Chapter 15
Viewers 49

Chapter ( 15 )


ပိုမိုကျယ်ဝန်းသော အခြားဗန်ကားတစ်စီးအတွင်းတွင်.......


မူလက ထိုင်ခုံများအတွက် ရည်ရွယ်ထားသော နေရာကို နားနေခန်းပုံစံအဖြစ် ပြောင်းလဲထားကာ ရွှေအနားကွပ်ထားသော အဖြူရောင်စားပွဲပေါ်တွင် စာရွက်စာတမ်းအချို့ ရှိနေ၏။


နံရံကပ် ဖန်သားပြင်များပေါ်တွင် "စူပါမန်းလေးများ" ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသထားပြီး ၎င်း၏ဘေးရှိ အခြားတက်ဘလက်တစ်ခုတွင်မူ လူတစ်ယောက်တည်းကိုသာ သီးသန့်ပြသထားလေသည်။


ထိုသူမှာ ဝမ်ချီရှူး ဖြစ်သည်။


ပေါ်ထင်ယွမ်သည် ထိုင်ခုံတွင် ခြေထောက်ချိတ်ထိုင်နေကာ လက်ချောင်းများကို အချင်းချင်း ယှက်ထားခဲ့၏။


သူ၏မျက်မှန်အနောက်မှ စိမ်းဖန့်ဖန့် မျက်ဝန်းများက နွေးထွေးမှုများ ယှက်သန်းနေသော အမျိုးသား၏မျက်နှာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။


အဲလ်ဘတ်သည် ပေါ်ထင်ယွမ်၏ အမူအရာကို သတိပြုမိသွားခဲ့သည်။ခဏမျှ... သူသည် ပေါ်ထင်ယွမ်က ဝမ်ချီရှူးအပေါ်  စိုက်ကြည့်နေသော အကြည့်ထဲတွင် ဖော်ပြမတတ်နိုင်သော အရာတစ်ခု... လေးစားမှုကဲ့သို့ အရာမျိုးကို ခံစားလိုက်ရသလိုပင်။


သို့သော် အဲလ်ဘတ် ဝင်လာသောအခါ ပေါ်ထင်ယွမ်၏ အကြည့်များက အနည်းငယ် ရွေ့လျားသွားတော့သည်။


ထို့ကြောင့် အဲလ်ဘတ် မိမိကိုယ်ကို ပြန်လည်သံသယဝင်သွားရသည်။ ထိုအကြည့်က တကယ်ပဲ ရှိနေခဲ့တာလား။


သူက စာရွက်စာတမ်းအချို့ကို ကမ်းပေးလိုက်ကာ "သခင်ကြီးပေါ်... ထုတ်လုပ်ရေးအဖွဲ့က စည်းကမ်းချက်အချို့ကို ပြင်ဆင်ပြီး နောက်ထပ် နစ်နာကြေး သဘောတူညီချက်တစ်ခု ထပ်တိုးထားပါတယ်"


ပေါ်ထင်ယွမ်က ၎င်းတို့ကို ယူကာ အကြမ်းဖျင်း ဖတ်ရှုလိုက်သည်။ ပြဿနာမရှိသည်ကို မြင်သောအခါ သူက ပြန်ကမ်းပေးရင်း အင်္ဂလိပ်လို ပြောလိုက်၏။ "အစီအစဉ်ပြီးရင် ဒါတွေကို ဝမ်ချီရှူးဆီ ပေးလိုက်ပါ"


ပထမဆုံးအကြိမ်အဖြစ် အဲလ်ဘတ်သည် လက်ကိုနောက်ပစ်ကာ ပြောလိုက်သည်။ "မစ္စတာဝမ်အနေနဲ့ ဒါတွေကို ကျွန်တော့်ဆီက ရတာထက် သခင်ကြီးဆီက တိုက်ရိုက်ရရင် ပိုပျော်လိမ့်မယ်လို့ ထင်ပါတယ်?"


