Chapter - 8
Viewers 49

အခန်း - (၈)


လတ်တလောတွင် ယန်ကျင့်ချင်း၌ အခြား‌သောအရေးတကြီးလုပ်ဆောင်စရာ အလုပ်မရှိသဖြင့် အမဲလိုက်ခြင်းကိုသာ ဆက်လက်လုပ်ကိုင်နေသည်။ မည်သည့်သားကောင်ကို မိသည်ဖြစ်စေ၊ ဘာမျှမလုပ်ဘဲ နေသည်ထက်စာလျှင် ကံစမ်းကြည့်ခြင်းက ပို၍ကောင်းသည်ဟု သူ ယူဆသည်။


ဤအချိန်က နွေရာသီ၏အစောပိုင်းကာလဖြစ်လေရာ ပြင်းထန်သောအပူရှိန်ကြောင့် သားရဲတိရစ္ဆာန်အများအပြားမှာ ထိုင်းမှိုင်းနေကြကာ လှုပ်ရှားမှုများမှာလည်း သိသိသာသာ နှေးကွေးလေးလံနေကြသည်။


ကျောက်ယန်သည်လည်း ထိုနေ့အတွက် ပြင်ဆင်ထားသည်။ ရိုးရှင်းသောအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့်သူ့ပုံစံမှာ သန့်ရှင်းသပ်ရပ်လှသည်။ သို့သော် သူ့ကို ဤကဲ့သို့ အပြင်ခေါ်သွားခြင်းမှာ အချိန်ဖြုန်းရာ ရောက်မလားဟု သူ တွေးနေမိသည်။ ယန်ကျင့်ချင်းက စကားအများကြီးမပြောဘဲ သတိပေးချက်တစ်ခုသာ ပြောလိုက်၏။ "နောက်ကျရင် ဟိုဟိုဒီဒီလျှောက်မသွားနဲ့နော်၊ အဝတ်အစားတွေ ပေကုန်ဦးမယ်"


သူ၏လေသံမှာ ဆိုးနွဲ့သောကလေးတစ်ယောက်ကို ဆူပူနေသကဲ့သို့ ထူးဆန်းစွာ ရင်းနှီးနေသည့်အငွေ့အသက် ရှိနေသည်။


ကျောက်ယန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး လက်ကိုင်တုတ်ကိုအားပြုကာ အပြင်သို့ ထွက်လာခဲ့သည်။ နံနက်ခင်းနေရောင်ခြည်က သူ၏ ပါးပြင်ပေါ်သို့ နွေးထွေးစွာ ကျရောက်နေသည်။ သူတို့နှစ်ဦး ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ဝမ်ရှန့်နှင့် ချန်ထန်းတို့က မမျှော်လင့်ဘဲ ရောက်ရှိလာကြသည်။


ဧည့်သည်များ ရောက်လာသည်ကို သတိပြုမိသည်နှင့် ကျောက်ယန်က အလိုအလျောက် နောက်သို့ ဆုတ်လိုက်ပြီး ပိုမိုသေချာစွာ နားထောင်ရန်အတွက် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။


ယန်ကျင့်ချင်းက အံ့သြတကြီးဖြင့် မျက်မှောင်ကြုတ်ကာ "မင်းက အခုမှ မင်္ဂလာဆောင်ထားတာလေ၊ သတို့သမီးနဲ့ အိမ်မှာ အချိန်ပေးနေရမှာ မဟုတ်ဘူးလား၊ ဒီနေ့ ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။


ဝမ်ရှန့်မှာ အမေးခံလိုက်ရသဖြင့် သူ၏ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်ရင်း "ငါ့မိဘတွေက ပြောတယ်... ငါက အကြမ်းပတမ်းပဲ လုပ်တတ်တာတဲ့၊ တစ်နေ့ကုန် လယ်ထဲမှာ အလုပ်လုပ်နေရုံနဲ့က ပိုက်ဆံအများကြီး မရနိုင်ဘူးလေ၊ အဲ့ဒါကြောင့် မင်းဆီမှာ ပညာရပ်တစ်ခုခုလာသင်ရင် ကောင်းမယ်လို့ သူတို့က တွေးကြတာ၊ အမဲလိုက်တာကို တတ်မြောက်သွားရင် ငါ အိမ်အတွက် ပိုပြီး ကူညီနိုင်မှာကွ"


