၁၆)
ရှန်ယို့ယောင်သည် တစ်ညလုံး လူးလှိမ့်နေပြီး အိပ်မပျော်နိုင်။ တုဇယ်ချန်းကို သူစိမ်းတစ်ယောက်လို သဘောထားရန် မဖြစ်နိုင်တော့သလို အဘိုးထန်၏ မှာကြားချက်လည်း ရှိနေသည်။
နောက်တစ်နေ့ မနက်တွင် ဒါရိုက်တာဟူ ထံတွင် ခွင့်တောင်းလိုက်သည်။ သူမက အရန်သရုပ်ဆောင် ဖြစ်ပြီး ဇာတ်ဝင်ခန်း နည်းသဖြင့် လေ့လာရန် ရောက်နေခြင်း ဖြစ်သည်။ မိသားစုကိစ္စဟု ပြောလိုက်သဖြင့် ဒါရိုက်တာက ခွင့်ပြုပေးလိုက်သည်။
ယန်မြို့သို့ ပြန်ရောက်သောအခါ နေ့လယ် ရောက်နေပြီဖြစ်သည်။ လေဆိပ်သို့ ဆင်းသည်နှင့် ဖုန်းဖွင့်ကြည့်လိုက်ရာ သူမနှင့် တုဇယ်ချန်းတို့ ဟန်ပြလက်ထပ်ထားကြောင်း၊ တုဇယ်ချန်းက ပရိသတ်ကို လိမ်လည်ပြီး အာဏာပြ အနိုင်ကျင့်ကြောင်း သတင်းများက တစ်ညအတွင်း အကြီးအကျယ် ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ကုမ္ပဏီဘက်မှ ဖြေရှင်းချက် တစ်စုံတစ်ရာ ထွက်မလာသည်က ထူးဆန်းနေသည်။
ကံကောင်းသည်မှာ အဘိုးထန်နှင့် ပတ်သက်သော သတင်းဆိုးများ မတွေ့ရသေးသဖြင့် စိတ်အေးသွားရသည်။
လေဆိပ် အထွက်တွင် တုဇယ်ချန်းထံ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ထောင့်တစ်နေရာမှ ရင်းနှီးသော ဖုန်းမြည်သံကို ကြားလိုက်ရသည်။ အတူတူ နေလာသည်မှာ ကြာပြီမို့ သူ့ဖုန်းသံကို မှတ်မိနေသည်။
အစပိုင်းတွင် တိုက်ဆိုင်သည်ဟု ထင်သော်လည်း ထိုဖုန်းသံ တိတ်သွားသည်နှင့် သူမဖုန်းမှလည်း ဖုန်းလိုင်းကျသွားသည်။ နှစ်ကြိမ်ဆက်တိုက် ထပ်ခေါ်ကြည့်သော်လည်း ထိုနည်းအတိုင်း ဖြစ်နေသည်။
တတိယအကြိမ်တွင် သူမသည် ဖုန်းခေါ်ရင်း အသံလာရာသို့ လျှောက်သွားလိုက်သည်။ ဖုန်းက စက်ပိတ်သွားပြီ ဖြစ်သော်လည်း တုဇယ်ချန်းကို လှမ်းမြင်လိုက်ရသည်။
သူသည် ဦးထုပ်နှင့် နှာခေါင်းစည်း တပ်ကာ ရုပ်ဖျက်ထားသည်။ ခါးကို ကုန်းပြီး လူမမြင်အောင် နေနေပုံရသည်။ အဓိကကတော့ သူ့တစ်ကိုယ်လုံးမှ ထွက်နေသော စိတ်ဓာတ်ကျနေသည့် အငွေ့အသက်များကြောင့် ဘယ်သူမှ သတိမထားမိကြခြင်း ဖြစ်သည်။
ပုံမှန် တုဇယ်ချန်းသည် ဘဝင်မြင့်ပြီး ယုံကြည်မှု ရှိသူ ဖြစ်သည်။ ဒီလို ပုံစံမျိုး လုံးဝ မဖြစ်နိုင်။
ရှန်ယို့ယောင် သူနှင့် ၁၀ မီတာလောက် အကွာအဝေး ရောက်သည့်တိုင် သူ သတိမထားမိသေး။ မျက်လုံးများက ဗလာကျင်းနေပြီး အားကိုးရာမဲ့နေသည့် ပုံစံ ပေါက်နေသည်။
