Ch 15
Viewers 80

အခန်း (၁၅)

ရှန်ယို့ယောင်သည် တစ်ခုခု လွဲနေကြောင်း အရင်ဆုံး သတိထားမိလိုက်သည်။

ကိစ္စက ညစာစားပွဲတွင် မင်းသားကြီးကျိ၏ တပည့်နေရာတွင် သရုပ်ဆောင်သော ကျောက်ရှောင်တန်၏ မေးခွန်းဖြင့် စတင်ခဲ့သည်။

"ယို့ယောင်... နင်နဲ့ သခင်လေးတုက တကယ် လက်ထပ်လိုက်ကြတာလား။ သူ နင့်ဆီ ဖုန်းဆက်တာလည်း မမြင်ပါလား"

အစပိုင်းတွင် ရှန်ယို့ယောင် သတိမထားမိပေ။ ကျောက်ရှောင်တန်က သူမကို အရှက်ရစေချင်ရုံ သက်သက်ဟုသာ ထင်ခဲ့သည်။

ကျောက်ရှောင်တန်သည် ရိုက်ကွင်းထဲတွင် သူမကို မကြည်ကြည့် ကြည့်နေသူများထဲမှ တစ်ဦးဖြစ်သည်။ သူမ၏ ခံစားချက်ကို ရှန်ယို့ယောင် နားလည်ပေးနိုင်သည်။

သရုပ်ဆောင်ချင်း တူသော်လည်း ကျောက်ရှောင်တန်သည် သူမ၏ ကြိုးစားအားထုတ်မှု သက်သက်ဖြင့် ဒါရိုက်တာဟူနှင့် မင်းသားကြီးကျိတို့၏ ဇာတ်ကားတွင် ပါဝင်ခွင့် ရခဲ့သည်။ ဇာတ်ရုပ်သေးသော်လည်း သူမ၏ စွမ်းဆောင်ရည်က ညံ့မနေပေ။ မင်းသားကြီးကျိနှင့် တွဲဖက်သရုပ်ဆောင်သည့် အခန်းများတွင် တစ်ခါမှ NG မဖြစ်ဖူးပေ။

ဒါရိုက်တာဟူက မင်းသားကြီးကျိ၏ သမီးနေရာကို ဇာတ်ကောင်အသစ် ထည့်သွင်းရန် စဉ်းစားစဉ်က ကျောက်ရှောင်တန်ကို စိတ်ကူးခဲ့ဖူးသည်။ ဇာတ်ဝင်ခန်း နည်းသော်လည်း မူလဇာတ်ကောင်ထက် ပိုထင်ရှားနိုင်သည်။ ထို့ကြောင့် ကျောက်ရှောင်တန်သည် အချိန်ပေးပြီး ကိုယ်ခံပညာ လေ့ကျင့်ခဲ့သည်။

သို့သော် မကြာမီ အွန်လိုင်းတွင် ပျံ့နှံ့သွားသော ဗီဒီယိုဖိုင်ကြောင့် ထိုနေရာကို ရှန်ယို့ယောင် ရရှိသွားခဲ့သည်။

ကျောက်ရှောင်တန် အမြင်တွင် ရှန်ယို့ယောင်က သူမ နေရာကို လုယူသွားသူ ဖြစ်နေသည်။ ရှန်ယို့ယောင်က သူမ ခံစားချက်ကို နားလည်သဖြင့် သည်းခံပေးလေ့ရှိသည်။ ဘာပဲဖြစ်ဖြစ် ရှန်ယို့ယောင်၏ ဇာတ်ဝင်ခန်းများ ပြီးဆုံးတော့မည် ဖြစ်ရာ ပြဿနာ မဖြစ်ချင်တော့။

သို့သော် ဒီနေ့ ကျောက်ရှောင်တန်က တော်တော်လေး ရန်လိုနေသည်။

"အွန်လိုင်းမှာ ပြောနေကြသလိုပဲ နာမည်ကြီးချင်လို့ ဟန်ပြ လက်ထပ်လိုက်တာတော့ မဟုတ်ဘူး မလား။ နင်တို့ ဘယ်တုန်းက လက်မှတ်ထိုးလိုက်တာလဲ"