ပေါ်ထင်ယွမ်က အကြည့်ကို အနည်းငယ် မြှင့်တင်ကာ အဲလ်ဘတ်ကို စိုက်ကြည့်လိုက်သည်။


သူ၏ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်က ခန့်မှန်းရခက်သော အမူအရာအဖြစ် ပြောင်းလဲသွားကာ လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။


ကံကောင်းထောက်မစွာဖြင့် အဲလ်ဘတ်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ထူးခြားသော ခံနိုင်ရည်ရှိသူဖြစ်ရာ သူ၏အကြည့်မှာ အနည်းငယ်မျှ တုန်လှုပ်မသွားဘဲ ကြံ့ကြံ့ခံ ရပ်တည်နေခဲ့သည်။


နောက်ဆုံးတွင် ပေါ်ထင်ယွမ်သည် သူ၏ထက်မြက်သော မျက်ခွံများကို နှိမ့်ချလိုက်ပြီး ဖန်သားပြင်ပေါ်ရှိ ပြုံးနေသော ပုံရိပ်ဆီသို့ အကြည့်ကို ပြန်လည်ရွှေ့ပြောင်းလိုက်သည်။


သူက ဝမ်ချီရှူးက ဖြူစင်သော ကျောက်စိမ်း ဝါးလက်ကောက်လေးကို လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်နေသည်ကို စောင့်ကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။ "အဲလိုလား..."


ထိုအသံမှာ အဲလ်ဘတ်အတွက် အတည်ပြုချက်တစ်ခုထက်... ဖန်သားပြင်ပေါ်ရှိ ဝမ်ချီရှူး ကိုယ်တိုင်အား တိုက်ရိုက်မေးမြန်းနေသည့် မေးခွန်းတစ်ခုနှင့် ပိုမိုတူညီနေတော့သည်။


.........


မိဘလေးဦးသည် ခရီးဆောင်အိတ်များကို အိမ်ငယ်များထဲသို့ အရင်ရွှေ့ရန် ခပ်သွက်သွက်ပင် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြသည်။


အစီအစဉ် ထုတ်လုပ်သူများဘက်က သီးခြားစည်းမျဉ်း သတ်မှတ်ထားခြင်း မရှိသည့်အပြင် အိမ်ငယ်များမှာလည်း တစ်ပုံစံတည်း ဖြစ်သောကြောင့် ၎င်းတို့ စိတ်ကြိုက် အိမ်များကို လျင်မြန်စွာ ရွေးချယ်လိုက်ကြသည်။


ဝမ်ချီရှူးနှင့် ပေါ်ယီမင်တို့၏ ခရီးဆောင်အိတ်အကြီးကြီးများမှာ မမြင်ချင်မှအဆုံး ထင်ရှားလွန်းလှသဖြင့် ရှောင်ချီလေးမှာ မျက်လုံးဝိုင်းကြီးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေမိသည်။


ထိုကလေးသည် ခရီးဆောင်အိတ်များကို ဖောက်ထွင်းမြင်နိုင်မည့်အလား အရာရာကို စူးစမ်းလိုစိတ် ပြင်းပြနေပုံရ၏။


ကျိုးရွှိက စနောက်လိုက်သည်။ "ယီမင်ဖေဖေ... ခင်ဗျားအိမ်ရဲ့ တစ်ဝက်လောက်ကို သယ်လာတာလား"


ပေါ်ယီမင်သည် သူ၏ဖေဖေလေး အရှေ့မှနေ၍ အိတ်ကိုတွန်းရင်း တည်တည်တံ့တံ့ ရှင်းပြလာသည်။ "သားရဲ့ဖေဖေလေးက အပြင်သိပ်မထွက်တတ်ဘူးလေ။ အဲဒါကြောင့် သူ့ခေါင်းအုံးနဲ့ စောင်ကို သယ်လာရတာ။ မဟုတ်ရင် သူ အိပ်ရတာ အဆင်မပြေဖြစ်လိမ့်မယ်"


ဝမ်ချီရှူးက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်... ယီမင် က ဘာမှအများကြီးမပါဘူး၊ အိတ်ထဲက အများစုက ကျွန်တော့်ပစ္စည်းတွေပါ"


ထိုအခါမှ လူတိုင်း နားလည်သွားကြပြီး အိပ်စက်မည့်အစီအစဉ်နှင့် ပတ်သက်၍ အစီအစဉ်ဘက်က ဧည့်သည်များကို အခက်အခဲမပေးခြင်းမှာ ကံကောင်းလှကြောင်း ပြောဆိုကြတော့သည်။


"မင်ဇိုင် (ပေါ်ယီမင်) ပြောတာက သူ့ဖေဖေ‌လေးက နေရာအသစ်မှာ အိပ်ရခက်တယ်ပေါ့ ဟုတ်လား။ ငါလည်း အိပ်ရာပြောင်းရင် ကောင်းကောင်း အိပ်မပျော်ဘူး"


"ဒီအချောအလှ ဖေဖေလေးက တကယ့်ကို အပြင်မထွက်တတ်တဲ့ပုံပဲ။ အင်္ကျီအောက်က ပေါ်နေတဲ့ အသားအရေက ဖြူစင်ဝင်းပပြီး နုနယ်အိစက်နေတာပဲ"


"ဟင်?! ဟေး... နင်တို့ ဘယ်တွေကို ကြည့်နေကြတာလဲ?!"


