Ch 9
Viewers 69

အခန်း (၉)

"မင်း ဘယ်တုန်းက လက်မှတ်ထိုးလိုက်တာလဲ... ဟမ်။ ငါ့ကို တစ်ခါလောက် စိတ်အေးလက်အေး နေခွင့် ပေးလို့ မရဘူးလားကွာ... ငါ့ရဲ့ ဘိုးဘေးရာ"

ကျူးယန်လင်၏ အသံသည် ဒေါသကြောင့် တုန်ရီနေသည်။

တုဇယ်ချန်းသည် ဆိုဖာထောင့်မှ ရှန်ယို့ယောင်၏ ဘေးသို့ တိုးကပ်သွားပြီး သူမ၏ ငြိမ်ကုပ်နေသော ပုံစံလေးကို အတုခိုးလျက် ကျူးယန်လင်၏ ဒေါသကို လျှော့ချရန် ကြိုးစားနေသည်။

သို့သော် ဒီတစ်ခါ သူကျူးလွန်သော အပြစ်က ကြီးလွန်းလှသည်။ ကျူးယန်လင်၏ ဒေါသတမံကျိုးသွားပြီ ဖြစ်ရာ ကယ်တင်ရန် နည်းလမ်း မရှိတော့။

"မင်း အရင်က တွဲခဲ့တာကို ငြင်းပြီး ဖန်ရွှယ်ယင်းက ရွမ်ဟုန်လန်နဲ့ ကြိတ်ပုန်းခုတ်နေတာ ကြာပြီဆိုတာကို ချပြလိုက်ရုံနဲ့ သူ လုပ်ကြံတာပါ ဆိုတာ သက်သေပြလို့ ရနေပြီလေကွာ... ဘာကိစ္စ လက်ထပ်စာချုပ်ကြီး တင်လိုက်ရတာလဲ"

ကျူးယန်လင်သည် သူ့နဖူးသူ ပြန်ဖိနှိပ်လိုက်ရင်း စိတ်ပျက်လက်ပျက် မေးလိုက်သည်။

"ပြောစမ်း... ဘယ်တုန်းက လက်မှတ်ထိုးလိုက်တာလဲ"

တုဇယ်ချန်းက တိုးတိုးလေး ဖြေရှာသည်။

"ဖန်ရွှယ်ယင်းနဲ့ ကွာရှင်းတဲ့ နေ့ကလေ..."

ကျူးယန်လင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှောင်းမင်ကျန့်ဘက် လှည့်ကာ အော်ဟစ်လိုက်သည်။

"မင်းက သူ့ဘေးနား နေ့တိုင်း ရှိနေတာလေ... သူ လုပ်ချင်ရာ လုပ်နေတာကို ဒီတိုင်း ကြည့်နေတာလား"

ရှောင်းမင်ကျန့်မှာ စစ်မီးက သူ့ဘက် ကူးလာမည် မထင်သဖြင့် လန့်ဖျပ်သွားသည်။ ထို့နောက် သူ့သခင်ကို ချက်ချင်း သစ္စာဖောက်လိုက်သည်။

"သူက ရှန်ယို့ယောင်ကို ဆွဲခေါ်သွားတယ် ကြားတာနဲ့ ကျွန်တော် ချက်ချင်း လိုက်သွားတာပဲ။ ဒါပေမဲ့ သူက ဖုန်းမကိုင်ဘူးလေ... ဘယ် မြို့နယ်ရုံး သွားမှန်းမှ မသိတာ"

ကျူးယန်လင်သည် ဒေါသထွက်လွန်း၍ နှလုံးရောဂါ ရတော့မည့်အလား ဖြစ်နေသည်။

"မင်း သိလား... တကယ်လို့ ဖန်ရွှယ်ယင်းက မင်းတို့ လက်ထပ်ပြီး ကွာရှင်းခဲ့တဲ့ အကြောင်းကို ဖွင့်ချလိုက်ရင်... နေဦး... အဲဒါတောင် မလိုဘူး၊ မင်းတို့ လက်ထပ်ခဲ့တဲ့ ရက်စွဲကို ချပြလိုက်ရုံနဲ့ အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်တယ်"