မိသားစုပိုင်လယ်ယာမြေကို သူ၏မိဘများကပင် စီမံခန့်ခွဲနိုင်သည်မဟုတ်ပါလား။ သူ လယ်ထဲရှိနေခြင်းက ကျွေးရမည့်ပါးစပ်တစ်ပေါက် တိုးလာရုံသာဖြစ်သည်။ လယ်ယာက ပုံမှန်ဝင်ငွေရှိသော်လည်း သူသာ အမဲလိုက်တတ်သွားလျှင် ပိုက်ဆံရှာရန် အခြားလမ်းကြောင်းတစ်ခု တိုးလာပေလိမ့်မည်။


မျှော်လင့်ထားသည့်အတိုင်း သူ၏မိဘများမှာ အတော်ပင် လက်တွေ့ကျကြသည်။ "ပညာဆိုသည်မှာ ဝန်ထုပ်ဝန်ပိုးမဟုတ်" ဟူသော စကားလည်း ရှိသည်မဟုတ်ပါလား။


ဝမ်ရှန့်က အားနာနေဆဲဖြစ်သဖြင့် အမြန်ပင် ထပ်ပြောလိုက်၏။ "မင်း ရေကန်တူးဖို့ စီစဉ်နေတယ်လို့ လက်သမားဆီက ကြားတယ်၊ အဲ့ဒီအချိန်ကျရင် ငါ လာကူညီပါ့မယ်ကွာ"


ဤလူငယ်မှာ ပွင့်လင်းရိုးသားပြီး စေတနာကို မည်သို့ပြသရမည်။ အပြန်အလှန် မည်သို့ကူညီရမည်ကို သိသူဖြစ်သည်။


ယန်ကျင့်ချင်းက သူ၏ရည်ရွယ်ချက်ကို ရိပ်မိသော်လည်း ဝမ်ရှန့်အနားတွင် စကားတစ်ခွန်းမျှ မပြောဘဲ ကပ်လိုက်လာသည့်စာသမားပေသမားလူငယ်လေးကိုကြည့်၍ ပို၍ပင် ရယ်ချင်မိသွားသည်။ သူက ပြုံးလျှက် "ဒါနဲ့ မင်းကကော... ငါမှတ်မိသလောက်ဆိုရင် မင်းမိဘတွေက မင်းကို ဒီလိုနေရာမျိုး လာဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး"


"ကျွန်တော်လား" ချန်ထန်း၏အမူအရာမှာ အေးဆေးလှသည်။ "ကျွန်တော်ကတော့ နေ့တိုင်း စာဖတ်နေတာပဲလေ၊ ကျွန်တော့်ပညာအပေါ်မှာ ကျွန်တော် ယုံကြည်မှုရှိပါတယ်၊ ဒါပေမဲ့ အမဲလိုက်တာက စိတ်ဝင်စားဖို့ ကောင်းပုံရတာနဲ့ စမ်းကြည့်ချင်လို့ လိုက်လာတာပါ"


"ကောင်းပြီလေ" 


ဤသို့ဖြင့် အမဲလိုက်မည့်သူတစ်ဦးတည်းမှ အဖော်သုံးဦး တန်းစီလိုက်ပါသူများ ဖြစ်သွားတော့သည်။


ကြည့်ရသူများအတွက် သူတို့မှာ အမဲလိုက်ရန် ထွက်ခွာလာကြခြင်းဖြစ်သော်လည်း မသိသူများအတွက်မူ မြို့တော်ရှိ ဈေးနေ့သို့ သွားနေကြခြင်းနှင့်ပင် တူနေတော့သည်။


ယန်ကျင့်ချင်းမှာ မူလက ပစ္စည်းအားလုံးကို ကိုယ်တိုင်သယ်ရန် ပြင်ဆင်ထားသော်လည်း ဤနှစ်ယောက်လိုက်ပါလာသဖြင့် သူ၏ဝန်ထုပ်ဝန်ပိုးမှာ သိသိသာသာ ပေါ့ပါးသွားသည်။ သူသည် ကျောက်ယန်ကို ဦးဆောင်လျှက် ရှေ့ဆုံးမှ လမ်းလျှောက်လာခဲ့သည်။ 


