Ch 8
Viewers 95

အခန်း (၈)

"ဟေ့... ဖန်ရွှယ်ယင်း လာနေပြီဟေ့"

"ဘာဖြစ်တာလဲ... ဘာကိစ္စလဲ"

စပ်စုချင်စိတ် အပြင်းထန်ဆုံး ချီကောင်းရီက အရင်ဆုံး ထပြေးသွားပြီး အခြေအနေကို လှမ်းကြည့်လိုက်သည်။

"သောက်ကျိုးနည်း... ဇယ်ချန်းရေ၊ ဖန်ရွှယ်ယင်း ရောက်လာတာကွ။ ဝေယင်းကျွင်း လက်ချက် ဖြစ်လောက်တယ်၊ သူ့ဘက်တော်သားတွေနဲ့ ထွက်ကြိုနေလေရဲ့"

ဖန်ရှောင်ဖုန်းက မေးလိုက်သည်။

"သူက ဘာလုပ်ချင်တာလဲ။ ဖန်ရွှယ်ယင်းကို ခေါ်ပြီး ဇယ်ချန်းကို လှောင်ပြောင်ချင်တာလား"

ရှကျွင်းချီက ခဏစဉ်းစားပြီး ပြောလိုက်သည်။

"အဲဒီလောက် ရိုးရှင်းမယ် မထင်ဘူး။ ဟို... ရှန်... ရှန် ဘာဆိုလား... အဲဒီ မိန်းကလေးကိုပါ ခေါ်ထားလောက်တယ်။ ဇယ်ချန်း သတိထားမှ ရမယ်"

သူ့စကား မဆုံးခင်မှာပင် အပြင်ဘက်မှ ဆူညံသံများ ကျယ်လောင်လာသည်။ မယားငယ်ဆိုသော အသံများကို ကြားနေရပြီး၊ ထိုအသံသည် လူတစ်ယောက်၏ နာမည်ကဲ့သို့ ဘယ်ဘက်မှ မယားငယ်၊ ညာဘက်မှ မယားငယ်ဟူ၍ ဝိုင်းခေါ်နေသံများ ထွက်ပေါ်လာသည်။

ချီကောင်းရီက သတင်းပို့လိုက်သည်။

"ကိုကြီးရှ ပြောတာ မှန်သွားပြီ။ ဟို မယားငယ်ပါ ရောက်လာပြီဟေ့"

"သွားစမ်းပါကွာ... ဘယ်သူက မယားငယ်လဲ"

တုဇယ်ချန်း ဒေါသတကြီး ထရပ်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

"ဝေယင်းကျွင်း ဆိုတဲ့ကောင်... တော်တော် အယားပြေချင်နေပြီ ထင်တယ်"

အယားပြေချင်နေသော ဝေယင်းကျွင်းသည် အသေဆိုးနှင့် သေရမည့် လမ်းကို ရွေးနေမှန်း မသိရှာ။ သူသည် ရှန်ယို့ယောင်ကို တစ်ပတ်ပတ် ကြည့်ပြီး ရန်စလိုက်သည်။

"မင်းက တုဇယ်ချန်းရဲ့ မယားငယ်ဆိုတာလား။ ကြည့်ရတာလည်း ဘာမှ မဟုတ်ပါလား။ သခင်လေးတုရဲ့ အကြိုက်တွေ ပြောင်းသွားတာများလား"

ရှန်ယို့ယောင်သည် သူ၏ ပြားကပ်ကပ် မျက်နှာနှင့် ခေါထွက်နေသော သွားများကို ကြည့်ရင်း ဒီလူ့ပါးစပ်က ဒီလိုစကား ထွက်လာတာ ရယ်စရာ ကောင်းနေသည်ဟု တွေးမိလိုက်သည်။

သို့သော် ငွေရှိလျှင် ယုံကြည်မှု ရှိတတ်ကြသည် မဟုတ်ပါလား။ ဘေးနားမှ မြှောက်ပေးသူများက ဝင်ထောက်ကြသည်။

"ဟုတ်ပါ့ဗျာ... ကြည့်ရတာ အဆင့်မမီလိုက်တာ။ မိန်းကလေးဖန်နဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေပဲ"