တုဇယ်ချန်းက ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်သည်။

"သူ မလုပ်ရဲပါဘူး။ အဲဒါက သူ လိမ်လည် လက်ထပ်ခဲ့တဲ့ သက်သေလေ။ သူသာ ဖွင့်ချရဲရင် ထောင်ကျအောင် ငါ လုပ်လိုက်မှာပေါ့။ ငါ့ဆီက ပိုက်ဆံ သန်းချီ လိမ်ယူသွားတာ... နေပါဦး... အဲဒီ ပိုက်ဆံတွေ ငါ ပြန်တောင်းဦးမှ"

ပြောရင်းဆိုရင်း ဖုန်းကို ငုံ့ကြည့်ကာ ဖန်ရွှယ်ယင်းထံ မက်ဆေ့ပို့ရန် ပြင်လိုက်သည်။

ရှောင်းမင်ကျန့်က ဝင်ထောက်ပေးလိုက်သည်။

"ပြီးတော့ သူနဲ့ ရွမ်ဟုန်လန် ဆက်ဆံရေးကို ကြည့်ရတာ သူ အရင်က အိမ်ထောင်ကျဖူးတယ် ဆိုတာကို ရွမ်ဟုန်လန် သိမှာ မလိုလားဘူး ထင်တယ်။ တုဇယ်ချန်းနဲ့ တွဲတာတောင် ကောလာဟလပါလို့ပဲ ငြင်းနေတာလေ။ သူ ရွမ်ဟုန်လန်နဲ့ လက်ထပ်ချင်တယ် ဆိုရင် ကိုယ့်အောက်ဖဲ ကိုယ်လှန်မဲ့ပုံ မပေါ်ပါဘူး"

"လူ့စိတ်ဆိုတာ ပြောရခက်ပါတယ်ကွာ"

ကျူးယန်လင် စိတ်ပျက်စွာ ပြောလိုက်သည်။

"ဒါက အချိန်ကိုက်ဗုံး တစ်လုံးလိုပဲ။ တကယ်လို့ သူ အကျပ်အတည်း ဆိုက်သွားရင် ထမင်းအိုး ကွဲရင်ကွဲပါစေ ဆိုပြီး လုပ်ချင်လုပ်မှာ"

ငြိမ်နေသော ရှန်ယို့ယောင်က ဝင်ပြောလိုက်သည်။

"ဒီရက်ပိုင်း ဖန်ရွှယ်ယင်းကို သေချာ စောင့်ကြည့်ထားသင့်တယ်။ ဒီတစ်ခါ သူ အရှိုက်ထိသွားတော့ နောက်ထပ် အကွက်တွေ ထုတ်လာနိုင်တယ်"

အတူတူ ဖြတ်သန်းပြီးနောက် တုဇယ်ချန်း ဒုက္ခရောက်မှာကို သူမ လက်ပိုက်ကြည့်မနေနိုင်တော့။

"ဘာအကွက် ရှိဦးမှာလဲ"

တုဇယ်ချန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"သူက သွားပါပြီကွ"

ကျူးယန်လင်က သူ့ပုံစံကို ကြည့်မရတော့။

"သူ သွားတာ မသွားတာ အသာထား... မင်းကတော့ သွားပြီ။ ကဲ... ပြောစမ်း၊ ဒီကိစ္စကို ဘယ်လို ရှင်းမလဲ"

"လက်ထပ်စာချုပ်ကို လူသိရှင်ကြား ချပြလိုက်ပြီ ဆိုတော့... ရှန်ယို့ယောင်နဲ့ တစ်သက်လုံး ပေါင်းဖို့ စိတ်ကူး ရှိရဲ့လား"

တုဇယ်ချန်း စဉ်းစားလိုက်သည်။ ရှန်ယို့ယောင်က စိတ်သဘောထား ကောင်းမွန်သည်။

"မဖြစ်နိုင်စရာ မရှိပါဘူး"

သူ အမှန်အတိုင်း ပြောနေမှန်း ကျူးယန်လင် သိသည်။ အမှန်အတိုင်း ပြောမှန်း သိရလို့ ပိုဒေါသထွက်ရသည်။

