Ch 17
Viewers 84

အခန်း (၁၇)

"သား... သားလေး..."

ဆေးရုံသို့ ရောက်လာချိန်တွင် ထန်ရွှမ်သည် ယိုင်နဲ့နေပြီး အချိန်မရွေး လဲကျသွားနိုင်မည့် ပုံစံ ဖြစ်နေသည်။ သို့သော် ဖျော့တော့ အားနည်းနေသော ထိုအမျိုးသမီးသည် ခွဲစိတ်ခန်းရှေ့တွင် မတ်မတ်ရပ်ကာ သားဖြစ်သူ အသက်အန္တရာယ် ကင်းရှင်းကြောင်း ကိုယ်တိုင် မြင်တွေ့ရမှ ဖြစ်မည်ဟု တင်းခံထားရှာသည်။

တုဟုန်ရိ အံ့သြသွားပြီး သူမကို အမြန် တွဲထူလိုက်သည်။ အသံများ အက်ကွဲနေသည်။

"မင်း... ဘယ်လို ရောက်လာတာလဲ"

ထန်ရွှမ်၏ ကျန်းမာရေး မကောင်းသည်ကို အားလုံး သိကြသည်။ စိတ်လှုပ်ရှားမှု ဒဏ်ကို သူမ မခံနိုင်။ တုဇယ်ချန်း အသက်အန္တရာယ် လွတ်မြောက်လျှင်တောင် ဒီရက်ပိုင်း စိုးရိမ်ပူပန်မှုများကြောင့် သူမ ပြင်းထန်စွာ နေမကောင်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် တုဟုန်ရိသည် သားဖြစ်သူ အခြေအနေ ကောင်းမွန်သွားမှ ပြောပြရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

"အတွင်းရေးမှူးယန် ဖုန်းဆက်ပြောတာ"

ထန်ရွှမ်သည် ခင်ပွန်းသည်၏ ရင်ဘတ်ကို ထုရိုက်ကာ ငိုကြွေးလိုက်သည်။

"ဒါ ငါ့သားလေ... ရှင်က ငါ့ကို ဘယ်လိုလုပ် ဖုံးကွယ်ထားရက်တာလဲ"

ရှန်ယို့ယောင်က မျက်မှောင်ကြုတ်လိုက်သည်။ အတွင်းရေးမှူးယန်၏ ရည်ရွယ်ချက်က သိသာလွန်းနေသည်။

သူမသည် တုဟုန်ရိ၏ မည်းမှောင်နေသော မျက်နှာထားကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အန်တီ သိသွားတာတော့ ထားပါတော့... ကျေးဇူးပြုပြီး အဘိုးထန်ကိုတော့ ပေးမသိကြပါနဲ့။ သူက အသက်ကြီးပြီမို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"

တုဟုန်ရိက သတိဝင်လာသည်။ ထန်ရွှမ်ကလည်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်... အဖေ့ကို မပြောဘူး။ ဒီကိစ္စကို ဖုံးထားရမယ်"

သူမ စကားမဆုံးခင်မှာပင် ဖုန်းမြည်လာသည်။ ထန်ရွှမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဖုန်းကိုင်ထားသော လက်များ တုန်ရီလာသည်။

"ဟလို... ဦးလေးပိုင်... ဘာပြောလိုက်တယ်"

နူးညံ့သိမ်မွေ့သော ထန်ရွှမ်သည် ရုတ်တရက် စူးဝါးစွာ အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ဦးလေး လျှောက်ပြောနေတာ... သမီး ထွက်လာတုန်းက အဖေ ကောင်းကောင်းကြီး ရှိနေသေးတာပဲ"

ပါးစပ်က ငြင်းနေသော်လည်း မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီ ဖြစ်သည်။

တုဟုန်ရိက ရင်ထဲ မကောင်းတော့။ ဖုန်းကို လှမ်းယူလိုက်သည်။

"ဟလို ဦးလေးပိုင်... ကျွန်တော့်ကို ပြောပါ"

"ဥက္ကဋ္ဌကြီး အခြေအနေ သိပ်မကောင်းတော့ဘူး... အသည်းအသန် ဖြစ်နေပြီ"

