Chapter 17
Viewers 57

Chapter ( 17 )


ကျိုးရွှီသည် မိမိ၏သားကို ချီရန် ပြင်လိုက်သဖြင့် ကြက်ဥတောင်းကို ပေါ်ယီမင်ထံ ကမ်းပေးလိုက်သည်။


ထိုအခါ ကောင်ငယ်လေးက သူ၏ဖေဖေ‌လေးဆီသို့ အပြေးလေးသွားကာ တောင်းကို ဂုဏ်ယူစွာ မြှောက်ပြလိုက်၏။ "ဖေဖေလေး! သား တော်တယ်မလား"


ဝမ်ချီရှူးက လက်ကိုဆန့်ကာ သူ၏ခေါင်းပေါ်မှ ကြက်မွှေးကို ဖယ်ရှားပေးလိုက်ပြီး ပါးလေးကို ဆွဲလိုက်သည်။ "အင်း...ဖေဖေ သားအတွက် ဂုဏ်ယူပါတယ်နော်"


"ဝါး!" ပေါ်ယီမင်သည် ဖခင်ဖြစ်သူ၏ ချီးမွမ်းစကားကြောင့် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေတော့သည်။


"? မင်းတို့မိသားစုရဲ့ ဂုဏ်ယူမှုစံနှုန်းကို ငါ နားမလည်ပေမယ့် တကယ့်ကို အားကျမိတယ်"


"အင်း... ဒီအချောအလှလူကြီးက သမီးတစ်ယောက်လောက် ထပ်လိုချင်သေးလား။ အသက် ၂၅၀ လသား အရွယ်လေး... (လက်ချောင်းလေးတွေ ကစားရင်း)"


ဝမ်ချီရှူး၏နောက်တွင်မူ ရုံရုံလေးသည် ခြေဖျားထောက်ကာ ကြက်ဥတောင်းထဲသို့ ချောင်းကြည့်နေခဲ့သည်။


၎င်းကို ပေါ်ယီမင် သတိပြုမိသွားသဖြင့် တောင်းကို ကြမ်းပြင်ပေါ်သို့ ချပေးလိုက်၏။ "ကြည့်လိုက်လေ... ရုံရုံလေး"


ရုံရုံလေး ကိုယ်ကို ကွေးညွတ်လိုက်ပြီး လတ်လတ်ဆတ်ဆတ် ကြက်ဥများကို စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် တို့ထိကြည့်လိုက်ပြီး သူမသည် ဦးဦး၏အင်္ကျီလက်စကို ဆွဲကာ အသာအယာ လှုပ်ယမ်းလိုက်သည်။ "ဦးဦး... ကြက်ဥလေးတွေက နွေးနေတယ်"


"ကြက်မကြီးက အခုလေးတင် ဥထားတာ ဖြစ်လိမ့်မယ်" ဝမ်ချီရှူးသည် ဖြူစင်ပြီး ချစ်စရာကောင်းသော ထိုကလေးကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်ခဲ့ပေ။


သူက မီးဖိုချောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ကာ "ယီမင်... ဒီကြက်ဥတွေကို အတွင်းထဲ သယ်သွားပြီး ရုံရုံမေမေဆီ ပေးလိုက်ဦး။ ဖေဖေလေးနဲ့ ရုံရုံလေးက ဒီမှာ အာလူးတူးလိုက်အုံးမယ်"


"ဟုတ်ကဲ့!" ပေါ်ယီမင်က တောင်းကို လက်တစ်ဖက်တည်းဖြင့်ဆွဲကာ ထွက်ခွာရန် ပြင်လိုက်စဉ် လက်ကလေးတစ်ဖက်က တောင်းလက်ကိုင်ကို လာရောက်ဆုပ်ကိုင်လိုက်၏။


၎င်းမှာ ရှင်းရှင်း ဖြစ်သည်။


ဝမ်ချီရှူးသည် ထိုတိတ်ဆိတ်ပြီး လူကြောက်တတ်သော ကလေးငယ်ကို အံ့အားသင့်စွာ ကြည့်ရင်း ပြုံးလိုက်သည်။ "ရှင်းရှင်းက ကိုကို့ကို ကူညီပေးတာပဲ။ တကယ့်ကို တော်တယ်"


