အခန်း (၁၀)
နှစ်ယောက်သား မြေအောက် ကားပါကင်သို့ တိုက်ရိုက် ဆင်းလာခဲ့ကြသည်။ သတင်းထောက်များကို ရှောင်ကွင်းသည့် ကိစ္စတွင် တုဇယ်ချန်းက ဆရာကျသည်ဟု ဆိုရမည်။ သူသည် အသင့်ပြင်ထားသော တိုယိုတာကားတစ်စီးကို မောင်းကာ ကုမ္ပဏီမှ ချောမွေ့စွာ ထွက်လာနိုင်ခဲ့သည်။
အမျိုးသမီး အဆောင်ရှေ့ ရောက်သောအခါ ရှန်ယို့ယောင်က ပြောလိုက်သည်။
"ကျွန်မ အဆောင်မှာ ပစ္စည်းဝင်ယူလိုက်ဦးမယ်။ ခဏလောက် စောင့်ပေးပါနော်"
"ကူညီပေးရဦးမလား"
တုဇယ်ချန်း၏ အတွေ့အကြုံအရ မိန်းကလေးများ၏ ပစ္စည်းဆိုသည်မှာ အလွန်များပြားပြီး သိမ်းဆည်းရတာလည်း အချိန်ကုန်တတ်သည်။ သူက လူစောင့်ရတာကို မကြိုက်ပေ။
"မလိုပါဘူး.... ရှင် လိုက်လာရင် ကျွန်မတို့ ဒီက ပြန်ထွက်လို့ မရဘဲ နေလိမ့်မယ်။ ဆယ်မိနစ်ပဲ ကြာမှာပါ... မြန်မြန်လုပ်ပါ့မယ်"
တုဇယ်ချန်းလည်း သဘောပေါက်ပါသည်။ သူ ကားပေါ်က ဆင်းလိုက်သည်နှင့် ဆူညံပွက်လောရိုက်သွားမည် ဖြစ်ရာ ရှန်ယို့ယောင် တစ်ယောက်တည်း သွားခိုင်းလိုက်ရတော့သည်။
သူမ ကားပေါ်က ဆင်းသွားသည်နှင့် သူ ဖုန်းကို ထုတ်ကာ သူငယ်ချင်းများကို ဂိမ်းကစားရန် လှမ်းခေါ်လိုက်သည်။ သို့သော် ဂိမ်းစခါစရှိသေး ရှန်ယို့ယောင်က ကျောပိုးအိတ်တစ်လုံး လွယ်လျက် ပြန်ရောက်လာသည်။ နာရီကို ကြည့်လိုက်တော့ ကတိပေးထားသည့်အတိုင်း ဆယ်မိနစ်တိတိသာ ကြာခဲ့သည်။
သို့သော် သူက ဂိမ်းစကစားနေပြီ ဖြစ်သဖြင့် လမ်းတစ်ဝက်တွင် ရပ်ပစ်ခဲ့၍ မဖြစ်ပေ။ ဒီတစ်ခါတော့ ရှန်ယို့ယောင်ကို ပြန်စောင့်ခိုင်းရမည့် အလှည့် ဖြစ်နေသည်။
ရှန်ယို့ယောင် သက်ပြင်းချလိုက်မိသည်။ ယာဉ်မောင်းလိုင်စင် အမြန်သွားလုပ်မှ ဖြစ်တော့မည်။
တုဇယ်ချန်း ဂိမ်းပွဲပြီး၍ ဖုန်းချလိုက်သောအခါ ဘေးတွင် ဇာတ်ညွှန်းစာအုပ်ကို ငြိမ်ကုပ်စွာ ထိုင်ဖတ်နေသော ရှန်ယို့ယောင်ကို ကြည့်ပြီး အားနာသွားမိသည်။ သူ ဂိမ်းကစားနေသည့် တစ်နာရီနီးပါး အချိန်အတွင်း သူမသည် အသံတစ်ချက်မထွက်ဘဲ ငြိမ်သက်စွာ စောင့်နေရှာသည်။
"ပစ္စည်းက ဒီလောက်ပဲလား"
သူမ ရင်ခွင်ထဲ ပိုက်ထားသော အိတ်ကလေးကို ကြည့်ပြီး မေးလိုက်သည်။
"လိုတာ ဝယ်ဖို့ ရှိသေးလား"
