Chapter 16
Viewers 79

Chapter ( 16 )

မိဘများ စကားပြောပြီးသည်နှင့် အဝေးရှိ ကောင်လေးနှစ်ဦးမှာ ရုတ်တရက် ရပ်တန့်သွားပြီး ပေါ်ယီမင် တစ်ဦးတည်းသာ အနောက်သို့ ပြန်ပြေးလာခဲ့သည်။

ချူးဟန်က ရှေ့သို့တိုးလာပြီး မေးလိုက်၏။ "အားလုံး အဆင်ပြေရဲ့လား"

"ဪ!"

ပေါ်ယီမင်က အမောတကောဖြင့် ဆံပင်လေးများ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော မျက်နှာလေးနှင့် မော့ကြည့်လိုက်ရာ သူ၏နုနယ်လှပသော ရုပ်ရည်မှာ ပိုမိုထင်ရှားနေလေသည်။

နေရောင်အောက်တွင် သူ၏ ပယင်းရောင်မျက်ဝန်းများက ရိုးသားမှုများဖြင့် တောက်ပနေပြီး တည်တည်ငြိမ်ငြိမ် ယဉ်ကျေးစွာ ပြောလိုက်သည်။ "အန်တီ... သားရဲ့ဖေဖေလေးက နေမကောင်းဖြစ်နေလို့။ သားအတွက် သူ့ကို ခဏလောက် ကြည့်ပေးထားလို့ ရမလားဟင်"

ဘေးတွင် မှီရပ်နေသော ဝမ်ချီရှူးက အမြန်ပင် ကိုယ်ကိုမတ်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။ " ဖေဖေ အဆင်ပြေပါတယ် သားရဲ့"

ချူးဟန်သည် သိတတ်လှသော ထိုကောင်လေးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့... သားက ညီလေးနဲ့ သွားကစားချေ။ အန်တီက သားရဲ့ဖေဖေကို စောင့်ရှောက်ပေးထားမယ်"

ဝမ်ချီရှူးတွင် သွယ်လျသော ခန္ဓာကိုယ်နှင့် ဖြူစင်လွန်းသော အသားအရေ ရှိသဖြင့် သန်မာထွားကျိုင်းသည့် ပုံစံမျိုး မဟုတ်သည်မှာ ထင်ရှားလေသည်။

သို့သော် မကြာသေးမီကမူ သူသည် နာမကျန်းဖြစ်နေသည့် ပုံစံမျိုး မရှိတော့ပေ။ ယခုအခါ ဝမ်ချီရှူးသည် မိမိကို မော့ကြည့်နေသော သားဖြစ်သူကို ကြည့်ရင်း ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရသည်။

ပေါ်ယီမင်က သူ၏ဖေဖေလေးကို ပြုံးပြလိုက်ပြီး စိတ်အေးသွားပြီဖြစ်၍ သူသည် အနောက်သို့ ပြန်ပြေးသွားကာ စောင့်ဆိုင်းနေသော ရှင်းရှင်း၏လက်ကို ဆွဲလိုက်သည်။ "လာ... သွားစူးစမ်းရအောင်!"

စကားနည်းသော ရှင်းရှင်းကမူ ဤအစ်ကိုကြီးက ဘာဖြစ်လို့ အမြဲတမ်း စိတ်လှုပ်ရှားနေရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေရှာသည်။

"အလှလေးက ကျန်းမာရေး မကောင်းဘူးလား။ ဘယ်လိုလုပ်မလဲ... သူက အခု ပိုပြီး ဆွဲဆောင်မှု ရှိနေတယ် (တကယ်တော့ မဟုတ်ပါဘူး)"

"အို... သနားစရာ ဖေဖေအချောလေးရယ်၊ ဒီနားလာပါဦး... ငါ ဖက်ထားပေးမယ်"

"? လစ်ရင် လစ်သလို နှိုက်တာပဲနော်!"