တောအုပ်ထဲသို့ မရောက်မီကပင် ပြင်းထန်သောနေရောင်ခြည်က သူတို့အပေါ် ကျရောက်နေသော်လည်း အားလုံးမှာ အမျိုးသားများဖြစ်ကြသဖြင့် မည်သူမျှ ညည်းညူခြင်းမရှိကြပေ။

သို့သော် နေပူထဲတွင် ဤမျှကြာအောင် လမ်းမလျှောက်ဖူးသောချန်ထန်းမှာမူ သူ၏မျက်နှာတွင် အပူရှိန်ကြောင့် စိတ်မသက်မသာ ဖြစ်လာသည်ကို ခံစားနေရသည်။


အဖွဲ့မှာ တောအုပ်ထဲသို့ ရောက်ရှိသွားသောအခါမှသာ အပူရှိန်မှာ စတင်လျော့ပါးသွားတော့သည်။ သစ်ပင်အုပ်များအောက်မှ လေအေးလေးများက စိတ်မသက်မသာဖြစ်မှုများကို တိုက်ထုတ်သွားပြီး ပိုးမွှားသံများနှင့် ငှက်သံများက အစားထိုး နေရာယူလိုက်ကြသည်။


အားလုံးမှာ နီးနီးကပ်ကပ် လမ်းလျှောက်နေကြသည်။ ထက်မြက်သောအနံ့ခံအာရုံရှိသည့်ချန်ထန်းသည် သဲ့သဲ့မျှရှိသောဆေးဖက်ဝင်အပင်နံ့လေးကို ရလိုက်သည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် ထိုအနံ့ဘယ်ကလာသည်ကို လိုက်ရှာကြည့်၏။ 


ထိုအနံ့မှာ ဝမ်ရှန့်ဆီမှ လာခြင်းမဟုတ်ဘဲ ရှေ့သို့ တိုးကြည့်လိုက်သောအခါမှ ကျောက်ယန်ထံမှ လာနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအနံ့မှာ ဆေးဖက်ဝင်အပင်များမှ လာခြင်းဖြစ်နိုင်သော်လည်း ချန်ထန်က မမေးဘဲ မနေနိုင်တော့ပေ။ "ငါ ဆေးသောက်ဖူးသမျှ အကုန်လုံးက ခါးနေတာချည်းပဲ၊ ကျောက်ယန်ဆီက ဆေးနံ့က ဘာလို့ ဒီလောက်မွှေးနေရတာလဲ"


ကျောက်ယန်မှာ တစ်စုံတစ်ယောက်အနားသို့ အလွန်ကပ်လာသည်ကို အာရုံခံမိသဖြင့် အလိုအလျောက် ယန်ကျင့်ချင်းအနားသို့ ပို၍ တိုးကပ်သွားသည်။


ယန်ကျင့်ချင်းက ချန်ထန်း၏ခေါင်းကို အသာအယာ ခေါက်လိုက်ရင်း "ဒါက ဆေးနံ့ပါပဲ၊ မင်းက ဘာလို့ သူ့ကို အဲ့ဒီလို လိုက်နမ်းနေရတာလဲ" ဟု ပြောလိုက်၏။


ကျောက်ယန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဒါ အစ်ကိုကျင့်ချင်း လုပ်ပေးထားတာပါ၊ ပိုးမွှားတွေ မကပ်အောင်လို့"


သူတို့အဖွဲ့မှာ ယန်ကျင့်ချင်း ပုံမှန်အမဲလိုက်လေ့ရှိသည့်နေရာသို့ ရောက်သောအခါ ပြန်လည် တိတ်ဆိတ်သွားကြသည်။ 


