အခန်း (၂၈)
တုဇယ်ချန်း ၏ Weibo တွင် ဓာတ်ပုံ ၃ ပုံ တွဲတင်ထားသည်။
ပထမတစ်ပုံတွင် ရှန်ယို့ယောင်သည် မျက်လုံးမှိတ်လျက် သူ့ပခုံးပေါ် မှီနေသည်။ သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသော အပြုံးနုနုလေး ပေါ်နေလေ၏။ တုဇယ်ချန်းက သူမ၏ နဖူးလေးကို ညင်သာစွာ နမ်းနေပြီး မျက်လွှာချကာ ကြည့်နေသော အကြည့်များထဲတွင် နူးညံ့မှု အပြည့် ရှိနေသည်။ သူမ ဒီလို မျက်နှာအမူအရာမျိုး လုပ်တတ်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့ပေ။
ဒုတိယတစ်ပုံမှာ သူတို့နှစ်ဦး လက်ချင်း ယှက်တွဲထားသော ပုံဖြစ်သည်။ သူ၏ လက်ဖဝါးကြီးကြီး၊ သန်မာသော လက်ချောင်းများက သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ လက်ချောင်းလေးများ ဒီလောက် လှပမှန်း အခုမှ သတိထားမိသည်။
တတိယတစ်ပုံမှာ သူ သူမ၏ လက်ဖမိုးကို နမ်းနေသော ပုံဖြစ်သည်။ ထိုအချိန်က သူမသည် စိတ်လှုပ်ရှား နေသဖြင့် သတိမထားမိလိုက်သော်လည်း ပုံထဲတွင် သူမကို ကြည့်နေသော သူ့အကြည့်များ၊ ပြုံးနေသော မျက်လုံးများထဲတွင် ချစ်မြတ်နိုးမှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ အကြည့်များက သူ့မျက်နှာပေါ်မှ မခွာနိုင် ဖြစ်နေသည်။
တုဇယ်ချန်းသည် သူမ၏ ရဲနေသော ပါးပြင်နှင့် ပြုံးနေသော နှုတ်ခမ်းတို့ကို ကြည့်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။ သူမ နားနား ကပ်ကာ ပြောလာသည်။
"ဘယ်လိုလဲ... ရိုက်ထားတာ မိုက်တယ် မလား"
ရှန်ယို့ယောင်က သတိပြန်ဝင်လာပြီး စိတ်ကို ငြိမ်အောင် ထားလိုက်သည်။
"အင်း... တော်တော် ကောင်းတယ်"
"ဒါဆို မြန်မြန် စာပြန်လိုက်လေ"
တုဇယ်ချန်းက တိုက်တွန်းလိုက်သည်။
ဒီကိစ္စက သူမအတွက် အခက်အခဲ ဖြစ်နေသည်။
"ဘာပြန်ရမလဲ"
"ငါ ကူစဉ်းစားပေးရမလား"
တုဇယ်ချန်း မျက်ခုံးပင့်လိုက်သည်။
"စဉ်းစားပေးပါ"
ရှန်ယို့ယောင်က ပြောလိုက်ပြီး တုဇယ်ချန်း စကားမစခင်မှာပင် ဖြတ်ပြောလိုက်သည်။
"မလုပ်ပါနဲ့တော့"
ရှန်ယို့ယောင်သည် ဖုန်းကို အကြာကြီး စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် Share လိုက်သည်။
တုဇယ်ချန်း ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ ရှက်နေသော အီမိုဂျီလေး တစ်ခုသာ ပါဝင်သည်။ ရှန်ယို့ယောင် စတိုင် စစ်စစ်ပါပဲ။
ဒါလေးကိုပဲ တုဇယ်ချန်းက အကြာကြီး စိုက်ကြည့်နေမိသည်။