ရုတ်တရက် ကြည့်လိုက်လျှင် ကွာခြားသည်မှာ အမှန်ပင်။ ဖန်ရွှယ်ယင်းက သပ်ရပ်လှပသော မိတ်ကပ်၊ ပခုံးကျော်ကျော် ဆံပင်ကောက် ကောက်လေးနှင့် အဝါရောင် ပန်းပွင့်လေးများ ပါသော ဂါဝန်၊ အပေါ်မှ အဝါနုရောင် ကုတ်အင်္ကျီရှည်လေး ဝတ်ထားသည်။ ချစ်စရာ ကောင်းသလို တည်ငြိမ်ရင့်ကျက်ဟန်လည်း ပေါ်လွင်နေသည်။ မျက်ဝန်းများက နူးညံ့ပြီး သိမ်မွေ့သဖြင့် ဇနီးကောင်း ဇနီးမြတ် ပုံစံ ပေါက်နေသည်။

ရှန်ယို့ယောင်ကမူ ခန္ဓာကိုယ် လေ့ကျင့်ခန်း သင်တန်း ဆင်းနေစဉ် မန်နေဂျာ အစ်မအန်းက တုဇယ်ချန်း အရေးတကြီး ခေါ်သည်ဆို၍ ထွက်လာခဲ့ရခြင်း ဖြစ်သည်။ မျက်နှာတွင် မိတ်ကပ် မပါ၊ ဆံပင်ကို သာမန်ကာလျှံကာ ထုံးထားပြီး ကိုယ်ပေါ်တွင်လည်း လေ့ကျင့်ရေး ဝတ်စုံဖြင့်သာ ရှိနေသည်။

ဤနေရာ ရောက်မှ အစ်မအန်းက သူမကို ထပ်ရောင်းစားလိုက်ပြန်ပြီ ဆိုတာ သဘောပေါက်သွားတော့သည်။ သူမ ဖန်ရွှယ်ယင်းကို ကြည့်လိုက်သည်။ ဒီမိန်းမ ဘာလုပ်ချင်နေလဲ ဆိုတာ နားမလည်နိုင်။

ဖန်ရွှယ်ယင်းက သူမ၏ အတွေးကို ရိပ်မိသည့်အလား ပြောလိုက်သည်။

"နင် အထင်မလွဲပါနဲ့။ ငါ ဒီကမ္ဘာပေါ်မှာ မတွေ့ချင်ဆုံး လူက နင်ပဲဟာ... နင့်ကို တကူးတက လိုက်ရှာစရာလား။ သခင်လေးဝေက ဖိတ်လို့ ရောက်လာတာပါ"

တကယ်တမ်းတွင် ဖန်ရွှယ်ယင်းသည်လည်း ဝေယင်းကျွင်းကို မြင်မှ ဒီနေရာကို ခေါ်လာရခြင်း အကြောင်းရင်းကို သိလိုက်ရသည်။ သို့သော် သူမ ဂရုမစိုက်။ ဝေယင်းကျွင်းက သူမကို သုံးပြီး တုဇယ်ချန်းကို အရှက်ခွဲချင်သလို သူမကလည်း ဝေယင်းကျွင်းကို သုံးပြီး သူမ လိုချင်တာ ယူမည်။ ဒီပါတီပွဲတွင် သူဌေးသားများစွာ ရှိနေသဖြင့် အဆက်အသွယ် ကောင်းများ ရနိုင်သည်။ နောင်တစ်ချိန် ရွမ်ဟုန်လန် စီးပွားရေး လုပ်ငန်း ထူထောင်လျှင် လမ်းကြောင်း ဖြောင့်ဖြူးစေရန်နှင့် သူမကိုယ်တိုင်လည်း အထက်တန်းလွှာထဲ စောစောစီးစီး ရောက်ရှိနိုင်ရန် အထောက်အကူ ဖြစ်စေမည်။

ဒီလူတွေ သူမအပေါ် အမြင်ကောင်းအောင် လုပ်ပြဖို့ အခွင့်အရေး ရနေမှတော့ လက်လွတ်ခံစရာ မလိုဘူးလေ။

"မိန်းကလေးဖန်... ဒီမိန်းမက ခင်ဗျားနဲ့ သခင်လေးတု ကြားထဲ ဘယ်လို ဝင်ရှုပ်သွားတာလဲဗျ"