ယန်ကျင့်ချင်းသည် ထိုင်ချလိုက်ပြီး ပိုက်ကွန်များနှင့် ဝါးခြမ်းပြားများကိုထုတ်ကာ ထောင်ချောက်များကို စတင်တပ်ဆင်တော့သည်။ ပစ္စည်းကိရိယာအကန့်အသတ် ရှိသဖြင့် လူသစ်နှစ်ဦးမှာ ယန်ကျင့်ချင်း၏လှုပ်ရှားမှုများကို အစမ်းသဘောဖြင့် တုပလုပ်ဆောင်နေကြသည်။


ယန်ကျင့်ချင်း၏ထောင်ချောက်မှာ ကျွမ်းကျင်စွာ ပြုလုပ်ထားခြင်းဖြစ်သော်လည်း ကျန်နှစ်ဦး ပြုလုပ်ထားသည်မှာ သိသိသာသာပင် အားမရစရာဖြစ်နေသည်။


သူတို့ကို ထပ်ခါတလဲလဲ အစမ်းလေ့ကျင့်ခိုင်းရန် အချိန်မရှိပေ။ သားရဲတိရစ္ဆာန်များမှာ 'နုံအ' မဟုတ်သဖြင့် ခိုင်ခန့်မှုမရှိသောထောင်ချောက်မှ တစ်ခါလွတ်မြောက်သွားပါက နောက်နောင်တွင် သတိထားသွားကြပေလိမ့်မည်။ ထို့ကြောင့် ယန်ကျင့်ချင်းမှာ သူတို့၏ထောင်ချောက်များကိုယူ၍ ပြန်လည် ပြုပြင်ခိုင်ခံ့အောင် လုပ်ပေးပြီးမှသာ နေရာချပေးလိုက်ရတော့သည်။


လူအများကြီးဖြစ်သဖြင့် အားလုံးတစ်နေရာတည်းတွင် နေရန်မှာ မဖြစ်နိုင်ပေ။


ယန်ကျင့်ချင်းက သူတို့ကို လူခွဲရန် စီစဉ်လိုက်သည်။ သူသည် ဝမ်ရှန့်ကို ထောင်ချောက်များကို စောင့်ကြည့်ရန် တာဝန်ပေးလိုက်၏။ "ဒီမှာပဲ နေနော်၊ တစ်ခုခုမိပြီဆိုရင် ဒီတိုင်ကို တောင်ထိပ်ကနေ မြင်ရတဲ့နေရာမှာ စိုက်ထားလိုက်၊ မင်း တစ်ခုခု အခက်အခဲရှိရင်လဲ အဲ့ဒီလိုပဲ လုပ်"


သူသည် တိုင်တစ်တိုင်ကိုထုတ်ယူကာ အထူးဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသော ဆေးနှစ်များကို သုတ်လိုက်ရာ၊ သစ်သားမှာ သိသိသာသာ အရောင်ပြောင်းသွားသည်။ 


အချက်ပြမီးရှူးမီးပန်းများမှာ သားရဲကြီးများကို ဆွဲဆောင်နိုင်ပြီး ဒုက္ခပေးနိုင်သဖြင့် တောင်နက်ထဲတွင် ဤနည်းလမ်းက ပို၍ဘေးကင်းပါသည်။


မှာကြားစရာများကိုမှာကြားပြီးနောက် ယန်ကျင့်ချင်းသည် ကျောက်ယန်နှင့် ချန်ထန်းတို့ကို ခေါ်ဆောင်လျှက် တောင်ထိပ်ရှိရာသို့ ဦးတည်ခဲ့သည်။


သားကောင်ကြီးကြီးမားမားနှင့် ကြုံတွေ့ရနိုင်သည်ဟု စိတ်လှုပ်ရှားနေသောချန်ထန်းက မေးလိုက်၏။ "ငါတို့ အပေါ်မှာ ဘာသွားလုပ်ကြမှာလဲ"