"မင်းကတော့ ဖြစ်တာပေါ့... ဟိုဘက်က မိန်းကလေးကိုရော မေးပြီးပြီလား။ သူက မင်းနဲ့ လက်ထပ်ချင်ပါ့မလား"

"သူက ဘာလို့ လက်မထပ်ချင်ရမှာလဲ"

တုဇယ်ချန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ ရှန်ယို့ယောင်ဘက် လှည့်ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။

"ကြည့်ပါဦး... သူ ရှက်နေတာ... ဟားဟား"

ရှန်ယို့ယောင် မျက်နှာ ရဲတက်သွားသည်။ အရင်ဘဝတုန်းက သူမသည် အလုပ်သဘောအရသော်လည်းကောင်း၊ စကားနည်းသောကြောင့်သော်လည်းကောင်း ဆန့်ကျင်ဘက် လိင်များနှင့် ရေစက်မပါခဲ့။ ဖခင်ဖြစ်သူ စိတ်ပူရလောက်အောင် အချစ်ရေး ကံခေခဲ့သည်။ ယခု တုဇယ်ချန်းက သူမကို လက်ထပ်ဖို့ ဝန်မလေးကြောင်း ပြောလာတော့ ရင်ခုန်မိသည်မှာ အမှန်ပင်။ သူက ကိုယ့်စိတ်ကို အတင်းအကျပ် မခိုင်းစေတတ်မှန်း သူမ သိထားသည်။

တုဇယ်ချန်းက သူမ ရှက်နေသည်ကို မြင်တော့ ပိုစချင်လာသည်။

"မင်း လက်ထပ်ချင်တယ် မလား"

သူ တမင် စနေမှန်း သိတော့ ရှန်ယို့ယောင် မျက်စောင်းထိုးပြီး ပြန်ပြောလိုက်သည်။

"မထပ်ချင်ပါဘူး"

အသံလေးက တိုးတိုးလေး။

"ဟောဗျာ... မင်းက စိတ်ဆိုးတတ်သေးတာပဲ"

တုဇယ်ချန်း အံ့သြသွားသည်။

ကျူးယန်လင်ကတော့ ဒေါသထွက်လွန်း၍ သွေးအန်ချင်နေပြီ။

"သူက လက်ခံတယ်ပဲ ထားဦး... မင်းအမေကို ဘယ်လို ရှင်းပြမှာလဲ"

ထိုအကြောင်း ကြားသည်နှင့် တုဇယ်ချန်း ငြိမ်ကျသွားသည်။ ကျူးယန်လင်က ဆက်ပြောသည်။

"ဒီကိစ္စကို မင်း သေချာ စဉ်းစားထား။ မင်းအမေ လက်ခံအောင် မင်းဘာသာ ပြော။ အနုပညာလောကမှာ ဆက်နေချင်သေးရင် ဒီတစ်နှစ် နှစ်နှစ်အတွင်း ကွာရှင်းဖို့ မစဉ်းစားနဲ့တော့... ကြားလား"

ထို့နောက် ရှန်ယို့ယောင်ဘက် လှည့်ကာ မေးလိုက်သည်။

"ယို့ယောင်... ဒီလို ခေါ်လို့ ရတယ်မလား။ မင်းမှာ ရည်းစား ရှိလား။ ဒီကိစ္စကို သတိထားပြီး ကိုင်တွယ်မှ ရမယ်။ နည်းနည်းလေး လွဲတာနဲ့ မင်းတို့ နှစ်ယောက်လုံး ဒုက္ခရောက်သွားမယ်"

တုဇယ်ချန်းက မျက်လုံးအဝိုင်းသားနှင့် စိတ်ဝင်တစား စောင့်နားထောင်နေသည်။ ရှန်ယို့ယောင် ခေါင်းခါလိုက်သည်။

"မရှိပါဘူး... ကျွန်မ သတိထားပါ့မယ်"