မျှော်လင့်ထားသည့်အတိုင်း စပ်စုသူများ ပေါ်လာကြသည်။

"ခင်ဗျားတို့ နှစ်ယောက် တကယ် လမ်းခွဲလိုက်ပြီလား"

ဖန်ရွှယ်ယင်းက ဝမ်းနည်းသော အပြုံးလေးဖြင့် ဖြေလိုက်သည်။

"လမ်းခွဲလိုက်ပါပြီ။ ဇယ်ချန်းကတော့ အထင်လွဲတာပါလို့ ရှင်းပြရှာပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ ခံစားရတာက မပျောက်နိုင်ဘူးလေ"

သူမ စကားကြောင့် လူအများ အထင်ကြီး လေးစားသွားကြသည်။

အမျိုးသားများက သူမကို စိတ်ထားပြတ်သားသည်ဟု မြင်ကြသည်။ သူဌေးသားများ အနေဖြင့် "ငါ့ကို ချစ်တာလား၊ ငါ့ပိုက်ဆံကို ချစ်တာလား" ဟူသော ပုစ္ဆာကို အမြဲ ဖြေရှင်းနေရသူများ ဖြစ်ရာ၊ ဖန်ရွှယ်ယင်းကဲ့သို့ ငွေကြေး အာဏာကို မမက်မောသော မိန်းကလေးကို တွေ့ရခြင်းသည် ရှားပါးသော အရာဟု ထင်မှတ်သွားကြသည်။

အမျိုးသမီးများကမူ သူမ၏ စိတ်ဓာတ် ကြံ့ခိုင်မှုကို အားကျသွားကြသည်။ သူတို့သာဆိုလျှင် ဒီလို လုပ်နိုင်မည် မဟုတ်။ ယောကျ်ားအများစု ဖောက်ပြန်တတ်တာ သဘာဝပဲလေ။ တုဇယ်ချန်းက သူမကို ချစ်နေသေးကြောင်း ဝန်ခံထားသည့်အပြင် သူ့နောက်ခံကလည်း မက်လောက်စရာ ဖြစ်နေသည် မဟုတ်လား။

"ညီမလေးရယ်... တကယ် ရက်ရောနိုင်လွန်းပါလား။ သခင်လေးတုက အထင်လွဲတာပါလို့ ပြောနေမှတော့ သူ့စိတ်ထဲမှာ မင်း ရှိနေသေးတာ သေချာတာပေါ့"

ဖန်ရွှယ်ယင်းက ခေါင်းခါလိုက်ပြီး မျက်ရည်ဝဲလျက် ပြောလိုက်သည်။

"သူက စိတ်ထင်ရာ လုပ်တတ်တဲ့ သူဌေးသားလေ။ ကျွန်မကတော့ အေးချမ်းပြီး တည်ငြိမ်တဲ့ ဘဝလေးကိုပဲ လိုချင်တာပါ။ ဒါကြောင့် ကျွန်မတို့ နှစ်ယောက် မကိုက်ညီကြပါဘူး"

ရှန်ယို့ယောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီမိန်းမ... တုဇယ်ချန်းကို နာမည်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားနေပါလား။

ဝေယင်းကျွင်းကမူ ပျော်ရွှင်နေသည်။

"အခုခေတ်မှာ ခင်ဗျားလို ရိုးသားဖြောင့်မတ်တဲ့ မိန်းကလေး ရှားပါပြီဗျာ။ အများစုကတော့ ဒီလို မိန်းမမျိုးတွေချည်းပဲ..."