"ဆေးဖက်ဝင်အပင်တွေ သွားရှာမလို့လေ၊ ဪ... ဒါနဲ့ မှိုတွေကိုတော့ လက်နဲ့မထိနဲ့၊ တချို့မှိုတွေက ထိရုံနဲ့တင် အသက်အန္တရာယ် ရှိနိုင်တယ်၊ မသေချာရင် ဒီအတိုင်းပဲ ထားခဲ့လိုက်" ယန်ကျင့်ချင်းက သူ ရင်းနှီးနေသော အပင်တစ်ပင်ကို အသာအယာ ဆွတ်ယူကာ ချန်ထန်းကို ပြသလိုက်သည်။ အဘယ့်ကြောငိ့ဆိုသော် ချန်ထန်း မမှတ်မိမည်ကို သူ စိုးရိမ်မိသောကြောင့်ဖြစ်သည်။ "ဒါကို ယူထားပြီး သေချာ နှိုင်းယှဉ်ကြည့်၊ အခု မြင်ရတဲ့ပုံစံနဲ့ တူတယ်ဆိုရင်တော့ ခူးလို့ရတယ်"


ချန်ထန်းမှာ ချက်ချင်းပင် ပျင်းရိသွားတော့သည်။


သူက ပြီးစလွယ်ပြန်တုံ့ပြန်လိုက်ပြီးမှ လှည့်ကြည့်လိုက်ရာ ကျောက်ယန်မှာ ခပ်တိုးတိုး ပြုံးနေသည်ကို သတိပြုမိသွားသည်။ သူ ခဏမျှ ကြောင်အသွားရ၏။


တောအုပ်အတွင်း လေတိုက်နေသဖြင့် ကျောက်ယန်၏အဝတ်အစားများမှာ တလှပ်လှပ် လွင့်နေသည်။ ထိုအချိန်တွင် ကျောက်ယန်၏နူးညံ့သောအပြုံးမှာ ချန်ထန်၏ရင်ကို တစ်မျိုးတစ်ဖုံ လှုပ်ခတ်သွားစေသည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း ကျောက်ယန်မှာ ချောမောသောအမျိုးသားတစ်ဦးဖြစ်သော်လည်း သူ့တွင် ရှင်းပြ၍မရသောဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။


ထို့ကြောင့် သူ၏ကာကွယ်လိုစိတ်များမှာ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ ယန်ကျင့်ချင်း အလုပ်ရှုပ်နေမည်ကို စိုးရိမ်သဖြင့် သူက ကမ်းလှမ်းလိုက်၏။ "အစ်ကိုကျင့်ချင်း... အစ်ကို့အလုပ်ကို အစ်ကိုပဲ ဆက်လုပ်ပါ၊ ကျွန်တော် ဒီပစ္စည်းတွေကို ကူရှာပေးမယ်၊ မင်း... မင်းကတော့ ဒီမှာပဲ ခဏထိုင်နေပေါ့၊ ဒီနားမှာ ဘာအန္တရာယ်မှ မရှိပါဘူး"


သူသည် ကျောက်ယန် ဘေးကင်းစွာ ထိုင်နိုင်ရန် သက်သောင့်သက်သာရှိသောနေရာတစ်ခုကို ရှာပေးလိုက်သည်။


ယန်ကျင့်ချင်းက စဉ်းစားကြည့်ပြီး သဘောတူလိုက်၏။ သူသည် ကျောက်ယန်ကို ရေဘူးတစ်ဘူး ကမ်းပေးလိုက်ပြီး ထွက်သွားရန် ပြင်စဉ်မှာပင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ကျောက်ယန်၏ဆံပင်စည်းကြိုးလေးမှာ ပြေလျော့သွားပြီး သူ၏ ရှည်လျားနက်မှောင်သောဆံနွယ်များမှာ ဖရိုဖရဲ လွင့်ကျလာတော့သည်။


ယန်ကျင့်ချင်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ကျောက်ယန်ကိုလှည့်စေကာ သူ၏ဆံပင်များကို ကျွမ်းကျင်စွာ ပြန်လည်စည်းနှောင်ပေးလိုက်သည်။ ကျောက်ယန်မှာ ယန်ကျင့်ချင်း၏သန်မာသော်လည်း နူးညံ့သောလက်လှုပ်ရှားမှုများကို ခံစားနေရသည်။ သို့သော် ယန်ကျင့်ချင်းမှာ ယခုတစ်ခါတွင် အနည်းငယ်လျော့ရဲစွာ စည်းပေးမိပုံရသည်။ အဘယ့်ကြောင့်ဆိုသော် ခဏအကြာတွင် အဖြူရောင်ပိုးကြိုးလေးမှာ ဆံပင်ပေါ်မှ ကျွတ်ထွက်ကာ မြေပေါ်သို့ လွင့်ကျသွားလေသည်။


