သက်သက်လား"

ထိုသို့ ပြောနေရင်း တုဇယ်ချန်း အာခနဲ အသံထွက်လာပြီး တစ်စုံတစ်ခုကို သတိရသွားသည့်ပုံ ပေါက်သွားသည်။

ကျူးယန်လင်နှင့် ရှောင်းမင်ကျန့်တို့ စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

တုဇယ်ချန်းက လက်ခုပ်တီးပြီး ပြောလိုက်သည်။

"ကျွန်တော့်အဖေမှာ တရားမဝင် ရထားတဲ့ သားတစ်ယောက် ရှိနေတာများလား။ ကျွန်တော့်ကို နာမည်ပျက်အောင် လုပ်ပြီး အဖေ စိတ်ပျက်သွားတဲ့အချိန်ကျမှ တုမိသားစု စည်းစိမ်ကို ဝင်ဆက်ခံမလို့လေ"

ကျူးယန်လင် သည်းမခံနိုင်တော့ဘဲ တုသခင်လေးကို ဆိုဖာပေါ်သို့ ဖိချလိုက်တော့သည်။

သူ၏ ဖခင် တုဟုန်ရိသည် စံပြ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး သားမယားကို အလွန် ချစ်ခင်ကြောင်း အသိုင်းအဝိုင်း တစ်ခုလုံး သိကြသည်။ တုဇယ်ချန်း လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့သဖြင့် ယခုလို ဆိုးသွမ်းနေခြင်း ဖြစ်သည်။

အမေနှင့် အဘိုးတို့သာ ထိန်းမထားလျှင် ဖခင်၏ အလိုလိုက်မှုကြောင့် ဤကောင်လေးသည် ကလေကချေ ခေါင်းဆောင်ကြီး ဖြစ်သွားလောက်ပြီ။

တရားမဝင် သားသမီး ဟုတ်လား။ အခြား အိမ်တွေမှာ ရှိချင်ရှိမယ်၊ တုအိမ်တော်မှာတော့ လုံးဝ မရှိနိုင်။

နောက်ဆုံးတွင် ရှောင်းမင်ကျန့်က ကျူးယန်လင်၏ လက်ထဲမှ သခင်လေးတုကို ကယ်တင်ပေးလိုက်ရသည်။

"ငါ စုံစမ်းရတာတွေ နားထောင်ဦးမလား"

"နားထောင်မယ်"

တုဇယ်ချန်းက ကျူးယန်လင်နှင့် ဝေးရာသို့ ရွှေ့လိုက်သည်။

"ရွမ်ဟုန်လန် အကြောင်းလား"

"ဟုတ်တယ်"

ရှောင်းမင်ကျန့် ဆက်ပြောသည်။

"ဖန်ရွှယ်ယင်းက ရွမ်ဟုန်လန်နဲ့ တကယ်ပဲ အဆက်အသွယ် ရှိနေတယ်။ အတော်လေး ရင်းနှီးနေကြပြီ။ အရင်တုန်းက မင်းကို လိုက်တုန်းက နည်းလမ်းတွေ သုံးနေတာ။ ရွမ်ဟုန်လန်ကလည်း သူ့ကို တစ်ဖက်သတ် ကြိုက်နေတာဆိုတော့ မကြာခင် ညားကြတော့မယ် ထင်တယ်"

ရှောင်းမင်ကျန့် ပြောပြီးနောက် သုံးယောက်သား မျက်လုံးချင်း ဆုံကြည့်မိကြသည်။ ဖန်ရွှယ်ယင်း ဘာတွေ ကြံစည်နေလဲဆိုတာ နားမလည်နိုင်တော့။

ရွမ်ဟုန်လန်ကို တကယ်ချစ်တယ် ဆိုသော်ငြား သူ ချစ်ရေးဆိုတုန်းက ငြင်းခဲ့ပြီး တုဇယ်ချန်းကို လိုက်ခဲ့လေသည်။ တုဇယ်ချန်းလို လူမျိုးကို ရပြီးမှ ရွမ်ဟုန်လန်ဆီ ပြန်သွားသည်။ ရွမ်ဟုန်လန်သည် ဘက်ပေါင်းစုံမှ ကြည့်လျှင် တုဇယ်ချန်းနှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။ မိုးနှင့် မြေလို ကွာခြားလွန်းသည်။