ထန်ရွှမ် ရူးမတတ် ဖြစ်သွားသည်။ တစ်ဖက်တွင် သေမင်းနှင့် စစ်ခင်းနေသော သား၊ တစ်ဖက်တွင် သေလုမြောပါး ဖြစ်နေသော ဖခင်။ ကံကြမ္မာသည် သူမကို တစ်သက်လုံး ညှာတာခဲ့သော်လည်း အရေးကြီးဆုံး အချိန်ကျမှ ရက်စက်စွာ ရွေးချယ်ခိုင်းနေသည်။

နောက်ဆုံးတွင် ထန်ရွှမ်သည် သားဖြစ်သူထံတွင် စိတ်တစ်ဝက် ထားခဲ့ပြီး ကျန်စိတ်တစ်ဝက်နှင့် ဖခင်ကို သွားတွေ့ရန် ဆုံးဖြတ်လိုက်ရသည်။ တုဟုန်ရိက သူမကို တွဲခေါ်သွားသည်။

ရှန်ယို့ယောင် တစ်ယောက်တည်း ခွဲစိတ်ခန်းရှေ့တွင် ကျန်ရစ်ခဲ့သည်။ ထက်မြက်သော အဘိုးအိုကို ပြန်မြင်ယောင်မိသည်။ တစ်ခေါက်သာ တွေ့ဖူးပြီး တစ်နာရီခန့်သာ စကားပြောဖူးသော်လည်း တုဇယ်ချန်းအပေါ် ထားရှိသော မေတ္တာတရားကို သူမ ခံစားမိသည်။

သို့သော် နောက်ဆုံးအချိန်တွင် သူ အချစ်ဆုံး မြေးလေးကို မတွေ့ရဘဲ ထွက်ခွာသွားရတော့မည်။ သူမ ရင်ထဲတွင် ကျောက်တုံးကြီး တစ်တုံး ဖိထားသကဲ့သို့ မွန်းကျပ်နေသည်။

သူမကဲ့သို့ ပြင်ပလူ တစ်ယောက်ပင် ဤမျှ ခံစားနေရလျှင် တုဇယ်ချန်း သတိရလာပြီး အဘိုးဆုံးသွားသည့် သတင်းကို ကြားလိုက်ရပါက ဘယ်လောက် ခံစားရရှာမလဲ။ သူမ တွေးတောင် မတွေးရဲတော့။ ခွဲစိတ်ခန်းရှေ့မှ စောင့်ဆိုင်းနေရသော အချိန်များသည် လက်တွေ့ဘဝကို ခေတ္တ မေ့ပျောက်ထားနိုင်သည့် အချိန်များ ဖြစ်လာသည်။

သို့သော် လက်တွေ့ဘဝကို ထာဝရ ရှောင်ပြေး၍ မရ။ မိုးလင်းချိန်တွင် တုဇယ်ချန်း အသက်အန္တရာယ်မှ လွတ်မြောက်သွားသော်လည်း အဘိုးထန် ကွယ်လွန်သွားပြီဟူသော သတင်းဆိုးလည်း တပါတည်း ရောက်ရှိလာသည်။

ရှန်ယို့ယောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပေါင်ကို ထုရိုက်လိုက်မိသည်။ မျက်ရည်များ ဝဲတက်လာသည်။

...

ထန်ရွှမ်ကို အိပ်ရာပေါ်တွင် လှဲသိပ်ပြီးနောက် တုဟုန်ရိသည် အတွင်းရေးမှူးယန်ကို စာကြည့်ခန်းထဲ ခေါ်သွားလိုက်သည်။

"မင်း တမင်လုပ်တာ မလား"

သူက အသံနှိမ့်ပြီး ဟိန်းဟောက်လိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး..."

အတွင်းရေးမှူးယန်က ဂရုမစိုက်။ သူမသည် စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေသည်။

"အဘိုးကြီးထန် သေသွားပြီ... သူ သေသွားပြီ ဆိုတော့ ရှင် ဘာကြောက်နေသေးတာလဲ"

တုဟုန်ရိက ခဏ တိတ်ဆိတ်သွားသည်။

"မင်း ဘာလို့ အဲဒီလို လုပ်ရတာလဲ"

နှစ်ပေါင်းများစွာ အတူနေလာသဖြင့် သူမသည် တစ်ဖက်လူ တကယ် စိတ်ဆိုးနေခြင်း ဟုတ်မဟုတ် ခွဲခြားတတ်သည်။