ကျောက်ယန်က ထိုကြိုးလေးကို ပြန်ယူရန် မြေပြင်ပေါ်တွင် စမ်းတဝါးဝါး ရှာဖွေနေသည်။ သူ၏လက်ကလေး ထိုကြိုးနှင့် ထိတွေ့မိချိန်မှာပင် ချန်ထန်းက ထိုကြိုးလေးကို အရင် ကောက်ယူလိုက်လေပြီ။


ချန်ထန်းသည် ဆံပင်စည်းကြိုးလေးကို ယန်ကျင့်ချင်းထံသို့ ပြန်ပေးလိုက်သည်။ သူသည် ခေတ္တမျှ တွန့်ဆုတ်နေပြီး ပိုးစစည်းထားသည့်အောက်မှ ကျောက်ယန်၏မျက်လုံးများမှာ မည်သို့ရှိမည်နည်းဟု သိလိုစိတ်ဖြင့် လှမ်းကြည့်မိသော်လည်း ရိုင်းရာကျမည်စိုးသဖြင့် အကြည့်ကို ချက်ချင်းပင် လွှဲလိုက်ရသည်။ 


ယန်ကျင့်ချင်းမှာမူ စကားတစ်ခွန်းမျှမဆိုဘဲ တည်ငြိမ်သောအမူအရာဖြင့် ကျောက်ယန်၏ ဆံပင်များကို တစ်ဖန်ပြန်၍ သေသေချာချာ ပြင်စည်းပေးနေသည်။


ယန်ကျင့်ချင်းက ခပ်တိုးတိုးရယ်မောရင်း "မင်းဘာသာမင်း စည်းရတာ အဆင်မပြေဘူးမလား၊ ဒါဆိုရင် နောက်ဆို ငါပဲ စည်းပေးတော့မယ်လေ၊ ဘယ်လိုလဲ" ဟု ပြောလိုက်သည်။


ကျောက်ယန်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံရပြီး "ကျွန်တော်လဲ မသိပါဘူး၊ ဒီမနက် လက်ထဲမှာ သိပ်အားမရှိသလို ဖြစ်နေလို့ ထင်ပါရဲ့" ဟု ပြန်ဖြေသည်။


ဤစကားမှာ နားထောင်ရသည်မှာ ပို၍ပင် ထူးဆန်းနေတော့သည်။ ယန်ကျင့်ချင်း၏နားထဲတွင်မူ ထိုစကားမှာ အဘယ်ကြောင့်မှန်းမသိဘဲ နူးညံ့လွန်းနေပြီး ကလေးတစ်ယောက်လို ချွဲနွဲ့အလိုလိုက်ခံချင်နေသည့်အားနည်းချက်ကို ဝန်ခံနေသကဲ့သို့ ခံစားလိုက်ရသည်။ 


သူသည် ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး သူ၏ပစ္စည်းကိရိယာများကို ကောက်ယူကာ အနီးနားရှိ ပေါင်းပင်များကို စတင်ရှင်းလင်းတော့သည်။ တောင်ပေါ်တွင် ခန့်မှန်းရခက်သောအန္တရာယ်များ ပြည့်နှက်နေသဖြင့် ယန်ကျင့်ချင်းအနေဖြင့် ဘာမှမဖြစ်နိုင်ပါဟု အပြည့်အဝယုံကြည်မှုမရှိပေ။


အားလုံးမှာ မိမိတို့အလုပ်နှင့်မိမိတို့ အလုပ်ရှုပ်နေကြသော်လည်း ယန်ကျင့်ချင်းကမူ အောက်ဘက်ရှိ အဖွဲ့ရှိရာဘက်သို့ ခဏခဏ လှမ်းကြည့်နေသည်။ ထူးခြားမှုမရှိသည်ကိုမြင်ရသောအခါမှသာ သူသည် တဖြည်းဖြည်း အဝေးသို့ လျှောက်သွားလိုက်သည်။ 