"ဒါဆို... စစ်မှန်တဲ့ အချစ် ဖြစ်နေတာလား"

တုသခင်လေး ဦးနှောက် စားလိုက်သည်။

"ဒါပေမဲ့ ဟိုကောင်က ဆင်းရဲတော့ ကျွန်တော့်ဆီကနေ ပိုက်ဆံရအောင် လိမ်ယူပြီး ဟိုကောင်နဲ့ သွားပေါင်းပြီး ဇိမ်ကျကျ နေမလို့များလား"

ကျူးယန်လင်နှင့် ရှောင်းမင်ကျန့် ဆွံ့အသွားသည်။

အဓိပ္ပာယ်တော့ ရှိသားပဲ။ ဒီထက် ပိုကောင်းတဲ့ ရှင်းပြချက် မရှိတော့ဘူး။

"စဉ်းစားလို့ မရရင် ထားလိုက်တော့။ သူက အလင်းထဲမှာ၊ ငါတို့က အမှောင်ထဲမှာ"

ကျူးယန်လင်က သတိပေးလိုက်သည်။

"တစ်ခုခုတော့ ပေါ်လာမှာပဲ။ အခု လောလောဆယ် ကိစ္စကို အရင်ရှင်းကြမယ်"

"ဘယ်လောက် ကြာမလဲ... ကျွန်တော် Weibo သုံးချင်ပြီ"

တုဇယ်ချန်းက မေးလိုက်သည်။

"စိတ်ကူးမယဉ်နဲ့"

ကျူးယန်လင် ပြတ်သားစွာ ပြောလိုက်သည်။

"လင်းန ပြောပုံအရ ငါတို့ဘက်က အကြံပေးရင် ဖန်ရွှယ်ယင်း ဘက်က ပူးပေါင်းမယ်တဲ့။ ဒါပေမဲ့ အခုချိန်မှာ လင်းနက ဖန်ရွှယ်ယင်းကို ထိန်းနိုင်မယ် မထင်ဘူး။ မနက်ဖြန်ထိ စောင့်ကြည့်လိုက်။ သတင်းအသစ် ထပ်ထွက်မလားလို့။ ရှိရင်လည်း မတုံ့ပြန်နဲ့ဦး။ ဖန်ရွှယ်ယင်း စိတ်ကြိုက် ကပါစေ။ အရှိန်အမြင့်ဆုံး ရောက်မှ ငါတို့ ပြန်တိုက်ခိုက်မယ်"

"သူက စိတ်ရှည်မဲ့ပုံ မပေါ်ဘူး။ သုံးလေးရက်လောက်ဆို ပြီးသွားလိမ့်မယ်"

တုဇယ်ချန်းက သူ လိမ္မာပါ့မယ်လို့ ကတိပေးရန် ပြင်လိုက်စဉ် ဖုန်းမြည်လာသည်။ ဖုန်းနံပါတ်ကို မြင်သည်နှင့် လျင်မြန်စွာ ကိုင်လိုက်သည်။

"မယ်မယ်ဘုရား... သားတော်မောင် လွမ်းနေတာ..."

သူ၏ မျက်နှာလိုမျက်နှာရ လုပ်နေပုံကို ဘေးက နှစ်ယောက် ကြည့်မရ ဖြစ်နေကြသည်။

"ဘယ်ဟုတ်ပါ့မလဲဗျာ... သားတော်မောင်က အဲဒီလို လူစားမျိုးမှ မဟုတ်တာ။ မယားငယ် မရှိပါဘူး။ ဖုန်းထဲမှာ ပြောလို့ မရှင်းဘူး။ သားတော်မောင် ကိုယ်တိုင်လာပြီး ရှင်းပြမယ်နော်"

ဖုန်းချလိုက်ပြီးနောက် တုဇယ်ချန်း မျက်နှာ မကောင်းတော့။ Weibo သုံးချင်စိတ်လည်း ပျောက်သွားပုံရသည်။

ကျူးယန်လင်က လှောင်ပြုံး ပြုံးလိုက်သည်။

"အခုမှ ဒုက္ခရောက်မှန်း သိလား။ မင်း တစ်ခုလပ် ဖြစ်သွားတဲ့ကိစ္စကို သခင်မကြီး မသိသေးဘူး မလား"