ရှန်ယို့ယောင် စိတ်မကောင်း ဖြစ်သွားသည်။ သူ့မျက်နှာပေါ်တွင် ဒီလို အမူအရာမျိုး မရှိသင့်ပေ။ ဘာတွေ ဖြစ်ကုန်တာလဲ။
ရှေ့တိုးရန် ပြင်လိုက်စဉ် သူ့မျက်လုံးများ စူးရှသွားသည်ကို သတိထားမိလိုက်သည်။ သူ ကြည့်နေသော နေရာကို လိုက်ကြည့်လိုက်ရာ ကျက်သရေ ရှိသော အမျိုးသမီးကြီး တစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ယောက်ကို လာကြိုနေပုံ ရသည်။
မကြာမီ လူငယ်တစ်ဦး ထွက်လာပြီး အမျိုးသမီးကို ပြုံးရွှင်စွာ ဖက်လိုက်သည်။ သူတို့နှစ်ဦး၏ ရုပ်ရည် ဆင်တူမှုကို ကြည့်ရုံဖြင့် သားအမိမှန်း သိသာသည်။
တုဇယ်ချန်း၏ လက်သီးဆုပ်ထားပုံကို ကြည့်ပြီး ရှန်ယို့ယောင် သဘောပေါက်သွားသည်။ ဒါ အတွင်းရေးမှူးယန်နဲ့ တုနျန်ယန်ပဲ။
ဒီဘဝမှာ ရှန်ယို့ယောင်က ရှောင်းမင်ကျန့်ကို ဖန်ရွှယ်ယင်းအကြောင်း စုံစမ်းခိုင်းခဲ့သဖြင့် တုဇယ်ချန်းသည် တရားမဝင် ညီအစ်ကို ကိစ္စကို ကြိုသိသွားပုံ ရသည်။
တုဇယ်ချန်းက ထိုသားအမိ နောက်သို့ လိုက်သွားသည်ကို မြင်တော့ ရှန်ယို့ယောင်လည်း မတုံ့ဆိုင်းဘဲ လိုက်သွားလိုက်သည်။
အပြာရောင် Grand Cherokee ကား ထွက်ခွာသွားသည်နှင့် တုဇယ်ချန်းလည်း ကားပေါ် တက်လိုက်သည်။ ရှန်ယို့ယောင်က ချက်ချင်းပင် ကားရှေ့ခန်း တံခါးဖွင့်ပြီး ဝင်ထိုင်လိုက်သည်။
တုဇယ်ချန်းက လန့်သွားတော့သည်။
"မင်း ဘယ်လို ရောက်လာတာလဲ"
"စိတ်မချလို့ ပြန်လာတာ"
ရှန်ယို့ယောင်က ဖြေလိုက်သည်။
တုဇယ်ချန်း ဆက်မမေးတော့ဘဲ ရှေ့မှ ကားကိုသာ စိုက်ကြည့်နေသည်။ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ ရှန်ယို့ယောင်လည်း ဘယ်လို စကားစရမှန်း မသိ။ သူတို့က သူငယ်ချင်း အဆင့်သာ ရှိသေးသဖြင့် ဒီလို မိသားစုရေးရာ ကိစ္စများကို ဝင်ပါရန် မသင့်တော်ပေ။
တစ်နာရီခန့် အကြာတွင် အတွင်းရေးမှူးယန်၏ ကားသည် သီးသန့် ကလပ်တစ်ခု ရှေ့တွင် ရပ်လိုက်သည်။ နေရာက လူသူကင်းမဲ့ပြီး သဘာဝ ရှုခင်းများဖြင့် လှပနေသည်။ လူမသိသူမသိ ချိန်းတွေ့ရန် နေရာကောင်း တစ်ခုပင်။
တုဇယ်ချန်းသည် ပါကင်ထိုးထားသော မေဘတ် ကားတစ်စီးကို စိုက်ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားသည်။ ရှန်ယို့ယောင် ခန့်မှန်းမိသည်မှာ ထိုကားသည် တုဟုန်ရိ၏ ကားပင်။