သခင်လေးတု၏ တောင်းပန်ပုံမှာ လက်ဆောင် ဝယ်ပေးခြင်းပင် ဖြစ်သည်။
ရှန်ယို့ယောင်က သူ့ဆိုလိုရင်းကို နားမလည်ရှာ။ ဘဏ်ကဒ်ထဲတွင် ကျန်နေသော ငွေတစ်ထောင်ကျော်ကို တွေးမိပြီး ဝင်ငွေ မရမချင်း ချွေတာသုံးရမည်ဟု ဆုံးဖြတ်ထားသဖြင့် ခေါင်းခါလိုက်သည်။
"မလိုတော့ပါဘူး"
တုဇယ်ချန်းက သူမ၏ ရိုးအမှုကို နားလည်နေပြီ ဖြစ်၍ သက်ပြင်းချကာ ထပ်မေးလိုက်သည်။
"အသားအရေ ထိန်းသိမ်းဖို့ ဘယ်တံဆိပ် သုံးလဲ"
မိန်းကလေးကို ဒီလို ပစ္စည်းမျိုး ဝယ်ပေးတာ အမှားမဖြစ်နိုင်ပါဘူး။
ရှန်ယို့ယောင် အတော်ကြာအောင် စဉ်းစားသော်လည်း အဖြေမထွက်။ သူမက ဒီကမ္ဘာက တံဆိပ်များကို နားမလည်သလို မူလခန္ဓာရှင် သုံးစွဲခဲ့သည်များကိုလည်း သတိမထားမိ။ တံဆိပ်မရှိသော သာမန် ပစ္စည်းများသာ ဖြစ်လိမ့်မည်။
တုဇယ်ချန်း စိတ်ပျက်သွားသည်။
"မင်းက မိန်းကလေးရော ဟုတ်ရဲ့လားကွာ"
ရှန်ယို့ယောင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဒီမေးခွန်းကိုတော့ ပြန်ဖြေစရာ မလိုဘူး ထင်ပါရဲ့။
"ငါ အရှုံးပေးပါတယ်"
တုဇယ်ချန်း ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။
"ဟလို... နိုင်ကီ ငါ့ကို Skin Care တစ်စုံလောက် လာပို့ခိုင်းပါဦး"
သူမ၏ မိတ်ကပ်မလိမ်းထားသော မျက်နှာကို တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်သည်။
"မိတ်ကပ်ပစ္စည်း တစ်စုံပါ ထည့်ပေးလိုက်"
တစ်ဖက်လူက မေးခွန်းတွေ အများကြီး မေးနေပုံရသည်။ တုဇယ်ချန်းက စိတ်မရှည်စွာ ပြောလိုက်သည်။
"သာမန် နေ့စဉ်သုံးဖို့ပါပဲကွာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်မနေပါနဲ့"
ခဏအကြာတွင် သူ ရှုံးသွားပုံရသည်။ ရှန်ယို့ယောင်ဘက် လှည့်ကာ မေးလိုက်သည်။
"မင်း အသားအရေက ခြောက်လား၊ အဆီပြန်လား"
"သာမန်ပါပဲ"
"သာမန်တဲ့... အင်း... ကောင်းသားပဲ"
တုဇယ်ချန်းက ဖုန်းပြောရင်း ရှန်ယို့ယောင်၏ မျက်နှာကို သေချာ စိုက်ကြည့်နေသည်။
"ချွေးပေါက် မကျယ်ဘူး... ဆားဝက်ခြံ မရှိဘူး... အခွံနွှာထားတဲ့ ကြက်ဥပြုတ်လိုပဲ... အသားအရောင်လား"
"ဖြူတယ်... ဘယ်လောက်ဖြူလဲ ဆိုတော့..."