သူက ရှန်ယို့ယောင်ဘက် လှည့်ကာ ရင်သားနှင့် တင်ပါးကို ရိုင်းပျစွာ ကြည့်ရှုပြီး မေးလိုက်သည်။

"သခင်လေးတု သဘောကျလောက်အောင် မင်းမှာ ဘာအစွမ်းတွေ ရှိနေလဲ... ပြောပြစမ်းပါ။ မင်း သူ့ကို ဘယ်လို ဖမ်းစားခဲ့လဲ ဆိုတာ သေချာ ပြောပြရင် ငါ မင်းကို ၁၀ သိန်း ပေးမယ်... ဘယ်လိုလဲ"

ပြောရင်းဆိုရင်း ရှန်ယို့ယောင်၏ မေးစေ့ကို လှမ်းကိုင်လိုက်သည်။ သူမကို စော်ကားခြင်းသည် တုဇယ်ချန်းကို စော်ကားခြင်းဟု မှတ်ယူထားပုံရသည်။

သို့သော် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်သွားသည်။ အခန်းထဲ ဝင်လာကတည်းက သိုးငယ်လေးလို ငြိမ်ကုပ်နေသော ရှန်ယို့ယောင်က ရုတ်တရက် လှုပ်ရှားလိုက်ပြီး ဝေယင်းကျွင်း၏ လက်ကောက်ဝတ်ကို ဖမ်းလိမ်လိုက်ရာ အ့ခနဲ အော်သံ ထွက်ပေါ်လာသည်။

လူများ အံ့အားသင့်သွားကြသည်။ သွားရောက် မကူညီနိုင်ခင်မှာပင် ရှန်ယို့ယောင်က သူ့လက်ကို တွန်းထုတ်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ သတိပေးလိုက်သည်။

"ရှင် ယဉ်ကျေးမှု ရှိရှိနေ"

ဝေယင်းကျွင်းသည် နာသွားလို့လား၊ သူမ၏ အကြည့်ကြောင့်လား မသိ၊ လက်ကောက်ဝတ်ကို ကိုင်လျက် ကြောင်ငေးနေမိသည်။

အခြေအနေကို စောင့်ကြည့်နေသော ချီကောင်းရီက လေချွန်လိုက်သည်။

"ဒီကောင်မလေးက ကြည့်တော့သာ ပျော့နွဲ့နွဲ့လေး။ တကယ်တမ်းကျတော့ မာသားပဲဟ"

ရှန်ယို့ယောင် အနိုင်မခံမှန်း သိလိုက်သဖြင့် တုဇယ်ချန်းသည် စိတ်ချသွားပြီး ကျူးယန်လင်ထံမှ Weibo Password တောင်းနေသည့် အလုပ်ကို ဆက်လုပ်နေလိုက်သည်။

ရှန်ယို့ယောင်သည် ဝေယင်းကျွင်းကို ဆက်မကြည့်တော့ဘဲ ဖန်ရွှယ်ယင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေးဖန်... ရှင် အထက်တန်းလွှာထဲ ရောက်ချင်တာ အပြစ်မရှိပါဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့ လူတွေကို နင်းပြီး တက်ဖို့ ကြိုးစားတာကတော့ လွန်လွန်းတယ်"

သူမသည် ဘေးပတ်ဝန်းကျင်မှ အထင်သေးသော မျက်လုံးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆက်ပြောသည်။

"အခု ရှင့်ကြောင့် ကျွန်မ အများကြီး ဒုက္ခရောက်နေရပြီ"

"နင် ဘာတွေ ပြောနေတာလဲ ငါ နားမလည်ဘူး"

ဖန်ရွှယ်ယင်းက ရယ်ချင်ဟန် ဆောင်ပြီး ပြောလိုက်သည်။

"ငါက အထက်တန်းလွှာ ရောက်ချင်တယ် ဟုတ်လား။ ငါသာ အဲဒီလို ဆန္ဒရှိရင် ဇယ်ချန်းနဲ့ တွဲနေလိုက်ရုံနဲ့ ရနေတာပဲ။ ဘာကိစ္စ ဒီလို နည်းလမ်းတွေ သုံးနေရမှာလဲ"

"အဲဒါ ရှင်က လောဘကြီးလို့လေ"

ရှန်ယို့ယောင်က ပြန်ပက်လိုက်သည်။

"ရှင်က အချစ်ကိုရော၊ ဂုဏ်သိက္ခာနဲ့ နေရာကိုပါ လိုချင်နေတာကိုး။ ကျွန်မ ဒီနေရာမှာ ပြောထားလိုက်မယ်။ တကယ်လို့များ ရှင်က ရွမ်ဟုန်လန် ဆိုတဲ့လူနဲ့ လက်မထပ်ဘူး ဆိုရင်... ဒီမယားငယ် ဆိုတဲ့ ခေါင်းစဉ်ကို ကျွန်မ ခံယူလိုက်မယ်"

