Ch 27
Viewers 71

အခန်း (၂၇)

တုဇယ်ချန်းကမူ ဖုန်းကို ဆက်မကြည့်တော့။ သူ့တွင် အရေးကြီးသော အလုပ်များ ရှိနေသည်။

ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း လုပ်ခြင်း၊ စတူဒီယို တည်ထောင်ခြင်း၊ ရှန်ယို့ယောင်၏ အလုပ်များကို စီစဉ်ပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည်။

ကျူးယန်လင်သည် လေ့ကျင့်ခန်း လုပ်ပြီး မောပန်းနေသော တုဇယ်ချန်းကို ကြည့်ပြီး ပြောလိုက်သည်။

"မင်း တော်တော် တက်ကြွနေပါလား"

တုဇယ်ချန်း ပြုံးလိုက်သည်။

"ဟုတ်တယ်... တစ်စုံတစ်ယောက်အတွက် ကြိုးစားပေးရတာ အားတွေ ပြည့်လာသလိုပဲ"

ကျူးယန်လင် ရင်ထဲ လှုပ်ရှားသွားသည်။ ဒီကောင်လေး ပိုချောလာသလိုပဲ။

"ဒါပေမဲ့ ၃ မိနစ်ပဲ ခံမဲ့ စိတ်မျိုး မဖြစ်စေနဲ့နော်"

"စိတ်ချပါ... ဒီတစ်ခါ တကယ်ပါ"

"ဒါနဲ့... ယို့ယောင် ကိစ္စ ဘယ်လိုလဲ"

"သူ့ဘက်က ပြဿနာ မရှိပါဘူး။ အဓိကက အွန်လိုင်း သတင်းတွေပဲ။ နည်းလမ်း ၂ ခု ရှိတယ်။ တစ်ခုက ဘာမှ မတုံ့ပြန်ဘဲ ငြိမ်နေလိုက်တာ။ ဖန်ရွှယ်ယင်း ကိစ္စ ပေါ်လာရင် သူ့နာမည် ပြန်ကောင်းလာလိမ့်မယ်။ ဒါပေမဲ့ အစပိုင်းမှာ အလုပ်ရဖို့ ခက်လိမ့်မယ်"

"နောက်တစ်ခုက... မင်းတို့ နှစ်ယောက် တကယ် ချစ်ကြပါတယ်လို့ ဝန်ခံလိုက်တာ။ ဖန်ရွှယ်ယင်းက မနာလိုလို့ တိုက်ခိုက်တာပါလို့ ရှင်းပြလိုက်ရင် အားလုံး အဆင်ပြေသွားမယ်။ ဒါပေမဲ့... ၃ နှစ်၊ ၅ နှစ်လောက် ကွာရှင်းလို့ မရတော့ဘူး။ ပြီးတော့ အရမ်း ချစ်ပြနေရမယ်"

"ဒုတိယ နည်းလမ်း ရွေးမယ်"

တုဇယ်ချန်း ချက်ချင်း ဖြေလိုက်သည်။

"မင်းသမီး တစ်ယောက်ရဲ့ အချိန်က တန်ဖိုးရှိတယ်။ အလကား အဖြစ်မခံနိုင်ဘူး။ ပြီးတော့ ကိုယ်ပြောတဲ့ စကားကို ကိုယ်ပြန်ရုပ်သိမ်းလို့ မဖြစ်ဘူးလေ"

ထို့နောက် သူက ပြုံးစစဖြင့် မေးလိုက်သည်။

"အစ်ကိုကျူး... ခင်ဗျားကို တိုင်ပင်စရာ ရှိလို့"

ကျူးယန်လင် သတိထားလိုက်သည်။

"ဘာလုပ်ဦးမလို့လဲ"

"စတူဒီယို အတွက် အကျိုးရှိမဲ့ ကိစ္စပါ"

"ယို့ယောင်ကို ပြောပြရင်... ဒုတိယ နည်းလမ်း တစ်ခုတည်း ရှိတယ်လို့ ပြောပေးပါလား"

ကျူးယန်လင်က သဘောပေါက်သွားပြီး အံ့သြသွားသည်။

"မင်း... မင်း... တကယ်ကြီးလား"

တုဇယ်ချန်းက ပြန်ပြောလိုက်သည်။

"ခင်ဗျားက လူပျိုကြီးမို့ နားမလည်ပါဘူး"