ရှန်ယို့ယောင် မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယ ဝင်လာသော်လည်း မျက်နှာထား မပျက်စေဘဲ ပြန်ပြောလိုက်သည်။

"ငါ ပြောပြလည်း နင် ယုံမှာ မဟုတ်ပါဘူး။ မေးနေလည်း အလကားပဲ"

ကျောက်ရှောင်တန် ပြောစရာ စကားမဲ့သွားသည်။ တစ်ဖက်လူက စကားကို အဆုံးသတ်လိုက်ပုံမှာ သပ်ရပ်လွန်းသဖြင့် ရှေ့ဆက်တိုးလို့ မရတော့။

ရှန်ယို့ယောင် အမြန်စားသောက်ပြီး အခန်းပြန်ကာ ဖုန်းကို ဖွင့်ကြည့်လိုက်သည်။

#သခင်လေးတု ဟန်ပြလက်ထပ်ပြီး နာမည်ပြန်ကောင်းအောင် လုပ်#

#ဖန်ရွှယ်ယင်းက ဓားစာခံ#

စသော ခေါင်းစဉ်များ Hot Search တက်နေသည်။

လူအများစုက တုဇယ်ချန်းနှင့် ရှန်ယို့ယောင် ဘယ်တော့ ကွာရှင်းကြမလဲဟု ခန့်မှန်းနေကြသည်။ ဤအကွက်က တော်တော် မြင့်သည်။ သူတို့ ကွာရှင်းလိုက်သည်နှင့် အခြေအနေက ပြောင်းပြန် ဖြစ်သွားမည်။

ရှန်ယို့ယောင် မသင်္ကာ ဖြစ်လာသဖြင့် တုဇယ်ချန်းထံ ဖုန်းဆက်လိုက်သည်။

"ယို့ယောင်... ဘာဖြစ်လို့လဲ"

တုဇယ်ချန်း၏ အသံတွင် ဒေါသသံ ပါနေသည်။

"အွန်လိုင်းက သတင်းတွေ တွေ့တယ်မလား"

"ကုမ္ပဏီဘက်က အမှားပါ"

တုဇယ်ချန်းက မကျေမနပ် ပြောလိုက်သည်။

"အစ်ကိုကျူးက သတင်းတွေကို ဖိထားဖို့ မှာထားတာကို ပြန်ကြားရေး ဌာနက ဝန်ထမ်းလေး တစ်ယောက် အမှားကြောင့် အီးမေးလ် မပို့မိဘဲ ဖြစ်သွားတာ။ အစ်ကိုကျူး ဖြေရှင်းနေပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရှုပ်နေတယ်။ ဝေယင်းကျွင်း ဆိုတဲ့ အရူးက ဘာလို့ ဝင်ရှုပ်နေလဲ မသိဘူး"

"ဖန်ရွှယ်ယင်း ဘက်ကရော... သူ လုပ်တာ မဟုတ်ဘူးလား"

ရှန်ယို့ယောင်က မေးလိုက်သည်။ ဒီကိစ္စက ဖန်ရွှယ်ယင်းနှင့် ပတ်သက်နေမှာ သေချာသည်။

"မဖြစ်နိုင်တာ... သူက ကိုယ့်သေတွင်း ကိုယ်တူးထားတာလေ။ သူ့ကုမ္ပဏီကတောင် သူ့ကို စွန့်ပစ်လိုက်ပြီ။ ပြီးတော့ သူ့အရှုပ်ထုပ်က ငါ့လက်ထဲမှာ ရှိနေတာ... ဘယ်သူက သူ့ကို ကူညီရဲမှာလဲ။ စိတ်မပူနဲ့... ကောင်းကောင်းသာ သရုပ်ဆောင်။ ဘာမှ ဖြစ်မလာပါဘူး"

...

ဖုန်းချပြီးနောက် ရှန်ယို့ယောင် စိတ်မအေးနိုင်။ အရေးကြီးတဲ့ အချက်တစ်ခုခုကို မေ့ကျန်နေသလို ခံစားနေရသည်။

...