ဖန်ရွှယ်ယင်း မျက်နှာပျက်သွားသည်။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ"

"ကျွန်မ ဘာပြောလဲ ရှင် အသိဆုံးပါ။ ရှင် တကယ်ချစ်တာ ရွမ်ဟုန်လန်၊ လက်ထပ်ဖို့ ပြင်ဆင်ထားတာလည်း ရွမ်ဟုန်လန်ပဲ။ ဒီပါတီပွဲကို လာပြီး သူဌေးသားတွေနဲ့ မိတ်ဖွဲ့တာကလည်း ရွမ်ဟုန်လန်ရဲ့ စီးပွားရေး လမ်းကြောင်းအတွက် ကြိုတင် ပြင်ဆင်နေတာ မဟုတ်လား"

ရှန်ယို့ယောင်က ဖိပြောလိုက်သည်။

"ရှင်က ဆင်းရဲသား ကောင်လေးတစ်ယောက်ကို ချစ်မိသွားတယ်။ ဒါပေမဲ့ သူက ရှင့်ကို ဘာမှ မကူညီနိုင်ဘူး။ ဒါကြောင့် ရှင် မကျေနပ်နိုင်ဘဲ သခင်လေးတုကို နင်းပြီး ရှင့်အနာဂတ်အတွက် အရင်းအနှီး ရှာနေတာ မဟုတ်လား"

ဘုရားရေ... သတင်းကြီးပဲ။ ရှန်ယို့ယောင် ပြောတာသာ မှန်ရင် ဖန်ရွှယ်ယင်း ဆိုတဲ့ မိန်းမက တော်တော် ကြောက်စရာ ကောင်းတာပဲ။

ပရိသတ်များ တွေဝေသွားသည်ကို မြင်သောအခါ ဖန်ရွှယ်ယင်းက အေးစက်စွာ ရယ်မောလိုက်သည်။

"တော်စမ်းပါ... နင့်ဘာသာ ဇယ်ချန်းကို မြှူဆွယ်ပြီးမှ အခုကျတော့ မအောင်မြင်ဘဲ ဒုက္ခရောက်မှ ငါ့ကို ပုံချချင်နေတာလား။ ဒီလူတွေက အရူးတွေ မှတ်နေသလား"

"ဟုတ်သားပဲ... ဖာသည်မကများ အပျိုစင် လုပ်ချင်နေသေးတယ်"

ဝေယင်းကျွင်း သတိပြန်ဝင်လာပြီး မကျေမနပ် ဝင်ပြောသည်။ တုဇယ်ချန်း ကောင်းစားမှာကို သူ မလိုလားပေ။

"ဒါ နင့်ရဲ့ ဟို ရှုတင်အစုတ် လို့ ထင်နေသလား။ တုဇယ်ချန်း ရှိနေလို့ ထင်တိုင်း ကြဲလို့ရမယ် ထင်နေလား။ ဒီနေ့ တုဇယ်ချန်းက နင့်အတွက် ရှေ့ထွက်ရဲမလား ငါ ကြည့်ချင်သေးတယ်။ လုံခြုံရေးတွေ ခေါ်လိုက်စမ်း"

ထို့နောက် အသံကုန် အော်ဟစ်လိုက်သည်။

"ဟေ့... သခင်လေးတုရေ... ခင်ဗျား ဖောက်ပြန်ထားတဲ့ မယားငယ် ရောက်နေပြီဗျ။ ကျွန်တော် ကူပြီး ဆုံးမပေးရမလား"

"ဝေယင်းကျွင်း... ဝေယင်းကျွင်း"

တုဇယ်ချန်းက ဖုန်းကို ပွတ်ရင်း လျှောက်လာသည်။

"မင်းအဖေက နာမည်ပေးတုန်းက ရုပ်ချောဖို့ (ယင်းကျွင်း= ခံ့ညားခြင်း)မျှော်လင့်မဲ့အစား ဉာဏ်ကောင်းဖို့ ဆုတောင်းပေးခဲ့သင့်တာကွ။ မဟုတ်ရင် အမြင်အာရုံ ညစ်ညမ်းစေရုံတင် မကဘူး၊ လူသားတွေရဲ့ ပျမ်းမျှ ဉာဏ်ရည်ကိုပါ ဆွဲချနေသလို ဖြစ်နေပြီ"