နှစ်လနီးပါး ပျောက်ကွယ်နေပြီးမှ တုဇယ်ချန်း Weibo ပေါ် ပြန်ရောက်လာခြင်းက ဂယက်ရိုက်သွားစေသည်။
[ဝိုး... တရားဝင် မိတ်ဆက်လိုက်တာပဲ။ ဟန်ပြ လက်ထပ်တာတော့ မဟုတ်လောက်ပါဘူး။ ဟန်ပြဆိုရင် ဒီလို မိတ်ဆက်ပြီး ကိုယ့်သေတွင်း ကိုယ်တူးစရာ လိုလို့လား]
[ဖန်ရွှယ်ယင်းနဲ့ တွဲတုန်းကတောင် ဒီလောက် တရားဝင် မဟုတ်ဘူး။ ဟိုဘက်က ကြေညာမှ ဒီဘက်က Share ပေးရုံလောက်ပဲ လုပ်တာ။ အသေးစိတ်လေးတွေ ကြည့်ရင် ဘယ်သူ့ကို ပိုချစ်လဲ သိသာပါတယ်]
ထိုကွန်းမန့်ကို ဖတ်ပြီးနောက် ရှန်ယို့ယောင်သည် အလိုအလျောက်ပင် တုဇယ်ချန်း၏ ယခင် ပို့စ်များကို လိုက်ရှာကြည့်မိသည်။
တုဇယ်ချန်းက သူမ ဘာလုပ်နေလဲ ဆိုတာ ရိပ်မိသဖြင့် ဘေးနား တိုးကပ်လာသည်။
"ဘာလဲ... သဝန်တိုနေတာလား"
ရှန်ယို့ယောင်က ရှက်သွားပြီး ရပ်လိုက်သည်။
"မဟုတ်ပါဘူး... ရှင် အရင်က ဘာတွေ တင်ဖူးလဲ သိချင်လို့ပါ"
တုဇယ်ချန်းက သူမ ခေါင်းကို ပွတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... အကုန် ဖျက်ပစ်လိုက်ပြီ။ နောက်ဆိုရင် ငါ့ Weibo မှာ မင်းအကြောင်းပဲ ရှိစေရမယ်"
သူ့လေသံက လေးနက်လွန်းသဖြင့် နောက်ပြောင်နေတာလား၊ အတည်ပြောနေတာလား ရှန်ယို့ယောင် မခွဲခြားတတ်တော့။ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ချောမောသူများက တကယ်ပဲ ဆွဲဆောင်မှု ရှိလွန်းလှသည်။
သူတို့ စကားပြောနေစဉ် အတွင်းမှာပင် ကွန်းမန့်များ ပြောင်းလဲသွားသည်။ ဖန်ရွှယ်ယင်းနှင့် အတွင်းရေးမှူးယန် တို့၏ ကြိုးပမ်းမှုကြောင့် အများစုက မကောင်းမြင်လာကြသည်။
[တုသခင်လေးရဲ့ တရားဝင်ဆိုတာက ယုံရတာ မဟုတ်ဘူး။ လက်ထပ်စာချုပ်တောင် ကြိုက်သလို လုပ်လို့ ရနေတာပဲ။ ပြန်ပြီး ဇာတ်လမ်းဆင်နေတာ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ]
[ဒုက္ခိတ ဖြစ်နေတာတောင် Weibo သုံးနိုင်သေးတယ်။ အမွေမရတော့လို့ အနုပညာလောကမှာ ပြန်ရှာစားမလို့လား။ ဪ... မယားငယ်ကိုပါ မြေတောင်မြှောက်ပေးချင်နေတာကိုး]
[အပေါ်က လူ... ပါးစပ်က ယုတ်ညံ့လိုက်တာ။ ကုသိုလ်ရအောင် နေပါဦး။ သူများ ကားတိုက်မှု ဖြစ်နေတာကို ထပ်ပြီး ကျိန်စာတိုက်နေတယ်]
[အတင်းအကျပ် နာမည်ပြန်ကောင်းအောင် လုပ်နေတာ။ လက်ထပ်တဲ့ ရက်စွဲကို ချပြမှ ယုံမယ်]
[ပိုက်ဆံမက်ပြီး ဒုက္ခိတကို ယူရဲမှတော့ ရှန်ယို့ယောင်ရဲ့ စိတ်ဓာတ်က ဘယ်လောက် ကောင်းမလဲ စဉ်းစားကြည့်ပေါ့]
...