ကျူးဝေသည် ထိုနေရာတွင် အသက်အကြီးဆုံး မိဘဖြစ်သဖြင့် အကြံပြုလိုက်သည်။


"ငါတို့ အိတ်တွေကို မြန်မြန်သိမ်းပြီး ခြံဝင်းထဲမှာ ပြန်ဆုံကြရအောင်။ ပြီးမှ နေ့လယ်စာနဲ့ တခြားကိစ္စတွေကို တိုင်ပင်ကြတာပေါ့။ အဆင်ပြေရဲ့လား"


လူတိုင်း သဘောတူပြီး မိမိတို့ အိမ်ငယ်လေးများဆီသို့ အသီးသီး လျှောက်လှမ်းသွားကြသည်။


စောင်းလျောခေါင်မိုးနှင့် အိမ်ငယ်လေး၏ အတွင်းပိုင်းမှာ ဟိုတယ်ခန်းမဆောင်နှင့် တူညီပြီး ကော်ဇောပေါ်တွင် လူကြီးနှစ်ဦး ကောင်းကောင်းအိပ်နိုင်မည့် မွေ့ရာအကြီးကြီး တစ်ခု ရှိနေပေသည်။


ဘေးတစ်ဖက်စီရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်ကြီးများမှတစ်ဆင့် မြင်ကွင်းများကို မြင်တွေ့နိုင်ရာ တစ်ဖက်မှာ ခြံဝင်းဆီသို့ မျက်နှာမူထားပြီး ကျန်တစ်ဖက်မှာမူ အပြင်ဘက်ရှိ စိမ်းလန်းစိုပြည်သော သစ်တောဆီသို့ မျှော်ကြည့်နိုင်ပေသည်။


ပေါ်ယီမင်က စိတ်လှုပ်ရှားစွာ အသံတိုးတိုးလေးများပြုရင်း ဟိုပြေးဒီပြေး စူးစမ်းနေခဲ့သည်။


"ဖေဖေလေး... ဟောဒီမှာ ကြည့်ဦး၊ ရေချိုးခန်း ရှိတယ်!"


"ဝါး... ရေချိုးကန်လေးက သေးသေးလေးနဲ့ ချစ်စရာကောင်းလိုက်တာ! ဖေဖေလေး... လာကြည့်ဦး!"


ဝမ်ချီရှူး လျှောက်လာပြီး ရေချိုးခန်း တံခါးဘောင်ကိုမှီကာ အတွင်းသို့ ကြည့်လိုက်သည်။


ရေချိုးခန်းမှာ ကျဉ်းကျဉ်းလေးဖြစ်ပြီး အဖြူရောင် ကုဗတုံးပုံစံ ရေချိုးကန်လေးမှာ ဒူးကွေးပြီး ထိုင်ရုံမျှသာ ဆံ့လေသည်။ ၎င်းမှာ အုတ်ခဲကစားစရာ အကြီးကြီးတစ်ခုနှင့် တူလှသည်။


ဝမ်ချီရှူးက သားဖြစ်သူ၏ အကဲဖြတ်မှုကို သဘောတူလိုက်သည်။ "ဟုတ်တယ်... ချစ်စရာကောင်းသားပဲ"


သူက သားဖြစ်သူ၏ ဆံပင်များကို ဖွပစ်လိုက်ရင်း "ဒီည ဒီချစ်စရာကောင်းတဲ့ ရေချိုးကန်လေးထဲမှာ ရေချိုးကြည့်မလား" ဟု မေးလိုက်သည်။


"ဟုတ်!" ပေါ်ယီမင်က ပြုံးပျော်သွားရသည်။


သူသည် ထိုကဲ့သို့ သေးငယ်သော ရေချိုးကန်ထဲတွင် မည်သို့ရေစိမ်ရမည်ကို စဉ်းစားရင်း စိတ်လှုပ်ရှားနေချေပြီ။


"ဘာတွေ ချစ်စရာကောင်းနေတာလဲ။ သူတို့ ဘာတွေ ပြောနေကြတာလဲ"