ဝေယင်းကျွင်း အံကြိတ်လိုက်သည်။

"သခင်လေးတုကတော့ ရုပ်ချောပြီး ဉာဏ်ကောင်းပါရဲ့။ ဒါပေမဲ့ အကျင့်ပျက်ပြီး တိရစ္ဆာန်စိတ် ပေါက်နေတာ ဆိုးတာပေါ့"

တုဇယ်ချန်း ရောက်နေမှန်း အခုမှ သိသယောင် ဖန်ရွှယ်ယင်းက အံ့သြဟန် ပြလိုက်ပြီး ချက်ချင်းပင် ဝမ်းနည်းကြေကွဲဟန် ပြောင်းလိုက်သည်။

"ဇယ်ချန်း..."

တုဇယ်ချန်း ရွံရှာလွန်း၍ ပျို့ချင်သွားသည်။ ဝေယင်းကျွင်းကိုတောင် ပြန်မပြောနိုင်တော့။

"ဟန်ဆောင်နေတာ ရပ်လိုက်စမ်းပါဟာ... ငါနဲ့ မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး"

လူတွေ ထင်ထားသည့် ပုံစံနှင့် ကွာခြားလွန်းလှသည်။

ထို့နောက် ရှန်ယို့ယောင် ရှိရာသို့ လျှောက်သွားပြီး လူအများ အံ့သြနေစဉ်မှာပင် သူမ ပခုံးကို လက်ဖြင့် သိုင်းဖက်လိုက်သည်။ ဖန်ရွှယ်ယင်းကို ကြည့်ပြီး မေးလိုက်သည်။

"ဘယ်သူက မယားငယ်လဲ"

တစ်ချိန်တည်းမှာပင် လက်တစ်ဖက်က ဖုန်းမှ Send ခလုတ်ကို နှိပ်လိုက်သည်။

"ဒီသခင်လေးက ဦးလေးဝမ် မျက်နှာကို ထောက်ပြီး မင်းနဲ့ တွဲသလိုလို နေပေးလိုက်တာကို အဟုတ်မှတ်ပြီး ခေါင်းပေါ် တက်ချင်နေတာလား။ ငါ့ချစ်သူ ဖြစ်ချင်တယ် ဟုတ်လား။ မင်းလို ရွံစရာကောင်းတဲ့ မိန်းမမျိုးက အရည်အချင်း မီလို့လား"

သူ ပြောလိုက်သော ဦးလေးဝမ် ဆိုသည်မှာ ရာစုသစ် ကုမ္ပဏီ ဥက္ကဋ္ဌ ဝမ်ကျွင်းဟောင် ဖြစ်သည်။

ဖန်ရွှယ်ယင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ ဖုန်းကို အမြန် ဖွင့်ကြည့်လိုက်သည်။

တုဇယ်ချန်း၏ လှုပ်ရှားမှုက သိသာလွန်းသဖြင့် ဘေးလူများလည်း ဖုန်းကို ထုတ်ကြည့်ကြသည်။ ချီကောင်းရီက ဝိုးခနဲ အော်လိုက်သည်။

"ဇယ်ချန်း... မင်း တကယ် မိုက်တယ်ကွာ"

လက်ထပ်စာချုပ် တင်လိုက်တာလား။

လွန်ခဲ့သော ၁၀ စက္ကန့်က တုဇယ်ချန်း Weibo တွင် တင်လိုက်သည်မှာ ဤသို့ဖြစ်သည်။

[ဘယ်သူ့ကို မယားငယ်လို့ ပြောနေတာလဲ။ ဒါ ငါ့ရဲ့ တရားဝင် ဇနီးသည်ကွ။ အတင်းအကျပ် တွဲခိုင်းလို့ ဟန်ဆောင်ပေးလိုက်ရတာကို အော့နှလုံးနာလှပြီ။ တချို့လူတွေ အတိုင်းအတာ သိကြပါ]