"မလုပ်လို့ ရမလား။ ဇယ်ချန်းက ဘယ်လိုလုပ်ပြီး သိသွားလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ ကျွန်မက အဆိုးဆုံး အခြေအနေကို တွက်ဆပြီး လုပ်လိုက်တာ။ တကယ်လို့ အဘိုးကြီးထန် သိသွားရင်... တုဇယ်ချန်း ကိစ္စနဲ့ အလုပ်ရှုပ်နေအောင် လုပ်လိုက်တာ။ အချိန်ဆွဲထားရုံ သက်သက်ပါ။ သူ ဒီလောက် မြန်မြန် သေသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး..."

စကားဆုံးသောအခါ သူမ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။ ဘုရားရေ... ဒီအချိန်ကို သူမ ဘယ်လောက်ကြာအောင် စောင့်မျှော်ခဲ့ရသလဲ။

"တော်လိုက်တော့"

တုဟုန်ရိ၏ ဟန့်တားသံတွင် အရှိန်အဝါ မပါတော့။ အောင်မြင်မှု၏ အရောင်အဝါများ ရုတ်တရက် ပေါ်လာသဖြင့် သူကဲ့သို့ သွေးအေးသူပင်လျှင် ရင်ထဲမှ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင် ဖြစ်နေသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"ဒီရက်ပိုင်း ထန်အိမ်တော်ဘက်မှာ အလုပ်ရှုပ်လိမ့်မယ်။ မင်း ဒီကို မလာနဲ့တော့။ ကုမ္ပဏီ ကိစ္စတွေနဲ့ ဇယ်ချန်း ကိစ္စကိုပဲ ဂရုစိုက်လိုက်တော့"

အတွင်းရေးမှူးယန် ခေါင်းညိတ်လိုက်သည်။ မျက်လုံးထဲမှ ပျော်ရွှင်မှုများကို ဖုံးကွယ်၍ မရတော့။ သူမ ဒီနေရာမှာ ဆက်နေလို့ မဖြစ်ဘူး။ အချိန်မရွေး ထရယ်မိတော့မလို ဖြစ်နေသည်။

"သိပါပြီ... ဇယ်ချန်းကို စိတ်မပူနဲ့။ ကျွန်မ သူ့ကို သေချာပြုစုစောင့်ရှောက်ပေးလိုက်ပါ့မယ်"

တုဟုန်ရိသည် ရင်ထဲမှ ဝမ်းသာမှုများကို ထိန်းချုပ်နေရသဖြင့် သူမ၏ ထူးခြားမှုကို သတိမထားမိလိုက်။

...

တုဇယ်ချန်း၏ အသိစိတ်များသည် အမှောင်ထုထဲမှ တဖြည်းဖြည်း ပြန်လည် နိုးထလာသည်။ အသံတချို့ကို ကြားနေရသော်လည်း ရေအောက်ရောက်နေသလို ထင်မရှား ဖြစ်နေသည်။ အတော်ကြာမှ အသံများ ကြည်လင်ပြတ်သားလာသည်။

"ဟယ်... အွန်လိုင်းမှာ ပြောနေတာတွေက အမှန်ပဲလား။ သခင်လေးတုနဲ့ ရှန်ယို့ယောင်က တကယ် ဟန်ပြ လက်ထပ်ကြတာလား"

"မဖြစ်နိုင်ပါဘူး။ ဟန်ပြ လက်ထပ်တာ ဆိုရင် ဒီလောက် ဂရုစိုက်ပါ့မလား။ ဒီရက်ပိုင်း အိပ်တောင် မအိပ်ဘဲ စောင့်နေတာလေ။ ငါ့အမြင်တော့ ရှန်ယို့ယောင်က လူကောင်းလေးပါ။ အွန်လိုင်းမှာ ပြောသလို မဟုတ်ပါဘူး"

"အမလေး... ဟန်ဆောင်နေတာ ဖြစ်မှာပေါ့။ ဒုက္ခရောက်နေတုန်း အခွင့်ကောင်းယူပြီး တုသခင်မလေး နေရာကို မြဲအောင် လုပ်နေတာ နေမှာ။ အဆင့် ၁၈ မင်းသမီး လုပ်ရတာထက် သာတာပေါ့"

