Chapter ( 14 )
ပရိသတ်များက Chat ထဲတွင် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ပေါ်ယီမင်သည် ခရီးဆောင်အိတ်အကြီးကြီး နှစ်လုံးကို တွန်းရင်း ကင်မရာဆီသို့ တက်ကြွစွာ ပြေးဝင်လာခဲ့သည်။
ထိုတက်ကြွလှသော ကလေးငယ်၏ အနောက်တွင်မူ အနားပြန့်ဦးထုပ်အမည်းကြီး ဆောင်းထားပြီး အိတ်ကြီးတစ်လုံးကို တွန်းကာ ဖြည်းဖြည်းချင်း လျှောက်လာသူတစ်ဦး ပါရှိလေ၏။
"ပေါ်ယီမင်ရဲ့ ကပြားရုပ်ရည်က တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ။ ငါလည်း အဲဒီလိုချောတဲ့ သားလေး လိုချင်တယ်"
"ငါလည်းပဲ! သုံးနှစ်သားကတည်းက ကလေးမော်ဒယ်လ် အလုပ်ပေးလုပ်ပြီး ငါ့အတွက် ပိုက်ဆံရှာခိုင်းပစ်မယ် (မာရ်နတ်တွေး တွေးနေတာ)"
ဝေးကွာသော ကင်မရာထောင့်မှ ကြည့်လျှင် ထိုသူသည် နက်ရှိုင်းသော V-neck ပုံစံ ပွပွချောင်ချောင် ပိတ်ချောအင်္ကျီကို ဝတ်ဆင်ထားလေသည်။
သူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း သွယ်လျသော ခန္ဓာကိုယ်တည်ဆောက်ပုံက ကျော့ရှင်းမှုကို ထင်ဟပ်စေ၏။
ဖန်သားပြင်ပေါ်တွင် စာတန်းထိုးလာသည်မှာ - "ပေါ်ယီမင်" / "ပေါ်ယီမင်၏ ဖခင်"
"မဖြစ်နိုင်တာ! အဲဒါ အဖေလား။ ခါးအထိ ရှည်ကျနေတဲ့ ကတ္တီပါလို နက်မှောင်လှပတဲ့ ဆံပင်တွေကို ငါ မသဲမကွဲ မြင်လိုက်ရသလိုပဲ"
"အထင်မှားသွားတာပဲ... ငါက အမေလို့ ထင်နေတာ။ ဒါပေမဲ့ အခုတော့ ငါ တစ်မျိုးလေး စိတ်ဝင်စားလာပြီ... တခြားလူတွေကော"
"ဟဟ၊ ငါလည်းပဲ..."
ထိုသူ ကင်မရာအနီးသို့ ချဉ်းကပ်လာချိန်တွင် လေပြေတစ်ခုက အင်္ကျီအနားသတ်ကို လွှင့်ပျံသွားစေခဲ့ကာ အဝေးတစ်နေရာ၊ ပြာလွင်သော မိုးကောင်းကင်နှင့် တိမ်တိုက်ဖြူများအောက်တွင် ထင်းရှူးတောထဲမှ ငှက်အုပ်တစ်အုပ် ပျံတက်သွားကြ၏။
နောက်ဆုံးတွင် ပရိသတ်များသည် ဦးထုပ်အောက်ရှိ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အသားအရေနှင့် ထင်ရှားသော မေးရိုးအလှကို မြင်တွေ့လိုက်ရလေသည်။
သူက ဦးထုပ်ကို အနည်းငယ်ပင့်ရန် လက်ကို မြှောက်လိုက်သောအခါ ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်ဝန်းများက သူ၏ပြစ်မျိုးမှဲ့မထင် မျက်နှာကို ပိုမိုတောက်ပသွားစေ၏။
ချက်ချင်းပင် Chat အကွက်တစ်ခုလုံး ဖန်သားပြင် ပျက်မတတ် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
"အားးးးးးးးးးးးးးးးးးးးးးးး!!!"