အောက်တွင် လက်ထပ်စာချုပ် ဓာတ်ပုံကို တွဲတင်ထားသည်။ ကိုယ်ရေးအချက်အလက် အချို့ကို ဖုံးအုပ်ထားသော်လည်း တုဇယ်ချန်းနှင့် ရှန်ယို့ယောင်၏ ဓာတ်ပုံနှင့် နာမည်က ထင်ရှားစွာ ပါဝင်နေသည်။

လက်ရှိအချိန်တွင် ဒီသတင်းက ရေပန်းစားနေပြီး တုဇယ်ချန်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြသဖြင့် ဤပို့စ် တက်လာသည်နှင့် ရေနွေးအိုးထဲ ရေအေး လောင်းထည့်လိုက်သလို ပွက်ပွက်ဆူသွားတော့သည်။

မိနစ်ပိုင်းအတွင်း ကွန်းမန့်ပေါင်း ထောင်ချီ တက်လာပြီး သတင်းဌာနများကလည်း ချက်ချင်း ပြန်လည် မျှဝေကြသည်။

[တုဇယ်ချန်း ရှင်းချက်ထုတ်ပြီ။ အတင်းအကျပ် တွဲခိုင်းခံရခြင်းလား။ ဖောက်ပြန်မှု ဇာတ်လမ်း ပြောင်းပြန်လှန်ပြီ]

[ပြောင်းပြန်လှန်သွားပြီတဲ့... ဘုရားရေ။ ငါ့ကောင်လေးက နည်းပညာ ကျွမ်းကျင်တယ်၊ စစ်ခိုင်းလိုက်တော့ ဓာတ်ပုံက အစစ်တဲ့ဟေ့]

[သခင်လေးတုကိုတောင် အတင်းအကျပ် တွဲခိုင်းလို့ ရတယ်ဆိုတော့ ဖန်ရွှယ်ယင်းက ဘယ်လို လူကြီးမျိုးကို အားကိုးထားတာလဲ]

[အဘိုးကြီး တစ်ယောက်ယောက်ကိုများ မြှူဆွယ်ထားတာလား မသိဘူး]

[ငါ့သခင်လေးက အဲဒီလိုလူ မဟုတ်ပါဘူးလို့ ငါပြောသားပဲ... အခုတော့ မျက်နှာတွေ ဖြန်းခနဲ ရိုက်ခံလိုက်ရပြီ မဟုတ်လား]

[အတင်းအကျပ် တွဲခိုင်းခံရတယ် ဆိုလို့ ဝမ်းသာမလို့ ရှိသေး... လက်ထပ်စာချုပ် မြင်ပြီး ငါ သေချင်သွားပြီ]

...

[သောက်ကျိုးနည်း... ကိုယ်ကျိုးရှာပြီး နာမည်ကြီးချင်တာနဲ့ သူများတွေကို နင်းချေရဲတယ်ပေါ့။ ဖန်ရွှယ်ယင်းက ရွံစရာ ကောင်းလိုက်တာ]

[အား... ငါကတော့ ကြောင်သူတော်မလေးရဲ့ ဓားစာခံ ဖြစ်သွားပြီ။ ငါ သူ့ကို တစ်သက်လုံး မုန်းသွားတော့မယ်။ နောက်ဆို သူ့ဇာတ်ကား မှန်သမျှ သပိတ်မှောက်မယ်]

...

အစပျိုးရုံသာ ရှိသေးသော်လည်း ဖန်ရွှယ်ယင်း ဖိအားကို ခံစားနေရပြီ။ နောက်ရက်များတွင် တုဇယ်ချန်းနှင့် ရှန်ယို့ယောင် ခံစားခဲ့ရသော ဒုက္ခများ သူမထံသို့ အဆပေါင်းများစွာ ပြန်ရောက်လာတော့မည်။

ဖန်ရွှယ်ယင်းက တုဇယ်ချန်းကို မော့ကြည့်လိုက်သည်။ မျက်လုံးများ နီရဲနေသည်။

"ရှင် ကောလာဟလ ဖြန့်နေတာ"

သူနှင့် ရှန်ယို့ယောင် လက်ထပ်ဖြစ်သွားခြင်းမှာ သူမ၏ ဆွပေးမှုကြောင့် ဆိုတာ သူမ အသိဆုံးပင်။