"အကြမ်းဖျင်း ခန့်မှန်းရရင်တော့- ဒီအချောအလှ ဖေဖေလေးရဲ့ အငွေ့အသက်တွေအရ မင်ဇိုင်တို့ မိသားစုက အတော်လေး ချမ်းသာမယ့်ပုံပဲ"


"ဟုတ်တယ်! ငါလည်း အဲလိုထင်တယ်။ သူတို့ ဝတ်စုံတွေကို ဘယ်သူ Brand ခွဲခြားပြနိုင်မလဲ"


"မင်ဇိုင် ဖေဖေလေးက တကယ်ကို သဘောကောင်းတာပဲနော်။ ရေချိုးကန် သေးသေးလေးကိုတောင် လိုက်ကြည့်ပေးတယ်"


"ကလေးရဲ့ အပျော်ကို မဖျက်တဲ့ ဖခင်မျိုးက တကယ့် အပေါင်းလက္ခဏာပဲ! (ကျိန်ပြောရဲတယ်... ငါ သူ့ရုပ်ကိုပဲ ကြည့်ပြီး ပြောနေတာ မဟုတ်ဘူးနော်!)"


"မင်ဇိုင်ရဲ့ ဖေဖေလေးအချောကြီးက တကယ့်ကို သိမ်မွေ့လွန်းလို့ မခံစားနိုင်တော့ဘူး! ငါ သူ့ကို အိမ်ခေါ်သွားချင်တယ်၊ အားးး!"


အပြင်ဘက်မှ အသံအချို့ကို ကြားရသဖြင့် ဝမ်ချီရှူးက သားဖြစ်သူ၏ ပုခုံးကို ဖက်လိုက်ရင်း "လာ... တခြားလူတွေကို သွားရှာရအောင်" ဟု ပြောလိုက်သည်။


၎င်းတို့ မီးဖိုချောင်ထဲသို့ ဝင်လာချိန်တွင် လူတိုင်း ရောက်ရှိနေကြပြီး နေ့လယ်စာအတွက် အဖြေရှာနေကြသည်။


ကျူးဝေက ပြောသည်။ "ငါ မီးဖိုချောင်ကို စစ်ဆေးပြီးပြီ။ ဆန်၊ ဂျုံမှုန့်၊ ဆီနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပဲ ရှိတယ်။ ရေခဲသေတ္တာထဲမှာ ဘာမှမရှိသလောက်ပဲ"


သူ၏သားကို ချီထားဆဲဖြစ်သော ကျိုးရွှိက မျက်မှောင်ကုတ်လိုက်သည်။ "နေပါဦး... ငါတို့မှာ ဆန်ပဲရှိပြီး ဟင်းချက်စရာ ဘာမှမရှိဘူးပေါ့ ဟုတ်လား"


ခုလေးတင် ရောက်လာသော ပေါ်ယီမင် က ရုတ်တရက် စိတ်လှုပ်ရှားသွားပုံရသည်။ "ဒါဆို... နေ့လယ်စာက ထမင်းဖြူသက်သက်ပဲလား"


လူကြီးများအားလုံး ရယ်မောလိုက်ကြကာ ကျိုးရွှိက စနောက်လိုက်၏။ "ပေါ်ယီမင်... မင်းက ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ"


ပေါ်ယီမင်က ခေါင်းကို ကုတ်လိုက်သည်။


ဟင်? ဒါပေမဲ့ ဒါက အမိုက်စားကြီးပဲဥစ္စာ!


"မင်ဇိုင်... မင်းမျက်နှာကို ကြည့်ရတာ ထီပေါက်တဲ့အတိုင်းပဲ။ အဲဒါက ဖြစ်နိုင်လို့လား"


"ကလေးတွေရဲ့ ဦးနှောက် တည်ဆောက်ပုံက တကယ်ကို ကွဲပြားတာပဲ"


"မင်ဇိုင်... မင်းက သူ့နဲ့ နည်းနည်းဆင်ပေမယ့်... မင်းက အဲဒီ သိမ်မွေ့လှပတဲ့ လူကြီးရဲ့ သားအရင်း ဟုတ်မဟုတ် ငါ သံသယဝင်လာပြီ!"