"ငါ့ရဲ့ ကိုးနှစ်အရွယ် မောင်လေးဆိုရင်တော့ သူ့အစ်မရဲ့ အရိုက်ခံနေရလောက်ပြီ... ပေါ်ယီမင် က ဘာလို့ ဒီလောက် လူကြီးဆန်ရတာလဲ"

"သူ့ဖေဖေလေးကိုလည်း ဂရုစိုက်တယ်၊ ညီလေးနဲ့လည်း အတူတူကစားပေးတယ်... ပြည့်စုံလွန်းတယ်။ မိသားစုအသစ် ဖြစ်နေပေမယ့် ပေါ်ယီမင် မပါရင်တော့ မဖြစ်ဘူးပဲ!"

ဝမ်ချီရှူးက ချူးဟန်အား တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော်က မြင်ရတာထက် ပိုသန်မာပါတယ်။ နည်းနည်းပါးပါး ကူညီနိုင်ပါသေးတယ်"

သူက ကြမ်းပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက် တောင်းကို ကြည့်ရင်း "ကျွန်တော် ဟင်းသီးဟင်းရွက်ခင်းကို သွားကြည့်ရင် အဆင်ပြေမလား" ဟု မေးလိုက်သည်။

ရှောင်ချီလေးသည် ထိုစကားကို ကြားရလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး လက်မောင်းလေးကို ဆန့်တန်းလိုက်သည်။ "ဦးဦး! သားလည်း လိုက်မယ်!"

ထိုခေါ်သံအသစ်လေးမှာ နားထောင်လို့ ကောင်းလှသဖြင့် ဝမ်ချီရှူး ထိုသို့ခေါ်သည်ကို သဘောကျသွားသည်။

"ကောင်းပါပြီ... အတူတူ သွားကြတာပေါ့"

ကျိုးရွှီကလည်း တောင်းတစ်လုံးကို ကောက်ကိုင်လိုက်သည်။ "လာ... ဟင်းသီးဟင်းရွက် သွားခူးရအောင်။ နေ့လယ်ကျရင် ငါ အမိုက်စား ဟင်းတစ်ခွက် ချက်ကျွေးမယ်"

ကျူးဝေကလည်း ဝင်ပြောသည်။ "ဒါဆို ငါ ထမင်းချက်ထားလိုက်မယ်။ ပြီးတော့ ဂျုံမှုန့်လေး နယ်ပြီး မုန့်တစ်ခုခု ဖုတ်လို့ရမလား ကြည့်ရတာပေါ့"

ကျိုးရွှီက စနောက်လိုက်သည်။ "ကြည့်ရတာ မမကျူးဝေကလည်း မီးဖိုချောင် အစွမ်းပြတော့မယ့်ပုံပဲ"

ကျူးဝေက အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ "ဟေး... ငါက မိခင်တစ်ယောက်ပဲလေ အသိသာကြီးကို"

ဝမ်ချီရှူးသည် ဝါးတောင်းကို ကိုင်ထားစဉ် ရုံရုံလေးက သူ့နောက်တွင် အရိပ်လေးတစ်ခုလို လိုက်ပါနေပြီး သူ့ကို သေချာစောင့်ကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။ သူက ကိုယ်ကို ကွေးညွတ်လိုက်ပြီး သိမ်မွေ့စွာ မေးလိုက်၏။ "ရုံရုံလေး... ဦးဦးတို့နဲ့ အတူတူ လိုက်မလား"

ကျူးဝေက ရှက်တတ်လှသော သမီးဖြစ်သူကို ငုံ့ကြည့်လိုက်ကာ "သမီး သွားချင်လား။ သွားချင်ရင် သွားလေ။ မေမေက ဒီမီးဖိုချောင်ထဲမှာပဲ ရှိနေမှာပါ"

ရုံရုံလေးသည် မိခင်ဖြစ်သူ၏ အင်္ကျီအနားသတ်ကို ဆုပ်ကိုင်ထားရင်း နှုတ်ခမ်းလေးကို စူထားလေသည်။သူမသည် ဝေခွဲမရဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းကြားတွင် နှုတ်ခမ်းကို ကိုက်ကာ တုံ့ဆိုင်းနေရှာ၏။