"မဖြစ်နိုင်တာ! ဒီလောက်ချောတဲ့ အဖေမျိုး ရှိလို့လား"
"လှပတဲ့လူတွေက ကိုယ်ပိုင် အငွေ့အသက်တွေ၊ နောက်ခံတေးဂီတတွေနဲ့ လာကြတာလား။ အဲဒီအခိုက်အတန့်က ပန်းချီကားတစ်ချပ်အတိုင်းပဲ"
"ငါ စိတ်ကူးယဉ်နေတာလား။ ဒီလို နတ်ဘုရားရုပ်ရည်မျိုးကို အစီအစဉ်က 'သာမန်လူ' လို့ ခေါ်ရဲတယ်ပေါ့လေ"
"လူရွေးချယ်ရေးအဖွဲ့တွေ ကန်းနေကြတာလား။ ဒီလို ကျား၊မ အလှအတားအဆီးကို ကျော်လွန်တဲ့ ထာဝရအလှပိုင်ရှင်က အနုပညာလောကထဲ မဝင်ရသေးဘူး ဟုတ်လား"
"အမှန်ပဲ... သူတို့တွေ အမြဲတမ်း ကန်းနေခဲ့တာ"
ဧည့်သည်များထဲမှ ကျူးဝေသည် အသစ်ရောက်လာသူကို စိုက်ကြည့်ရင်း လူတိုင်း၏ရင်ထဲက စကားကို ထုတ်ပြောလိုက်မိသည်။ "ရှင်က... ကလေးရဲ့အဖေလားဟင်"
တစ်ဖက်တွင်လည်း ရေတစ်ငုံ သောက်တော့မည့် ချူးဟန်တစ်ယောက် လှုပ်ရှားမှုအားလုံး ရပ်တန့်သွားရသည်။
သူမသည် အရပ်ငါးပေခန့်သာ ရှိသေးသော ကလေးကို စိုက်ကြည့်ရင်း "ကလေး... မင်း အသက်က ကိုးနှစ် ဟုတ်လား" ဟု အံ့အားသင့်စွာ မေးလိုက်သည်။
ကြည့်ရသည်မှာ ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသော ဤလူက ကိုးနှစ်အရွယ်ကလေးတစ်ယောက်၏ဖခင် ဖြစ်နေသည်မှာ မဖြစ်နိုင်ကြောင်း လူတိုင်း တစ်ပြိုင်နက်တည်း ကြောင်အမ်းသွားကြသည်။
ပေါ်ယီမင်သည် ယနေ့နံနက် နိုးလာကတည်းက စိတ်လှုပ်ရှားနေခဲ့ပြီး ယခု အစီအစဉ်ကို တရားဝင် စတင်လိုက်ပြီဖြစ်ရာ သူ၏တက်ကြွမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေသည်။
သူက ခေါင်းကို အပြင်းအထန် ညိတ်ပြရင်း "ဟုတ်ပါတယ်! မင်္ဂလာပါ အန်တီ" ဟု နှုတ်ဆက်လိုက်သည်။
ကျူးဝေ၏သမီး ရုံရုံလေးမှာ သူမရှေ့ရှိ အလွန်အမင်းလှပသော လူကြီးကို ငေးကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မေမေ... သမီး သူ့ကို ဘယ်လိုခေါ်ရမလဲဟင်"
ကျိုးရွှိ၏ ရင်ခွင်ထဲတွင် ကပ်နေသော ရှောင်ချီလေးသည်လည်း အနားသို့ တိုးလာပြီး မျက်လုံးဝိုင်းကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း "ဒါဆို သားကကော ဘယ်လိုခေါ်ရမလဲ" ဟု မေးသည်။
"ဒါက သားရဲ့ ဖေဖေလေးလေ" ပေါ်ယီမင်က ခေါင်းကို ကုတ်ရင်း ပတ်ပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။ "သူ့ကို ခေါ်ရမှာက..."
စပျစ်သီးကဲ့သို့ မျက်လုံးဝိုင်းကြီးများ ရှိသော ရှောင်ချီလေးသည် သိမ်မွေ့လှပသော ဝမ်ချီရှူး ကို မော့ကြည့်ကာ ချိုသာစွာ ခေါ်လိုက်သည်။
"ဖေဖေလေး?"