တုဇယ်ချန်း ခေါင်းပုသွားသည်။ လက်ထပ်ခဲ့သည့် ကိစ္စကို အများမသိလိုက်ရသည့်အတွက် တော်သေးသည်ဟု စိတ်ထဲက တွေးမိလိုက်သည်။

ထိုစဉ်က လက်မှတ်ထိုးခဲ့ခြင်းမှာ စိတ်မြန်လက်မြန် လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူငယ်ချင်း မင်္ဂလာဆောင် သွားပြီး ပြန်အလာတွင် စင်ပေါ်က သတို့သား သတို့သမီး အပြန်အလှန် သစ္စာဆိုကြသည်ကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။ ဖန်ရွှယ်ယင်းနှင့် လမ်းလျှောက်ရင်း မြို့နယ်ရုံးကို တွေ့သည်နှင့် ဝင်ပြီး လက်မှတ် ထိုးလိုက်ခြင်း ဖြစ်သည်။

လက်မှတ်ထိုးပြီး ပြန်ထွက်လာမှ စိတ်နည်းနည်း လှုပ်ရှားသွားသည်။ အမေ သိလျှင် ဆူပူကြိမ်းမောင်းမည်ကို ကြောက်သဖြင့် ဖန်ရွှယ်ယင်း ရှုတင်သွားသည်ကို အခွင့်ကောင်းယူကာ ခဏ ဖုံးထားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ထပ်ပြီး ကွာရှင်းသွားသည့် ကိစ္စကို ဖန်ရွှယ်ယင်း ဘက်မှ လူများနှင့် သူနှင့် ရင်းနှီးသူ အနည်းငယ်သာ သိကြသည်။

ရှောင်းမင်ကျန့်က ကျူးယန်လင်ကို ခိုးကြည့်လိုက်သည်။ အစ်ကိုကျူးက သိပ်ရိုးတာပဲ။ ဒီသခင်လေးက နောက်တစ်ယောက်နဲ့ အမြန်လက်ထပ်ပြီးပြီ ဆိုတာကို သိရင် ဒေါသထွက်လွန်းလို့ ပေါက်ကွဲပြီး သေသွားလောက်တယ်။ ဒီကိစ္စကို သူရယ်၊ ဖန်ရွှယ်ယင်းရယ်၊ ကာယကံရှင် နှစ်ယောက်ရယ်ပဲ သိသေးတာ တော်သေးတယ်။

တုဇယ်ချန်းက အန္တရာယ်ရှိသော ခေါင်းစဉ်ကို လွှဲရန် ကြိုးစားလိုက်သည်။

"ဒါနဲ့... ဒီရက်ပိုင်းအတွင်း နယ်ထွက်ရမဲ့ ခရီးစဉ်တွေ မထည့်နဲ့ဦးနော်။ အဘိုး နေသိပ်မကောင်းဘူး။ ကျွန်တော် ပြုစုပေးချင်လို့"

ကျူးယန်လင်က ခေါင်းညိတ်လိုက်ပြီး ထုံးစံအတိုင်း သတိပေးလိုက်သည်။

"ဒါဆို အိမ်မှာ ငြိမ်ငြိမ်နေနော်။ ပြဿနာ ထပ်မရှာနဲ့တော့... ကြားလား"

ရုံးခန်းထဲမှ ထွက်လာသည်နှင့် တုဇယ်ချန်းက မိမိ ရှာထားသော ပြဿနာကို မည်သို့ ရှင်းရမည်နည်းဟု ရှောင်းမင်ကျန့်ကို တိုးတိုး တိုင်ပင်လိုက်သည်။

"ငါ အခုသွားပြီး ကွာရှင်းစာချုပ် သွားယူရင် ရမလား"

ရှောင်းမင်ကျန့်က ပြန်ဖြေလိုက်သည်။

"ရတာပေါ့... ဘာလို့ မရရမှာလဲ။ တစ်ခါကွဲလည်း အိမ်ထောင်ကွဲ၊ နှစ်ခါကွဲလည်း အိမ်ထောင်ကွဲပဲလေ... ဘာထူးမှာလဲ။ မြို့နယ်ရုံးက မင်းကို ဂုဏ်ထူးဆောင် လက်မှတ်တောင် ထုတ်ပေးသင့်တယ်"