၎င်းကို မြင်သောအခါ ကျူးဝေက ဝမ်ချီရှူးအား ရှင်းပြလာသည်။ "ရုံရုံက နည်းနည်း ရှက်တတ်လွန်းလို့ပါ။ ငါ သူ့ကို ဒီအစီအစဉ်ကို ခေါ်လာတာက ယုံကြည်မှု နည်းနည်း တိုးတက်လာမလားလို့။ ဒါပေမဲ့ သူ အသားမကျသေးတာလည်း ဖြစ်နိုင်ပါတယ်"

ဝမ်ချီရှူးက နားလည်မှုရှိစွာ ခေါင်းညိတ်လိုက်သည်။ "သူက ငါးနှစ်ပဲ ရှိသေးတာပဲဥစ္စာ။ ဒါက ပုံမှန်ပါပဲ"

ရုံရုံလေး မည်မျှအထိ လိုက်ချင်နေသည်ကို သတိပြုမိသွားသဖြင့် သူက သူ၏အင်္ကျီအနားသတ်ကို မလိုက်ပြီး ပြုံးလျက် ဒူးထောက်ထိုင်ချလိုက်သည်။ "သမီး မေမေ့အင်္ကျီကို ဆွဲထားသလိုမျိုး ဦးဦးရဲ့အင်္ကျီကို ဆွဲပြီး လိုက်ခဲ့မလား။ ရမလား"

ကျူးဝေအနေဖြင့် သူက 'ရုံရုံလေး ကလေးတွေနဲ့ ဆော့ရတာ အသားကျတဲ့အထိ စောင့်ကြတာပေါ့' ဟု ပြောလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ သမီးဖြစ်သူ၏ တုံ့ပြန်မှုကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။

ရုတ်တရက် သူမလည်းပဲ စိတ်လှုပ်ရှားလာမိ၏။

"ရုံရုံလေး... သမီး လက်လေးဆန့်ပြီး ဆွဲလိုက်လေ!"

"ဝါး... ငါပါ ရုတ်တရက် စိတ်လှုပ်ရှားလာတယ်။ ဘာဖြစ်နေတာလဲ"

"ရုံရုံလေး သွားချင်နေတာ ငါ သိတယ်။ အခြေခံအားဖြင့် ငါက ဒီအလှလေးနဲ့ စိတ်ချင်း ဆက်သွယ်နေတာ"

လူကြီးများနှင့် ပရိသတ်များ အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြစဉ် ရုံရုံလေးသည် သူမ၏မျက်နှာလေးကို တုန်တုန်ယင်ယင်ဖြင့် မော့လိုက်ပြီး ဦးဦး၏မျက်ဝန်းထဲမှ နွေးထွေးသော အပြုံးကို ဆုံတွေ့လိုက်ရသည်။

ထိုနောက် သူမသည် မိခင်ဖြစ်သူ၏ အင်္ကျီကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ဝမ်ချီရှူး၏ အင်္ကျီအနားသတ်ကို အသာအယာ ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဦးဦး... သမီး ဟင်းသီးဟင်းရွက်ခင်းထဲမှာ သွားကစားချင်တယ်"

ကျူးဝေ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

မဖြစ်နိုင်တာ။ သူမ၏ကလေးမလေးက မိမိရင်ထဲက ဆန္ဒကို အသံထွက်ပြီး ထုတ်ပြောလိုက်တာပဲ။

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင်မူ "OMGGGGG!!" ဆိုသည့် စာတန်းများဖြင့် ပေါက်ကွဲသွားတော့သည်။

"အိုးမိုင်ဂေါ့ဒ်... DILF (ဆွဲဆောင်မှုရှိတဲ့ ဖခင်) သတိပေးချက်!! ငါ... ငါ... ငါတော့ သေပြီ!!!"

ဝမ်ချီရှူး၏ နှလုံးသားလေးလည်း အရည်ပျော်သွားရသည်။ ကလေးမလေးက သူ့ကို 'ယုံကြည်' သွားခဲ့ပေပြီ။ "ကဲ... သွားကြစို့!"