တုဇယ်ချန်းက ဘာရယ်မှန်း မသိဘဲ တစ်ယောက်တည်း ကျေနပ်ကာ ရယ်မောနေပြန်သည်။

ကျူးယန်လင် သူ့ကို မမြင်ချင်ယောင် ဆောင်လိုက်သည်။ သို့သော် စိတ်တော့ မချ။ တစ်ယောက်က စိတ်ထင်ရာ လုပ်တတ်သော သခင်လေး၊ တစ်ယောက်က အနုပညာလောက အကြောင်း ဘာမှမသိသော ကလေးမလေး။ အမှားအယွင်း ဖြစ်ဖို့ လွယ်ကူလွန်းသည်။

"ဒီနေ့ကစပြီး... ယို့ယောင်... အဆောင်မှာ မနေနဲ့တော့။ တုဇယ်ချန်း အိမ်မှာ သွားနေလိုက်"

ရှန်ယို့ယောင်က ကြောင်သွားသည်။ သူစိမ်းယောကျ်ားတစ်ယောက်နဲ့ အတူနေရမယ်တဲ့လား။

"စိတ်မပူပါနဲ့... အိမ်ခန်းငှားဖော်လို သဘောထားလိုက်။ မင်းအတွက် ကာကွယ်ရေး ပစ္စည်းတွေ ငါ စီစဉ်ပေးမယ်"

"ခင်ဗျား ဘာသဘောလဲ"

တုဇယ်ချန်း ဒေါသထွက်သွားသည်။

"ကျွန်တော်က အဲဒီလို လူစားမျိုးလား"

ကျူးယန်လင် သူ့ကို ဂရုမစိုက်။

"ကြာကြာ နေရမှာ မဟုတ်ပါဘူး။ မင်းရဲ့ မန်နေဂျာကို ငါ လွှဲယူလိုက်မယ်။ ပြီးရင် ဇာတ်ကားသစ် ရိုက်ဖို့ စီစဉ်ပေးမယ်။ အဲဒီကျရင် ရှုတင်မှာပဲ အနေများသွားလိမ့်မယ်... အဆင်ပြေလား"

"ပြေပါတယ်"

ရှန်ယို့ယောင် မျက်လုံးများ အရောင်တောက်သွားသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကျူး"

ကျူးယန်လင် ရွေးပေးမည့် ဇာတ်ညွှန်းက အဆိုးဖြစ်နိုင်စရာ အကြောင်းမရှိ။

ရှန်ယို့ယောင်၏ ရိုးသားမှုကို မြင်တော့ ကျူးယန်လင် ဒေါသ အနည်းငယ် ပြေသွားသည်။ တုဇယ်ချန်း လုပ်လိုက်သော အကွက်ကြောင့် အန္တရာယ် ရှိသည် ဆိုသော်လည်း ရှန်ယို့ယောင်က လိမ္မာသဖြင့် တော်သေးသည်။ မဟုတ်လျှင် ခေါင်းကိုက်စရာ ပိုများလာနိုင်သည်။

ယခုတော့ ဘာမှ ပြောမနေတော့ဘဲ ဖြစ်လာသမျှ ရှင်းရုံသာ ရှိတော့သည်။

"ကဲ... မင်းတို့နှစ်ယောက် ထွက်သွားတော့။ မင်ကျန့် နေခဲ့ဦး"

တုဇယ်ချန်းသည် ရှန်ယို့ယောင်ကို ဆွဲကာ အမြန်ဆုံး ထွက်ပြေးလေတော့သည်။

ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် သင်တန်းဆင်းလာသော လူသစ်တန်းနှင့် ပက်ပင်းတိုးမိသည်။ သူတို့လည်း Hot Search ကို မြင်ပြီးကြပြီ ဖြစ်၍ ရှန်ယို့ယောင်ကို ကြည့်ရတာ အနေရခက်နေကြသည်။

အချို့က ရှန်ယို့ယောင်ကို စကားလာပြောချင်ကြသည်။ ရက်ပိုင်းအတွင်း အတူနေခဲ့ဖူးသဖြင့် သူမသည် သဘောထားကြီးမှန်း သိကြသည်။ သူတို့ အထင်လွဲခဲ့တာကို ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်ပေးလိမ့်မည်။

သို့သော် ရှန်ယို့ယောင်က မျက်လွှာချကာ သူတို့ကို လျစ်လျူရှုလိုက်သည်။ မျက်နှာလိုမျက်နှာရ လူတန်းစားများကို သူမ မနှစ်သက်သလို မိတ်ဆွေဖွဲ့ဖို့လည်း မလိုအပ်။

"ရှန်..."

