Chapter ( 13 )
ဝမ်ချီရှူးသည် ပေါ်ထင်ယွမ်၏ မျက်ဝန်းများထဲတွင် မိမိ၏ ပုံရိပ်ကိုပင် မြင်တွေ့နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ မူရင်းဝတ္ထုထဲတွင် ဤမြင်ကွင်းကို မည်သို့ ဖော်ပြထားသည်ကို သတိရသွားသဖြင့် သူက ညင်သာစွာ မေးလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို တစ်ခုခု ပြောချင်တာ ရှိလို့လား"
ပေါ်ထင်ယွမ်က ခဏမျှ တိတ်ဆိတ်နေခဲ့ရာ ဝမ်ချီရှူးသည် ရုတ်တရက် အာခေါင်များ ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။
သူ၏ နှလုံးသားက ခုန်တက်သွားပြီး—မျှော်လင့်ချက် ပြင်းပြမှုတစ်ခုက သူ့ဗိုက်ထဲတွင် ရစ်ပတ်လာ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ပေါ်ထင်ယွမ်သည် သူ၏ညာဘက်လက်ကို သူ၏ ညအိပ်ဝတ်စုံအိတ်ကပ်ထဲမှ ထုတ်လိုက်သည်။
ဝမ်ချီရှူးက သူ စကားပြောတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း—သူ့လက်ဖဝါးထဲတွင် ပြားချပ်ပြီး စတုရန်းပုံသဏ္ဌာန် ရှိသော သေတ္တာလေးတစ်လုံးကိုသာ တွေ့လိုက်ရလေ၏။
သူ၏ မြန်ဆန်နေသော နှလုံးခုန်သံက ဝုန်းခနဲ ကျဆင်းသွားပြီး သူသည် မတတ်နိုင်ဘဲ ခေါင်းကို ငုံ့လိုက်ရင်း မျက်မှောင်ကုတ်ကာ သူ့အသံကို နှိမ့်၍ ညည်းတွားလိုက်သည်။ "အဲဒီပါးစပ်ကို မသုံးဘူးဆိုရင်လည်း တခြားလူကိုပဲ ပေးလိုက်တော့"
"ဟင်?"
ပေါ်ထင်ယွမ်သည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူ၏မျက်နှာကို သေသေချာချာ စိုက်ကြည့်ရင်း သေတ္တာကို ဖွင့်လိုက်သည်။
ဝမ်ချီရှူးသည် သူ့အပေါ်တွင် ဖိစီးနေသောအရာတစ်ခု—မျှဝေရန် အဆင်သင့်မဖြစ်သေးသောအရာတစ်ခု—ရှိနေသည်ကို ခံစားလိုက်ရသဖြင့် သူက ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။ "ဘာမှမဟုတ်တော့ဘူး"
ထိုနောက် သူသည် ကိုယ်ကို အနည်းငယ် တည့်မတ်လိုက်သည်။
ပေါ်ထင်ယွမ်က လက်ကို ဆန့်ထုတ်ကာ ဝဲကျနေသော ဆံနွယ်အချို့ကို သပ်တင်ပေးလိုက်ရာ ပိုးသားကဲ့သို့ နူးညံ့သော ဆံနွယ်များသည် လက်ချောင်းများကြားမှ ဖြတ်သန်းသွားခဲ့၏။
ဝမ်ချီရှူးသည် သေတ္တာထဲရှိ နူးညံ့သော ကျောက်စိမ်းလက်ကောက်ကို ငုံ့ကြည့်လိုက်သည်။ ဝါးဆစ်ပုံသဏ္ဌာန် ရှိသော သေးငယ်သည့် ပုတီးစေ့များကို ကွင်းအဖြစ် သီကုံးထားခြင်း ဖြစ်ပြီး ကျောက်စိမ်း၏ အရည်အသွေးက ရှားပါးလှသည်။
ပေါ်ထင်ယွမ်ထံမှ အဖြေတစ်ခု ရရှိရန်မှာ သွားတစ်ချောင်း နုတ်ရသကဲ့သို့ ခက်ခဲလှသည်ကို ကောင်းစွာ သိရှိထားသဖြင့် ဝမ်ချီရှူးက သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ "ကျွန်တော့်ကို ဝတ်ပေး"
ပေါ်ထင်ယွမ်က သူ့လက်ကို ကိုင်လိုက်သည်။ သူ့အရေပြားက ကျောက်စိမ်းထက် ပိုမိုနွေးထွေးပြီး နူးညံ့ကာ ပါးလွှာသော အသားအရေအောက်တွင် အပြာရောင် သွေးကြောနုလေးများကို မြင်တွေ့နေရလေသည်။
လက်ကောက်သည် သူ၏ သွယ်လျပြီး ဖြူစင်သော လက်ချောင်းများပေါ်မှ ဖြည်းညှင်းစွာ လျှောဝင်သွားပြီး သူ၏ သွယ်လျသောလက်ကောက်ဝတ်တွင် ရပ်တန့်သွား၏။
"အင်းး.."