သူ စဉ်းစားလိုက်ပြီး သူ့လက်ကို သူမ မျက်နှာနား ကပ်ကာ ယှဉ်ကြည့်လိုက်သည်။
"ငါ့ထက် ပိုဖြူတယ်... ပန်းရောင်သန်းနေတယ်။ ပန်းရောင်ဖျော့ဖျော့ မဟုတ်ဘူး... တော်တော် ရဲနေတာ..."
ပြောရင်းဆိုရင်းမှ သူ သတိထားမိလိုက်သည်။ အသားအရေက ပန်းရောင်သန်းနေတာ မဟုတ်ဘဲ သူ စိုက်ကြည့်နေလို့ ရှက်ပြီး မျက်နှာရဲနေတာပဲ။
တုဇယ်ချန်းက သူမ မသိမသာ ဟန်ဆောင်နေပုံလေးကို ကြည့်ပြီး ပါးလေးကို လိမ်ဆွဲချင်စိတ် ပေါက်သွားသည်။
တုသခင်လေးက ကိုယ့်စိတ်ကို ချူပ်တည်းလေ့ ရှိသူ မဟုတ်။ ထင်တဲ့အတိုင်း လက်က လှုပ်ရှားလိုက်ပြီး ပါးလေးကို လိမ်ဆွဲလိုက်သည်။ အထိအတွေ့က အိစက်ညက်ညောလွန်းသဖြင့် ရင်ထဲ ယားကျိကျိ ဖြစ်သွားရသည်။
ရှန်ယို့ယောင်ကတော့ ဖုန်းပြောနေရင်း လိုအပ်လို့ စမ်းသပ်ကြည့်သည်ဟု ထင်မှတ်ကာ ဘာမှ မတုံ့ပြန်ဘဲ ငြိမ်ခံနေရှာသည်။
တုဇယ်ချန်း လက်ပြန်ရုပ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
"အခြေအနေက အဲဒီအတိုင်းပဲ... မင်း ကြည့်စီစဉ်ပြီး ပို့လိုက်တော့"
ဖုန်းချလိုက်ပြီးနောက် သူက ရှင်းပြသည်။
"နိုင်ကီက ငါ့ရဲ့ မိတ်ကပ်ပညာရှင်လေ။ သူက နားလည်တော့ မင်းအတွက် အဆင်ပြေတာတွေ ရွေးပေးလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်ရှင်"
သူ့စေတနာကို သူမ နားလည်သည်။
တုဇယ်ချန်းက ကားစက်နှိုးလိုက်သည်။
"ငါ ထင်တာက မင်း အားနာပြီး ငြင်းမယ်ပေါ့... မိန်းကလေးတွေက မာနကြီးတတ်ကြတယ် မဟုတ်လား"
ရှန်ယို့ယောင် ရယ်မောလိုက်မိသည်။
"သူများ စော်ကားတာ၊ ခွဲခြားဆက်ဆံတာ ခံရတဲ့အချိန်မှသာ ကိုယ့်မာန ကိုယ် ထုတ်သုံးသင့်တာလေ။ ကျွန်မတို့က မိတ်ဆွေတွေပဲ မဟုတ်လား။ ကျွန်မတို့ရဲ့ လူတန်းစား ကွာဟမှုကြောင့် ဒီလက်ဆောင်က တန်ဖိုးကြီးတယ်လို့ ထင်ရပေမဲ့ သူငယ်ချင်းအချင်းချင်း ပေးတာကို တန်ဖိုးဖြတ်ပြီး ငြင်းနေရင် စေတနာကို စော်ကားရာ ရောက်မှာပေါ့။ ပြီးတော့ နောင်တစ်ချိန်ကျရင် ဒီကျေးဇူးကို ကျွန်မ ပြန်ဆပ်နိုင်မယ်လို့ ယုံကြည်ပါတယ်"
"ဟားဟား... မိုက်တယ်ကွာ"
တုဇယ်ချန်း သဘောကျစွာ ရယ်မောလိုက်သည်။ ဘာကြောင့်ရယ် မသိ၊ ရှန်ယို့ယောင်နှင့် အတူရှိနေရသည်မှာ သက်သောင့်သက်သာ ရှိပြီး ပျော်စရာ ကောင်းသည်ဟု သူ ခံစားရသည်။