ရှင်းရှင်းသည် အစပိုင်းတွင် မည်သို့ပြန်ပြောရမှန်း မသိသဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး မိမိထက် အရပ်ရှည်သော အစ်ကိုကြီးကို မော့ကြည့်လိုက်သည်။


"သွားကြစို့"


ပေါ်ယီမင်က တောင်းကို အသာအယာ ဆွဲလိုက်ရင်း လွတ်လွတ်လပ်လပ်ပင် မေးလိုက်သည်။


"ဒါနဲ့...ရှင်းရှင်း၊ မင်း နာမည်အပြည့်အစုံက ဘာလဲဟင်"


ဝမ်ချီရှူးသည် စိတ်ထဲမှ တခစ်ခစ် ရယ်မောလိုက်မိပြီး ဤကလေး၏ "တွေ့တွေ့ချင်း ရင်းနှီးတတ်သော စရိုက်" မှာ မည်သူ့ထံမှ အမွေရထားသနည်းဟု တွေးတောနေမိသည်။


သူ ရုံရုံလေးအား အာလူး မည်သို့တူးရမည်ကို ပြသရန် ပြင်လိုက်စဉ်မှာပဲ ရှင်းရှင်း၏ အသံကို ကြားလိုက်ရသည်။


"ကျွန်တော့်ရဲ့ နာမည်အပြည့်အစုံက ချူးဟိန်းတဲ့"


ဝမ်ချီရှူး တစ်ကိုယ်လုံး လုံးဝ တောင့်တင်းသွားရပြီး မိမိသားထက် အနည်းငယ် အရပ်ပုသော ထိုကောင်လေးဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။


သူ၏ နက်မှောင်သော မျက်ဝန်းများမှာလည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် ဝိုင်းစက်သွားတော့၏။


ချူးဟိန်း!


မူရင်းဝတ္ထုထဲက ဇာတ်လိုက်မင်းသားလား?!


ပြီးတော့... ပေါ်ယီမင်ရဲ့ အနာဂတ်... အချစ်ပြိုင်ဘက်ကြီးလား?!


...........


ဝမ်ချီရှူးနည်းတူ ချူးဟန်အကြောင်း ကောင်းကောင်းသိကြသည့် ဝါရင့်ပရိသတ်များသည်လည်း ရှင်းရှင်းက သူ၏အမည်အပြည့်အစုံကို ပြောလိုက်ချိန်တွင် အလွန်အံ့အားသင့်သွားကြသည်။


"ရှင်းရှင်းက သူ့အမေရဲ့မျိုးရိုးအမည်ကို ယူထားတာလား။ အဲဒါက သိပ်တော့မဖြစ်နိုင်သလိုပဲ"


"မဖြစ်နိုင်တာ။ နတ်ဘုရားမက နောက်ဆုံးတော့ အသုံးမကျတဲ့ သူမရဲ့ပထမအချစ်နဲ့ ကွာရှင်းလိုက်ပြီလား"


"ချူးဟန်က သူမရဲ့ပထမအချစ်နဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား၊ ပြီးတော့ ပျော်လည်းပျော်ရွှင်နေကြတာပဲလေ။ အကောင်းဆုံးမင်းသမီးဆု ရပြီးတဲ့နောက် အိမ်ထောင်ရှင်မလုပ်ဖို့ အနုပညာလောကကနေ ထွက်သွားခဲ့တာ မဟုတ်ဘူးလား"


"လုံးဝမဟုတ်ဘူး။ အဲဒီလူက ချူးဟန်က သူ့ထက် ပိုပြီးနာမည်ကြီးလာမှာကို့ ကြောက်နေခဲ့တာ"


"မဖြစ်နိုင်တာ။ ငါကတော့ ချူးဟန်တစ်ယောက် ဖျော်ဖြေရေးလောကကို မကြိုက်တော့လို့ပဲ ထင်နေခဲ့တာ..."


.........