အတွင်းရေးမှူးယန်နှင့် တုနျန်ယန်တို့ အထဲဝင်သွားကြသည်။ တုဇယ်ချန်းလည်း လိုက်သွားသည်။
"မင်္ဂလာပါ... ဘိုကင် လုပ်ထားပါသလား ခင်ဗျာ"
ဝန်ထမ်းက သူတို့ကို တားလိုက်သည်။
တုဇယ်ချန်းက မကြားချင်ယောင် ဆောင်ပြီး ဆက်ဝင်ရန် ပြင်လိုက်သည်။ ရှန်ယို့ယောင်က သူ စိတ်မထိန်းနိုင်ဘဲ ပြဿနာ ရှာမည် စိုးသဖြင့် သူ၏ ဦးထုပ်နှင့် နှာခေါင်းစည်းကို ဆွဲချွတ်ပေးလိုက်သည်။
"တုဥက္ကဋ္ဌကြီးကို လာရှာတာပါ။ သူ ဘယ်အခန်းမှာ ရှိလဲ"
ဝန်ထမ်းက တုဇယ်ချန်းကို ချက်ချင်း မှတ်မိသွားသည်။ ဥက္ကဋ္ဌ၏ သားဖြစ်သလို နာမည်ကြီး မင်းသားလည်း ဖြစ်သဖြင့် ရုပ်ဖျက်ထားသည်ဟု ထင်မှတ်ကာ အခန်းနံပါတ်ကို ချက်ချင်း ပြောပြလိုက်သည်။
စင်္ကြံလမ်းတွင် ရပ်နေရင်း တုဇယ်ချန်းသည် ကမ္ဘာနှစ်ခုကြား ရောက်နေသလို ခံစားလိုက်ရသည်။
ရှေ့ဆက်တိုးလိုက်လျှင် ဘဝ၏ အကြီးမားဆုံး မုန်တိုင်းကို ရင်ဆိုင်ရမည်။ သူ အသင့် မဖြစ်သေး။ ဖခင်ဖြစ်သူကို ပြန်လည် တိုက်ခိုက်ရန် သူ မစွမ်းသာ။
နောက်ဆုတ်လိုက်လျှင် ဘာမှ မသိချင်ယောင် ဆောင်ပြီး သူ့စိတ်ကူးယဉ် ကမ္ဘာလေးထဲတွင် သခင်လေးတု အဖြစ် ဆက်လက် နေထိုင်သွားနိုင်သည်။
သူ့ခြေထောက်များက နောက်သို့ ဆုတ်ချင်နေသည်။
ရှန်ယို့ယောင်က သူ့လက်မောင်းကို ကိုင်လိုက်သည်။ တုဇယ်ချန်းက ဘေးနားတွင် လူရှိနေမှန်း အခုမှ သတိထားမိသလို ငုံ့ကြည့်လိုက်သည်။
"ပူပန်မှု မရှိဘဲ နေရတာ ကောင်းပါတယ်။ ဒါပေမဲ့ ရှင်နဲ့ ရှင့်မိသားစုရဲ့ အနာဂတ်နဲ့ လဲရမယ် ဆိုရင်ရော... တန်ပါ့မလား"
ရှန်ယို့ယောင်က သူ့ကို အခန်းဝသို့ တွန်းပို့လိုက်သည်။
အမှန်တရားကို ရှောင်လွှဲ၍ မရ။ အမှန်တရားကို ရင်ဆိုင်မှသာ လက်နက်ဆွဲကိုင်ပြီး တိုက်ပွဲဝင်မည့် သတ္တိကို ရရှိလိမ့်မည်။
တုဇယ်ချန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
"အဖေ..." ခေါ်သံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ အခန်းထဲရှိ လူသုံးယောက်လုံး အံ့သြသွားကြသည်။ တုနျန်ယန် မျက်နှာပျက်သွားပြီး တုဟုန်ရိကို လှမ်းကြည့်လိုက်သည်။
တုဇယ်ချန်းလည်း တုဟုန်ရိကို ကြည့်လိုက်သည်။ ဒီအခန်းထဲတွင် "အဖေ" ဟု ခေါ်နိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိသည်။
"ဇယ်ချန်း... သား ဘယ်လို ရောက်လာတာလဲ"