ကျူးယန်လင် ဒေါသထွက်သွားသည်။

"မင်းက နှစ်ခါတောင် လက်ထပ်ဖူးတာကိုး... သိတာပေါ့။ ဒါနဲ့... ဟန်ဆောင် လက်ထပ်ထားတာပဲ... တကယ် ချစ်သွားပြီလို့ ပြောလိုက်ရင် ပြီးနေတာကို... ဘာလို့ လည်နေဦးမှာလဲ"

တုဇယ်ချန်း မျက်လုံး ပြူးပြလိုက်သည်။

"သူ ငြင်းလိုက်ရင် ဘယ်လို လုပ်မလဲ"

ကျူးယန်လင် ယုံသွားပြီ။ ဒီကောင်လေး တကယ် ဖြစ်နေပြီ။

"ပြီးတော့... သူ့အတွက် မတရားဘူးလေ။ မဆိုင်ဘဲနဲ့ ပါလာရတာ။ အတင်း လက်ထပ်ခိုင်းထားတာ ဆိုတော့... သူ့အပေါ် အနိုင်ကျင့်သလို မဖြစ်ချင်ဘူး။ သေချာ လိုက်ချင်လို့ပါ"

သူ့စကားက ကြားရတာ ကောင်းသော်လည်း ကျူးယန်လင်က ပြန်ပက်လိုက်သည်။

"ဒါကြောင့်မို့လို့ လိမ်ပြီး ၃ နှစ်၊ ၅ နှစ်လောက် ချုပ်နှောင်ထားမလို့လား"

တုဇယ်ချန်း အံကြိတ်လိုက်သည်။

"ဒါ နည်းဗျူဟာ ခေါ်တယ်... ခင်ဗျား နားမလည်ပါဘူး။ ဒါကြောင့် အခုထိ မိန်းမ မရသေးတာ"

ကျူးယန်လင် သည်းမခံနိုင်တော့ဘဲ သူ့ခေါင်းကို အိပ်ရာပေါ် ဖိချလိုက်တော့သည်။

ကျူးယန်လင်သည် တုဇယ်ချန်းကို ဆော်ပလော်တီးချင်သော်လည်း သူ အမှန်တကယ် ချစ်မိနေပြီ ဖြစ်ကြောင်း သိရှိထားသဖြင့် ရိုက်နှက်မည့် လက်ကို ပြန်ရုပ်လိုက်သည်။ လူတစ်ယောက်ကို အမှန်တကယ် ချစ်မိသွားသည့်အခါ မျက်ဝန်းအကြည့်များက လုံးဝ ပြောင်းလဲသွားတတ်သည် မဟုတ်လား။

ရှန်ယို့ယောင်သည် တုဇယ်ချန်းနှင့် နှစ်အနည်းငယ် တွဲနေရမည်ကို စိတ်မကွက်မိပေ။ သူ ကားတိုက်မှု မဖြစ်ခင်ကတည်းကပင် ဤအစီအစဉ် ရှိပြီးသားဖြစ်သည်။ ကျူးယန်လင်က အချစ်ရေးကိစ္စ သတိပေးသော်လည်း သူမ သိပ်ဂရုမစိုက်မိ။

သူမသည် စိတ်ဝင်စားစရာ ကောင်းသူ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိသည်။ အတိတ်ဘဝတုန်းက ကိုယ်ခံပညာကိုသာ စိတ်ရောက်နေခဲ့သဖြင့် ဖခင်ဖြစ်သူပင် သတိမထားမိခဲ့။ အသက် ၃၀ နားကပ်လာမှ ဘယ်သူနှင့်မှ မတွဲဖူးသေးကြောင်း မိခင်က သတိပေးလိုက်မှ ဖခင်က အလောတကြီး အောင်သွယ်ရန် ရှာပေးခဲ့ရသည်။

အမှန်တိုင်း ပြောရလျှင် အောင်သွယ်ဖြင့် တွေ့ရသည်ကို သူမ ကြောက်ရွံ့မိသည်။ သူမက စကားနည်းပြီး တစ်ဖက်လူနှင့် အဆင်ပြေအောင် မပြောတတ်ပေ။ သူမက ကိုယ်ခံပညာ ကစားသမားမှန်း သိလိုက်လျှင် အမျိုးသားအများစုက စိတ်ပျက်သွားတတ်ကြသည်။ သူတို့က နူးညံ့သိမ်မွေ့ပြီး ချစ်စရာ ကောင်းသော မိန်းကလေးများကိုသာ ပိုသဘောကျတတ်ကြသည်။