သူတို့ ရောက်လာသည့် နေရာသည် ရှန်ယို့ယောင် ပထမဆုံး ရောက်ခဲ့ဖူးသည့် တိုက်ခန်းပင် ဖြစ်သည်။ ဤနေရာသည် တုဇယ်ချန်း အနေအများဆုံး အိမ်လည်း ဖြစ်သည်။
ရှန်ယို့ယောင်သည် အိပ်ခန်းကြီးနှင့် အဝေးဆုံး၊ အသေးဆုံး၊ နေရောင်ရရှိမှု အနည်းဆုံး အခန်းကို ရွေးချယ်လိုက်သည်။ တုဇယ်ချန်း မျက်ခုံးပင့်သွားသည်။
"ငါက အဲဒီလောက် ကြောက်စရာ ကောင်းလို့လား။ ခုနကပဲ သူငယ်ချင်းပါဆို... သူငယ်ချင်းကို ဒီလောက် သတိထားစရာ လိုလို့လား"
ရှန်ယို့ယောင် အနေရခက်သွားသည်။
"အဲဒီလို မဟုတ်ပါဘူး။ တခြား သဘော မရှိပါဘူး"
သူစိမ်းယောကျ်ားတစ်ယောက်နှင့် အတူနေရသည်ကို အသားမကျသေး၍ ဖြစ်သည်။
တုဇယ်ချန်းက သူမ၏ ကျောပိုးအိတ်ကို ဆွဲယူပြီး အိပ်ခန်းကြီးဘေးက ဧည့်ခန်းဆီ ရွှေ့ပေးရန် ကြိုးစားသည်။ သို့သော် သူမ၏ ခွန်အားကြီးမှုကို မေ့နေခဲ့သည်။ ဆွဲလိုက်သော်လည်း သူမက ရွေ့မလာ။ ကိုယ့်အဖြစ်ကို ကိုယ် သဘောကျပြီး ရယ်ချင်သွားသည်။
"ကဲပါ... အိမ်ရှင် ဆန္ဒအတိုင်း လုပ်စမ်းပါ။ ငါက အိမ်ရှင်ဆိုတော့ ငါ့စကား နားထောင်ရမယ်"
ရှန်ယို့ယောင်လည်း မလွန်ဆန်နိုင်တော့ဘဲ အိတ်ကို ထိုအခန်းထဲ ထည့်လိုက်ရသည်။ သို့သော် မကြာမီမှာပင် သူမ ထင်သလောက် နေရထိုင်ရ ခက်ခဲခြင်း မရှိကြောင်း သိလိုက်ရသည်။
တုဇယ်ချန်းသည် အမှန်တကယ်ပင် စာနာတတ်သူ ဖြစ်သည်။ သူမ နေရခက်မည် စိုး၍ သူ့အခန်းထဲတွင်သာ အနေများသည်။ အပြင်ထွက်လာလျှင်လည်း အဝတ်အစား သပ်သပ်ရပ်ရပ်ဖြင့် ထွက်လာလေ့ရှိသည်။
ရှန်ယို့ယောင်သည်လည်း ကျေးဇူးတုံ့ပြန်သော အနေဖြင့် ရေခဲသေတ္တာထဲရှိ ပစ္စည်းများဖြင့် ညစာ ကောင်းကောင်း ချက်ပြုတ်လိုက်သည်။ ညစာ စားပွဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
"မိတ်ကပ်ပစ္စည်းတွေ ရောက်လာပြီ။ မင်းနဲ့ အဆင်ပြေလား စမ်းကြည့်ဦးနော်"
တုဇယ်ချန်းက ပြောရင်း ဟင်းတစ်လုပ် စားလိုက်သည်။
"မင်း လက်ရာ မဆိုးဘူးပဲ"
ချီးကျူးခံရလျှင် ပျော်တတ်သည်မှာ လူ့သဘာဝပင်။
"ကျွန်မ အိမ်မှာဆိုရင် ကိုယ်တိုင် ချက်စားဖြစ်တယ်။ ရှင် ဘာကြိုက်တတ်လဲ"
"ကြိုက်လည်း စားလို့မှ မရတာ..."