ကျူးယန်လင်က ဖုန်းကို ကိုင်ပေါက်ခွဲလုမတတ် ဖြစ်နေသည်။ တုဇယ်ချန်းပင် လန့်သွားရသည်။

"ဘာဖြစ်လို့လဲ... ဖြေရှင်းရ ခက်နေလို့လား"

ကျူးယန်လင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ပြန်ကြားရေး ဌာနက ပြောတာက မင်းသတင်းတွေက ဒီရက်ပိုင်း အရမ်းများလွန်းလို့ လူတွေ စိတ်ဝင်စားမှု လျော့သွားတာတဲ့။ အခုဟာကလည်း အပြင်လူ တစ်ယောက်က လျှောက်ပြောတာမို့လို့ အဖွဲ့လိုက် တိုက်ခိုက်တာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း ထားလိုက်ရင် ငြိမ်သွားလိမ့်မယ်တဲ့"

"Hot Search တက်နေတာတောင် အဖွဲ့လိုက် မဟုတ်ဘူး ဟုတ်လား"

ကျူးယန်လင် ဆဲရေးလိုက်သည်။

"ငါ့က ကလေး မဟုတ်ဘူးကွ။ ဒီလောက် ကြီးမားတဲ့ အန္တရာယ်ကို မမြင်ဘူး ဆိုတာ မဖြစ်နိုင်ဘူး။ ပြန်ကြားရေး မန်နေဂျာ ကျူဝမ်... သူ့ရာထူး ပြုတ်ချင်နေပြီ ထင်တယ်"

"သူ မမြင်တာ မဟုတ်ဘူး"

တိတ်ဆိတ်နေသော ရှောင်းမင်ကျန့်က ဝင်ပြောလိုက်သည်။

"တစ်ယောက်ယောက်က သူ့ကို အဲဒီလို လုပ်ခိုင်းထားတာ။ ဝန်ထမ်းလေး အမှား ဆိုတာလည်း တိုက်ဆိုင်မှု မဟုတ်လောက်ဘူး"

"ဘာစကားလဲ"

တုဇယ်ချန်း နားမလည်တော့။

"ငါတို့ ကုမ္ပဏီက ပြန်ကြားရေး ဌာနက ငါ့ကို ပြန်ဒုက္ခပေးနေတယ် ဟုတ်လား"

ရှောင်းမင်ကျန့် မျက်လုံးကို မှိတ်လိုက်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။

"အတွင်းရေးမှူးယန် လက်ချက်ပဲ"

ကျူးယန်လင်လည်း ကြောင်သွားသည်။

"အတွင်းရေးမှူးယန်က ဘာလို့... သူက ဥက္ကဋ္ဌရဲ့ သားကို ဘာကိစ္စ ဒုက္ခပေးရမှာလဲ"

ရှောင်းမင်ကျန့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တုဇယ်ချန်းကို ကြည့်ကာ သတိပေးလိုက်သည်။

"ငါ ဘာပြောပြော... မင်း စိတ်အေးအေးထားနော်"

တုဇယ်ချန်း ရယ်မောလိုက်သည်။

"စိတ်ချပါ... ငါ့အဖေ ဖောက်ပြန်ပြီး တရားမဝင် ညီလေး၊ ညီမလေး ခေါ်မလာသရွေ့ ငါ အေးဆေးပါ"

ရှောင်းမင်ကျန့် စကားထစ်သွားသည်။ တုဇယ်ချန်းက စိတ်မရှည်စွာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ပြောစရာ ရှိတာ မြန်မြန် ပြောစမ်းပါ"

ရှောင်းမင်ကျန့်က သူ့လက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်သည်။

"အတွင်းရေးမှူးယန်မှာ သားတစ်ယောက် ရှိတယ်... မျိုးရိုးနာမည်က တု ဟုတ်တယ်မလား"

"ဟုတ်တယ်လေ... အဲဒါ ဘာဖြစ်လဲ"

တုဇယ်ချန်းက လက်ကို ရုန်းလိုက်သည်။

"စကားပြောရင် ပါးစပ်က ပြော... လက်ကို လာမကိုင်နဲ့"

"ဒါပေမဲ့ သူက တစ်ခါမှ မင်္ဂလာမဆောင်ဖူးဘူး"

ရှောင်းမင်ကျန့် ဆက်ပြောသည်။

"ဒီနှစ်တွေ အများကြီး သူတစ်ယောက်တည်း သားကို ပြုစုပျိုးထောင်ခဲ့တာ"

"သူ အိမ်ထောင်ပြုဖူးပါတယ်"