တုဇယ်ချန်းက စိုက်ကြည့်လိုက်သည်။ ရှောင်းမင်ကျန့်က တည်ငြိမ်စွာ ဆက်ပြောသည်။

"အခုလို လေထန်လှိုင်းထန် ဖြစ်နေတဲ့အချိန်မှာ ခဏလောက် စောင့်တာ ကောင်းမယ် ထင်တယ်။ ရက်နည်းနည်းလောက်ပဲဟာ... ဘာမှ မဖြစ်ပါဘူး"

တုဇယ်ချန်းကလည်း စကားအဖြစ် ပြောလိုက်ခြင်းသာ ဖြစ်သည်။ ယခုအချိန်သည် မြို့နယ်ရုံး သွားရန် အချိန်ကောင်း မဟုတ်ပေ။ သို့သော် ရှန်ယို့ယောင် ပါဝင်ပတ်သက်နေသဖြင့် အားနာစိတ် ဖြစ်မိသည်။

"သူ အခု ဘယ်မှာလဲ"

ရှောင်းမင်ကျန့်က သူ့အကြောင်း ကောင်းကောင်း သိသည်။

"စိတ်မပူပါနဲ့။ အဲဒီ ဇာတ်ညွှန်းကို သူ့မန်နေဂျာဆီ ပြောပြီး ငြင်းခိုင်းလိုက်ပြီ။ ရှန်ယို့ယောင်ကလည်း ဘာမှ မတောင်းဆိုပါဘူး။ သူ့စိတ်ဓာတ်က တော်တော် ကြံ့ခိုင်တယ်။ ဒီအချိန်မှာ သရုပ်ဆောင် ပညာကို သေချာ လေ့လာခွင့် ရတာပေါ့လို့တောင် ပြောသေးတယ်"

သူမ၏ ဖုန်းအစုတ်ကလေးကို သတိရသွားပြီး တုဇယ်ချန်း ရယ်မောလိုက်မိသည်။

"သူ့ဖုန်းက ဟန်းနေတာနဲ့ Weibo ဖွင့်လို့ရတဲ့ အချိန်ကျရင် ဒီမုန်တိုင်း ပြီးသွားလောက်ပြီ"

ရှောင်းမင်ကျန့် ပြုံးလိုက်သည်။

"သူ ကုမ္ပဏီမှာ သင်တန်းတက်နေတာလား"

တုဇယ်ချန်း မေးလိုက်သည်။

ငါးမိနစ် အကြာတွင် ကုမ္ပဏီ၏ လူသစ်တန်း သင်တန်းခန်းမ အပြင်ဘက်၌ တုဇယ်ချန်း ရပ်ကြည့်နေသည်။ စောစောက ကောင်းမွန်နေသော စိတ်အခြေအနေများ ပျောက်ဆုံးသွားရသည်။

ရှန်ယို့ယောင်သည် သိသိသာသာကို ဖယ်ကြဉ်ခံထားရသည်။ အားလုံးက ဆရာ့နားတွင် ဝိုင်းအုံနေကြသော်လည်း သူမတစ်ယောက်တည်း အပြင်ဘက်ဆုံးတွင် ရပ်လျက် လည်ပင်းဆန့်ကာ စာလိုက်မှတ်နေရသည်။

ဆရာက နှစ်ယောက်တစ်တွဲ ဇာတ်တိုက်ခိုင်းသောအခါ သူမကို မည်သူမျှ အဖက်မလုပ်ကြ။ ၁၆ ယောက် ရှိသဖြင့် စုံတွဲတွဲလျှင် အတိအကျ ဖြစ်သော်လည်း တစ်ဖွဲ့က သုံးယောက်တွဲ လေ့ကျင့်နေကြသည်။

သူမ နေရခက်နေသည်ကို မြင်သာသည်။ သို့သော် လျင်မြန်စွာပင် အခြေအနေကို လက်ခံလိုက်ပြီး ထောင့်တစ်နေရာသို့ သွားကာ တစ်ယောက်တည်း ဒိုင်ယာလော့ ကျက်နေရှာသည်။

တုဇယ်ချန်း စိတ်မကောင်း ဖြစ်သွားပြီး အထဲဝင်ရန် ပြင်လိုက်စဉ် ရှောင်းမင်ကျန့်က တားလိုက်၏။

"ကိစ္စတွေ မရှင်းရသေးခင် မင်း ဝင်သွားရင် သူ့ကို ပိုပြီး နေရခက်အောင် လုပ်သလို ဖြစ်သွားလိမ့်မယ်"

