အခန်း (၇)
တုဇယ်ချန်း ရောက်သွားချိန်၌ မြင်လိုက်ရသည်မှာ ဆူညံပွက်လောရိုက်နေသော မြင်ကွင်းပင်။ ကြမ်းပြင်အနှံ့ လျှောက်သွားနေကြသော ပိုးဟပ်များကို ကြည့်ပြီး သူပါ ထိတ်လန့်သွားမိသည်။
လူသစ်တန်းမှ သင်တန်းသူများသည် တစ်ယောက်ပြီးတစ်ယောက် စူးဝါးစွာ အော်ဟစ်ကာ အခန်းပြင်သို့ ပြေးထွက်လာကြသည်။ ထိုစဉ် အမျိုးသမီးတစ်ဦးက အခွင့်ကောင်းယူကာ ရှန်ယို့ယောင်ကို အားကုန် တွန်းလိုက်သည်ကို သူ အထင်းသား မြင်လိုက်ရသည်။
သာမန် မိန်းကလေးတစ်ဦးသာဆိုလျှင် ထိုတွန်းအားကြောင့် ပိုးဟပ်များ ပြည့်နှက်နေသော ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားမည်မှာ အသေအချာပင်။ ပိုးဟပ်များပေါ် မှောက်ကျသွားမည့် မြင်ကွင်းကို တွေးကြည့်ရုံနှင့်တုဇယ်ချန်း ကျောချမ်းသွားမိသည်။ ကံကောင်းသည်မှာ ရှန်ယို့ယောင်က သေချာရပ်နေသဖြင့် ယိုင်ရုံသာ ယိုင်သွားပြီး တခြားသူများနှင့်အတူ အပြင်သို့ အောင်မြင်စွာ ပြေးထွက်နိုင်ခဲ့သည်။
သို့သော် ရှန်ယို့ယောင်၏ သနားစရာကောင်းသော ပုံရိပ်ကို မြင်လိုက်ရသောအခါ တုဇယ်ချန်း စိတ်မထိန်းနိုင်တော့။ လူအုပ်နောက်သို့ လိုက်ကာ အပေါ်ထပ်ရှိ အစည်းအဝေးခန်းမထဲ ဝင်သွားလိုက်သည်။
ဆရာမက ဒေါသတကြီး မေးမြန်းလိုက်သည်။
"ဒါ ဘာဖြစ်ကြတာလဲ"
မိန်းမလှလေးတစ်ယောက်က ရှန်ယို့ယောင်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။
"ဒီမယားငယ် လုပ်တာလေ... အားလုံး သူ့လက်ချက်ပဲ"
သူမသည် ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရသည်။ သူမ စပြောလိုက်သည်နှင့် ကျန်လူများကလည်း ဝိုင်းအော်ကြတော့သည်။
"ဟုတ်တယ်... ကိုယ်လုပ်တဲ့ မကောင်းမှုကြောင့် အခုလို အနိုင်ကျင့်ခံရတာကို သူများတွေကိုပါ ဒုက္ခပေးချင်နေတာ"
"သူ တမင်လုပ်တာ... ဘူးကို တမင်သက်သက် မြှောက်ပြီး သွန်လိုက်တာ"
"ဝေါ့..."
စောစောက ပါးစပ်အဟောင်းသားနှင့် ရယ်မောခဲ့သူမှာ အန်ချင်စိတ် မပျောက်သေး။
"မျက်နှာကလည်း ထူလိုက်တာ... သင်တန်း လာတက်ရဲသေးတယ်"
...