"သူတို့နှစ်ယောက်က လုံးဝ ဆန့်ကျင်ဘက်ပဲ။ တစ်ယောက်က ဘုန်းကြီးတစ်ပါးလို တည်ငြိမ်ပြီး နောက်တစ်ယောက်ကတော့ မျောက်မူးလဲနေတာပဲ"


ဝမ်ချီရှူးသည် မီးဖိုချောင် ကြမ်းပြင်ပေါ်ရှိ ရေဂျဂ်များကို စစ်ဆေးနေစဉ် ၎င်းအပေါ်၌ တင်ထားသော ကတ်ပြားလေးတစ်ခုကို သတိပြုမိသွားသည်။


"ဒီမှာ ထုတ်လုပ်ရေးအဖွဲ့က ပေးထားတဲ့ စာတိုလေး ရှိတယ်"


သူက ၎င်းကို အနားသို့ ပြေးလာသော သားဖြစ်သူထံ ကမ်းပေးလိုက်သည့်အခါ ပေါ်ယီမင်က ကတ်ပြားပေါ်မှ စာကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။ "ဟေး အားလုံးပဲ... မျက်လုံးကို သေချာဖွင့်ထားကြပါ။ မင်းတို့မျက်စိထဲ မြင်ရတဲ့အရာမှန်သမျှကို အသုံးပြုလို့ ရပါတယ်"


လူတိုင်းသည် မှန်ပြတင်းပေါက်ကြီးများမှတစ်ဆင့် အပြင်ဘက်ရှိ စိမ်းလန်းစိုပြည်သော မြင်ကွင်းဆီသို့ လှမ်းကြည့်လိုက်ကြရာ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ရေကန်ကြီးကို မြင်တွေ့လိုက်ရသည်။


ရုံရုံလေးသည် စိတ်လှုပ်ရှားစွာဖြင့် မိခင်ဖြစ်သူ၏ အင်္ကျီလက်စကို အသာအယာ ဆွဲလိုက်ကာ  "မေမေ! မေမေ! ဟိုမှာ ကြည့်ဦး... ငန်းတွေနဲ့ ကြက်ဖကြီးတွေ ရှိတယ်!"


ရှင်းရှင်းသည် သက်တံ့ရောင် ခြယ်သထားသော လှေငယ်တစ်စီးနှင့် ရေကန်ဘေးရှိ တဲအိမ်လေးတစ်ခုကို သတိပြုမိသွားခဲ့သည်။


ပေါ်ယီမင်၏ အကြည့်သည်လည်း ထိုတဲအိမ်လေးဆီသို့ ကျရောက်သွား၏။ "ဖေဖေလေး... သား သွားကြည့်လိုက်ဦးမယ်!"


ဝမ်ချီရှူးက သတိပေးလိုက်သည်။ "ယီမင်... ရေကန်နားကို မသွားနဲ့နော်"


"သိပြီဗျာ~!" ပေါ်ယီမင် အပြေးလေး ထွက်သွားတော့သည်။


ရှင်းရှင်းသည်လည်း စကားတစ်လုံးမျှ မဆိုဘဲ သူ့နောက်သို့ တိတ်ဆိတ်စွာ အပြေးလိုက်သွား၏။


ချူးဟန်က လှမ်းအော်လိုက်သည်။ "ရှင်းရှင်း.. သတိထားဦး! ယီမင်နဲ့ အတူတူသွား!"


ရှင်းရှင်း ပြန်မပြောနိုင်ခင်မှာပင် အနောက်သို့ ပြန်ပြေးလာသော ပေါ်ယီမင်က သူ၏လက်ကို ဆွဲကာ ခေါ်ဆောင်သွားတော့သည်။


ပေါ်ယီမင် : "ငါနဲ့ အတူတူ သွားရအောင်... ညီလေး!"


ရှင်းရှင်းသည် ဆွဲခေါ်ခြင်းခံလိုက်ရသော မိမိ၏လက်ကို ကြည့်ရင်း ကြောင်အမ်းကာ ပါသွားရှာလေသည်။ သူ၏ဆံပင်မျှင်လေးများမှာ လေထဲတွင် ဝေ့ဝဲနေ၏။


ချူးဟန်က ၎င်းကို မြင်သောအခါ ဝမ်ချီရှူး အား တိုးတိုးလေး ပြောလိုက်သည်။ "ရှင့်ရဲ့ ပေါ်ယီမင်က တကယ့်ကို စွမ်းတာပဲ။ ရှင်းရှင်းကိုတောင် တက်ကြွလာအောင် လုပ်နိုင်တယ်"


ဝမ်ချီရှူးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "တစ်ခါတလေ အဲဒီကလေးက စွမ်းအင်တွေ ပိုလျှံနေတတ်လို့ပါ"