တုဇယ်ချန်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရှောင်းမင်ကျန့်က ဆက်ပြောသည်။

"သူမကို သေချာ ကြည့်စမ်းပါ။ ရှန်ယို့ယောင်က စိတ်ဓာတ်မာကျောတဲ့ မိန်းကလေးပါ။ ပတ်ဝန်းကျင်ရဲ့ ဖိအားကို ဂရုမစိုက်ဘူး။ အနုပညာလောကထဲ စဝင်ဝင်ချင်း ဒီလို ကြုံရတာ ရက်စက်ရာ ကျပေမဲ့ ဒါ သူ ရွေးချယ်တဲ့ လမ်းလေ... သူ့ဘာသာ လျှောက်မှ ရမှာ။ မင်းက ခဏပဲ ကူညီလို့ ရမယ်၊ တစ်သက်လုံး ကူညီပေးလို့မှ မရတာ"

"စိတ်ချပါ... ငါ ခဏနေကျရင် ဆရာမကို သွားပြောပေးမယ်။ သူ့ကို သီးသန့် လေ့ကျင့်ပေးဖို့"

တုဇယ်ချန်း ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် ရှန်ယို့ယောင်သည် ထင်သလောက် ခံစားမနေရပေ။ သူမသည် လူမှုဆက်ဆံရေး သိပ်မကောင်းသူ ဖြစ်သဖြင့် တစ်ယောက်တည်း နေရတာ ပိုအဆင်ပြေသည်။ ဇာတ်တိုက်ဖော် မရှိတာကလွဲလျှင် ကျန်အချိန်တွေမှာ လွတ်လပ်သည်။ ဤအချိန်တွင် စနစ်တကျ လေ့လာခွင့်ရသည့်အတွက် ကျေနပ်မိသည်။

သူမသည် ပါရမီ အနည်းငယ် ရှိပြီး မိခင်ဖြစ်သူကြောင့် အခြေခံအချို့ ရှိသော်လည်း စနစ်တကျ သင်ကြားဖူးခြင်း မရှိပေ။ ထို့ကြောင့် ဤအချိန်သည် သူမအတွက် အဖိုးတန်သည်။

အွန်လိုင်းပေါ်မှ မုန်တိုင်းများကို သူမ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။ တုဇယ်ချန်းတို့ဘက်က လှုပ်ရှားနေပြီ ဖြစ်ကြောင်း သိသဖြင့် မကြာခင် ပြီးဆုံးသွားမည်ဟု ယုံကြည်ထားသည်။

သူမ၏ စိတ်ထားက ကောင်းမွန်သော်လည်း သုံးလေးရက် ကြာသောအခါ သူမ အထင်နှင့် အမြင် လွဲမှားကြောင်း သိလိုက်ရသည်။ အွန်လိုင်းမှ ကိစ္စများက အထွတ်အထိပ်သို့ ရောက်လာသည်။ သူမ၏ ကိုယ်ရေးအချက်အလက်များ ပေါ်ထွက်လာပြီး ရှန်ယို့ယောင်ဆိုသော မိန်းမက တုဇယ်ချန်းနှင့် ဖန်ရွှယ်ယင်း ကြား ဝင်နှောင့်ယှက်သူအဖြစ် တစ်နိုင်ငံလုံးက သိသွားကြသည်။

သင်တန်းမှ အတန်းဖော်များကလည်း သူမကို တမင်တကာ အရှက်ခွဲလာကြသည်။ အားလပ်ချိန် တစ်ခုတွင် သူမထံသို့ ပိုးဟပ်အရှင်များ ထည့်ထားသော ဘူးတစ်ဘူး ရောက်လာသည်။ သူမ လန့်ဖျပ်ပြီး လွှင့်ပစ်လိုက်ရာ ဘေးနားတွင် လာဝိုင်းကြည့်ပြီး အားရပါးရ ရယ်မောနေသူများ အပေါ်သို့ ပိုးဟပ်များ ကျရောက်သွားတော့သည်။ ပါးစပ်အဟောင်းသားနှင့် အကျယ်ကြီး အော်ရယ်နေသူ တစ်ယောက်ဆိုလျှင် အော်ဖို့ပင် သတိမရတော့ဘဲ ထောင့်တစ်နေရာသို့ ပြေးကာ အန်လေတော့သည်။