ရုံရုံလေးက ပထမဆုံး တခစ်ခစ်ရယ်ပြီးနောက် သူမ၏မေမေအနားသို့ ရှက်ကိုးရှက်ကန်း တိုးကပ်သွားခဲ့ကာ လူတိုင်းလည်း တဝါးဝါး ရယ်မောကြတော့သည်။
"အစမှာတင် အချောအလှလေးတစ်ယောက်ကို အဖေအဖြစ် မွေးစားလိုက်ပြီပေါ့ ဟုတ်လား"
"အသက်လေးနှစ်ပဲ ရှိသေးပြီး အိပ်ရာထဲ သေးပေါက်တတ်တဲ့ အရှက်မရှိတဲ့ ကလေးရဲ့ လုပ်ရပ်ပဲ"
"ကျိုးရွှိရဲ့ ကြောင်အမ်းသွားတဲ့ မျက်နှာကို မြင်လိုက်ကြလား။ ကားပေါ်က ဆင်းတာ ငါးမိနစ်ပဲ ရှိသေးတယ်၊ သူ့သားက တခြားလူနောက် ပါသွားပြီ... ရယ်ရလွန်းလို့"
ကျိုးရွှိသည် မိမိ၏သားငယ်လေးက တခြားလူကို "ဖေဖေလေး" ဟု ခေါ်လိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် အမြန်ပင် ဒူးထောက်ထိုင်ကာ ပြင်ပေးလိုက်သည်။ "ရှောင်ချီ... ဘယ်သူ့ကိုမဆို ဖေဖေလို့ လျှောက်ခေါ်လို့ မရဘူးလေ။ ဒါက ပေါ်ယီမင်ရဲ့ ဖေဖေလေး"
"ဦးဦးလို့ ခေါ်လို့ရပါတယ်ကွယ်" ဝမ်ချီရှူး က ကလေးများကို နွေးထွေးစွာ ပြုံးပြလိုက်သည်။
"မင်္ဂလာပါ ရုံရုံလေး။ မင်္ဂလာပါ ရှောင်ချီလေး"
ထို့နောက် သူက ငြိမ်သက်နေသော ခုနစ်နှစ်အရွယ်ကောင်လေးဘက်သို့ လှည့်ကာ "မင်္ဂလာပါ... ရှင်းရှင်း" ဟု နှုတ်ဆက်လိုက်သည်။
ရှင်းရှင်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလာသည်။ထိုနောက် သူသည် ဦးထုပ်အောက်မှ ထွက်နေသော ဆံပင်စအချို့ကို သတိပြုမိပြီး မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်သွားပုံရသည်။
ဧည့်သည်များ အချင်းချင်း မိတ်ဆက်နေကြစဉ် ၎င်းတို့အနောက်ရှိ ခြံဝင်းတံခါးကြီးမှာ တကျိကျိမြည်ကာ ပိတ်သွားတော့၏။
အစီအစဉ်၏ ဒါရိုက်တာ (PD) က လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းရင်း "နှုတ်ဆက်ပါတယ် အားလုံးပဲ! ကျွန်တော်တို့ မနက်ဖြန် မွန်းလွဲပိုင်းမှ ပြန်လာကြိုပါမယ်" ဟု အော်ပြောလိုက်သည်။
"နေပါဦး... ဘာလဲဟ"
ကျိုးရွှိ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဝန်ထမ်းတစ်ဦးမျှ မရှိတော့ပေ။ "ဒီမှာ ငါတို့တွေပဲ ကျန်ခဲ့တာလား"
တိုက်ရိုက်ထုတ်လွှင့်မှု Reality Show တွင် ပထမဆုံးအကြိမ် ပါဝင်ဖူးသော ချူးဟန်မှာ အထူးပင် အံ့အားသင့်သွားရသည်။ "ဝန်ထမ်းတစ်ယောက်မှ မရှိဘူးလား။ စည်းမျဉ်းတွေက ဘာလဲ"
ထိုအချိန်တွင် တိတ်ဆိတ်နေသော ရှင်းရှင်းက ရုတ်တရက် ပြောလိုက်သည်။ "မေမေ... ဒါက ကစားပွဲမဟုတ်ဘူး၊ လူမှုရေးဆိုင်ရာ စမ်းသပ်မှုတစ်ခုပဲ"
သူက နေရာအနှံ့ကို လက်ညှိုးထိုးပြရင်း "ကင်မရာတွေက နေရာတိုင်းမှာ ရှိနေတယ်" ဟု ဆိုသည်။
"ဟင်... ဒါပေမဲ့ စောစောက ကင်မရာထဲမှာ ပြတုန်းက မီးဖိုချောင်ထဲမှာ ဘာမှမရှိဘူးလေ"
"သူတို့ ငါတို့ကို ပိုက်ဆံအချို့ ပေးသင့်တာ မဟုတ်ဘူးလား။ အစားအသောက်တွေကော ဘယ်လိုလုပ်မလဲ"
"ခြံထဲမှာ အသက်ရှင်ကျန်ရစ်ရေး စိန်ခေါ်မှုလား။ ကြက်တွေ၊ ဘဲတွေကို ကိုယ်တိုင် သတ်စားရမှာလား"
"ဝါး... ဒီလို စည်းကမ်းမရှိ ဥပဒေမရှိ ပုံစံမျိုးကို ငါ သဘောကျတယ်!"