လူတစ်ဒါဇင်ခန့်က ရှန်ယို့ယောင်ကို ဝိုင်းဝန်း လက်ညှိုးထိုးပြီး ဆဲဆိုနေကြသည်မှာ သူမသည် ကမ္ဘာ့ရန်သူကြီး ဖြစ်နေသယောင်ပင်။
ဒီလို အခြေအနေမျိုးမှာ ရှန်ယို့ယောင်က မျက်နှာတစ်ချက် မပျက်ဘဲ ဘယ်လို သည်းခံနေနိုင်လဲဆိုတာ တုဇယ်ချန်း နားမလည်နိုင်တော့။ သူကတော့ ဒေါသပေါက်ကွဲနေပြီ။
"ဘယ်သူက သူ့ကို မယားငယ်လို့ ပြောတာလဲ။ ငါကိုယ်တိုင်တောင် ငါ့မှာ မယားငယ် ရှိမှန်း မသိပါလား"
လူအုပ်ကြီး တိတ်ကျသွားပြီး အသံလာရာသို့ ကြည့်လိုက်ကြသည်။ တုဇယ်ချန်းက ဒေါသတကြီး ဆက်ပြောလိုက်သည်။
"အနုပညာလောကမှာ ကောလာဟလတွေက ဒုနဲ့ဒေးပဲ။ မင်းတို့က အကုန်လုံး လိုက်ယုံနေကြတာလား။ ဒီလိုဆိုရင် သရုပ်ဆောင် မလုပ်ကြနဲ့တော့။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖွဲ့ပြီး လိုက်စစ်ဆေးကြပါလား"
သူ့အော်သံကြောင့် လူသစ်များ ခေါင်းငုံ့သွားကြသည်။ သို့သော် သူတို့၏ ကျောပြင်များကို ကြည့်ရုံဖြင့် မကျေနပ်ကြမှန်း သိသာသည်။ ရက်ပေါင်းများစွာ ဝိုင်းဝန်း တိုက်ခိုက်ထားကြသဖြင့် ရှန်ယို့ယောင်သည် မယားငယ် ဖြစ်ကြောင်း သူတို့ ခေါင်းထဲ စွဲနေကြပြီ ဖြစ်သည်။
ရှောင်းမင်ကျန့် ပြောခဲ့သည်မှာ မှန်ကြောင်း တုဇယ်ချန်း ဝန်ခံလိုက်ရသည်။ သူ ဝင်ပါလိုက်လျှင် ရှန်ယို့ယောင်ကို ပိုပြီး အနေရခက်စေနိုင်သည်။ သို့သော် သူ့ကြောင့် ဒုက္ခရောက်နေရရှာသော ဤမိန်းကလေးကို ဒီအတိုင်း ပစ်ထားရန်လည်း သူ ဆန္ဒမရှိ။ ထို့ကြောင့် ဆုံးဖြတ်ချက် ချလိုက်သည်။
"ရှန်ယို့ယောင်... မင်း ငါနဲ့ လိုက်ခဲ့။ နောက်ဆို ဒီမှာ သင်တန်းတက်စရာ မလိုတော့ဘူး။ ဆရာမ ရှို့ဝမ်ဆီ ငါ လိုက်ပို့ပေးမယ်"
အားလုံး ခေါင်းမော့လာကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဆရာမ ရှို့ဝမ်ဆိုသည်မှာ ယင်းဟောင် ကုမ္ပဏီ၏ ထိပ်တန်း သရုပ်ဆောင် နည်းပြတစ်ဦး ဖြစ်သည်။ ကုမ္ပဏီမှ အထူး မြေတောင်မြှောက်ပေးမည့် ပါရမီရှင်များနှင့် အကယ်ဒမီ ရထားသော မင်းသားမင်းသမီးများသာ သူမထံတွင် သင်ယူခွင့် ရကြသည်။ သူမ မွေးထုတ်ပေးလိုက်သော အနုပညာရှင်တိုင်းသည် ထိပ်တန်း အဆင့်သို့ ရောက်ရှိသွားကြစမြဲ ဖြစ်သည်။
သူတို့၏ မျက်လုံးများထဲတွင် မနာလို ဝန်တိုမှုများကို မြင်လိုက်ရသောအခါ တုဇယ်ချန်း ကျေနပ်သွားသည်။