ထို့ကြောင့် အချစ်ရေးနှင့် လက်ထပ်ခြင်း ဆိုသည်မှာ သူမအတွက် အလှမ်းဝေးသော ကိစ္စများသာ ဖြစ်ခဲ့သည်။

တုဇယ်ချန်းက သူမကို ထန်အိမ်တော်ဟောင်းသို့ ခေါ်သွားမှသာ သူမ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးကြောင်း သိလိုက်ရသည်။

ရှေ့တွင် စီတန်းထားသော အဝတ်အစားများ၊ လက်ဆွဲအိတ်များနှင့် လက်ဝတ်ရတနာများကို ကြည့်ပြီး ခေါင်းမူးသွားသည်။

"ဒီလောက်ထိ လုပ်ဖို့ လိုလို့လား"

"ဘာလို့ မလိုရမှာလဲ"

တုဇယ်ချန်းက ဆိုဖာပေါ်တွင် ထိုင်ပြီး သူမ ကိုယ်တိုင်းနေသည်ကို ကျေနပ်စွာ ကြည့်နေသည်။

"မင်းက တုသခင်မလေး ဖြစ်နေပြီလေ... ဘယ်လိုလုပ်ပြီး ဖြစ်သလို နေလို့ ရမလဲ။ မင်း အပြင်ထွက်ရင် ငါ့မျက်နှာကို ကိုယ်စားပြုနေတာ"

"လောလောဆယ်တော့ ငါ အရင်နေတဲ့ အိမ်မှာပဲ နေမယ်။ ကိစ္စရှိရင် ဒီအိမ်တော်မှာ လာနေကြတာပေါ့"

သူက ဆက်ပြောသည်။

"ငါ ကျန်းမာရေး ကောင်းလာရင် မင်္ဂလာဆောင်ဖို့ အိမ်သစ် သွားရွေးကြမယ်။ မင်း ကြိုက်သလို ပြင်ဆင်လို့ ရတယ်။ အခု ကြိုက်တာ ရှိရင်လည်း ပြောလေ"

ရှန်ယို့ယောင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ရှေ့က လူက သူမ၏ ခင်ပွန်းသည်... အမည်ခံ ဖြစ်သော်လည်း အရင်က ဒီလို မခံစားခဲ့ရဖူးပေ။ ထူးဆန်းနေသည်။

"နောက်တစ်ခု ရှိသေးတယ်"

တုဇယ်ချန်းက သူမကို ဆိုဖာပေါ် ဆွဲချပြီး ဘေးတွင် ထိုင်ခိုင်းလိုက်သည်။

"ငါတို့ အနေနီးစပ်ကြောင်း ပြဖို့ လိုတယ်"

"ဘ.. ဘယ်လို အနေနီးစပ်တာလဲ"

ရှန်ယို့ယောင် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်ပြီး ခပ်ဝေးဝေးသို့ တိုးထိုင်လိုက်သည်။

တုဇယ်ချန်း သူမကို စချင်စိတ် ပေါက်သွားသည်။

"လင်မယားတွေ အနေနီးစပ်တယ် ဆိုတာ ဘာလဲလို့ မင်း ထင်လဲ"

ရှန်ယို့ယောင်က ဘာတွေ တွေးလိုက်မိလဲ မသိ၊ တစ်ကိုယ်လုံး နီရဲသွားသည်။

တုဇယ်ချန်း တကယ် သိချင်သွားသည်။

"မင်း ဘာတွေ တွေးလိုက်တာလဲ"

"ကျွန်မတို့က ဟန်ဆောင်တာပဲလေ... အဲဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး"

"ဘယ်လောက်ထိလဲ"

တုဇယ်ချန်း ကိုယ်ကို ကိုင်းပြီး ကပ်သွားလိုက်သည်။ မျက်လုံးထဲတွင် ကောက်ကျစ်သော အပြုံးများ ပါဝင်နေသည်။