ဝမ်ချီရှူး တုန်ခနဲ ဖြစ်သွားပြီး သူ့မျက်ခုံးများကို တွန့်ကောက်လိုက်သည်။ ".. အေးလိုက်တာ"
သူ အသက်ကို အနည်းငယ် ရှူသွင်းလိုက်သည့်အတွက် သူ၏လည်ပင်းက အနည်းငယ် မြင့်တက်သွားပြီး သွယ်လျသော ညှပ်ရိုးများက ဆွဲဆောင်မှုရှိသော အချိုင့်လေးတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။
သူ၏ ညအိပ်ဝတ်စုံက အနည်းငယ် လှုပ်ရှားသွားရာ အတွင်းဘက်ရှိ ချောမွေ့ပြီး နှင်းကဲ့သို့ ဖြူစင်သော အရေပြားက နူးညံ့သော အရောင်အဝါတစ်ခုဖြင့် တောက်ပနေသည်မှာ ချောမွေ့နွေးထွေးသော ကျောက်စိမ်းနှင့် တူလှသည်။
ပေါ်ထင်ယွမ်၏ မျက်ဝန်းများက မှောင်မိုက်သွားရာ မှောင်မိုက်ပြီး အေးစက်သော ရေအောက်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ပင်။
ဝမ်ချီရှူးသည် လက်ကောက်ပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် သူ၏ အမူအရာကို သတိမပြုမိခဲ့ပေ။
"ဒါ ဘယ်ကရလာတာလဲ"
ပေါ်ထင်ယွမ်သည် သူ့စကားကို လုံးဝ မကြားခဲ့ရပေ။ သူ၏အကြည့်က မြွေတစ်ကောင်၏ အကြည့်ကဲ့သို့ ပြောင်းလဲသွားပြီး ပိတ်စ၏ နူးညံ့သော အတွန့်အဖတ်များထဲသို့ မတတ်နိုင်ဘဲ လျှောဝင်သွားကာ နွေးထွေးပြီး အလိုက်သင့်ရှိသော အရေပြားကို ရစ်ပတ်သွားတော့သည်...
သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ "မင်း မနက်ဖြန် စောစောထရမယ်။ အခု နားတော့"
ဝမ်ချီရှူးသည် သူ၏ ထူးဆန်းသော အပြုအမူကို ခံစားလိုက်ရသဖြင့် ကြောင်အမ်းသွားရသည်။
သူ့နားကို စွင့်ထားလိုက်ရာ ပေါ်ထင်ယွမ်တစ်ယောက် ရေချိုးခန်းဘက်သို့ ဦးတည်သွားသံကို သူ တိုးတိုးလေး ကြားလိုက်ရ၏။
ဟင်... သူ တကယ်ပဲ ရေချိုးခန်းကို အဲလောက်တောင် အလောတကြီး သွားဖို့ လိုနေတာလား။
............