တုဇယ်ချန်းသည် နှစ်အနည်းငယ် အနုပညာ လုပ်ခဲ့သူမို့ သူ့ဘက်က ကာကွယ်ပေးသူ အနည်းငယ် ရှိသေးသည်။ ရှန်ယို့ယောင် ဘက်မှာတော့ ဆဲဆိုသံ သက်သက်သာ ရှိသည်။
[ရုပ်လေးကတော့ လှပါရဲ့... ယောကျ်ားတွေကို မြှူဆွယ်နိုင်လောက်တယ်]
[ရွံစရာ ကောင်းလိုက်တာ။ တုဇယ်ချန်းကို မြှူဆွယ်တယ်... သူ ဒုက္ခိတ ဖြစ်သွားတော့ မင်းသားကြီးကျိကို ပြောင်းကပ်ပြန်ပြီ]
[မင်းသားကြီးကျိ ကိစ္စက ဘာလဲ]
[ပုံတွေ ထွက်နေတယ်လေ... ရှာကြည့်လိုက်]
[တွေ့ပြီ... မင်းသားကြီးက သူ့ကို ကြိုက်မှာ မဟုတ်ပါဘူး။ စိတ်ချပါ]
[မင်းသားကြီးကို ယုံပါတယ်... သူ့အပြုအမူကို ရွံတာပါ]
[ဇာတ်လမ်း ပြန်ရိုက်တော့မယ် ဆိုတော့... ဒါတွေက ဇာတ်လမ်းဆင်တာတွေ ဖြစ်မှာပါ]
...
တုဇယ်ချန်းက ဒီလောက်ထိ တစ်ဖက်သတ် ဆဲဆိုခံရလိမ့်မယ်လို့ ထင်မထားခဲ့။ အရင်က သူ့ကို ဝိုင်းဝန်း ကာကွယ်ပေးခဲ့သော ပရိသတ်များက ယခုအခါ တိုက်ခိုက်သူများ ဖြစ်ကုန်ကြပြီဖြစ်သည်။
သူ စိတ်မကောင်း ဖြစ်နေသည်ကို မြင်တော့ ရှန်ယို့ယောင်က နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့... သူတို့က အမှန်တရားကို မသိလို့ပါ။ ကိုယ့်အလုပ် ကိုယ် သေချာ လုပ်ရင် တစ်နေ့ကျရင် အမှန်တရား ပေါ်လာမှာပါ"
တုဇယ်ချန်း ပြုံးလိုက်သည်။
"မင်းက အမြဲတမ်း စိတ်ဓာတ်ခိုင်မာတာပဲ"
ထိုအချိန်တွင် ကျူးယန်လင် ဖုန်းဆက်လာသည်။
"ဇယ်ချန်း... စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်။ Weibo က ကွန်းမန့်တွေကို လိုက်မဖတ်နဲ့တော့။ ငါတို့ သဘောထားကို ပြလိုက်ရင် ရပြီ။ နည်းနည်းလောက် ကြာရင် စတူဒီယိုကနေ ကြေညာချက် ထုတ်ပြန်မယ်။ ဖန်ရွှယ်ယင်းလည်း တရားရုံး ဆင့်ခေါ်စာ ရောက်လောက်ပြီ။ သူ ငါ့ကို ဆက်သွယ်နေတယ်။ ငါက သူ့ကို ရှင်းလင်းချက် ထုတ်ခိုင်းဖို့ ညှိနှိုင်းနေတယ်။ စိတ်မပူနဲ့... တစ်ရက် နှစ်ရက်လောက် နေရင် အခြေအနေ ပြောင်းသွားလိမ့်မယ်"
သူက သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့... ဖုန်းကို ယို့ယောင်ကို ပေးလိုက်။ ငါ သူ့ကိုပဲ ပြောတော့မယ်"
တုဇယ်ချန်းက ရယ်ချင်သွားသည်။
"ရပါတယ်... ကျွန်တော် သိပါတယ်။ စိတ်မပူပါနဲ့... ကျွန်တော် ဘာမှ လျှောက်မရေးပါဘူး"
"မင်းက အမြဲတမ်း ဒီလိုပဲ ပြောတာပဲ"
အစ်ကိုကျူးက မယုံပေ။
"ထားလိုက်တော့... နည်းနည်း အလုပ်ရှုပ်ပေမဲ့ မင်း Password ကို ငါ ပြောင်းပစ်လိုက်တော့မယ်"
"ကြိုက်သလို လုပ်ဗျာ"
တုဇယ်ချန်း စိတ်ပျက်လက်ပျက် ဖုန်းချလိုက်သည်။ ရှန်ယို့ယောင်က ဘေးကနေ ရယ်နေသည်။
မည်သို့ပင် ဖြစ်စေ၊ တုဇယ်ချန်း၏ Weibo ပို့စ်သည် သူ၏ သန်မာစွာ ပြန်လည် ရောက်ရှိလာခြင်းကို ကြေညာလိုက်သလို ဖြစ်သွားသည်။