တုဇယ်ချန်းက လွမ်းဆွတ်သလို ပြောလိုက်သည်။
"သရုပ်ဆောင် လုပ်ရတာ ဒါ အဆိုးဆုံးပဲ။ ခန္ဓာကိုယ် ထိန်းသိမ်းရတာလေ"
ရှန်ယို့ယောင် အံ့သြသွားသည်။ သူမ မျက်နှာပေါ်တွင် အတွေးများ ပေါ်နေသဖြင့် တုဇယ်ချန်း မေးလိုက်သည်။
"ဘာလဲ... ငါ့လိုလူက တာဝန်သိတတ်လိမ့်မယ်လို့ မထင်ထားဘူး မလား"
"မဟုတ်ပါဘူး"
ရှန်ယို့ယောင် ပြုံးလိုက်သည်။
"ရှင်က တော်တော် ကောင်းတဲ့လူပါလို့ တွေးမိတာပါ"
တုဇယ်ချန်းသည် မြှောက်ပင့် ချီးကျူးသံများကြားတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ချီးကျူးခံရခြင်းကို ယဉ်ပါးနေပြီ ဖြစ်သည်။ သို့သော် သူမ၏ ရိုးရှင်းသော ရှင်က တော်တော် ကောင်းတဲ့လူပါ ဆိုသည့် စကားလေးက သူ့ကို အသိအမှတ်ပြု ခံရသလို ခံစားရစေပြီး ကျေနပ်မှုကို ပေးစွမ်းသည်။
ညစာ စားပွဲက သဟဇာတ ဖြစ်သလို ညနေခင်း တစ်ခုလုံး အတူရှိနေခဲ့သဖြင့် ရှန်ယို့ယောင်၏ စိုးရိမ်စိတ်များ လျော့ပါးသွားသည်။
"စာကြည့်ခန်းထဲက ကွန်ပျူတာကို ငှားသုံးလို့ ရမလားဟင်"
"ရတာပေါ့... ကြိုက်သလို သုံး"
တုဇယ်ချန်းက ရက်ရောစွာ ခွင့်ပြုလိုက်သည်။
"ရုပ်ရှင် လေ့လာချင်တာ ဆိုရင် ဧည့်ခန်းက Home Theater နဲ့ ချိတ်ကြည့်လို့ ရတယ်။ ပိုကြည်တာပေါ့။ ကြိုက်တဲ့ကား ရှိရင် စာကြည့်ခန်းထဲမှာ ရှာကြည့်လေ"
"ကျေးဇူးပါ... ဆရာမ ရှို့ဝမ်က ကြောင်တစ်ကောင်လို သရုပ်ဆောင်ခိုင်းထားလို့။ အဲဒါနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ ရှာကြည့်မလို့ပါ"
တကယ်တမ်းတွင် ရှန်ယို့ယောင်သည် ရှက်တတ်ပြီး အနေအေးသူ ဖြစ်သဖြင့် "ကြောင်မလေးလို ညှို့ဓာတ်ပြင်းပြင်း သရုပ်ဆောင်နိုင်ဖို့" ဆရာမက လေ့ကျင့်ခိုင်းလိုက်ခြင်း ဖြစ်သည်။
တုဇယ်ချန်းသည် ဆရာမ ရှို့ဝမ်၏ သင်တန်းကို တက်ဖူးသဖြင့် သူမ၏ သင်ကြားပုံကို သိသည်။ အမှန်အတိုင်း ပြောရရင် ရှန်ယို့ယောင်လို မိန်းကလေးမျိုးက ညှို့ဓာတ်ပြင်းပြင်း ပုံစံမျိုး လုပ်ပြမည်ကို သူ လုံးဝ မြင်ယောင်ကြည့်၍ မရပေ။ ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့် ကွန်ပျူတာနှင့် Home Theater ကို ချိတ်ဆက်ပေးလိုက်သည်။