တုဇယ်ချန်းက ပြန်ချေပလိုက်သည်။

"ကလေးမွေးပြီး မကြာခင် ကွာရှင်းလိုက်ကြတာ။ ငါ့အဖေကတောင် နောက်အိမ်ထောင်ပြုဖို့ မိတ်ဆက်ပေးသေးတယ်။ သူက စိတ်ကုန်သွားလို့ ကလေးပဲ ပြုစုချင်တယ် ဆိုပြီး ငြင်းလိုက်တာ။ မင်း ဘာပြောချင်တာလဲ... အတွင်းရေးမှူးယန်ရဲ့ သားက ငါနဲ့ ဘာဆိုင်လို့လဲ"

"သူက... မင်းရဲ့ အဖေတူမအေကွဲ ညီအစ်ကိုပဲ"

ရှောင်းမင်ကျန့်က စကားလုံးများကို လျင်မြန်စွာ ရွတ်ဆိုလိုက်သည်။

"ဟေ..."

တုဇယ်ချန်း နားကြားလွဲသွားပြီ ထင်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်"

ကျူးယန်လင်လည်း ဝင်ပြောသည်။

"နောက်စရာ မဟုတ်ဘူးနော်"

အစဖော်ပြီးပြီမို့ ရှောင်းမင်ကျန့် ဆက်ပြောလိုက်သည်။

"နောက်တာ မဟုတ်ဘူး။ ငါတို့ ဖန်ရွှယ်ယင်းနဲ့ အတွင်းရေးမှူးယန် ဖုန်းပြောတာကို ကြားလိုက်ရတယ်။ ဖန်ရွှယ်ယင်းက ဒီကိစ္စကို အစကတည်းက သိနေခဲ့တာ။ ပြီးတော့ တုဥက္ကဋ္ဌက ဇယ်ချန်းကို ဘာမှ မမျှော်လင့်ဘဲ လွှတ်ထားပေးတာက ကုမ္ပဏီကို ဆက်ခံစေချင်လို့ မဟုတ်ဘူး။ အတွင်းရေးမှူးယန်ရဲ့ သားကိုမှ ဆက်ခံစေချင်တာ"

"ဒါကြောင့်မို့ ဖန်ရွှယ်ယင်းက ကွာရှင်းဖို့ ဇွတ်လုပ်ခဲ့တာပေါ့"

ကျူးယန်လင်က မယုံနိုင် ဖြစ်နေသည်။

"သူက အတွင်းရေးမှူးယန်ရဲ့ သား နေရာရလာမှာကို ကြိုသိနေရုံတင် မကဘူး၊ ဇယ်ချန်း ဒုက္ခရောက်မယ် ဆိုတာကိုပါ သေချာ သိနေတာပေါ့။ ရှောင်းမင်ကျန့်... မင်း ဒါကို ယုံသလား"

"ငါလည်း မယုံချင်ပါဘူး"

ရှောင်းမင်ကျန့် ရူးချင်နေပြီ။

"ဒီသတင်းကို ကြားတုန်းက ကမ္ဘာ့အကြီးဆုံး ဟာသလို့ ထင်ခဲ့တာ။ ဒါပေမဲ့... သူ့သား မျိုးရိုးက တု ဖြစ်နေတဲ့အပြင် နာမည်က နျန်ယန်တဲ့။ မွေးနေ့က ဇူလိုင် ၂၈"

"ဇူလိုင် ၂၈ က ဘာဖြစ်လို့လဲ"

ကျူးယန်လင်က စဉ်းစားမရ ဖြစ်နေသည်။

"ဇယ်ချန်း မွေးနေ့ မဟုတ်လား"

"ငါ့မွေးနေ့ပဲ"

တုဇယ်ချန်း၏ စိတ်ခံစားချက်နှင့် အတွေးများ ကွဲပြားနေသည်။ စိတ်က လက်မခံနိုင်သော်လည်း ဦးနှောက်က အလုပ်လုပ်နေသည်။

"ငယ်ငယ်တုန်းက အဖေက ငါလိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ ဒါပေမဲ့ ငါ့မွေးနေ့တိုင်း သူ ဘယ်တော့မှ အိမ်မှာ မရှိဘူး။ ဪ... တစ်ခါတော့ ရှိဖူးတယ်။ အဲဒီတုန်းက တုနျန်ယန်နဲ့ အတူတူ မွေးနေ့ပွဲ လုပ်ကြတာ။ အဖေက ငါတို့ မွေးနေ့တူတယ်၊ ညီအစ်ကိုတွေလိုပဲ ဆိုပြီး ပြောခဲ့တယ်။ အဲဒီနေ့တုန်းက ငါ သိပ်ပျော်ခဲ့တာ..."