ထိုနေ့ ညနေတွင် အသစ်ထူထောင်လိုက်သော ချန်းယောင်စတူဒီယို (ဇယ်ချန်းနှင့် ယို့ယောင် စတူဒီယို) အကောင့်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။ မီဒီယာ ၃ ခုနှင့် အွန်လိုင်း စာမျက်နှာ ၅ ခုကို တရားစွဲဆိုထားသော စာရွက်စာတမ်းများကို တင်ပြထားသည်။ အပြင်းထန်ဆုံး ပြစ်ဒဏ်အနေဖြင့် ယွမ် ၅ သန်း လျော်ကြေးပေးရန် တောင်းဆိုထားသည်။
ထိုမီဒီယာများသည် တုဇယ်ချန်းက အဘိုးဖြစ်သူကို သေစေခဲ့ကြောင်း၊ အမွေဆက်ခံခွင့် ဆုံးရှုံးသွားကြောင်း မဟုတ်မမှန် သတင်းများ ဖြန့်ချိခဲ့သဖြင့် တောင်းပန်စာ ရေးသားခဲ့ရသည်။
အွန်လိုင်းပေါ်မှ ဆဲဆိုနေသူများ ငြိမ်ကျသွားကြသည်။
[တုသခင်လေးက ဒေါသထွက်ပြီး အော်ဟစ်ရုံပဲ တတ်တယ် ထင်နေတာ... တကယ်တမ်းကျတော့ ကြောက်စရာ ကောင်းသားပဲ]
[ဒါက အဘိုးကိစ္စ မဟုတ်မှန်တာကိုပဲ ရှင်းတာလေ... ဟန်ပြ လက်ထပ်တာနဲ့ မဆိုင်ဘူး]
[ကားတိုက်တာကို အခွင့်ကောင်းယူပြီး အဘိုးကို သတ်တယ် ဆိုတဲ့ စွပ်စွဲချက်ကတော့ လွန်လွန်းပါတယ်။ တရားစွဲသင့်ပါတယ်]
[ပရိသတ်ကို လိမ်တဲ့ ကိစ္စကျတော့ ဘာမှ မပြောဘူး]
[ငါတော့ မယုံဘူး... ဖန်ရွှယ်ယင်းကို အနိုင်ကျင့်တာကတော့ အမှန်ပဲ နေမှာ]
...
[မျက်နှာတွေ ဖြန်းခနဲ ရိုက်ခံလိုက်ရသလိုပဲ... တုသခင်လေး အနိုင်ကျင့်တယ် ဆိုတဲ့ လူတွေ... ရာစုသစ် နဲ့ ယင်းဟောင်ရဲ့ Weibo ကို သွားကြည့်လိုက်ကြ]
လွန်ခဲ့သည့် ၃ မိနစ်ခန့်က ရာစုသစ် ကုမ္ပဏီမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဖန်ရွှယ်ယင်းသည် တုဇယ်ချန်းနှင့် ပူးပေါင်း ဆောင်ရွက်ပြီးနောက် ကုမ္ပဏီ၏ သဘောဆန္ဒ မပါဘဲ ကိုယ့်သဘောနှင့်ကိုယ် တုဇယ်ချန်းကို နာမည်ဖျက်ရန် ကြံစည်ခဲ့ကြောင်း၊ ကုမ္ပဏီမှ တားမြစ်သော်လည်း နားမထောင်သဖြင့် စာချုပ် ဖျက်သိမ်းလိုက်ကြောင်း၊ သူမ၏ လုပ်ရပ်များသည် ကုမ္ပဏီနှင့် မသက်ဆိုင်ကြောင်း ကြေညာထားသည်။
ယင်းဟောင် ကုမ္ပဏီကလည်း ဖန်ရွှယ်ယင်းကို ခေါ်ယူရန် အစီအစဉ် မရှိကြောင်း၊ တုဇယ်ချန်းကို နာမည်ဖျက်ခဲ့မှုအတွက် တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
ချန်းယောင်စတူဒီယိုကလည်း ရှေ့နေစာကို တင်ပြလိုက်ပြီး ဖန်ရွှယ်ယင်းကို တရားစွဲဆိုထားကြောင်း ကြေညာလိုက်သည်။
[ကုမ္ပဏီတွေက တရားဝင် ဝန်ခံလိုက်ပြီ ဆိုတော့... တုသခင်လေးက တော်တော် အာဏာရှိတာပဲ]
[ထန်မိသားစု နောက်ခံ ရှိနေတာကိုး... ဖန်ရွှယ်ယင်းကို ဖျက်ဆီးပစ်ဖို့က လွယ်လွယ်လေး နေမှာ]
[မှန်တယ်... ရှောင်ရွှယ်လေး ဘက်က ရပ်တည်ကြမယ်]
[တကယ်လို့ တုသခင်လေးက အဲဒီလောက် အာဏာရှိရင် ဖန်ရွှယ်ယင်းက အခုထိ ဘယ်လွတ်နေမလဲ။ အခုမှ တရားစွဲတယ် ဆိုတော့ သက်သေ အခိုင်အလုံ ရှိလို့ နေမှာပေါ့]
...