တုဟုန်ရိက တည်ငြိမ်စွာပင် မေးလိုက်သည်။ အပြစ်ရှိသည့်ပုံ မပေါ်ဘဲ လက်ယပ်ခေါ်လိုက်သည်။
"ကောင်းတာပေါ့... နျန်ယန်နဲ့ မိတ်ဆက်ပေးရမယ်။ သူ ဒီနေ့ပဲ ပြန်ရောက်တာ။ မင်းတို့ မတွေ့ရတာ ၄-၅ နှစ်လောက် ရှိပြီ မလား"
သူ့ပုံစံက ပွင့်လင်းလွန်းသဖြင့် မည်သူမှ သံသယ မဝင်ခဲ့ကြခြင်း ဖြစ်သည်။
"သူ တော်တော် ထူးချွန်တယ် မလား"
တုဇယ်ချန်းက တုနျန်ယန်ကို ကြည့်ပြီး မေးလိုက်သည်။ အရင်က ဂရုမစိုက်ခဲ့သော အမှတ်တရများက ကြည်လင်ပြတ်သားစွာ ပေါ်လာသည်။
"အဖေက သူ့ကို သဘောကျတယ်လေ... သူ့အကြောင်း ပြောတိုင်း ချီးကျူးနေတာ"
သူများသားကို သဘောကျတာ မဟုတ်ဘဲ ကိုယ့်သားမို့လို့ ဂုဏ်ယူနေခဲ့တာကိုး။
"သူက တကယ် ထူးချွန်တာကိုး"
တုဟုန်ရိက ပြုံးပြီး ပြောသည်။
"ဒါကြောင့်လည်း မင်းအတွက် လက်ရုံးအဖြစ် မွေးပေးထားတာလေ"
"အရင်တုန်းက နျန်ယန် ပြောဖူးတယ်"
တုဇယ်ချန်းက မဲ့ပြုံး ပြုံးလိုက်သည်။
"သူ ငယ်ငယ်တုန်းက အရမ်း ပင်ပန်းခဲ့တယ်တဲ့။ သင်တန်းတွေ အများကြီး တက်ရတယ်၊ အဆင့် ၁ ရအောင် ကြိုးစားရတယ်။ မိဘတွေက တင်းကျပ်လွန်းလို့ အခုလို ထူးချွန်လာတာတဲ့"
အတွင်းရေးမှူးယန်က အခြေအနေ မဟန်မှန်း သိလိုက်ပြီး ဝင်ပြောသည်။
"အောင်မြင်မှု ဆိုတာ ကြိုးစားမှ ရတာလေ။ ငယ်ငယ်တုန်းက မသိနားမလည်တော့ မိဘတွေက တွန်းအားပေးရတာပေါ့။ ကြီးလာလို့ သူများလောက် မတော်ရင်၊ ဘဝမှာ အဆင်မပြေရင် မိဘတွေကပဲ နောင်တရနေရမှာ"
တုဇယ်ချန်းက အတွင်းရေးမှူးယန်၏ စကားကို နားလည်လိုက်သည်။
"ဟုတ်တာပေါ့... ဒါကြောင့် သူက ကျွန်တော့်ထက် သာနေတာ။ နောင်တစ်ချိန်ကျရင် ကျွန်တော့်ထက် ပိုအဆင်ပြေမှာပေါ့။ အဖေ... အဖေက ဘာလို့ ကျွန်တော့်ကို တွန်းအား မပေးခဲ့တာလဲ။ ကျွန်တော့်ဘဝ အဆင်မပြေမှာကို မကြောက်ဘူးလား"
တွန်းအားမပေးသည့်အပြင် အမေ ဆူရင်တောင် ဝင်တားပေးခဲ့သည်။ စာမေးပွဲကျလည်း ပြဿနာရှာလည်း ဘယ်တော့မှ အပြစ်မတင်ခဲ့။ တကယ်တော့ အချစ် မဟုတ်ဘဲ အဆိပ်ခတ်ထားတာပဲ။
တုဟုန်ရိက မျက်မှောင်ကြုတ်လိုက်သည်။
"သား ဘာတွေ ပြောနေတာလဲ။ အဖေ ရှိနေသရွေ့ သား ကြိုက်တာ လုပ်လို့ ရပါတယ်"
တုဇယ်ချန်း ယုံကြည်ချင်သည်။ သို့သော် အမှန်တရားကို သိမြင်သွားပြီ ဖြစ်ရာ ဖခင်၏ မျက်နှာဖုံးအောက်မှ မျက်နှာအစစ်ကို မကြည့်ရဲတော့။ ကြောက်ရွံ့လာသည်။
"ဟုတ်လား..."