"ဘာလဲ... အားကျနေတာလား။ မတတ်နိုင်ဘူးလေ... မင်းတို့ပဲ သူ့ကို ဖိအားပေးကြတာကိုး။ မင်းတို့ သူ့ကို ဒီလောက် မုန်းနေကြမှတော့ သူက ဆရာမ ရှို့ဝမ်ဆီ သွားရုံပဲ ရှိတော့တာပေါ့"
သူ့ပုံစံက ဆော်ပလော်တီးချင်စရာ ကောင်းလွန်းလှသည်။ အကယ်၍ သူသာ သခင်လေးတု မဟုတ်ခဲ့လျှင် ဤလူအုပ်ကြီးက သူ့ကို ဝိုင်းကိုက်လောက်ပြီဟု ရှန်ယို့ယောင် တွေးလိုက်မိသည်။
သို့သော် အကာအကွယ် ပေးခံရသူ တစ်ယောက်အနေဖြင့် ရှန်ယို့ယောင် ပျော်ရွှင်မိသည်။ အထူးသဖြင့် ဆရာမ ရှို့ဝမ်ထံတွင် ပညာသင်ယူရမည် ဆိုသည့်အတွက် ပို၍ ဝမ်းသာမိသည်။ လက်ရှိ အတန်းပိုင် ဆရာသည်လည်း သူမအပေါ် အမြင်မကြည်သဖြင့် သေချာ ဂရုစိုက် သင်ကြားပေးခြင်း မရှိပေ။
ရှန်ယို့ယောင်၏ အပြစ်ကင်းစင်သော အပြုံးလေးကို မြင်လိုက်ရသောအခါ တုဇယ်ချန်း စိတ်ထဲ ကြည်နူးသွားသည်။ ဒီကောင်မလေး ပြုံးလိုက်တိုင်း မျက်ဝန်းထဲတွင် ကြယ်တာရာများ လင်းလက်သွားသလို ခံစားရသည်။
"သွားကြစို့"
သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာချိန်တွင် နောက်ကျောဘက်မှ မကျေမနပ် ရေရွတ်သံကို ကြားလိုက်ရသည်။
"ဒီလောက်ထိ ကာကွယ်ပေးနေတာတောင် မယားငယ် မဟုတ်ဘူးတဲ့... ဟွန်း"
တုဇယ်ချန်း ပြန်လှည့်ပြီး ရန်တွေ့ရန် ပြင်လိုက်သော်လည်း ရှန်ယို့ယောင်က တားလိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပနေသည်။
"ထားလိုက်ပါရှင်... ဆရာမ ရှို့ဝမ်ဆီပဲ သွားကြရအောင်။ အဲဒီ အရေးမပါတဲ့ ကိစ္စတွေအတွက် အချိန်မဖြုန်းပါနဲ့"
သူမသည် ဆဲဆို စော်ကားမှုများကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။ တုဇယ်ချန်း သူမကို လေးစားသွားမိသည်။ သူမ စိတ်ဓာတ်ခွန်အား၏ တစ်ဝက်လောက်သာ မိမိတွင် ရှိခဲ့လျှင် ကျူးယန်လင် ဒီလောက် ခေါင်းကိုက်ရမည် မဟုတ်ပေ။
ဆရာမ ရှို့ဝမ်သည် ဘာမှ ဝေဖန်ခြင်း မပြုပေ။ နေရာမြင့်မြင့် ရောက်နေသူများသည် အရာရာကို အပေါ်ယံ ကြည့်ပြီး ဆုံးဖြတ်လေ့ မရှိကြ။ အနုပညာလောကတွင် အမှန်တရားကို ရှာဖွေရ ခက်ခဲကြောင်း သူတို့ နားလည်ကြသည်။ ထို့ပြင် တုဇယ်ချန်းသည် ဆိုးသွမ်းသည် ဆိုသော်လည်း စိတ်ရင်းကောင်းကြောင်း သူမ သိသည်။
"ဆရာမ လီခယ်ရဲ့ အတန်းလား... မပြောတတ်ဘူး။ သူက နားယောင် လွယ်တတ်တယ်"