"အင်း~" ရုံရုံလေးသည် မိခင်ဖြစ်သူ၏ အရိပ်လေးအဖြစ်မှ ဝမ်ချီရှူး၏ အရိပ်လေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူက သူမနှင့် အတော်ဖြစ်မည့် တောင်းငယ်လေးတစ်လုံးကို ကောက်ကိုင်လိုက်ကာ "ရုံရုံလေး... ဒီတောင်းလေးကို ကိုင်ထားမလား"

"ဟုတ်~" ရုံရုံလေး က ပျော်ရွှင်စွာ ယူလိုက်ကာ သူမ ခြေလှမ်းမလှမ်းခင် မိခင်ဖြစ်သူကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သေးလေသည်။

ကျူးဝေက ပြုံးပြပြီး လက်မထောင်ပြကာ မျက်ဝန်းများဖြင့် 'ကြိုးစားခဲ့!' ဟု အားပေးလိုက်၏။

"ဒါက ကိစ္စအကြီးကြီး မဟုတ်ပေမယ့်... ငါ့နှလုံးသားက ဘာလို့ ဒီလောက် ခုန်နေရတာလဲ"

"မဟုတ်ဘူး... ဒါက ရုံရုံလေးက ပေါ်ယီမင် ဖေဖေလေးကို သဘောကောင်းမှန်းသိလို့ ယုံကြည်သွားတာ။ အရမ်း ဖြူစင်လွန်းတယ်"

"ငါလည်း အဲဒီ လှပပြီး သဘောကောင်းတဲ့ လူကြီးရဲ့ အင်္ကျီကို ဆွဲပြီး လိုက်ကစားချင်တယ်၊ ဝါး..."

ရုံရုံလေးသည် ဦးဦး၏အနောက် နောက်ကျောတစ်လှမ်းခန့်မှ လျှောက်လှမ်းရင်း ရံဖန်ရံခါ မော့ကြည့်နေခဲ့သည်။ ထိုစဉ် သူမသည် ဦးထုပ်အနားသတ်အောက်မှ တစ်ခုခုကို သတိပြုမိသွား၏... ဆံပင်တွေလား?

မေမေ ဆံပင်ကို အပေါ်တင်ပြီး ဦးထုပ်အောက်မှာ ဝှက်ထားသလိုမျိုးပဲ။

သူမ မျက်စိမှားတာလား။

ရုံရုံလေးသည် ဇဝေဇဝါဖြင့် နှုတ်ခမ်းလေးကို စူလိုက်မိသည်။

ချူးဟန်က လက်လှမ်းပြလိုက်၏။ "ပေါ်ယီမင် ဖေဖေလေး......ဒီဘက်ကိုလာဦး! ကျိုးရွှီပြောတာတော့ အာလူးအချို့ သွားတူးလို့ ရတယ်တဲ့။ သူကတော့ ဟိုဘက်က ကြက်ခြံကို သွားစစ်နေတယ်"

သူမ စကားပြောပြီးသည်နှင့် အဝေးရှိ ကြက်ခြံထဲမှ ကြက်များ ပြင်းထန်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် ဝမ်ချီရှူးနှင့် ရုံရုံလေးတို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ပြာလွင်သော မိုးကောင်းကင်အောက်တွင် သွယ်လျသော ကိုယ်ထည်တစ်ခုမှာ ကြက်ခြံထဲတွင် ဟိုပြေးဒီလွှား ဖြစ်နေပြီး ကြက်အချို့မှာ ထိတ်လန့်တကြား အတောင်ပံများကို ပြင်းထန်စွာ ခတ်နေကြသည်။

ပေါ်ယီမင်သည် မည်သို့မည်ပုံဖြင့် ၎င်းတို့နောက်သို့ ကြက်ခြံထဲ လိုက်သွားခဲ့သည်မသိဘဲ ကြက်များနှင့် ဘဲများကို အော်ဟစ်ကာ လက်မောင်းများကို ဝှေ့ယမ်းနေချေသည်။

ထိုစဉ် ကျိုးရွှီက ကြက်ဥတစ်လုံးကို အောင်နိုင်သူအလား မြှောက်ပြလိုက်ပြီး "အိုကေ... ရပြီ! ပေါ်ယီမင်... အခု ဆုတ်တော့!"