တုဇယ်ချန်း ကြောက်စိတ်လွန်ကဲပြီး ဒေါသပေါက်ကွဲသွားသည်။
"ခင်ဗျားက တုနျန်ယန်ရဲ့ အဖေပဲ မဟုတ်လား။ ဘာလို့ သူ့ကိုကျတော့ ကြိုက်တာ လုပ်ခွင့် မပေးတာလဲ"
အခန်းထဲရှိ လူသုံးယောက်လုံး မျက်နှာပျက်သွားကြသည်။ တုဟုန်ရိက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တုဇယ်ချန်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
"လျှောက်ပြောတာ ဟုတ်မဟုတ် ခင်ဗျား အသိဆုံးပါ"
တုဇယ်ချန်းက ကြောက်ရွံ့မှုများကို ဖုံးကွယ်ပြီး အော်ပြောလိုက်သည်။
"ငါ့ကို ဖိနှိပ်ထားပြီး သူ့ကို ကုမ္ပဏီ ပေးမလို့လား။ ငါ ပြောလိုက်မယ်... အိပ်မက်ပဲ မက်နေလိုက်"
ပြောပြီးသည်နှင့် လှည့်ထွက်ပြေးသွားတော့သည်။
"ဇယ်ချန်း... ဇယ်ချန်း... ရပ်လိုက်စမ်း"
တုဟုန်ရိက ကိစ္စကြီးပြီမှန်း သိလိုက်ပြီး အနောက်မှ ပြေးလိုက်လာသည်။
တုဇယ်ချန်း ပြေးတာ မြန်လွန်းသဖြင့် ထောင့်ချိုးတွင် စောင့်နေသော ရှန်ယို့ယောင်ပင် မတားလိုက်နိုင်။ ကားမောင်းထွက်သွားသည်ကိုသာ ရပ်ကြည့်နေလိုက်ရသည်။
တုဟုန်ရိက မေဘတ်ကားပေါ် တက်လိုက်သည်။ ရှန်ယို့ယောင်လည်း အလိုက်တသိ ဝင်ထိုင်လိုက်သည်။
"မင်း ဘယ်သူလဲ"
တုဟုန်ရိက ကားစက်နှိုးရင်း မေးလိုက်သည်။
"ရှန်ယို့ယောင်ပါ... တုဇယ်ချန်းနဲ့ အတူလာတာပါ။ သူ့ဇနီးပါ"
တုဟုန်ရိ ခဏ တုန့်သွားသည်။
"ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ"
ရှန်ယို့ယောင်က လိမ်ပြောလိုက်သည်။
"ကျွန်မ ရှုတင်က ပြန်လာတော့ ဇယ်ချန်းက လာကြိုတယ်။ လမ်းမှာ သူငယ်ချင်း တစ်ယောက်ကို တွေ့တယ် ဆိုပြီး နောက်က လိုက်လာတာ။ Surprise လုပ်မလို့ ဆိုပြီး လိုက်လာတာပါ။ ဘာဖြစ်သွားတာလဲဟင်... သူ တော်တော် စိတ်ဆိုးသွားတဲ့ပုံပဲ"
တုဟုန်ရိက သက်ပြင်းချလိုက်သည်။ ဟန်ပြမိန်းမ ဆိုတော့ တုဇယ်ချန်းက အမှန်အတိုင်း ပြောပြထားမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဇယ်ချန်းက ဘယ်လို လုပ်ပြီး သိသွားတာလဲ။ ဘယ်သူ စုံစမ်းပေးတာလဲ။ အဘိုးထန် သိသွားပြီလား။ တုဟုန်ရိ စိုးရိမ်လာပြီး လက်တွေ ချွေးပြန်လာသည်။ ဇယ်ချန်းကို အရင် တားမှ ဖြစ်မယ်။
တုဇယ်ချန်း ကားကို အရှိန်ပြင်းပြင်း မောင်းနေသည်။ တုဟုန်ရိကလည်း အမှီလိုက်ရင်း ဖုန်းဆက်နေသော်လည်း ဟိုဘက်က မကိုင်။