ရှို့ဝမ်က ပြုံးပြီး ပြောလိုက်သည်။ ရှန်ယို့ယောင် အနိုင်ကျင့်ခံရခြင်းမှာ ဆရာမ၏ လျစ်လျူရှုမှုကြောင့် ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
ရှန်ယို့ယောင်ကို နေရာချပေးပြီးနောက် တုဇယ်ချန်းသည် ထိုက်ယန် ကလပ်သို့ ထွက်လာခဲ့သည်။
ဒီနေ့ အသိုင်းအဝိုင်းထဲမှ သူငယ်ချင်း တစ်ယောက်က ပါတီပွဲ စီစဉ်ထားသည်။ တုဇယ်ချန်းလည်း သူငယ်ချင်းများနှင့် မတွေ့ရတာ ကြာပြီ ဖြစ်သလို၊ လက်ရှိ စိတ်ညစ်စရာများကို မေ့ပျောက်ချင်သဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ အမေကလည်း နားပူနားဆာ လုပ်နေသဖြင့် အိမ်ကပ်ရတာ စိတ်ကျဉ်းကျပ်လှသည်။ ဖခင်ဖြစ်သူကလည်း ခရီးထွက်နေသည်။
ထို့ကြောင့် ပါတီပွဲ ရှိသည် ကြားသည်နှင့် ပွဲကျင်းပသူနှင့် ရင်းနှီးသည် ဖြစ်စေ မရင်းနှီးသည် ဖြစ်စေ ဂရုမစိုက်တော့ဘဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"ဟေး... ငါတို့ရဲ့ စူပါစတားကြီး ရောက်လာပြီဟေ့"
"မင်းကွာ... မင်းသား လုပ်မယ် ဆိုပြီး ပျောက်ချက်သား ကောင်းနေလိုက်တာ"
တုဇယ်ချန်း ရောက်သည်နှင့် သူငယ်ချင်း အရင်းခေါက်ခေါက် နှစ်ယောက်က ပြေးဖက်ကြသည်။
"မပြောချင်ပါဘူးကွာ... ရိုက်ကူးရေးတွေက ရှုပ်ထွေးလွန်းတယ်။ ပြဿနာတွေကလည်း များလိုက်တာ"
ဖန်ရှောင်ဖုန်းက ဟားတိုက် ရယ်မောလိုက်သည်။
"ပြဿနာ များမှာပေါ့ကွ။ မင်း သတင်းတွေက ငါ့မိဘတွေတောင် သိနေကြပြီ။ မင်း ရည်းစားရတာတောင် သူတို့ မသိလိုက်ရဘူး... ဖောက်ပြန်တာကျမှ သိလိုက်ရတယ်တဲ့"
"သွားစမ်းပါကွာ"
တုဇယ်ချန်းက ရယ်မောပြီး ပြန်ဆဲလိုက်သည်။
"ငါက အဲဒီလို လူစားမျိုး ဖြစ်ရမလား"
ချီကောင်းရီက ဝင်ထောက်လိုက်သည်။
"မင်း ပြောပုံက အရင်တုန်းက လိမ္မာခဲ့တဲ့အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် မင်းက အဲဒီလို လူစားမျိုး ဟုတ်မဟုတ် ဆိုတာတော့ ငါလည်း အာမ မခံရဲဘူး"
"ငါ ဘယ်တုန်းက မလိမ္မာလို့လဲ"
တုဇယ်ချန်းက သူ့လည်ပင်းကို သိုင်းဖက်ပြီး ညှစ်လိုက်သည်။
"ငါ မင်းကို မဆုံးမတာ ကြာလို့ အချိုးမပြေတာလား"
သူတို့ သုံးယောက် ရယ်မောပြီး ထောင့်တစ်နေရာသို့ လျှောက်သွားစဉ် ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"အို... ဖောက်ပြန်တတ်တဲ့ သခင်လေးတု ပါလား။ အပြင်ထွက်ပြီး ပျော်ပါးနိုင်သေးတယ်ပေါ့"