ရှင်းရှင်းစကားပြောပြီးသည်နှင့် သူ၏အရပ်ထက် မြင့်သော ကလေးတစ်ဦးက ရုတ်တရက် ခုန်ပေါက်ကာ ရောက်ရှိလာခဲ့သည်။
ပေါ်ယီမင်က တက်ကြွစွာဖြင့် "ရှင်းရှင်း...မင်းက တကယ့် ပါရမီရှင်ပဲ!" ဟု အော်ပြောလိုက်၏။
ရှင်းရှင်းသည် ထိုရုပ်ချောချောကောင်လေးကို ကြည့်ပြီး သတိကြီးစွာဖြင့် အနောက်သို့ တစ်လှမ်းဆုတ်ကာ အနည်းငယ် ခုခံကာကွယ်သည့် ပုံစံမျိုး လုပ်လိုက်လေသည်။
ချူးဟန်က အမြန်ပင် ရှင်းပြလိုက်သည်။ "ယီမင်... ရှင်းရှင်းက နည်းနည်း စကားနည်းပြီး လူကြောက်တတ်လို့ပါ။ စိတ်ထဲမထားပါနဲ့နော်"
ရှင်းရှင်းက သူ့မေမေ၏စကားကို သဘောမတူသည့်အလား နှုတ်ခမ်းကို အနည်းငယ် စူလိုက်၏။
ပေါ်ယီမင် က ခေါင်းခါလိုက်သည်။ "ရပါတယ်! သားက အရမ်းဖော်ရွေတတ်ပါတယ်။ ဟုတ်တယ်မလား ဖေဖေလေး"
ဝမ်ချီရှူးက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပေါ့... ငါတို့ယီမင်က ဖော်ရွေတယ်၊ တက်ကြွတယ်၊ ပြီးတော့ အသက်ဝင်လှုပ်ရှားနေတာပဲ"
"ဟီးဟီး!" ဖေဖေလေး၏ ချီးမွမ်းစကားကို ကြားရသဖြင့် ပေါ်ယီမင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ဒီကလေးက ဘာကို ဒီလောက်ဂုဏ်ယူနေတာလဲ"
"ပေါ်ယီမင်က တကယ့်ကို အပေါင်းအသင်းဆံ့တာပဲ... သဘောကျတယ်!"
"သူ အပေါင်းအသင်းမဆံ့ရင်တောင် မင်းတို့ သဘောကျမှာပါ (မင်းတို့က သူ့မျက်နှာကိုပဲ ကြည့်နေတာ ငါသိတယ်)"
"LOL၊ ငါလည်းပဲ..."
ခြံဝင်းအပြင်ဘက်၊ ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၏ ယာယီရုံးခန်းအဖြစ် အသုံးပြုထားသော ဗီလာအိမ်ဆီသို့ ဦးတည်သည့် လမ်းတစ်ခု ရှိပေသည်။
ခြံဝင်း၏ ကားပါကင်အနီးတွင်တော့ ငွေရောင် ဇိမ်ခံဗန်ကားကြီး နှစ်စီးနှင့် အမည်းရောင် ကိုယ်ပိုင်ကားတစ်စီး ရပ်ထား၏။အဖွဲ့သားများနှင့် စကားပြောပြီးနောက် အဲလ်ဘတ်သည် ဗန်ကားတစ်စီးပေါ်သို့ ပြန်တက်လာခဲ့သည်။
ဝန်ထမ်းအချို့က သူ ကားပေါ်တက်သွားသည်ကို စောင့်ကြည့်ပြီးမှ အချင်းချင်း တိုးတိုးတိတ်တိတ် စကားဆိုလာကြတော့သည်။
"မင်း အဲဒီ နှာခေါင်းစည်းအမည်း တပ်ထားတဲ့ အရပ်ရှည်ရှည်ကြီးကို မြင်လိုက်လား"
"ပေါ်ယီမင်က 'ဖေဖေကြီး' လို့ ခေါ်တဲ့လူကို ပြောတာလား"
"ဟုတ်တယ်! ငါ စောစောက သေချာကြည့်လိုက်တာ... သူက နိုင်ငံခြားသားနဲ့ တူတယ်နော်။ နေရောင်အောက်မှာ သူ့မျက်လုံးတွေက အစိမ်းရောင်သန်းနေသလိုပဲ"
"ပေါ်ယီမင်က ပြောပြီးသားလေ။ သူ့အဖေက ကပြားစစ်စစ်ဖြစ်ပြီး သူကတော့ လေးပုံတစ်ပုံပဲ ပါတာတဲ့။ မတူဘူးလေ"
"ဪ... အဲလိုလား"
လူတိုင်းက ပေါ်ထင်ယွမ်သည် ဝမ်ချီရှူးနှင့် ပေါ်ယီမင်တို့ကို ရိုက်ကူးရေးအတွက် လာပို့ရုံသာ ဖြစ်ပြီး ပြန်သွားလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း သူသည် လုံးဝထွက်မသွားခဲ့ပေ။
အမှန်တော့ အခြားဗန်ကားတစ်စီးထဲတွင် ဆေးဘက်ဆိုင်ရာအဖွဲ့သာမက အိမ်ထိန်းနှင့် ကလေးထိန်းပါ ပါဝင်လာသဖြင့် မိသားစုတစ်ခုလုံး လိုက်ပါလာသည့် ထုတ်လုပ်ရေးကြီးအတိုင်းပင် ဖြစ်နေခဲ့သည်။
ဗန်ကား (၁) အတွင်းတွင် .......