မီးဖိုချောင်ထဲတွင်မူ ကျူးဝေသည် မုန့်သားနယ်နေခဲ့ပြီး သူတို့ ကြက်ဥများနှင့်အတူ ပြန်လာသည်ကို မြင်သောအခါ သူမက ပြုံး၍ ပြောလိုက်သည်။ "ကြက်ဥတွေက အတော်ပဲ။ ခဏနေရင် ဒါတွေနဲ့ ဟင်းပွဲအချို့ လုပ်ပေးမယ်"


ပေါ်ယီမင်က ကြက်ဥခြင်းတောင်းကို စင်ပေါ်တွင် တင်လိုက်ကာ "အန်တီ... ဒါဆိုရင် သားတို့ ဥယျာဉ်ထဲကနေ ဟင်းသီးဟင်းရွက်တွေ ထပ်သွားခူးလိုက်ဦးမယ်နော်"


"ကောင်းပြီလေ၊ သွားကြ" ကျူးဝေက ရေပုလင်းများကို ညွှန်ပြရင်း "ရေဆာရင် သောက်လိုက်ကြဦး"


ပေါ်ယီမင်က အပြေးအလွှားသွား၍ ရေပုလင်းတစ်လုံးကို အဖုံးဖွင့်ကာ ရှင်းရှင်းအား ကမ်းပေးလိုက်သည်။ ထို့နောက် အခြားရေပုလင်းတစ်လုံးကို ဖွင့်ပြီး အန်တီကျူးဝေအတွက် ထားပေးခဲ့၏။


"အန်တီ... သားတို့ အပြင်ထွက်လိုက်ဦးမယ်"


"ကျေးဇူးပဲ ယီမင်ရေ။ သွားကြလေ" ကျူးဝေက ချောမောခန့်ညားသော ကောင်လေးကိုကြည့်ကာ ပြုံးပြလိုက်သည်။ ဤကဲ့သို့ ကောင်လေးကို မချစ်ဘဲနေရန် ခက်ခဲလှပေသည်။


ပေါ်ယီမင်က အပြင်သို့ ထွက်လာစဉ် ရှင်းရှင်း၏လက်ကို သွားဆွဲထားလိုက်သည်။


ထိုအခါ  ရှင်းရှင်းက ရေပုလင်းကို ကိုင်ထားရင်း "ကျွန်တော့်ဘာသာ လမ်းလျှောက်နိုင်ပါတယ်" ဟု ပြောလိုက်သည်။


ပေါ်ယီမင်က လမ်းလျှောက်ရာမှ ရပ်တန့်လိုက်ပြီး "အန်တီက မင်းကို စောင့်ရှောက်ဖို့ မှာထားတယ်။ လိမ္မာစမ်းပါ"


ထိုနောက် သူက လက်ကိုဆန့်ကာ ရှင်းရှင်း၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်လေသည်။


ရှင်းရှင်းက အနည်းငယ်ဆုတ်ကာ ထိတွေ့မှုကို ရှောင်တိမ်းလိုက်သော်လည်း ယီမင်၏ နွေးထွေးသော လက်ဖဝါးထဲမှ ရုန်းထွက်နိုင်ခြင်းမရှိပေ။


"တကယ်လို့ ရှောင်ချီသာ ဒါကိုမြင်ရင် 'ဟွန့်... ယီမင်ကိုကို့ကို ရှောင်ခွင့်မရှိဘူး!' လို့ သေချာပေါက် ပြောမှာပဲ"


"ဟားဟားဟား။ ရှောင်ချီ စကားပြောတဲ့ပုံစံကို ကွက်တိ ဖမ်းမိတာပဲ"


စိုက်ခင်းများကြားရှိ လမ်းငယ်လေးပေါ်တွင်မူ  ဝမ်ချီရှူးမှာ အံ့အားသင့်နေဆဲ ဖြစ်သည်။


မူရင်းဝတ္ထုထဲတွင် ပေါ်ယီမင်နှင့် ချူးဟိန်းတို့သည် လူကြီးဘဝရောက်မှသာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။


ချုူးဟိန်းသည် ဝတ္ထုထဲတွင် အတော်နောက်ကျမှ ထွက်ပေါ်လာမည့်သူ ဖြစ်သည်။


အခုက ဘာတွေဖြစ်ပျက်နေတာလဲ။ ဒါက သူတို့ရဲ့ ကံကြမ္မာတွေကို ဘယ်လိုသက်ရောက်မှု ရှိသွားမလဲ။