သူငယ်ချင်းချင်း စနောက်တာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်လိုက်မှန်း သိသာလှသည်။
တုဇယ်ချန်း လှည့်ကြည့်လိုက်ပြီး မျက်နှာကို ရှုံ့မဲ့လိုက်သည်။
"ကောင်းလီဝေက ဒီကောင်ကိုပါ ဖိတ်ထားတာလား။ ရုပ်ဆိုးလွန်းလို့ ဧည့်သည်တွေ စိတ်ပျက်ကုန်ပါဦးမယ်"
တုဇယ်ချန်း၏ စကားက ရိုင်းစိုင်းသလို ရှိသော်လည်း တစ်ဖက်လူမှာ ရုပ်ရည်က ကြည့်ပျော်ရှုပျော် မရှိသည့်အပြင် သွားခေါနေသဖြင့် ပြင်ဆင်ထားသော သူဌေးသားများကြားတွင် ကြည့်ရဆိုးနေသည်မှာ အမှန်ပင်။ ရန်သူနှင့် တွေ့လျှင် တုဇယ်ချန်းသည် တွန့်ဆုတ်ခြင်း မရှိတတ်ပေ။ ဝေယင်းကျွင်းသည် ရုပ်ရည်နှင့် ပတ်သက်လျှင် ခံစားလွယ်ကြောင်း သိသဖြင့် တုဇယ်ချန်းက ထိုအချက်ကို ကိုင်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဝေယင်းကျွင်းသည် တုဇယ်ချန်း၏ မွေးရာပါ ရန်ဘက်ဖြစ်သည်။ သူတို့၏ ရန်ငြိုးသည် ဖခင်များ လက်ထက်ကတည်းက စတင်ခဲ့သည်။ ဝေမိသားစုသည် ယင်းဟောင် ကုမ္ပဏီ၏ ရှယ်ယာရှင်ကြီးများ ဖြစ်ပြီး တုမိသားစုနှင့် ဥက္ကဋ္ဌနေရာ လုခဲ့ကြသည်။ တုဖခင်က မိခင်ဘက်မှ တော်စပ်သော ထန်မိသားစု၏ အကူအညီဖြင့် အနိုင်ရခဲ့သည်။ ယင်းဟောင် ကုမ္ပဏီ ကြီးပွားလာလေ ဝေမိသားစုက မကျေမနပ် ဖြစ်လေပင်။ ဝေယင်းကျွင်းကလည်း ဖခင်ခြေရာ နင်းပြီး တုဇယ်ချန်းကို အမြဲ တိုက်ခိုက်လေ့ ရှိသည်။ သို့သော် အမြဲလိုလို ရှုံးနိမ့်စမြဲ။
ဒီတစ်ခါတော့ ဝေယင်းကျွင်း ဒေါသ မထွက်ပေ။ ဖုန်းကို ထုတ်ပြီး ပွတ်ဆွဲကာ လှောင်ပြောင်လိုက်သည်။
"သခင်လေးတုက ကန္တာရရေပြင်ဇာတ်ကားက လူသစ်လေး ရှန်ယို့ယောင်နဲ့ ဖောက်ပြန်တယ်တဲ့။ ငါ ပြောမယ်... မင်းက ဘာမှ မကြောက်ဘူး ဆို။ မဟုတ်ရင် ဘာလို့ ရှင်းချက် မထုတ်တာလဲ။ ၃ရက် ၄ ရက်တောင် ရှိနေပြီလေ"
"ပြီးတော့ အဲဒီ မယားငယ်ကလေ..."
ဝေယင်းကျွင်းက ခေါင်းခါပြီး စုတ်သပ်လိုက်သည်။
"ရုပ်ကလည်း ဆိုးလိုက်တာ... ပရိသတ်ကို အားနာသင့်တယ်"
တုဇယ်ချန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"မတွေ့တာ ကြာလို့လား မသိဘူး... မင်း ရုပ်ပိုဆိုးလာသလိုပဲ။ မျက်လုံးက ကန်းပြီး နှလုံးသားကလည်း မိုက်မဲနေတုန်းပါလား။ မင်းကတော့ မိဘ ချမ်းသာတာလေး ထိုင်ဖြုန်းတာပဲ ကောင်းပါတယ်။ ဒါမှ မင်းတို့ ဝေမိသားစု စီးပွားရေးလုပ်ငန်းက နည်းနည်း ပိုခံမှာ"
"မင်း..."