အန်ကယ်ရွှီနှင့် အန်တီကျုံးတို့သည် တက်ဘလက်များကိုယ်စီ ကိုင်ထားကြပြီး အစီအစဉ်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။
အန်ကယ်ရွှီက မျက်မှောင်ကုတ်လိုက်၏။ "ဒီအိမ်လေးက သေးလွန်းတယ်! ညကျရင် သူတို့ ဘယ်လိုအိပ်ကြမလဲ"
အနားရှိ အိမ်ဖော်မလေးတစ်ဦးကလည်း ခေါင်းညိတ်လာသည်။ "ဟုတ်ပါ့... သူတို့ ဘယ်မှာ ထမင်းစားကြမလဲ"
အန်တီကျုံးက မျက်နှာပျက်သွားခဲ့ကာ "ငါ ခဏနေရင် သွားကြည့်လိုက်အုံးမယ်။ တကယ်လို့ အဆင်မပြေရင် အစားအသောက်တွေ မှာပေးလိုက်မယ်"
သူမသည် ဖန်သားပြင်ကို စိုက်ကြည့်ရင်း ပိုမိုစိုးရိမ်လာတော့သည်။ ခြံဝင်းထဲတွင် စားပွဲနှင့် ကုလားထိုင်အချို့သာ ရှိပြီး အခြားဘာမှ မတွေ့ရပေ။
နောက်ဆုံးတွင် သူမ စိတ်မရှည်တော့ဘဲ ညည်းတွားလိုက်သည်။ "အိမ်က သခင်ကြီးကတော့ တကယ့်ကိုပဲ! သခင်လေးနဲ့ ပေါ်ယီမင် တို့ကို သေချာမစုံစမ်းဘဲ ဒီလိုနေရာမျိုးကို ဘယ်လိုများ လွှတ်လိုက်ရတာလဲ"
အလယ်တန်းတွင် ထိုင်နေသော အိမ်ဖော်မလေးနှစ်ဦးမှာ အနောက်သို့ အသံတိတ် ဆုတ်သွားကြသည်။
အန်ကယ်ရွှီက ပြန်လည်ငြင်းခုံရန် ပြင်လိုက်သော်လည်း စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။ "သခင်လေးက... ဒီတစ်ကြိမ်တော့ တကယ်ပဲ အဆင်အခြင် နည်းသွားခဲ့တယ်"
အနောက်တန်းတွင် ထိုင်နေသော ဆေးဆရာလင်းကမူ ရယ်မောကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ " မစ္စတာဝမ်အတွက် လေကောင်းလေသန့်ရတာ ကိုယ်ခန္ဓာရော စိတ်ရောအတွက်ပါ ကောင်းမွန်ပါတယ်။ အဲဒါကြောင့် ခင်ဗျားတို့နှစ်ယောက် ဒီလောက် စိတ်လှုပ်ရှားမနေပါနဲ့"
ထိုအခါမှသာ အန်တီကျုံးသည် သက်ပြင်းတစ်ချက်ကို အသာချကာ စိတ်ကို လျှော့လိုက်ပြီးနောက် ဆက်လက်စောင့်ကြည့်နေခဲ့တော့သည်။