သူမကို ထပ်စနေမှန်း သိလိုက်သောအခါ ရှန်ယို့ယောင် မျက်စောင်းထိုးလိုက်သည်။

တုဇယ်ချန်း ဟားတိုက် ရယ်မောလိုက်သည်။

"ကဲပါ... မစတော့ပါဘူး။ ဒါပေမဲ့ အခြေခံလေးတွေတော့ လိုတာပေါ့။ လက်ကိုင်တာ၊ ခါးဖက်တာ မျိုးပေါ့... ယင်းဟောင် ကုမ္ပဏီမှာတုန်းက မင်း လုပ်သလိုမျိုးလေ... အဲဒါ တော်တော် ကောင်းတယ်"

တုဇယ်ချန်း ဒေါသထွက်နေသည်ကို ဖြေလျှော့ပေးရန် သူမ လုပ်ခဲ့သည့် ရင်းနှီးသော အမူအရာများကို ပြန်သတိရသွားပြီး ရှန်ယို့ယောင် မျက်နှာပူသွားသည်။ ထိုစဉ်က သူ့မျက်နှာ မပျက်စေရန် ရည်ရွယ်ပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်"

တုဇယ်ချန်းလည်း ထိုအဖြစ်အပျက်ကို ပြန်တွေးမိပြီး နူးညံ့စွာ ပြုံးလိုက်သည်။

"အဲဒီနေ့က ငါ တကယ် ပျော်ခဲ့တယ်"

တုနျန်ယန်နှင့် ချန်ရွေ့တို့ ဖြစ်ပျက်ခဲ့ပုံကို တွေးမိပြီး ရှန်ယို့ယောင်လည်း ပြုံးလိုက်သည်။

"ဘယ်သူက သူတို့ကို အနိုင်ကျင့်ခိုင်းလို့လဲ"

တုဇယ်ချန်းက သူမ မျက်လုံးများကို စိုက်ကြည့်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။

"အစ်ကိုကျူးက ဒီနေ့ Weibo မှာ ပုံတင်ခိုင်းထားတယ်။ ပုံတွေက ကြည်နူးစရာ ကောင်းနေဖို့ လိုတယ်။ ဖက်ထားတဲ့ ပုံလောက်တော့ လိုမယ် ထင်တယ်"

သူ့ခေါင်းစဉ် ပြောင်းတာ မြန်လွန်းသဖြင့် ရှန်ယို့ယောင် ကြောင်သွားသည်။

"ဖက်မယ် ဟုတ်လား"

"ငါတို့က လင်မယားပါလို့ တရားဝင် ဝန်ခံမှာ ဆိုတော့... ကြည်နူးနေတဲ့ ပုံတွေ လိုတာပေါ့။ အနည်းဆုံးတော့ ဖက်ထားတဲ့ အဆင့်လောက်တော့ ရှိသင့်တယ် မလား"

ရှန်ယို့ယောင်က ချောင်းဟန့်လိုက်သည်။

"ဘ.. ဘယ်လို ဖက်မှာလဲ"

"စိတ်မလှုပ်ရှားပါနဲ့... သရုပ်ဆောင်နေတယ်လို့ပဲ သဘောထားလိုက်"

တုဇယ်ချန်းက လမ်းကြောင်းပေးလိုက်သည်။

"ရည်းစားထားဖူးလား"

ရှန်ယို့ယောင်က ခေါင်းခါလိုက်သည်။ တုဇယ်ချန်း စိတ်ထဲ ကျေနပ်သွားသည်။

"ဒါဆို တစ်ယောက်ယောက်ကို သဘောကျဖူးတာမျိုးရော ရှိလား"

ရှန်ယို့ယောင် တုံ့ဆိုင်းသွားသည်။ ရှိတာပေါ့။ သူမလည်း မိန်းကလေးပဲလေ။ အသက် ၁၈-၁၉ လောက်တုန်းက ကျောင်းက king လေးကို တိတ်တခိုး ကြိုက်ခဲ့ဖူးသည်။ သူနဲ့ စကားတစ်ခွန်းလောက် ပြောရရင် တစ်နေကုန် ပျော်နေတတ်ခဲ့တာ။

တုဇယ်ချန်းက မျက်လုံး မှိတ်လိုက်သည်။ စိတ်လှုပ်ရှားပြီး မေးခွန်း အမှားကြီး မေးလိုက်မိပြီ။

"ဒီလိုလုပ်..."

သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး သူ့ဘက်သို့ အတင်း ဆွဲယူလိုက်သည်။

ရှန်ယို့ယောင်က အလိုအလျောက် သိုင်းကွက် ထုတ်သုံးကာ ပြန်လည် ခုခံလိုက်သည်။ သူ့ဘက်ကို ပါမသွားသည့်အပြင် သူပါ ရှေ့သို့ မှောက်ကျမလို ဖြစ်သွားသည်။

တုဇယ်ချန်း: ...