ရှေ့မနီးမဝေးတွင် လျှိုမြောင်ကမ်းပါးတစ်ခုရှိနေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် နေရာက ပို၍ အန္တရာယ်များလေလေ၊ ထိုနေရာတွင် ပေါက်ရောက်သောပန်းများနှင့် ဆေးဖက်ဝင်အပင်များမှာ ပို၍ထူးခြားလှပလေလေ ဖြစ်သည်။


ချန်ထန်း ဒုက္ခတစ်ခုခုတွေ့မည်ကို စိုးရိမ်သဖြင့် ယန်ကျင့်ချင်းကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။


သူက ပေါ့ပေါ့ပါးပါးပင် မှာကြားလိုက်၏။ "ဒီနားမှာပဲ နေပြီး စောင့်ကြည့်နေကြ၊ ငါ ကမ်းပါးနားကို ခဏသွားကြည့်ဦးမယ်၊ ဘာမှ ဒုက္ခမရောက်အောင် သတိထားကြဦး"


"ကောင်းပါပြီ" ဟု ချန်ထန်းက ပြန်တုံ့ပြန်လိုက်ပြီး သူ စုဆောင်းထားသမျှသောအမျိုးအမည်မသိသည့်အပင်များနှင့် ထူးဆန်းသောပစ္စည်းအားလုံးကို သူ၏ခြင်းတောင်းထဲသို့ သွန်ထည့်လိုက်သည်။ ထို့နောက် သူသည် အလွန်တက်ကြွသောစိတ်ဖြင့် ကျောက်ယန်ကို ပေါင်းပင်များ ကူညီရှင်းလင်းပေးတော့သည်။


ချန်ထန်း မည်သို့သောစိတ်ခံစားချက်ဖြစ်နေသည်ကို ယန်ကျင့်ချင်း မသိသော်လည်း သူသည် ခေါင်းယမ်းလိုက်ကာ ကမ်းပါးရှိရာသို့ စတင်တက်လှမ်းခဲ့သည်။ ထိုနေရာကို အကဲခတ်ကြည့်လိုက်ရာ အပင်များမှာ အစုလိုက်အပြုံလိုက် စနစ်တကျ ပေါက်ရောက်နေသည်ကို သတိပြုမိလိုက်သည်။ မျက်လုံးကို မှိတ်လိုက်သည့်အခါ ကမ်းပါးနက်ကြီးထဲမှ တိုက်ခတ်လာသော လေညင်းကိုပင် ခံစားနေရသည်။


အသံအရဆိုလျှင် ကမ်းပါးအောက်ခြေတွင် စမ်းချောင်းတစ်ခုရှိနေပုံရသည်။ မြစ်ကြီးတစ်စင်းခန့်မဟုတ်လောက်ဘဲ ရေလမ်းကြောင်းအငယ်လေးတစ်ခုသာ ဖြစ်နိုင်၏။


ယန်ကျင့်ချင်းသည် အနည်းငယ် ဘေးကင်းမည့်အစွန်းနားသို့ ဂရုတစိုက် ချဉ်းကပ်ကြည့်လိုက်သည်။ သူသည် ထိုနေရာကို အကဲခတ်နေစဉ်မှာပင် အရာတစ်ခုက သူ၏အကြည့်ကို ရုတ်တရက် ဆွဲဆောင်လိုက်သည်။ ကမ်းပါး၏ အလယ်လောက်တွင် ထူးဆန်းသောအပင်တစ်ပင် ပေါက်နေသည်။ ထိုအပင်မှာ ပန်းတစ်ပွင့်နှင့်တူသော်လည်း လုံးဝထပ်တူညီနေခြင်းမဟုတ်ဘဲ ပွင့်ချပ်များမှာ အဝါရောင်ဖျော့ဖျော့ သန်းနေသည်။ 


ယန်ကျင့်ချင်းမှာ ခဏမျှ ကြောင်အသွားရပြီး စိတ်ထဲတွင် ပုံရိပ်တစ်ခု ဝင်းခနဲ ပေါ်လာသည်။ 