အချောဆုံး ကောင်မလေးက စကားစလိုက်စဉ် တုဇယ်ချန်းက ဖြတ်ပြောလိုက်သည်။

သူသည် ရှန်ယို့ယောင် ပခုံးကို ဖက်လိုက်ပြီး ချစ်စနိုး ဟန်ဆောင်ကာ ညည်းတွားလိုက်သည်။

"ဒါတွေအကုန် မင်းကြောင့် ဖြစ်ရတာ... ဘာကိစ္စ လူသိမခံဘဲ တိတ်တိတ်လေး နေချင်ရတာလဲ။ အခုတော့ ကြည့်... လူတွေက အခွင့်ကောင်းယူပြီး ကစားသွားကြပြီ။ မဆိုင်တဲ့ လူတွေကပါ ရောယောင်ပြီး ဒုက္ခပေးကြသေးတယ်"

"ဒါပေမဲ့လည်း ကောင်းပါတယ်လေ... ရှေးလူကြီးတွေ ပြောသလို ဒုက္ခရောက်မှ မိတ်ဆွေစစ်ကို သိရတယ် ဆိုတာလေ။ အခုမှပဲ လူယုတ်မာတွေရဲ့ မျက်နှာဖုံး ကွာကျသွားတာ မြင်ရတော့တယ်"

သူ့စကားကြောင့် ဓာတ်လှေကား ရှေ့တွင် တိတ်ဆိတ်သွားသည်။ လူသစ်များမှာ မျက်နှာပြောင်တိုက်နိုင်သော အဆင့်ထိ မရောက်ကြသေးသဖြင့် ရှက်ပြီး ခေါင်းမဖော်ရဲကြတော့။

တုဇယ်ချန်းက နောက်ထပ် ပျော်စရာ တွေ့သွားသလို ရှန်ယို့ယောင်ကို ဖက်လျက် ကုမ္ပဏီထဲတွင် လျှောက်သွားနေသည်။ မျက်နှာပျက်နေသော ဝန်ထမ်းများကို ကြည့်ပြီး ကျေနပ်နေသည်။ သို့သော် ဝမ်းသာလွန်ပြီး အပေါက်ဝတွင် စောင့်နေသော သတင်းထောက်အုပ်ကြီးထဲသို့ တိုးဝင်မိလုနီးပါး ဖြစ်သွားသည်။

ရှန်ယို့ယောင်က မျက်စိရှင်ရှင်ဖြင့် သူ့ကို အနောက်သို့ ပြန်ဆွဲလိုက်သည်။ သတင်းထောက်များက အလွတ်မပေးဘဲ သူတို့နောက်ကျောကို လှမ်းအော်မေးကြသည်။

"သခင်လေးတု... ဘယ်တုန်းက စတွဲခဲ့ကြတာလဲဗျ"

"ဘယ်သူက ဘယ်သူ့ကို အရင် လိုက်ခဲ့တာလဲ"

"ဘယ်တုန်းက စတွေ့ခဲ့ကြတာလဲ"

...

တုဇယ်ချန်းက လုံခြုံရေး ဂိတ်တံခါး ပိတ်သွားသည်ကို မြင်တော့ စိတ်ချလက်ချ ရယ်မောလိုက်သည်။ သူ့ကို လက်ဆွဲပြီး အသည်းအသန် ပြေးနေသော ရှန်ယို့ယောင်ကို ညွှန်ပြပြီး အော်ပြောလိုက်သည်။

"ဆောရီးပါဗျာ... ကျွန်တော့် မိန်းမက နည်းနည်း ရှက်တတ်လို့။ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို မဖြေပါရစေနဲ့"

ရှန်ယို့ယောင် စိတ်ထဲတွင် ကျူးယန်လင်ကို စာနာမိသွားသည်။ တစ်ခါတစ်လေ ဒီလူက ဆွဲထိုးပစ်ချင်စရာ ကောင်းလိုက်တာ။