ဝမ်ချီရှူး၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ သူ၏သားဖြစ်သူက တူညီသောအမှားများကို ထပ်မံကျူးလွန်မိမည်ကို ဖြစ်သည်။


သို့သော်လည်း သူက တိုက်ရိုက်ဝင်ရောက် မစွက်ဖက်နိုင်သေးသဖြင့် အခြေအနေကို အရင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။


အာလူးများ ခြင်းတောင်းဝက်ခန့် ပြည့်သွားသောအခါ ဝမ်ချီရှူးနှင့် ရုံရုံတို့ ၎င်းတို့ကို အထဲသို့ ယူဆောင်လာခဲ့ကြသည်။


ရုံရုံလေးက သူမဦးလေး၏ အကျီအနောက်ဘက်တွင် ရွှံ့အချို့ ပေကျံနေသည်ကို သတိပြုမိသဖြင့် လက်ကလေးဖြင့် အမြန်ဖုန်ခါပေးလိုက်ပြီးနောက် သူ၏လက်ကို ပြန်လည်ဆွဲကိုင်လိုက်သည်။


ထိုနောက် သူမသည် သူ၏မျက်နှာကို မော့ကြည့်ကာ တဟီးဟီးရယ်မောလျက် ပြုံးရွှင်နေတော့၏။


ဝမ်ချီရှူးမှာမူ အနီးနားရှိ ဟင်းသီးဟင်းရွက်များကို မနင်းမိစေရန် သတိထား လျှောက်လှမ်းနေရသဖြင့် ကောင်မလေး၏ လှုပ်ရှားမှုကို သတိမထားမိပေ။


"ရုံရုံလေးက တကယ့်ကို အသည်းယားစရာ ကောင်မလေးပဲ~"


"သူ့မှာသာ သမီးလေးတစ်ယောက် ရှိရင် ဘယ်လောက်တောင် လှလိုက်မလဲ မတွေးဝံ့ဘူး"


"မင်ဇိုင်လိုမျိုး တရုတ်-ပြင်သစ် ကပြားမျိုးရိုး လေးပုံတစ်ပုံ ဖြစ်မလား။ သမီးတစ်ယောက် ယူလိုက်ပါတော့၊ ကျွန်မ ပြန်လည်မွေးဖွားဖို့ အဆင်သင့်ပဲ!"


အခြားတစ်ဖက်မှလည်း ကျိုးရွှီသည် ရှောင်ချီကို ပွေ့ချီကာ မီးဖိုချောင်ဆီသို့ လာနေကာ သူ၏လက်ထဲရှိ ခြင်းတောင်းထဲတွင်လည်း အစိမ်းရောင် ဟင်းသီးဟင်းရွက် အချို့ ရှိနေ၏။


ရှောင်ချီသည် ဝမ်ချီရှူးကို မြင်သောအခါ သူ၏သေးငယ်ဖြူဖွေးသော လက်နှစ်ဖက်ဖြင့် ငရုတ်ပွစိမ်းကြီးတစ်လုံးကို မြှောက်ကာ ချိုသာနုနယ်သော ကလေးအသံလေးဖြင့် လှမ်းခေါ်လိုက်သည်။ "ဦးဦး~~"


ဝမ်ချီရှူးက ခြေလှမ်းများကို ရပ်တန့်ကာ စောင့်ဆိုင်းပေးလိုက်ပြီး ဝမ်းသာအားရဖြင့် "ဝါး... ဒါကို ရှောင်ချီလေး ခူးခဲ့တာလား"


ရှောင်ချီက နူးညံ့စွာ ပြုံးပြနေသော ဦးဦးကို ကြည့်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်ပြကာ သူ၏လက်ကလေးများကို အနည်းငယ် လွှဲယမ်းလိုက်သည်။


သူတို့ လေးယောက်သားက အတူတူ အထဲသို လမ်းလျှောက်ဝင်လာခဲ့ကြ၏။


အထဲတွင်တော့ ကျူးဝေက မုန့်သားကို နယ်ပြီးသား ဖြစ်သဖြင့် ၎င်းကို ပွလာစေရန် နှပ်ထားခဲ့သည်။