ဝေယင်းကျွင်း ပြန်ပြောရန် ပြင်လိုက်စဉ် ရှကျွင်းချီက လှမ်းအော်လိုက်သည်။
"ဇယ်ချန်း မင်းတို့ ဘာတွေ ပြောနေကြတာလဲ။ ဒီဘက် လာခဲ့လေ... သူများ ပါတီပွဲမှာ ရန်ဖြစ်မနေနဲ့"
ချီကောင်းရီက ဝေယင်းကျွင်းဘက် လှည့်ပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ... ရုပ်ဆိုးပြီး မယဉ်ကျေးတဲ့ လူတွေနဲ့ ဝေးဝေးနေတာ ကောင်းပါတယ်"
ထို့နောက် တုဇယ်ချန်းကို ဆွဲကာ ထွက်သွားကြသည်။
ဝေယင်းကျွင်းမှာ ဒေါသထွက်လွန်း၍ တနုံ့နုံ့ ဖြစ်ကျန်ရစ်ခဲ့သည်။
"တုဇယ်ချန်း... မင်းရဲ့ အကျင့်စရိုက်ကြောင့် ယင်းဟောင် ရှယ်ယာတွေ ဈေးကျကုန်ရင် မင်းအဖေ မင်းကို ကာကွယ်ပေးနိုင်မလား ကြည့်ကြသေးတာပေါ့"
ဖန်ရှောင်ဖုန်းက ပြောလိုက်သည်။
"ဒီကောင် ဦးနှောက် ပျက်သွားပြီလား။ ဇယ်ချန်းက ကုမ္ပဏီကို အုပ်ချုပ်နေတာမှ မဟုတ်တာ... ရှယ်ယာဈေးက ဘာဆိုင်လို့လဲ"
တုဇယ်ချန်းကတော့ တခြားအရာကို ဂရုမစိုက်။
"မင်းတို့ ဖုန်းထဲက Weibo ဖွင့်ပြစမ်းပါ"
"ကိုယ့်ဖုန်း ကိုယ်ဖွင့်လေ"
ဖန်ရှောင်ဖုန်းက ပြန်ပြောသည်။
"မန်နေဂျာက ငါ့စကားဝှက် ပြောင်းထားလို့။ ပြီးတော့ ဒီရက်ပိုင်း အမေနဲ့ အဘိုးနားမှာ နေနေရတာ"
တကယ်တမ်းတွင် သူသည်လည်း စိတ်ညစ်စရာများကို မမြင်ချင်၍ ရှောင်နေခြင်း ဖြစ်သည်။ မြင်လိုက်လျှင် စိတ်မထိန်းနိုင်ဘဲ ဝင်ဆဲမိမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတော့ ကျူးယန်လင်ကို သနားမိသည်။
ချီကောင်းရီက အော်ဟစ်လိုက်သည်။
"ငါ ပြောမယ်... မင်း အနုပညာလောကမှာ မနေနဲ့တော့။ နက်တီဇင်တွေ ဆဲထားတာ ကြောက်စရာ ကောင်းလိုက်တာကွာ။ အရင်တုန်းက မင်းကို အသေချစ်ပါတယ် ဆိုတဲ့ သူတွေက အခုကျတော့ ဘဝဆက်တိုင်း ရန်ငြိုးရှိတဲ့ လူတွေလိုပဲ"
တုဇယ်ချန်းသည် ဖန်ရှောင်ဖုန်း၏ ဖုန်းကို ဆွဲယူပြီး ကြည့်လိုက်သည်။
[သက်သေ ခိုင်လုံသွားပြီ။ သခင်လေးတုနှင့် 'ကန္တာရရေပြင်' မှ လူသစ်လေး ရှန်ယို့ယောင် ဖောက်ပြန်]
[သခင်လေးတုက ဒီလို လုပ်မယ်လို့ မယုံနိုင်ဘူး]
[အပေါ်က ကွန်းမန့်က အရမ်း ရိုးတာပဲ။ သူဌေးသားတွေက မိန်းကလေးတွေနဲ့ ကစားတာ ထုံးစံပဲလေ]
[ငါတို့ ရှောင်ရွှယ်လေး သနားပါတယ်... ကစားစရာ ဖြစ်သွားရပြီ]
[မယားငယ် ရှန်ယို့ယောင်... အနုပညာလောကက ထွက်သွား]
သူ ဖတ်လို့ မပြီးသေးခင် သတင်းအသစ် တစ်ပုဒ် တက်လာသည်။
[ရှန်ယို့ယောင်က အာဏာကို အားကိုးပြီး ရှုတင်မှာ ဗိုလ်ကျ]
အောက်တွင် ရှန်ယို့ယောင်က မောက်ရှန်းရှန်းကို တစ်ချက်တည်းနှင့် KO လိုက်သော ဗီဒီယိုနှင့် မောက်ရှန်းရှန်း၏ မျက်နှာ ဖူးရောင်နေသော ဓာတ်ပုံများ ပါဝင်သည်။