ရှန်ယို့ယောင်: ...

တုဇယ်ချန်းက သူမကို စိုက်ကြည့်ရင်း ရယ်ချင်သွားသည်။ ရှန်ယို့ယောင်လည်း သူ ဘာလုပ်ချင်လဲ ဆိုတာ သဘောပေါက်သွားပြီး ပြုံးလိုက်သည်။ သူမက သူ့လက်ကောက်ဝတ်ကို ပြန်ဆွဲပြီး ကိုယ့်ဘက်သို့ ဆွဲယူလိုက်သည်။

တုဇယ်ချန်း အကာအကွယ်မဲ့စွာဖြင့် သူမ ရင်ခွင်ထဲသို့ ပစ်ဝင်သွားသည်။ အမှန်တကယ် ရင်ခွင်ထဲ ရောက်သွားခြင်း ဖြစ်သည်။

ရှန်ယို့ယောင်: ...

တုဇယ်ချန်း: ...

ရှန်ယို့ယောင် သတိဝင်လာပြီး သူ့ကို ကမန်းကတန်း တွန်းထုတ်လိုက်သည်။

တုဇယ်ချန်းသည် မျက်နှာနှင့် ထိတွေ့လိုက်ရသော နူးညံ့အိစက်သည့် အထိအတွေ့ကို ပြန်လည် ခံစားရင်း မျက်နှာ ရဲတက်သွားသည်။

ဤအလွဲအချော် ဖြစ်ရပ်ကြောင့် ပုံရိုက်ရသည်မှာ ပိုခက်ခဲသွားသည်။ ရှန်ယို့ယောင် တောင့်တင်းနေသလို တုဇယ်ချန်းလည်း နေရခက်နေသည်။ နူးညံ့အိစက်သော အထိအတွေ့က သူ့ခေါင်းထဲတွင် နေရာယူထားပြီး မျက်လုံးက သူမ ရင်ဘတ်ဆီသို့ ရောက်ရောက်သွားသည်။

ပိန်တာတော့ ပိန်ပါရဲ့... တကယ် ရှိသင့်တာတွေ ရှိပါလား...

တုဇယ်ချန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မရိုးသားသော အတွေးများကို မောင်းထုတ်လိုက်သည်။ ဆိုဖာပေါ်တွင် မှီချလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... ငါ ရှုံးပါတယ်"

ရှန်ယို့ယောင်လည်း သက်ပြင်းချလိုက်သည်။

"တောင်းပန်ပါတယ်"

တုဇယ်ချန်း လှည့်ကြည့်လိုက်သည်။

"ဘာလို့ တောင်းပန်တာလဲ"

ရှန်ယို့ယောင် လှည့်ကြည့်လိုက်သည်။ ဓာတ်ပုံရိုက်ရန်အတွက် နီးကပ်စွာ ထိုင်နေကြသဖြင့် မျက်နှာချင်းဆိုင်လိုက်သောအခါ နှာခေါင်းချင်း ထိလုနီးပါး ဖြစ်သွားသည်။ ရှန်ယို့ယောင် လန့်ပြီး နောက်ဆုတ်ရန် ပြင်လိုက်သည်။

"မလှုပ်နဲ့"

တုဇယ်ချန်း တားလိုက်သည်။

ရှန်ယို့ယောင် ငြိမ်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။ အကြည့်ချင်း ဆုံလိုက်သောအခါ အသက်ရှူသံများ တိတ်ဆိတ်သွားသည်။

တုဇယ်ချန်းက အရင် ပြုံးလိုက်သည်။

"ရှက်နေရင် မျက်လုံး မှိတ်ထားလိုက်"

အနီးကပ် မြင်နေရသော ချောမောခန့်ညားသည့် မျက်နှာကြောင့် ရှန်ယို့ယောင် စိတ်မထိန်းနိုင်တော့ဘဲ သူ ပြောသည့်အတိုင်း မျက်လုံး မှိတ်လိုက်သည်။