ရုတ်တရက် ရှေ့မှ စူးဝါးသော ဘရိတ်သံ ကြားလိုက်ရပြီး ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ရှန်ယို့ယောင်နှင့် တုဟုန်ရိတို့ မျက်စိရှေ့မှောက်တွင်ပင် ကားက လမ်းဘေး ပလက်ဖောင်းကို တိုက်မိပြီး လေပေါ်သို့ မြောက်တက်ကာ တလိမ့်ခေါက်ကွေး မှောက်သွားတော့သည်။
"သား"
တုဟုန်ရိ အော်ဟစ်လိုက်သည်။
ရှန်ယို့ယောင်လည်း သွေးပျက်မတတ် ဖြစ်သွားသည်။
"တုဇယ်ချန်း"
ကားရပ်လိုက်သည်နှင့် ရှန်ယို့ယောင်က ၁၉၉ ကို ဖုန်းခေါ်ရင်း ပြေးဆင်းသွားသည်။
Maserati ကားက လုံခြုံရေး စနစ် ကောင်းသော်လည်း တုဇယ်ချန်းက ခါးပတ် မပတ်ထားသဖြင့် ကားအပြင်သို့ လွင့်စဉ်ကျလာသည်။ ခြေထောက်နှစ်ဖက်က ကားအောက်တွင် ပိနေသည်။
"တုဇယ်ချန်း... တုဇယ်ချန်း..."
ရှန်ယို့ယောင်က သူ့ပါးကို ပုတ်ပြီး ခေါ်လိုက်သည်။ ညည်းသံ သဲ့သဲ့ ကြားရမှ စိတ်အေးသွားသည်။
"မအိပ်နဲ့နော်... သတိထားဦး"
"နာတယ်..."
တုဇယ်ချန်း တိုးတိုးလေး ညည်းရှာသည်။
တုဟုန်ရိက ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး တုန်ရီစွာ မေးလိုက်သည်။
"ဘယ်နား နာလဲ... အဖေ့ကို ပြော... ဘယ်နား နာလဲ"
"ခြေထောက်..."
တုဟုန်ရိ ကြည့်လိုက်ရာ ကားပိနေသော ခြေထောက်ကို တွေ့လိုက်ရသည်။
"မကြောက်နဲ့... အဖေ ကားကို မပေးမယ်"
သူ ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း လူသူကင်းမဲ့နေသည်။
"သား... သားလေး ဘာဖြစ်သွားလဲ"
အတွင်းရေးမှူးယန်၏ ကား ရောက်လာသည်။ သူမသည် ပြာပြာသလဲ ပြေးဆင်းလာပြီး တုဇယ်ချန်းကို ကိုင်ရန် လုပ်ရာ ရှန်ယို့ယောင်က လက်ကို ဖမ်းဆွဲထားလိုက်သည်။
"ရှင် ဘာလုပ်မလို့လဲ... သူ့ကို သတ်မလို့လား"
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
သူမက တုန်ရီစွာ ပြောနေသည်။
"ဘယ်လို လုပ်ကြမလဲ... ဖုန်းဆက်... ဖုန်းဆက်လေ"
"ဆက်ပြီးပြီ"
ရှန်ယို့ယောင်က တုဇယ်ချန်းကို ကာကွယ်ထားရင်း ပြောလိုက်သည်။
"ကားကို အရင် မမှ ရမယ်။ မဟုတ်ရင် ခြေထောက် ကြေမွသွားလိမ့်မယ်"
သူမက တုနျန်ယန်ကို လှမ်းကြည့်လိုက်သည်။
"ဒီကားက သိပ်မလေးဘူး။ လေးယောက်ဆိုရင် မနိုင်လောက်တယ်"
"ဟုတ်တယ်... ဟုတ်တယ်... နျန်ယန်... ရှောင်ယန်... လာ ကူကြ"
တုဟုန်ရိက နေရာချပေးလိုက်သည်။