ဖန်ရွှယ်ယင်း၏ မားကက်တင်း နည်းလမ်းက အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သူမ ဘာမှ မလုပ်ဘဲ ငြိမ်နေရင်တောင် ကာကွယ်ပေးမည့်သူများ ရှိနေသည်။ သို့သော် သူမ ကြောက်လန့်နေပြီဖြစ်သည်။
တုဇယ်ချန်း ပြန်ကောင်းလာလိမ့်မည်ဟု ထင်မထားခဲ့။ လိမ်လည် လက်ထပ်မှုက စစ်ဆေးရ လွယ်ကူသည်။ လက်ထပ်စာချုပ်နှင့် ကွာရှင်းစာချုပ် ရက်စွဲများ၊ ငွေကြေးလွှဲပြောင်းမှုများ၊ ရွမ်ဟုန်လန် ထံ ငွေလွှဲထားမှုများကို စစ်ဆေးလိုက်ရုံနှင့် အားလုံး ပေါ်သွားမည်။
ယွမ် သန်းငါးဆယ်... တုဇယ်ချန်းသာ တကယ် လုပ်ရင် သူမ ထောင် ၁၀ နှစ်လောက် ကျခံရမှာ သေချာသည်။
ဒီရက်ပိုင်း တုဇယ်ချန်းကို တွေ့ခွင့်ရရန် ကြိုးစားသော်လည်း မရပေ။ နောက်ဆုံး အစ်ကိုကျူးကို အားကိုးပြီး တောင်းပန်ရတော့သည်။
"ဟယ်လို အစ်ကိုကျူး..."
ထိုညတွင် အားလုံး ငြင်းခုန်နေစဉ် ဖန်ရွှယ်ယင်း ထံမှ ပို့စ်တစ်ခု တက်လာသည်။
[တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့ကို နာမည်ဖျက်မိသည့်အတွက် အလေးအနက် တောင်းပန်အပ်ပါသည်။ တုဇယ်ချန်း ဖောက်ပြန်ခြင်း မရှိပါ။ ရှန်ယို့ယောင်သည် တရားဝင် ဇနီးသည် ဖြစ်ပါသည်။ ကျွန်မသည် တုဇယ်ချန်းနှင့် တွဲဖက်ပြီး ရရှိလာသော ကျော်ကြားမှုကို မက်မောပြီး ပိုမို နာမည်ကြီးလာစေရန် ဖောက်ပြန်မှု ဇာတ်လမ်းကို ဖန်တီးခဲ့မိပါသည်။ ပရိသတ်များကို လိမ်လည်မိသည့်အတွက် တောင်းပန်ပါသည်။ ဤကိစ္စသည် ကျင့်ဝတ်နှင့် မညီညွတ်ကြောင်း သိရှိသည့်အတွက် ယနေ့မှ စ၍ အနုပညာလောကမှ အပြီးအပိုင် နှုတ်ထွက်ပါမည်]
[မျက်နှာတွေ ရိုက်ခံလိုက်ရပြန်ပြီ]
[ဘုရားရေ... ပြန်စဉ်းစားကြည့်တော့ ဒီမိန်းမက ရှေးခေတ် နန်းတွင်းထဲ ရောက်သွားရင် မိဖုရားခေါင်ကြီးတောင် ဖြစ်လောက်တယ်... ဉာဏ်များလိုက်တာ]
[ခြိမ်းခြောက်ခံရတာများလား]
[တုသခင်လေး ဒုက္ခိတ ဖြစ်သွားတာတောင် လူတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်သေးတာပဲ]
[ရှောင်ရွှယ်လေး... အနုပညာလောကကနေ မထွက်ပါနဲ့...]