တုဇယ်ချန်းသည် သူမ၏ ရှည်လျားသော မျက်တောင်လေးများမှ ပြည့်ဖြိုးသော နှုတ်ခမ်းလေးများအထိ ကြည့်လိုက်သည်။ စိတ်အလိုကို မနည်း ထိန်းချုပ်ထားရသည်။ တကယ် လိမ္မာလိုက်တာ... နမ်းလိုက်ချင်စရာလေး...။

ရှန်ယို့ယောင်က တစ်စုံတစ်ခုကို စိုးရိမ်နေသလို တိုးတိုးလေး မေးလိုက်သည်။

"ဘာလုပ်မလို့လဲ"

"ငါ ဘာလုပ်မလဲ မသိဘဲနဲ့ မျက်လုံး မှိတ်ရဲတယ်ပေါ့"

တုဇယ်ချန်း၏ အသံက အက်ကွဲနေသည်။ အမြင်အာရုံ ပိတ်လိုက်သောအခါ အခြား အာရုံခံစားမှုများက ပိုမို ထက်မြက်လာသည်။ ရှန်ယို့ယောင် ရင်ခုန်သွားပြီး မျက်လုံး ဖွင့်ကြည့်ချင်လာသည်။

သူမ အတွေးကို ရိပ်မိသဖြင့် တုဇယ်ချန်း ပြောလိုက်သည်။

"မလောပါနဲ့"

လက်တစ်ဖက်က သူမ လည်ပင်းကို သိုင်းဖက်လိုက်ပြီး လက်ဖဝါးကြီးဖြင့် သူမ ခေါင်းကို အသာအယာ ဖိကာ သူ့ပခုံးပေါ် မှီစေလိုက်သည်။

"စိတ်လျှော့ထား"

ခေါင်းကို ပွတ်သပ်ပေးနေသော လက်ဖဝါးကြီးနှင့် သင်းပျံ့သော ရေမွှေးနံ့တို့ကြောင့် သူမ စိတ်အေးချမ်းသွားသည်။

ကင်မရာ ရှပ်တာသံ ကြားလိုက်ရသည်။ တုဇယ်ချန်းက ပြောလိုက်သည်။

"ပြုံးလိုက်"

သူ့စကားသံနှင့်အတူ နွေးထွေးသော လေငွေ့များက သူမ နဖူးပေါ်သို့ ကျရောက်လာသည်။ ရှန်ယို့ယောင် မသိလိုက်ဘဲ ပြုံးလိုက်မိသည်။ ထိုစဉ် နဖူးပြင်ပေါ်တွင် နွေးထွေးသော အရာတစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

ရင်ခုန်သံ စည်းချက် လွဲသွားသည်။

"ပြီးပြီ"

တုဇယ်ချန်းက တိုးတိုးလေး ပြောလိုက်သော်လည်း ခေါင်းပေါ်တင်ထားသော လက်ကို မဖယ်သေး။

ရှန်ယို့ယောင်လည်း ဘာကြောင့်မှန်းမသိ ဖယ်မသွားချင်တော့။ ဒီပခုံးက တကယ် သက်သောင့်သက်သာ ရှိလှသည်။

"ဟေ့... သတင်းကောင်း"

ရှောင်းမင်ကျန့် တံခါးဖွင့် ဝင်လာပြီး ချက်ချင်း ပြန်လှည့်ထွက်သွားသည်။

"ဟာ... ငါ ဘာမှ မမြင်ဘူးနော်"

ရှန်ယို့ယောင် လန့်ပြီး မတ်မတ် ထိုင်လိုက်သည်။ တုဇယ်ချန်းလည်း ရင်တွေ တဒုန်းဒုန်း ခုန်နေသည်။ သာမန် ကိစ္စလေးပဲကို ဘာလို့ ဒီလောက် ရင်ခုန်နေရတာလဲ။

"ရှောင်းမင်ကျန့်"

တုဇယ်ချန်းက လှမ်းခေါ်လိုက်သည်။

ရှောင်းမင်ကျန့်က ရယ်ကျဲကျဲဖြင့် ပြန်ဝင်လာသည်။ ရှန်ယို့ယောင်က ရှင်းပြလိုက်သည်။

"ကျွန်မတို့ ဓာတ်ပုံ ရိုက်နေတာပါ"

"အင်းပါ... အင်းပါ..."