ရှောင်းမင်ကျန့်က မျက်ရည်ဝဲလာသည်။ ဒေါသကြောင့်လား၊ ဝမ်းနည်းလို့လား မသိ။ သူသည် တုကတော် ထောက်ပံ့ပေးထားသော ကျောင်းသား ဖြစ်ပြီး တုဇယ်ချန်းနှင့် ငယ်သူငယ်ချင်း ဖြစ်သည်။ တုဇယ်ချန်းကို ညီအစ်ကိုလို သဘောထားသလို တုကတော်နှင့် ဥက္ကဋ္ဌကိုလည်း လေးစားခဲ့သည်။ ယခု သတင်းက သူ့အတွက် ခေါင်းကို တူနှင့် ထုလိုက်သလိုပင်။

ကျူးယန်လင်လည်း ရူးချင်သွားသည်။ သူက မန်နေဂျာ သက်သက်သာ ဖြစ်သည်။ ဘာလို့ ရုတ်တရက်ကြီး ဆွေကြီးမျိုးကြီး အိမ်တော်တွင်း ဇာတ်လမ်းတွေ ဖြစ်လာရတာလဲ။

"မင်း ပြောတာ အမှန်ပဲ ထားဦး... အတွင်းရေးမှူးယန်က ဇယ်ချန်းကို နှိပ်ကွပ်နေတာ ဘာသဘောလဲ။ ဇယ်ချန်း ကျဆုံးသွားမှ သူ့သားက နေရာရမှာမို့လို့လား"

"ဒါက ဘာနှိပ်ကွပ်တာ ကျလို့လဲ"

ကျူးယန်လင်က သူတို့ အတွေးအခေါ်ကို နားမလည်နိုင်။

"ဟန်ပြ လက်ထပ်တာပဲ ဖြစ်ဖြစ်၊ ဇယ်ချန်းရဲ့ အမွေဆက်ခံပိုင်ခွင့်ကို ဘယ်သူမှ ပိတ်ပင်လို့ မရဘူး။ ထန်မိသားစု ရှိနေသရွေ့ ဘယ်သူမှ မလုပ်ရဲဘူး။ အဘိုးထန်သာ သိသွားရင် တုဥက္ကဋ္ဌရော၊ ဟိုသားအမိပါ အသေဆိုးနဲ့ သေသွားလိမ့်မယ်"

"သူတို့ အစီအစဉ် အပြည့်အစုံကို ငါ မသိရဘူး"

ရှောင်းမင်ကျန့်က ဆက်ပြောသည်။

"သိရသလောက်ကတော့ တုနျန်ယန် ကျောင်းပြီးလို့ ပြန်လာတော့မယ်။ အတွင်းရေးမှူးယန်က သူ့သားအတွက် လမ်းခင်းပေးနေတာ။ ဒါက အစပျိုးရုံပဲ ရှိဦးမယ်"

တုဇယ်ချန်းက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

ရှောင်းမင်ကျန့် သူ့လက်ကို လှမ်းဆွဲလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

သူ့မျက်နှာတွင် ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ရောပြွမ်းနေသည်။

"ငါ အဖေ့ကို သွားမေးမယ်။ ဒါ မဖြစ်နိုင်ဘူး"

ရှောင်းမင်ကျန့် စိတ်မကောင်း ဖြစ်သွားသည်။

"အခု သွားလို့ မဖြစ်ဘူး။ မြွေကို ခြောက်လှန့်သလို ဖြစ်သွားလိမ့်မယ်။ မေးချင်ရင်တောင် အဘိုးထန်ကို အရင် ပြောပြပြီးမှ သူ ရှင်းခိုင်းတာ ပိုကောင်းမယ်။ ငါတို့ ဖြေရှင်းနိုင်တဲ့ ကိစ္စ မဟုတ်ဘူး"