"အွန်လိုင်းက သတင်းတွေက အမှား ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ မဟုတ်ရင် သခင်လေးတု သနားစရာ ကောင်းလွန်းတယ်။ ကိုယ်တိုင်က ကားတိုက်ခံရပြီး မေ့မြောနေတယ်၊ အဘိုးက ဆုံးသွားပြီ၊ အမေကလည်း အိပ်ရာထဲ လဲနေတယ်၊ အဖေကလည်း ဂရုမစိုက်နိုင်ဘူး... အွန်လိုင်းမှာကျတော့ လူတွေက ဝိုင်းဆဲနေကြတယ်။ မြင်ရတာ ရင်ထဲ မကောင်းဘူး"

"အဲဒီလို တွေးကြည့်ရင် သူ မေ့မြောနေတာက ပိုကောင်းနေသလိုပဲ။ အဘိုးထန်ကလည်း ရုတ်တရက်ကြီး ဆုံးသွားတာနော်... သခင်လေးတု သတိရလာရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး သေချင်သွားမှာပဲ။ အဘိုးကို နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူးလေ"

"မင်းတို့... ဘာပြောလိုက်တယ်"

တုဇယ်ချန်း ရုန်းကန်ပြီး မျက်လုံး ဖွင့်လိုက်သည်။

အသံမထွက်သည်မှာ ကြာပြီ ဖြစ်သဖြင့် စကားပြောလိုက်သောအခါ လည်ချောင်းထဲတွင် ကော်ပတ်စားထားသလို စပ်ဖျင်းဖျင်း ဖြစ်နေသည်။

"ငါ့အဘိုး... ဘာဖြစ်သွားလဲ... ငါ့အမေကရော..."

စကားပြောနေသော သူနာပြုမလေး နှစ်ယောက် လန့်ဖျပ်သွားကြသည်။ လူမမာကို စိတ်မဆွသင့်ကြောင်း သိသဖြင့် ပါးစပ်ပိတ်ထားလိုက်ကြသည်။ သို့သော် တုဇယ်ချန်းက အဖြေမရမချင်း မလွှတ်ပေးမည့် ပုံစံဖြင့် စိုက်ကြည့်နေသဖြင့် သူတို့ ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်ကြသည်။

ကံကောင်းစွာပင် သူတို့ကို ကယ်တင်မည့်သူ ရောက်လာသည်။

"ဇယ်ချန်း... သား သတိရလာပြီလား"

အတွင်းရေးမှူးယန်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ဝမ်းနည်းကြေကွဲဟန် ပြောင်းလိုက်သည်။

"ကောင်းလိုက်တာ... သားအဘိုးကို နောက်ဆုံးခရီး လိုက်ပို့နိုင်သေးတာပေါ့"

ထွက်ခွာရန် ပြင်နေသော သူနာပြုမလေး နှစ်ယောက် မျက်လုံးပြူးသွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ လူမမာက အရိုးတွေ ကျိုးထားတာ၊ အတွင်းကလီစာတွေ ထိခိုက်ထားတာ... အနားယူဖို့ လိုအပ်နေတာလေ။ ဒီအတွင်းရေးမှူးက ဘာလို့ ဈာပန လိုက်ပို့ခိုင်းနေတာလဲ။ ပြီးတော့...။

သူနာပြု တစ်ယောက်က လှည့်ပြီး သတိပေးလိုက်သည်။

"အတွင်းရေးမှူးယန်... လူမမာက အခုမှ သတိရတာပါ။ သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်ပါနဲ့"

အတွင်းရေးမှူးယန်က နားထင်ကို ဖိနှိပ်ရင်း ပြောလိုက်သည်။

"တောင်းပန်ပါတယ်ကွယ်... ဒီရက်ပိုင်း အလုပ်တွေ ရှုပ်လွန်းလို့ ခေါင်းမူးနေတာ။ သူ သတိရလာတာ မြင်တော့ ဝမ်းသာပြီး ပြောမိသွားတယ်"

တုဇယ်ချန်းသည် သူမ၏ သရုပ်ဆောင်ချက်များကို ကြည့်ရင်း ခေါင်းထဲတွင် စူးခနဲ ကိုက်ခဲလာသည်။ သို့သော် ဂရုမစိုက်နိုင်။ အားယူပြီး မေးလိုက်သည်။