ရှောင်းမင်ကျန့်က "ငါ အကုန် နားလည်ပါတယ်" ဆိုသော မျက်နှာပေးဖြင့် ကြည့်နေသဖြင့် ရှန်ယို့ယောင် ပိုပြီး နေရခက်သွားသည်။

တုဇယ်ချန်းက သူမ ရှက်နေသည်ကို မြင်တော့ ရှောင်းမင်ကျန့်ကို မျက်စောင်းထိုးလိုက်သည်။

"ဘာကိစ္စလဲ"

"အလုပ် လာအပ်တာ"

ရှောင်းမင်ကျန့် ပျော်ရွှင်စွာ ပြောလိုက်သည်။

ရှန်ယို့ယောင်က ဝမ်းသာသွားသည်။

"ဘာအလုပ်လဲ"

"မင်း အလုပ် မဟုတ်ဘူး... ဇယ်ချန်း အလုပ်"

တုဇယ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့အလုပ် ဟုတ်လား... အခု ငါက အားမနေဘူး... ပြီးတော့ ဒီပုံစံကြီးနဲ့ ဘာအလုပ် လုပ်ရမှာလဲ"

"စိတ်မပူပါနဲ့... မင်း မလုပ်နိုင်ရင် အစ်ကိုကျူးက လက်ခံမှာ မဟုတ်ဘူး"

ရှောင်းမင်ကျန့် ရှင်းပြသည်။

"တိုက်ရိုက်လွှင့်တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုပါ။ အစ်ကိုကျူးက ပြောတယ်... မင်းက ဒီလောကမှာ ဆက်နေဦးမယ် ဆိုရင် မီဒီယာနဲ့ ထိတွေ့မှု ရှိနေဖို့ လိုတယ်တဲ့။ ပျောက်နေတာ တစ်လကျော်ပြီ ဆိုတော့... ပြီးတော့ နောက် ၃-၄ လလောက် ဒဏ်ရာကုရဦးမယ် ဆိုတော့ အနုပညာ အလုပ်တွေ လုပ်လို့ ရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် အင်တာဗျူး အရင် လုပ်ထားတာ ကောင်းတယ်တဲ့"

သူက ဆက်ပြောသည်။

"ပြီးတော့ ယို့ယောင် အတွက်လည်း လမ်းခင်းပေးရာ ရောက်တာပေါ့"

တုဇယ်ချန်း သဘောတူလိုက်သည်။

"ဘယ်လို လမ်းခင်းပေးမှာလဲ... ဘယ် အစီအစဉ်လဲ"

"«အစ်မလဲ့ စကားဝိုင်း» "

အစ်မလဲ့သည် အနုပညာလောကတွင် နာမည်ကြီးသော အစီအစဉ် တင်ဆက်သူ ဖြစ်သည်။ ပွင့်လင်းပြီး စကားပြော ပြတ်သားသည်။ သူမ၏ အစီအစဉ်သည် နိုင်ငံတွင်း ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ် ဖြစ်သည်။ ဧည့်သည်များ အမှားလုပ်မိတတ်သော်လည်း ပရိသတ်က အလွန် ကြိုက်နှစ်သက်ကြသည်။

"ဒီအစီအစဉ် တက်ရင် မင်းအတွက် ပရိသတ် စိတ်ဝင်စားမှု တိုးလာမဲ့အပြင် အွန်လိုင်းက ကောလာဟလတွေကို ရှင်းပြခွင့် ရမယ်။ ယို့ယောင်အတွက်လည်း အထောက်အကူ ဖြစ်စေမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"

"ကောင်းပြီလေ... ဘယ်တော့လဲ"

"တနင်္ဂနွေနေ့... ဆွေးနွေးရမဲ့ ခေါင်းစဉ်တွေကို အစ်ကိုကျူး ညှိနှိုင်းနေတယ်။ ပြီးရင် ဇာတ်ညွှန်း ပို့ပေးလိမ့်မယ်"

"အိုကေ... သိပြီ"

ကိစ္စ ပြီးသွားပြီ ဖြစ်သော်လည်း ရှောင်းမင်ကျန့်က မပြန်သေးဘဲ ပြုံးစစ လုပ်နေသည်။

"ကဲ... ဆက်လုပ်ကြဦးလေ"

သူ့စကားကြောင့် စိတ်ငြိမ်သွားသော ရှန်ယို့ယောင် ပြန်လည် တောင့်တင်းသွားပြီး ထွက်ပြေးချင်စိတ် ပေါက်သွားသည်။