[သေချာ စဉ်းစားကြည့်ရင်... သူ တုသခင်လေးကို စပြီး တိုက်ခိုက်တဲ့ အချိန်က တုသခင်လေး ကားတိုက်တဲ့ အချိန်နဲ့ ကွက်တိ ဖြစ်နေတယ်... ကြောက်စရာ ကောင်းလိုက်တာ]
သံသယ ဖြစ်သူများ ရှိနေသေးသည်။
အစ်ကိုကျူးက ပြောလိုက်သည်။
"ဒါ ပုံမှန်ပါပဲ။ မင်း သူ့ကို လိမ်လည် လက်ထပ်မှုနဲ့ တရားစွဲပြီး ထောင်ချလိုက်မှ အားလုံး ယုံကြမှာ။ ဒါပေမဲ့ အဲဒီလို လုပ်ရင် မင်းတို့ လက်ထပ်ခဲ့ဖူးတယ် ဆိုတာ ပေါ်သွားလိမ့်မယ်။ မင်း သဘောမကျဘူး မလား"
တုဇယ်ချန်းက သဘောမကျပေ။ ဒါ သူ့ဘဝ၏ အမည်းစက်ကြီး ဖြစ်သည်။ ထို့ကြောင့် တရားမစွဲဘဲ ငွေပြန်ရရုံနှင့် ကျေနပ်လိုက်သည်။
"ပိုက်ဆံ ဘယ်လို ပြန်ပေးမလဲ"
တုဇယ်ချန်းက မေးလိုက်သည်။
"သူ ဖြုန်းပစ်လိုက်ပြီ ထင်တယ်"
"သူ ပေးတာ မဟုတ်ဘူး"
အစ်ကိုကျူးက ပြောလိုက်သည်။
"ရွမ်ဟုန်လန် ကိုယ်တိုင် လာပြောတာ။ သူ့ကုမ္ပဏီနဲ့ အပေါင်ခံပြီး ပေးမယ်တဲ့။ ဖန်ရွှယ်ယင်း ကံကောင်းသားပဲ... ဒီအဆင့် ရောက်နေတာတောင် သူ့ကို ကာကွယ်ပေးမဲ့သူ ရှိနေသေးတယ်"
ငြိမ်နေသော ရှန်ယို့ယောင်က ဝင်မေးလိုက်သည်။
"ရွမ်ဟုန်လန် ကုမ္ပဏီက... ဂိမ်း နည်းပညာ ကုမ္ပဏီ မလား"
အစ်ကိုကျူး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ငါ စစ်ဆေးကြည့်ပြီးပြီ။ ဖန်ရွှယ်ယင်း ပိုက်ဆံတွေ အကုန်လုံး အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာ။ အခုမှ အောင်မြင်စ ပြုနေတာ။ ကျွမ်းကျင်သူတွေနဲ့ တန်ဖိုး ဖြတ်ခိုင်းထားတယ်"
တုဇယ်ချန်းက ရှန်ယို့ယောင်ကို ကြည့်ပြီး မေးလိုက်သည်။
"မင်း သိလား... ကောင်းလို့လား"
ကောင်းတာပေါ့။ နောင်တစ်ချိန်ကျရင် တန်ဖိုး အဆမတန် တက်လာမဲ့ ကုမ္ပဏီလေ။
"တွေ့ကြည့်သင့်တယ်လို့ ထင်တယ်"
ရှန်ယို့ယောင်က အကြံပေးလိုက်သည်။
"ပိုက်ဆံတွေက ရင်းနှီးမြှုပ်နှံပြီးသားပဲလေ။ ရှင် ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ သဘောထားလိုက်ပေါ့။ အဘိုးထန်ကလည်း ချန်မိသားစုရဲ့ နည်းပညာ လုပ်ငန်းတွေကို သဘောကျတယ် မလား။ ရှင်လည်း ကိုယ်ပိုင် နည်းပညာ ကဏ္ဍ တစ်ခုလောက် စမ်းလုပ်ကြည့်ပါလား"
"မင်း တော်တော် သိနေပါလား"
တုဇယ်ချန်း အံ့သြသွားသည်။
ရှန်ယို့ယောင် ဘယ်လို ဆက်ပြောရမလဲ စဉ်းစားနေစဉ်မှာပင် တုဇယ်ချန်းက ဦးလေးပိုင်ကို ဖုန်းဆက်ပြီး ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူများ ခေါ်ခိုင်းလိုက်သည်။
"မနက်ဖြန်ကျရင် အတူတူ သွားတွေ့ကြတာပေါ့"
…