[သောက်ကျိုးနည်း... ရက်စက်လိုက်တာ။ သခင်လေးတုက မြွေပွေးမလေးတွေကို ကြိုက်တာလား]
[အောက်တန်းကျလိုက်တာ။ အကျင့်စရိုက်ကို ကြည့်တာနဲ့ သိသာတယ်။ သခင်လေးတုလည်း အဆင့်အတန်း မရှိဘူးပဲ]
[ငါ ထောက်ခံတယ်။ ဒီမိန်းမ ရုပ်ကလည်း ဆိုးလိုက်တာ]
ရှန်ယို့ယောင်၏ ဓာတ်ပုံများကို တင်ထားကြသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် မိတ်ကပ် မပြင်ထားသော ပုံများ၊ ရိုက်ချက် မကောင်းသော ပုံများကိုသာ ရွေးတင်ထားကြသည်။
"မင်းရဲ့ မယားငယ်က နည်းနည်းတော့ ရုပ်ဆိုးသားပဲ"
ချီကောင်းရီက မှတ်ချက်ပေးလိုက်သည်။
တုဇယ်ချန်းက ကြယ်ရောင်များ ဖြာကျနေသကဲ့သို့ တောက်ပသော မျက်လုံးလေးများကို ပြန်သတိရလိုက်မိသည်။
"သူ့ရုပ် အစစ်က အဲဒီလို မဟုတ်ပါဘူးကွ။ ဖန်မျိုးရိုးထက် အများကြီး သာတယ်"
[အနုပညာလောကကို သူတို့အိမ် နောက်ဖေးဥယျာဉ် မှတ်နေတာလား။ ကိုယ့်ကိုယ်ကိုယ် အိမ်ရှေ့မင်းသားများ ထင်နေသလား]
[တုဥက္ကဋ္ဌကြီးရေ... သားကို ပြန်ခေါ်ပြီး ထိန်းပါဦး။ မိန်းကလေးတွေကို ဒုက္ခမပေးခိုင်းပါနဲ့တော့]
...
ချီကောင်းရီသည် ထိုဆဲဆိုမှုများကို ကြည့်ရင်း တခြားကမ္ဘာ ရောက်နေသလို ခံစားနေရသည်။ စိတ်ဝင်စားမှုလည်း ဖြစ်လာသည်။
"ဘာတွေ ဖြစ်ကုန်တာလဲကွာ။ မင်းက သူ့ကို ငါတို့နဲ့ မိတ်ဆက်ပေးဦးမယ် ဆို။ အခုကျတော့ ရန်သူတွေလို ဖြစ်နေပါလား"
"ဒီနေ့ ဒီအကြောင်း မပြောရအောင်ကွာ"
ဒါက သူ့ဘဝ၏ အကြီးမားဆုံး အမည်းစက်ပင်။ လွန်ခဲ့သော ခြောက်လအတွင်း သူ လုပ်ခဲ့သော အူကြောင်ကြောင် ကိစ္စများကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ချင်စိတ် ပေါက်မိသည်။
တုဇယ်ချန်းက ဖုန်းကို ပစ်ချလိုက်ပြီး
"ငါတို့ မတွေ့တာလည်း ကြာပြီ။ တခြားအကြောင်းပဲ ပြောရအောင်"
ကံဆိုးစွာပင် တစ်စုံတစ်ယောက်က သူ့ကို ပျော်ရွှင်ခွင့် မပေးချင်ပေ။ အထူးသဖြင့် အမြဲ အရှုံးပေးနေရသူက ယခုလို အခွင့်အရေးမျိုး ရတောင့်ရခဲ ကြုံနေရချိန်တွင် ဝေယင်းကျွင်းက လက်လွတ်ခံမည် မဟုတ်။
"ဒီမယားငယ်က ယင်းဟောင်က မဟုတ်လား"
ဝေယင်းကျွင်း၏ ဘေးမှ မိန်းကလေးက မြှောက်ပေးလိုက်သည်။
"ဖုန်းဆက်ပြီး ခေါ်လိုက်ပါလား။ လူချင်း တွေ့ဖူးချင်လို့။ ဘယ်လောက်တောင် ရက်စက်လဲ ဆိုတာ သိချင်လို့ပါ"
"ဒါ မခက်ပါဘူး"
ဝေယင်းကျွင်းက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
"ဖန်ရွှယ်ယင်းကိုပါ တူတူ ခေါ်လိုက်မယ်လေ။ သခင်လေးတုက ဘယ်သူ့ဘက် ပါမလဲ ဆိုတာ ကြည့်ရတာပေါ့... ဘယ်လိုလဲ"
သူ့ဘေးနားမှ လူအုပ်ကြီးက သဘောကျစွာ ဝိုင်းအော်လိုက်ကြသည်။
"ကောင်းတယ်... လုပ်လိုက်"
…