"အမလေး!" ပေါ်ယီမင်သည် သူ့ပတ်ပတ်လည်တွင် ကြက်မွှေးများ လွင့်ပျံနေလျက်အပြင်းအထန် ထွက်ပြေးရတော့သည်။

"အားးး... ငါ့နောက်ကို မလိုက်ကြနဲ့!"

"ဟားဟားဟား... ဒါက ဘာလို့ ဒီလောက် ရယ်ရတာလဲ"

"မင်ဇိုင်က ကျိုးရွှီကို ကူပြီး ကြက်ဥနှိုက်ပေးတာ တကယ့်ကို တော်တယ်~ ဒီနေ့ နေ့လယ်စာအတွက် ကြက်ဥအပိုတွေ ရပြီပေါ့~"

"ဒီအစီအစဉ်က အနီးကပ် မရိုက်တာ နည်းနည်း ဆိုးတယ်!"

"ဒါပေမဲ့ ဒီလိုလုပ်တော့ ကလေးတွေရဲ့ တုံ့ပြန်မှုက ပိုပြီး သဘာဝကျတာပေါ့။ ကင်မရာတွေ အနားမှာ အများကြီးရှိရင် သူတို့ နေရခက်မှာပေါ့"

"အသံကတော့ တကယ့်ကို ရှင်းလင်းပြီး အငွေ့အသက်ကလည်း အမိုက်စားပဲ!"

ကြက်ခြံနှင့် မလှမ်းမကမ်းတွင် ရှင်းရှင်းသည် ပေါ်ယီမင် အစိုးရိမ်လွန်ကာ ဟိုပြေးဒီပြေး ဖြစ်နေသည်ကို စောင့်ကြည့်ရင်း "တကယ့် ငတုံးပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်လေသည်။

သူသည် ကျိုးရွှိ၏ကလေးကို စောင့်ရှောက်ရန် ပြောထားခြင်းခံရသဖြင့် ကြက်ခြံထဲသို့ လိုက်မသွားနိုင်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် ရှောင်ချီလေးက မျက်နှာလေးမော့ကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ကိုကိုယီမင်ကို အဲလို မပြောနဲ့! သူက ပါပါးကို ကြက်ဥနှိုက်ရအောင် ကူညီပေးနေတာ!"

ရှင်းရှင်းသည် အံ့အားသင့်စွာဖြင့် ထိုဒေါသအိုးလေးကို ငုံ့ကြည့်လိုက်သည်။ "မင်းက ဘယ်တုန်းကတည်းက ဒီလောက် စကားတွေ အများကြီး ပြောတတ်သွားတာလဲ"

သူ၏မျက်နှာတွင် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာ ပေါ်လာလေသည်။ "မင်း အသက်က... လေးနှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား"

"ဟွန့်!"

ရှောင်ချီလေးသည် အသံသယဝင်ခံရသဖြင့် ပိုမိုစိတ်ဆိုးသွားပြီး ရှင်းရှင်း၏လက်ကို ခါထုတ်ကာ သူ၏ခြေတိုလေးများဖြင့် သူ့ပါပါးရှိရာဆီသို့ ဒေါသတကြီး လျှောက်သွားတော့သည်။

"ဟားဟားဟား... ဒါက တကယ့်ကို ရယ်ရတာပဲ! ဒါက ရှင်းရှင်းရဲ့ တကယ့်ပင်ကိုယ်စရိုက်ပဲလား"

"ဖွီ!... ခုနစ်နှစ်အရွယ်ကောင်လေးက လေးနှစ်အရွယ်ကလေးရဲ့ ဘာသာစကား ကျွမ်းကျင်မှုကို ဝေဖန်နေတယ် ဟုတ်လား"

"ရှောင်ချီ တိုးတိုးပြောတာ- ကိုကိုရှင်းရှင်းက လူဆိုးကြီး!"

"ရှင်းရှင်းက မင်ဇိုင်ကို ငတုံးကိုကိုလို့ ခေါ်တာက တကယ်တော့ ချစ်စရာကောင်းပါတယ်! တကယ့်ကို အပြင်ပန်းပဲ မာန်တင်းနေတဲ့ ညီလေး!"