"ဇိုင်ဇိုင် စူပါမန်းလေးများ" အစီအစဉ်သစ်၏ ပထမဆုံးအပိုင်းကို တိုက်ရိုက်ထုတ်လွှင့်မှု တရားဝင် စတင်လိုက်ပြီဖြစ်သည်။
"စူပါမန်းလေးများ" အစီအစဉ်၏ ပရိသတ်များ၊ မိဘနှင့်ကလေး ရုပ်သံအစီအစဉ် ဝါသနာအိုးများနှင့် အနုပညာရှင်များ၏ ဖန်များမှာ အချိန်ကိုက် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
အစီအစဉ်တင်ဆက်သူက ယခုရာသီတွင် ရိုက်ကူးမည့် တည်နေရာကို မိတ်ဆက်ပေးနေခဲ့သည်။
၎င်းမှာ မြို့ဆင်ခြေဖုံးရှိ ရေကန်ဘေးမှ ဥယျာဉ်ခြံကျယ်ကြီးတစ်ခု ဖြစ်သည်။ဒရုန်းဖြင့် အပေါ်စီးမှ ရိုက်ကူးထားသော မြင်ကွင်းမှာ အလွန်အေးချမ်းလှသည်။
ခြံဝင်း၏ တစ်ဝက်ကို ရေကန်က ဝန်းရံထားပြီး ကျန်တစ်ဖက်တွင်မူ မြင့်မားသော ထင်းရှူးပင်တန်းများနှင့် လေထဲတွင် ဝေ့ဝဲလှုပ်ရှားနေသည့် ပန်းမျိုးစုံပွင့်ဖူးရာ ဥယျာဉ်ကြီး ရှိနေပေသည်။
စပါးခင်းငယ်များထဲတွင် ရွှေဝါရောင် ဂျုံနှံများက ယိမ်းနွဲ့နေကြပြီး၊ အိမ်မွေးကြက်ငှက်များက မြက်ခင်းပြင်ပေါ်တွင် အစာကောက်နေကြကာ၊ သစ်သီးခြံထဲတွင်လည်း လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင် အသီးအနှံများ ဆွဲသီးဆွဲချက် ဝေဆာနေလေသည်။
ထိုနောက် စောင်းလျောခေါင်မိုးများဖြင့် ဆောက်လုပ်ထားသော ရိုးရာပုံစံ အိမ်ငယ်လေးလုံး ပေါ်လာပြီး အိမ်တံခါးတစ်ခုချင်းစီမှာ အလယ်ကွင်းပြင် လူသွားလမ်းဆီသို့ မျက်နှာမူထားကြသည်။
ကင်မရာက အိမ်ငယ်များနှင့် ကွင်းပြင်ကို အမြန်ဖြတ်၍ ရိုက်ကူးသွားရာ ပရိသတ်များအနေဖြင့် ၎င်းနေရာများသည် ဧည့်သည်အဖွဲ့လေးဖွဲ့ နားနေရန်နှင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရန် ပြင်ဆင်ရမည့်နေရာများ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
Live chat ထဲတွင်မူ -
"ဝါး... ဆောင်းဦးရာသီ ခြံဝင်းလေးက တကယ့်ကို ချစ်စရာကောင်းလိုက်တာ~"
"ဧည့်သည်တွေက အပန်းဖြေလာကြတာလား။ တစ်ပတ်ကို သန်း ၂၀ ကျော်ရတဲ့ အခပေးအပန်းဖြေခရီးစဉ် နောက်တစ်ခုပေါ့ ဟုတ်လား"
"ဟွန့်၊ အနုပညာရှင်တွေကို သိပ်စိတ်မဝင်စားပါဘူး။ ထွက်ပြီ"
"ဧည့်သည်တွေအားလုံး ရောက်လာတဲ့အထိ စောင့်ကြည့်ပြီးမှပဲ ဆုံးဖြတ်တော့မယ်"
ပရိသတ်များက Chat ထဲတွင် မှတ်ချက်များ ဆက်တိုက်ပေးနေစဉ် ပထမဆုံးဧည့်သည်အဖွဲ့ ရောက်ရှိလာသည်။
သူမမှာ အနုပညာဆန်ပြီး အိမ်နီးနားချင်းကောင်မလေးလို အေးချမ်းသည့်ပုံစံကြောင့် လူသိများသော အမျိုးသမီးအဆိုတော် ကျူးဝေနှင့် သူမ၏ ငါးနှစ်အရွယ်သမီးငယ် ရုံရုံတို့ ဖြစ်ကြသည်။
မိခင်နှင့်သမီးဖြစ်သူ နှစ်ဦးလုံး ခရီးဆောင်အိတ်များကိုတွန်းရင်း ကင်မရာကို ပြုံးပြကာ လက်ဝှေ့ယမ်းပြနေကြသည်။
ရုံရုံလေးမှာ မည်သည့်ကင်မရာကို ကြည့်ရမှန်းမသိဘဲ အနည်းငယ် စိုးရိမ်စိတ်လှုပ်ရှားနေသည့်ပုံစံဖြင့် မိခင်ဖြစ်သူအနားတွင် ကပ်နေရှာသည်။