"ငါက ကောလာဟလ ဖြန့်တယ် ဟုတ်လား"

တုဇယ်ချန်းက အေးစက်စွာ ပြုံးလိုက်သည်။ သူများကို နာမည်ဖျက်ရတာ ဘယ်လောက် လွယ်သလဲ။

"ဒါဆို မင်းရဲ့ ကောင်လေးအကြောင်းကို ဒီမှာ ရှိတဲ့လူတွေကို ရှင်းပြလိုက်ပါလား။ ဒါမှမဟုတ် ဒီမှာ ရှိတဲ့ လူအားလုံးကို သက်သေထားပြီး မင်း ရွမ်ဟုန်လန် ဆိုတဲ့ကောင်နဲ့ လုံးဝ လက်မထပ်ပါဘူးလို့ ကျိန်ဆိုရဲလား"

ဖန်ရွှယ်ယင်း တောင့်ခဲသွားသည်။ သူမသည် ရွမ်ဟုန်လန်နှင့် မဖြစ်မနေ လက်ထပ်ရမည်။ ယခု သူတို့နှစ်ယောက် အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ရာ ဒီကိစ္စကြောင့် အပျက်စီးမခံနိုင်။

"ဒါမှမဟုတ်..."

တုဇယ်ချန်းက သူမ နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်း ငါ့ကို လိမ်လည်ပြီး လက်ထပ်ဖို့ ကြိုးစားခဲ့ပါတယ် ဆိုပြီး ငါ တရားစွဲလိုက်ရမလား"

ဖန်ရွှယ်ယင်း မျက်နှာ ဖြူစက္ကူ ဖြစ်သွားသည်။ သူမ နားလည်လိုက်ပြီ။ သူမ ကြံစည်ခဲ့သမျှကို သူ သိသွားပြီပဲ။

ဝေယင်းကျွင်းသည် သူမ မျက်နှာပျက်နေသည်ကို မြင်တော့ တုဇယ်ချန်းကို ရန်တွေ့လိုက်သည်။

"ဘာစကားမို့လို့ တိုးတိုးတိတ်တိတ် ပြောနေတာလဲ။ ခြိမ်းခြောက်နေတာလား။ မိန်းကလေးဖန်... မကြောက်ပါနဲ့။ သူ ဘာပြောလဲ ဆိုတာ ထုတ်ပြောလိုက်။ ကျွန်တော် ရှင်းပေးမယ်"

တုဇယ်ချန်းသည် အရင်လိုပင် သူ့ကို လျစ်လျူရှုထားရန် ပြင်လိုက်သော်လည်း ဖုန်းမြည်လာသဖြင့် ကြည့်လိုက်သည်။ ကျူးယန်လင် ဖြစ်နေသည်။ ဖုန်းကို ရှန်ယို့ယောင်ထံ ပစ်ပေးလိုက်ပြီး လက်သီးကို ဆုပ်ကာ ဝေယင်းကျွင်းဘက် လှည့်လိုက်သည်။

"မင်း စကားမပြောရင် ငါ မင်းကို မေ့နေမလို့။ စောစောက ငါ့မိန်းမကို မင်း ဘာပြောလိုက်တယ်... ဟေ"

စကားဆုံးသည်နှင့် ခြေထောက်ဖြင့် ပစ်ကန်လိုက်တော့သည်။

သူ ရုတ်တရက် ထိုးကြိတ်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြသဖြင့် လန့်ဖျပ်သွားကြသည်။ ဝေယင်းကျွင်းလည်း အသတိဝင်လာပြီး အငြိုးဖြင့် ပြန်လည် တိုက်ခိုက်လေတော့သည်။

ရှန်ယို့ယောင်သည် ရှေ့မှ ဝရုန်းသုန်းကား အခြေအနေကို တစ်ချက်ကြည့်လိုက်၊ ဖုန်းပေါ်တွင် လင်းလက်နေသော ဝက်ကလေး ကျူဆိုသည့် နာမည်ကို ငုံ့ကြည့်လိုက်နှင့် ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။

ဒီသခင်လေးတုက ပြဿနာခဏခဏ ရှာတတ်ပေမဲ့ ချစ်ဖို့တော့ ကောင်းသားပဲ။