ကျူးယန်လင်က ဝင်ပြောသည်။

"တကယ်တော့ စစ်ဆေးရတာ လွယ်ပါတယ်။ တုနျန်ယန် ပြန်ရောက်လာရင် DNA စစ်လိုက်ရင် ပြီးတာပဲ။ ဒါပေမဲ့ မင်ကျန့် ပြောတာ မှန်တယ်။ မင်း ဗြုန်းခနဲ သွားမေးရင် အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ အဘိုးထန်ကို ကိုင်တွယ်ခိုင်းလိုက်ပါ"

ပြောရင်းမှ နှစ်ယောက်သား တပြိုင်တည်း သတိရလိုက်မိသည်။ ဖန်ရွှယ်ယင်း၏ တွက်ဆမှုက မှန်ကန်နေသည်။ တုဇယ်ချန်းသည် သူ ဝါသနာပါရာမှလွဲ၍ ကျန်အရာများတွင် ဘာအရည်အချင်းမှ မရှိပေ။ ဒီကိစ္စသာ အမှန်ဆိုလျှင် သူ အားကိုးစရာဆိုလို့ အသက်အရွယ်အိုမင်းနေသော အဘိုးထန် တစ်ယောက်သာ ရှိသည်။ သူ့အမေကတော့ သူ့ထက်တောင် ဆိုးဦးမည်။

အဘိုးထန်က အိုမင်းမစွမ်း ဖြစ်နေပြီ။ ကုမ္ပဏီ လုပ်ပိုင်ခွင့်များကိုလည်း တုဟုန်ရိထံ လွှဲပြောင်းပေးနေပြီဖြစ်သည်။ ဒါကို တွေးမိပြီး နှစ်ယောက်သား ကျောချမ်းသွားကြသည်။

...

ညနက်ပိုင်းတွင် ရှန်ယို့ယောင် အိပ်ရာပေါ် လှဲနေရင်း သူမ မေ့ကျန်ခဲ့သော အရာကို သတိရသွားသည်။

အဘိုးထန်။

ဖန်ရွှယ်ယင်းက ဒီအချိန်ကို ဘာလို့ ရွေးလိုက်တာလဲ။ သူမကို ဖမ်းချုပ်ထားနိုင်တဲ့ အထောက်အထားတွေ တုဇယ်ချန်း လက်ထဲ ရှိနေတာကို သူမ မကြောက်ဘူးလား။ အကယ်၍ မှားယွင်းသွားရင် ထောင်ကျနိုင်တဲ့ အခြေအနေကို ဘာလို့ ရဲရဲကြီး ရင်ဆိုင်ရဲတာလဲ။

အကြောင်းရင်း တစ်ခုသာ ရှိသည်။

တုဇယ်ချန်းက သူမကို ဂရုစိုက်နိုင်တော့မည့် အချိန် မရှိတော့ဘူး ဆိုတာ သူမ သေချာ သိနေသောကြောင့် ဖြစ်မည်။

အဘိုးထန်၏ နောက်ဆုံးအချိန် ရောက်တော့မည်။

ဝတ္ထုထဲတွင် တုဇယ်ချန်း၏ ဇာတ်သိမ်း မကောင်းရခြင်း အကြောင်းရင်းများကို အသေးစိတ် မဖော်ပြထားပေ။ အဓိက မှတ်မိသည်မှာ အဘိုးထန် ဆုံးပါးသွားပြီးနောက် အတွင်းရေးမှူးယန်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ တုဇယ်ချန်းနှင့် တုဟုန်ရိကြားတွင် နောက်ထပ် သားတစ်ယောက် ရှိနေကြောင်း သိလိုက်ရသောအခါ တုဇယ်ချန်းသည် စိတ်ထိခိုက်ပြီး ဖခင်ဖြစ်သူထံ ကားမောင်းထွက်သွားစဉ် မတော်တဆမှု ဖြစ်ပွားကာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် ဘဝကို အရှုံးပေးလိုက်တော့သည်။

ရှန်ယို့ယောင် နောက်ဆုံးတွေ့ခဲ့စဉ်က အဘိုးထန် ကျန်းမာရေး ကောင်းမွန်နေသေးသည်။ အဖြစ်အပျက်များက ထိုမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့မိ။