"ရုံရုံလေးက သူ့မေမေနဲ့ တူလိုက်တာ~ အရမ်းရိုးသားဖြူစင်တဲ့ပုံစံလေး။ ကြီးလာရင်လည်း အနုပညာဆန်တဲ့ အိုင်ကွန်လေး ဖြစ်လာမှာ သေချာတယ်~"
"ရုံရုံကို မြင်မြင်ချင်း ကျူးဝေရဲ့ သမီးဆိုတာ တန်းသိသာတယ်။ မျက်နှာပေါက်က တစ်ပုံစံတည်းပဲ"
ဒုတိယမြောက် ရောက်ရှိလာသည့် ဧည့်သည်မှာ Boy Band အဖွဲ့ဝင် ကျိုးရွှိ ဖြစ်သည်။
သူ၏ရင်ခွင်ထဲတွင် ကင်မရာဆရာကို မမှိတ်မသုန် စိုက်ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်း၊ ခေါင်းလုံးလုံးနှင့် လေးနှစ်အရွယ် ရှောင်ချီ လေး ပါလာလေသည်။
"ဟေး ရှောင်ချီလေး... အဆင်ပြေရဲ့လား။ မျက်တောင်မခတ်တမ်း ပြိုင်ပွဲဝင်နေတာလား"
"ရှောင်ချီက ကျိုးရွှိရဲ့ကလေးလား။ ငါက သာမန်မိသားစုအဖွဲ့က ကလေးအောက်မေ့လို့။ ဆောရီးနော်၊ အန်တီ တောင်းပန်ပါတယ် အသည်းယားစရာလေးရယ်~"
ကျူးဝေနှင့် ကျိုးရွှိတို့မှာ ယခင်က စင်မြင့်ထက်တွင် အတူတူ ဖျော်ဖြေဖူးကြသဖြင့် အသိဟောင်းများဖြစ်ကြရာ တွေ့တွေ့ချင်းပဲ စကားစမြည် ပြောဆိုဖြစ်ကြသည်။
ထိုစဉ် တတိယမြောက် ဧည့်သည်အဖွဲ့ ရောက်ရှိလာသည်။ နေကာမျက်မှန် တပ်ဆင်ထားသော ချူးဟန်နှင့် စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းနေသည့် သူမ၏ ခုနစ်နှစ်အရွယ်သားဖြစ်သူ ရှင်းရှင်းတို့ ဖြစ်ကြသည်။ "ဟေး ကိုယ့်လူတို့... ငါတို့ ရောက်ပြီဟေ့"
ချူးဟန်သည် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ပြီးချင်း ဆုတံဆိပ်ရ မင်းသမီးတစ်ဦး ဖြစ်လာခဲ့သော်လည်း ငယ်ချစ်ဦးနှင့် စောစောစီးစီး အိမ်ထောင်ပြုကာ အနုပညာအလုပ်များကို နှစ်အနည်းငယ်ကြာ ရပ်နားထားခဲ့ပြီး လူထုမျက်စိအောက်မှ ပျောက်ကွယ်နေခဲ့သူ ဖြစ်သည်။
သူမ သားဖြစ်သူနှင့်အတူ ယခုအစီအစဉ်တွင် ပါဝင်လာခြင်းမှာ တကယ့်ကို ရှားရှားပါးပါးပင် ဖြစ်သည်။
"ချူးဟန် စောစောအိမ်ထောင်ပြုသွားတာ နှမြောစရာပဲ"
"ရှင်းရှင်းက တကယ်ပဲ ခုနစ်နှစ်လား။ မတူဘူးနော်... ငါ့ရဲ့ ခြောက်နှစ်အရွယ် တူလေးနဲ့ အရပ်ချင်း အတူတူပဲ"
"ငါတော့ လုံးဝအထင်လွဲသွားတာပဲ။ ရှင်းရှင်းက သာမန်အဖွဲ့က ကလေးလို့ ထင်နေတာ။ (တိုးတိုးပြောတာနော်- ချူးဟန်ရဲ့ အလှအပတွေကို အမွေမရထားဘူးပဲ...)"
"သူက အခုမှ ကြီးထွားတုန်းပဲ ရှိသေးတာပါ။ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတွေက ရုပ်မထွက်သေးဘူးလေ၊ မလောကြပါနဲ့"
"နေပါဦး... ကလေးတွေထဲမှာ အသက်အကြီးဆုံးနဲ့ ရုပ်အချောဆုံးဖြစ်တဲ့ ပေါ်ယီမင်က သာမန်မိသားစုအဖွဲ့က ဟုတ်လား"
"အမြည်းဗီဒီယိုထဲက အရပ်ရှည်ရှည် အချောအလှမေမေက တကယ့်ကို ကျော့ရှင်းတဲ့ပုံစံ ရှိတာ... ပေါ်ယီမင်လို ကလေးမျိုးမွေးထားတာ မဆန်းပါဘူး"