"ခင်ဗျား ဘာပြောလိုက်တာလဲ... ဘာသဘောလဲ"

သူနာပြုမလေးတွေ ထွက်သွားမှ အတွင်းရေးမှူးယန်က သူ့ကို သနားသလို ကြည့်ပြီး ပြောလိုက်သည်။

"အဘိုးထန် ဆုံးသွားပြီလေ"

သူမ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

"မင်း ကားတိုက်မှု ဖြစ်တယ် ကြားပြီး စိတ်ထိခိုက်သွားတာ... ကလေးရယ်... ဒါ မင်း ဆိုးသွမ်းခဲ့တဲ့ အကျိုးဆက်တွေပဲ"

တုဇယ်ချန်း မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခင်ဗျား ဘာစကား ပြောတာလဲ။ လျှောက်မပြောနဲ့... ငါ မယုံဘူး... ငါ မယုံဘူး"

"ဖုန်းဖွင့်ကြည့်လိုက်ရင် တစ်ကမ္ဘာလုံး သိနေပြီပဲ... ငါက ဘာလို့ လိမ်ပြောရမှာလဲ"

အတွင်းရေးမှူးယန် ဆက်ပြောသည်။

"မင်း ကောင်းကောင်း အနားယူလိုက်ပါ... သန်ဘက်ခါကျရင် မင်းအဘိုး ဈာပန လိုက်ပို့နိုင်ကောင်း ပို့နိုင်မှာပါ"

နှလုံးသားကို လက်ကြီးတစ်ဖက်နှင့် ဆုပ်နယ်လိုက်သလို အသက်ရှူကျပ်လာသည်။

"ဟင့်အင်း... ခင်ဗျား လိမ်တာ... ခင်ဗျား လိမ်တာ"

တုဇယ်ချန်း မျက်လုံးအိမ်များ ကျွတ်ထွက်မတတ် ပြူးကျယ်လာသည်။

"စိတ်မလှုပ်ရှားပါနဲ့"

အတွင်းရေးမှူးယန်က သူ့ပါးကို ကြင်နာသလိုလို ပွတ်သပ်လိုက်သည်။

"သနားစရာ ကလေးလေး... လက်တွေ့ဘဝကို ရင်ဆိုင်တတ်အောင် သင်ယူရမယ်လေ"

သူမ၏ အထိအတွေ့က မကောင်းဆိုးဝါး၏ လက်သည်းများကဲ့သို့ပင်။ သူ့နှလုံးသားကို ဆွဲဖဲ့ပြီးနောက် အဆိပ်လူးထားသော လက်သည်းချွန်များဖြင့် ကိုယ်တွင်းကလီစာများကို မွှေနှောက်နေသလို ခံစားရသည်။ သွေးသံရဲရဲ ဖြစ်သွားပြီးမှ နာကျင်မှုက တရိပ်ရိပ် တက်လာသည်။

သူမက အားမရသေး။ ဒဏ်ရာပေါ်သို့ ဆားထပ်သိပ်လိုက်ပြန်သည်။ သူ့နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းတို့ကို ကာကွယ်ပေးနေတဲ့သူ မရှိတော့ဘူး။ နောက်ဆိုရင် လိမ္မာပါ... ဒါဆို အန်တီက မင်းနဲ့ မင်းအမေကို စိတ်ချလက်ချ နေခွင့် ပေးထားမယ်"

ဟန်ဆောင်ခြင်း အလျဉ်းမရှိတော့။ ဟန်ဆောင်ဖို့လည်း မလိုတော့။

အမေ့အကြောင်း ပါလာမှ တုဇယ်ချန်း အနည်းငယ် သတိဝင်လာသည်။ သူမ ဘာကို ဆိုလိုမှန်း သူ နားလည်သည်။ သူမကို မုန်းတီးစွာ စိုက်ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ခင်ဗျား လုပ်ရဲရင် လုပ်ကြည့်... ငါ့အမေကို ထိရဲရင် ခင်ဗျား နောင်တရစေရမယ်။ ခင်ဗျားတို့ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေ အောင်မြင်မှာ မဟုတ်ဘူး"

"ယုတ်မာတဲ့ အကြံအစည် ဟုတ်လား"