သို့သော် ကြောင် ဗီဒီယို အချို့ကို အတူကြည့်ပြီးနောက် သူ စိတ်မရှည်တော့ဘဲ အခန်းထဲ ဝင်ကာ ဂိမ်းသွားကစားနေလိုက်သည်။ နှစ်ပွဲလောက် ကစားပြီးချိန်တွင် အပြင်ဘက်မှ အသံကြားရသဖြင့် ထွက်ကြည့်လိုက်သည်။
ရှန်ယို့ယောင်သည် ရီမုတ်ကို ကိုင်လျက် ကြောင်ပုံစံ ဖိုင်တစ်ခုကို ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။ 'ငါ့မှာ ဒီလို ဇာတ်ကားမျိုး ရှိသေးတာလား' ဟု စဉ်းစားနေစဉ်မှာပင် ဖိုင်ပွင့်သွားသည်။
ဖန်သားပြင်ပေါ်တွင် ကြောင်နားရွက် တပ်ထားပြီး ကြောင်အမြီး တပ်ထားကာ လည်ပင်းတွင် ကြောင်ခေါင်းလောင်းလေး ဆွဲထားသော အမျိုးသမီး တစ်ဦး ပေါ်လာသည်။ သူမသည် အိပ်ရာဖြူဖြူပေါ်တွင် လူးလိမ့်နေပြီး လေးဘက်ထောက်ကာ တင်ပါးကို မြှောက်လျက် ညှို့ဓာတ်ပြင်းသော ကြောင်တစ်ကောင်အလား ပို့စ်ပေးနေသည်။ ပြီးတော့ ညောင်ဟု အသံပေးလိုက်သည်။
ပုံစံက တကယ့်ကြောင်နှင့် တူပါသည်။ လိုအပ်ချက် တစ်ခုသာ ရှိသည်။ သူမ ကိုယ်ပေါ်တွင် အဝတ်အစား တစ်ခုမှ မရှိခြင်းပင်။
တုဇယ်ချန်း သဘောပေါက်သွားပြီး ပြေးထွက်လာသည်။
"ဟာ... သောက်ကျိုးနည်း... ပိတ်လိုက်... အမြန်ပိတ်လိုက်။ ဒါ ကြည့်လို့မရဘူး"
ရှန်ယို့ယောင်လည်း ဒါ ဘာကားလဲ ဆိုတာ သိသွားပြီး ရီမုတ်ကို ကမန်းကတန်း နှိပ်ရန် ကြိုးစားသည်။ တုဇယ်ချန်း ရောက်လာပြီး လုလိုက်ရာ နှစ်ယောက်သား ပျာယာခတ်ပြီး ရီမုတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
နှစ်ယောက်လုံး ပြိုင်တူ ငုံ့ကောက်ကြစဉ် အခန်းတစ်ခန်းလုံးတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ စိတ်လှုပ်ရှားဖွယ် ညည်းတွားသံများက ပဲ့တင်ထပ်နေတော့သည်။ ရှန်ယို့ယောင် သည်းမခံနိုင်တော့ဘဲ ထပြီး သူမ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
တုဇယ်ချန်းလည်း စက်ကို ပိတ်လိုက်တော့သည်။ ဆိုဖာပေါ်တွင် ပစ်လှဲလိုက်ပြီးမှ သတိရသွားလေ၏။
'သောက်ကျိုးနည်း... ခုနက မော်နီတာကို ပိတ်လိုက်ရင် ပြီးနေတာကိုကွာ'
ရှန်ယို့ယောင်၏ လန့်ဖျပ်ပြီး ပြေးသွားသော ပုံကို မြင်ယောင်ရင်း ဆိုဖာကို ထုကာ အားရပါးရ ရယ်မောလိုက်မိသည်။
သေစမ်း။ အရှက်ကွဲချက်ပဲ။
…