သမီးဖြစ်သူ၏ ပျော်ရွှင်နေသော မျက်နှာအမူအရာကို မြင်သောအခါ သူမက "ရုံရုံ... ဟင်းရွက်စိုက်ခင်းက ပျော်စရာကောင်းလား" ဟု မေးလိုက်သည်။


"အင်း!" ရုံရုံက သူမအမေ၏အနားသို့ တရွေ့ရွေ့ လျှောက်သွားရင်း "မေမေ... ရှင်းရှင်းရဲ့ မေမေက ကြက်သွန်မြိတ်တွေ သွားခူးတယ်လို့ ပြောတယ်"


ထိုစကားကို ကြားသောအခါ ကျိုးရွှီက လှည့်ကြည့်ရင်း "ဒီစိုက်ခင်းက တကယ့်ကို ပစ္စည်းစုံတာပဲ။ ငါတို့ ငတ်တော့မှာ မဟုတ်ဘူး"


ဝမ်ချီရှူးက အာလူးများကို ဘေစင်အနီးတွင် ချထားလိုက်ပြီး ကျိုးရွှီ၏ ဟင်းသီးဟင်းရွက်ခြင်းတောင်းကို လှမ်းယူလိုက်သည်။


"ကျွန်တော်က ဟင်းမချက်တတ်ဘူး၊ ဒါကြောင့် ဆေးကြောတဲ့အလုပ်ကိုပဲ တာဝန်ယူပါရစေ"


သူက လက်ကိုဆန့်ကာ ခေါက်ထားပြီးသား အင်္ကျီလက်စကို ပို၍မြင့်အောင် ပေါ့ပေါ့ပါးပါး ဆွဲတင်လိုက်ရာ သွယ်လျပြီး နှင်းကဲ့သို့ ဖြူဖွေးသော လက်ဖျံများ ပေါ်ထွက်လာလေသည်။ သူ၏လက်ချောင်းများက ပုတီးလက်ပတ်နှင့် ထိမိသွားသောအခါ ၎င်းကို လက်ကောက်ဝတ်ပေါ်သို့ ညင်သာစွာ ဆွဲတင်လိုက်၏။


"ဟင်။ သူက တကယ်ပဲ ပုတီးလက်ပတ် ဝတ်ထားတာလား။ ငါ အခုမှ ဘာလို့ သတိထားမိတာလဲ"


"ငါလည်း အတူတူပဲ။ သူ့မျက်နှာကိုပဲ စိုက်ကြည့်နေမိလို့လေ။ ငါ ပုံမှန်ဆိုရင် ဒီလိုမဟုတ်ပါဘူးလို့ ကျိန်ရဲပါတယ်!"


"ဒါကိုပဲ 'ကြွေထည်လို ဖြူစင်တဲ့ လက်ကောက်ဝတ်' လို့ ခေါ်တာလား။ သူက တကယ့်ကို ချွေးထွက်ရင်တောင် ရေမွှေးနံ့ ထွက်မယ့် ပုံစံမျိုးပဲ"


ကျိုးရွှီက "ပေါ်ယီမင် ဖေဖေလေး ဆေးကြောတာ ပြီးသွားရင် ဟင်းသီးဟင်းရွက်တွေကို ငါ လှီးလိုက်မယ်။ အမဝေ... အမ ကြော်မလား၊ ဒါမှမဟုတ် ကျွန်တော်ပဲ ကြော်ရမလား" ဟု မေးလိုက်သည်။


ကျူးဝေက "မင်းရဲ့ အချက်အပြုတ်ဆရာကြီး အဆင့်ကတော့ ဖုံးကွယ်ထားလို့ မရတော့ဘူး ထင်တယ်။ မင်းပဲ ကြော်လိုက်ပါ။ မုန့်သားအဆင်သင့်ဖြစ်ရင် ငါက ဖက်ထုပ်အစာသွတ်တာကိုလုပ်ပြီး စထုပ်လိုက်မယ်" ဟု နောက်

ပြောင်လိုက်သည်။


ရုံရုံက မုန့်သားကို ဖုံးအုပ်ထားသော အဖုံးကို တိတ်တဆိတ်မကာ စစ်ဆေးကြည့်လိုက်သည်။ "မေမေ... သမီးလည်း ဖက်ထုပ်အတူတူ ထုပ်ချင်တယ်"


"ကောင်းပြီလေ"