အတွင်းရေးမှူးယန်က ကျေနပ်သလိုလို နာကျည်းသလိုလို ပြောလိုက်သည်။

"ဟုတ်တယ်... ဒါ ယုတ်မာမှုပဲ။ မင်းအဖေက ငါ့လို တရားဝင် ချစ်သူကို မယားငယ် ဖြစ်အောင် လုပ်ခဲ့တယ်။ ငါ့သားကို တရားမဝင် ကလေး ဖြစ်စေခဲ့တယ်။ တကယ့် မယားငယ် ဖြစ်တဲ့ မင်းအမေကတော့ တရားဝင် မယားကြီး နေရာ ရနေတယ်။ မမွေးဖွားသင့်တဲ့ မင်းက ငါ့သား ရသင့်တဲ့ အခွင့်အရေးတွေကို ခံစားနေရတယ်။ ဒါတွေ အကုန်လုံးက ထန်မိသားစုရဲ့ အကူအညီနဲ့ စည်းစိမ်ဥစ္စာတွေကြောင့်ပဲ"

သူမ သက်ပြင်းချလိုက်သည်။

"အခုတော့ ဟိုအဘိုးကြီး သေသွားပြီ။ မင်းတို့လည်း သူ အလိုလိုက်ထားလို့ ဘာမှ သုံးစားမရ ဖြစ်နေပြီ။ မင်းက ငါတို့ကို ဘယ်လို တားမှာလဲ"

သူမက လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းအမေကို သွားတိုင်မလို့လား။ ဪ... မေ့နေလို့... မင်းနဲ့ မင်းအဘိုး ကိစ္စကြောင့် မင်းအမေ အိပ်ရာထဲ လဲနေတာ နှစ်ရက် ရှိပြီ။ သူက မင်းအဖေကို အရမ်း ချစ်တာဆိုတော့... ဒီအမှန်တရားကို သိလိုက်ရရင် မင်းအဘိုး လမ်းစဉ် လိုက်သွားမလား မသိဘူးနော်"

တုဇယ်ချန်းက မျက်လုံး ပြူးကျယ်နေသည်။ ခေါင်းထဲတွင် ကိုက်ခဲနေသော်လည်း တွေးတောဖို့ ကြိုးစားနေသည်။ သို့သော် ဘာနည်းလမ်းမှ ရှာမတွေ့။ လုံးဝ ရှာမတွေ့။ သူ လက်သီးကို ဆုပ်ပြီး ခုတင်ကို ထုရိုက်လိုက်သည်။ သူ ဘယ်လို တားဆီးရမလဲ။

"မင်း ကမ္ဘာကြီးကို ချပြလိုက်လေ"

အတွင်းရေးမှူးယန်က မြှောက်ပေးလိုက်သည်။

"အဲဒီလိုဆိုရင် အဘိုးကို သတ်ပြီးတဲ့နောက် အမေကိုပါ သတ်လိုက်သလို ဖြစ်သွားမှာပေါ့။ အန်တီက မင်းကို အရမ်း ကျေးဇူးတင်မိမှာပဲ"

"အား..."

တုဇယ်ချန်း သားရဲတစ်ကောင်လို အော်ဟစ်လိုက်သည်။

"ဇယ်ချန်း... သား... ဘာဖြစ်တာလဲ"

တုဟုန်ရိက အခန်းဝမှ ပြေးဝင်လာပြီး အနောက်သို့ လှည့်အော်လိုက်သည်။

"ဆရာဝန်... ဆရာဝန်ရေ... ငါ့သားကို လာကြည့်ပေးကြပါဦး"

တုဇယ်ချန်း လည်ချောင်းထဲမှ သွေးညှီနံ့ ရလိုက်ပြီး အမြင်အာရုံများ ဝေဝါးသွားသည်။ အတွင်းရေးမှူးယန်က ပုံမှန် လေသံအတိုင်း ပြန်ဖြစ်သွားပြီး ဖခင်ဖြစ်သူကို ရှင်းပြနေသည်ကို ကြားလိုက်ရသည်။

"သတိရရချင်း သူနာပြုတွေ ပြောနေတာ ကြားပြီး အဘိုးထန် ဆုံးသွားမှန်း သိလိုက်ရလို့ စိတ်ထိခိုက်သွားတာပါ။ ကျွန်မ နှစ်သိမ့်ပေမဲ့ နားမထောင်ဘူး..."