လေးယောက်သား ကားကို စတင် မကြသည်။ တုနျန်ယန်က လူငယ်၊ တုဟုန်ရိကလည်း ကျန်းမာရေး လိုက်စားသူ၊ ရှန်ယို့ယောင်က ခွန်အားကြီးသူ ဖြစ်သဖြင့် ကားက ကြွတက်လာသည်။ အောင်မြင်ခါနီးတွင် အတွင်းရေးမှူးယန်က ခြေချော်သွားသလိုလိုဖြင့် တုဟုန်ရိကိုပါ ဆွဲချလိုက်ရာ ကားက ပြန်ပြုတ်ကျမလို ဖြစ်သွားသည်။
ဒီကားသာ ပြန်ပြုတ်ကျသွားရင် တုဇယ်ချန်း ခြေထောက်တွေ ပြတ်သွားမှာ သေချာသည်။
ရှန်ယို့ယောင်က အံကြိတ်လိုက်ပြီး အားကုန်သုံးကာ ကားကို တစ်ဖက်သို့ လှန်ချလိုက်သည်။
အတွင်းရေးမှူးယန်က လဲကျနေလျက်သားဖြင့် အံ့သြတကြီး ကြည့်နေသည်။
ရှန်ယို့ယောင်က ဒေါသထွက်လွန်း၍ အော်ဟစ်လိုက်သည်။
"ရှင် ခုနကတည်းက သူ့ကို သတ်ချင်နေတာ မလား။ သူ သေသွားရင် ရှင် ဘာအကျိုး ရှိမှာမို့လို့လဲ"
အတွင်းရေးမှူးယန်က ရှန်ယို့ယောင်၏ စူးရှသော မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းငုံ့သွားသည်။
တုဟုန်ရိက မျက်လုံးများ နီရဲလျက် သားရဲတစ်ကောင်လို ကြည့်ကာ ပြောလိုက်သည်။
"မင်း ပြန်တော့... ဒီမှာ ဆက်မနေနဲ့"
...
ဆေးရုံရောက်သောအခါ...
"မင်း တကယ်ပဲ သူ့ကို သတ်ချင်နေတာလား"
တုဟုန်ရိက အတွင်းရေးမှူးယန်ကို အော်ဟစ်လိုက်သည်။
"သူက ငါ့သားအရင်းနော်"
"ကျွန်မ မသတ်ချင်ပါဘူး"
အတွင်းရေးမှူးယန်က ငိုယိုပြီး ပြောလိုက်သည်။
"ကျွန်မ ကြောက်လို့ပါ။ သူသာ အမှန်တရားကို သိသွားပြီး အဘိုးထန်ကို သွားတိုင်ရင် ကျွန်မတို့ နှစ် ၂၀ လုံးလုံး သည်းခံလာသမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့"
"ထားလိုက်တော့... သူ အခု ခွဲစိတ်ခန်းထဲ ရောက်နေပြီ"
တုဟုန်ရိက သက်ပြင်းချလိုက်သည်။
"ငါတို့ အစီအစဉ်ကို ဖျက်လို့ မရတော့ဘူး။ ငါ သတိပေးလိုက်မယ်... ပိုနေတဲ့ အလုပ်တွေ ထပ်မလုပ်နဲ့တော့"
"ပြီးတော့ သူ ဘယ်လို သိသွားလဲ ဆိုတာ စုံစမ်းလိုက်"
အတွင်းရေးမှူးယန် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ... ကျွန်မ သေချာရှင်းလင်းလိုက်ပါ့မယ်"
သူမ၏ အသံတွင် အဓိပ္ပာယ် ပါနေသည်။
တုဟုန်ရိက စိတ်ရှုပ်နေသဖြင့် သတိမထားမိ။
"မြန်မြန် လုပ်"
"ဟုတ်ကဲ့ပါ"
အတွင်းရေးမှူးယန် လှည့်ထွက်သွားချိန်တွင် သူမ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
…