တုဇယ်ချန်းက သူမ လက်ကို လှမ်းဆွဲလိုက်သောအခါ ရှန်ယို့ယောင်က လှည့်ကြည့်လိုက်သည်။

တုဇယ်ချန်း ချောင်းဟန့်လိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။

"တကယ် ဆက်လုပ်ရမှာ... Weibo တင်ဖို့ ဓာတ်ပုံ တစ်ပုံတည်းနဲ့ မလောက်ဘူး"

သူမက လူမှုဆက်ဆံရေးတွင် တက်ကြွသူ မဟုတ်မှန်း သိသဖြင့် အမိန့်ပေးလိုက်သည်။

"လက်ကမ်းပေး"

ရှန်ယို့ယောင်က လက်ကို ဖြန့်ပြီး ကမ်းပေးလိုက်သည်။ သူမ၏ လက်ချောင်းများက သွယ်လျပြီး အသားအရေက ဖြူဝင်းနေသည်။ တုဇယ်ချန်း ကိုက်ချင်စိတ် ပေါက်သွားသည်။

သူ့လက်ကို သူမ လက်ပေါ် တင်လိုက်သည်။

အရင်က လက်ချင်း တွဲဖူးသော်လည်း ဒီတစ်ခါ ခံစားချက်က မတူတော့ပေ။

တုဇယ်ချန်း၏ လှုပ်ရှားမှုက နှေးကွေးနေသည်။ နွေးထွေးသော လက်ချောင်းများက သူမ လက်ဖဝါးပြင်မှ တစ်ဆင့် တရွေ့ရွေ့ တက်လာသည်။ လက်ချောင်းများ ကြားထဲသို့ တိုးဝင်လာပြီး ဆုပ်ကိုင်လိုက်သည်။ ထိတွေ့မှုကြောင့် ယားကျိကျိ ခံစားလိုက်ရသည်။ သူမ ခိုးကြည့်လိုက်ရာ တုဇယ်ချန်းက ဖုန်းဖြင့် အလေးအနက် ဓာတ်ပုံ ရိုက်နေသည်ကို တွေ့လိုက်ရသည်။

တုဇယ်ချန်းက ဓာတ်ပုံ ရိုက်ပြီးသွားသောအခါ လက်ကို မလွှတ်ပေးသေးဘဲ နှုတ်ခမ်းနားသို့ ယူကာ ဖွဖွလေး နမ်းလိုက်သည်။

ရှန်ယို့ယောင် လန့်သွားပြီး လက်ကို ရုန်းလိုက်သော်လည်း တုဇယ်ချန်းက တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဓာတ်ပုံရိုက်ပြီးသည်အထိ စက္ကန့်အနည်းငယ် ကြာမှ လွှတ်ပေးလိုက်သည်။

လက်ဖမိုးပေါ်မှ အပူငွေ့များသည် လက်မောင်းမှ တစ်ဆင့် ရင်ဘတ်ထဲသို့ စီးဝင်သွားပြီး နှလုံးခုန် မြန်လာစေသည်။

အလုပ်သဘောပါ... အလုပ်သဘောပါ... ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။

"ကဲ... တင်လိုက်ပြီ။ မင်း ပြန်မျှဝေလိုက်တော့"

ရှန်ယို့ယောင် ဖုန်းထုတ်လိုက်သည်။ သူမ၏ ဖုန်းသည် တုဇယ်ချန်း ဖုန်းနှင့် ဒီဇိုင်းတူ ဖြစ်သည်။ Weibo အကောင့်က မူလခန္ဓာရှင် ဖွင့်ထားခဲ့ခြင်း ဖြစ်ပြီး သူမ ရောက်လာပြီးကတည်းက တစ်ခါမှ မသုံးဖူးသေး။

Weibo ဖွင့်လိုက်သည်နှင့် သူမကို mention ခေါ်ထားသူ ထောင်ချီ ရှိနေသည်ကို တွေ့လိုက်ရသည်။

တုဇယ်ချန်း mention ခေါ်ထားသော ပို့စ်ကို ဖွင့်ကြည့်လိုက်ရာ ရင်ခုန်သံများ ပြန်လည် မြန်ဆန်လာသည်။

တုဇယ်ချန်း V: [ပရိသတ်ကြီးကို တရားဝင် မိတ်ဆက်ပေးပါရစေ... ဒါ ကျွန်တော်ရဲ့ ချစ်ဇနီးပါ @Shen Youyao]