'ဒီအပင်က...အရင်က သမားတော် ပြောပြဖူးတဲ့ "ဟွမ်ယွဲ့လင်း"ဆိုတဲ့ဆေးဖက်ဝင်အပင် မဟုတ်လား'


ထိုဆေးပင်မှာ အလွန်ပင် တန်ဖိုးကြီးလှသည်။


ဤကဲ့သို့ ဘေးအန္တရာယ်များသောနေရာမျိုးတွင် ပေါက်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသောရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။


အိမ်ထောင်စု၏ထောင့်တိုင်းတွင် ငွေကြေးလိုအပ်ချက်များရှိနေသဖြင့် ဤကဲ့သို့သော ဖြတ်လမ်းတစ်ခုကို ရှာတွေ့ခြင်းက ရေရှည်တွင် သူတို့အတွက် ငွေအမြောက်အမြား သက်သာစေမည်ဖြစ်သည်။


သူ၏ဖခင်က သူ့ကို တောင်ပေါ်သို့ခေါ်ကာ ဆေးပင်များ ရှာဖွေပုံကို သင်ကြားပေးခဲ့ဖူးသည်ကို သူ သတိရသွားသည်။ ထိုစဉ်က ဤကဲ့သို့သောအခြေအနေမျိုးအတွက် တောင်တက်ကြိုးတစ်ချောင်း သူတို့တွင် ရှိခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်ရာ အသုံးမပြုဘဲ ပစ်ထားခဲ့သောထိုကြိုးမှာ ယုံကြည်စိတ်ချရတော့မည်မဟုတ်ပေ။ 


ယန်ကျင့်ချင်းအနေဖြင့် ကြိုးအသစ်တစ်ချောင်း မည်သို့ပြုလုပ်ရမည်ကို စဉ်းစားရပေဦးမည်။


လောလောဆယ်တွင်မူ ဤရှာဖွေတွေ့ရှိမှုကို သူနှင့်အတူ ပါလာသောလူငယ်နှစ်ဦးကို လျှို့ဝှက်ထားရန် လိုအပ်သည်။


ပထမအချက်မှာ သူ၏မိသားစုတွင် ကျောက်ယန်မှလွဲ၍ အခြားသူမရှိပေ။ သူနှင့် မတူသည်မှာ ထိုနှစ်ဦးတွင် မိဘများ ရှိနေကြသေးသည်။ အကယ်၍ ငွေမက်သောကြောင့် သူ၏နောက်သို့ လိုက်လာရင်း တစ်ခုခု ဒုက္ခရောက်သွားခဲ့ပါက နောက်ဆုံးတွင် သူသာ အပြစ်တင်ခံရမည်မှာ မလွဲဧကန်ပင်။


ယန်ကျင့်ချင်းသည် လက်တွေ့ကျသောလူတစ်ဦး ဖြစ်သည်။ အတ္တကြီးသည်ဟု အမြင်ခံရပါစေကာမူ မလိုအပ်သောပတ်သက်မှုများကြားတွင် သူ မပတ်သက်ချင်ပေ။


ဤလျှို့ဝှက်ချက်ကိုသိရှိပြီးနောက် ယန်ကျင့်ချင်းသည် တည်ငြိမ်စွာပင် အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ချန်ထန်းသည် ကျောက်ယန်နှင့်အတူ ထိုင်နေဆဲဖြစ်သည်ကိုမြင်ရသဖြင့် သူ စိတ်အေးသွားရသည်။ သူ လျှောက်သွားစဉ် ချန်ထန်း၏ခြင်းတောင်းထဲသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ အနည်းငယ် တွန့်သွားရသည်။


အပျော်သဘောဖြင့် လိုက်လာသူပီပီ ချန်ထန်းသည် ဘာကိုမှ သေသေချာချာ ရွေးချယ်ထားခြင်းမရှိပေ။


အချို့အရာများမှာ အသုံးဝင်သော်လည်း ကျန်ရှိသောအရာများမှာ သူတို့လိုအပ်သည်နှင့် ဘာမှမဆိုင်သောအလေ့ကျပေါက် ပေါင်းပင်များသာ ဖြစ်နေသည်။


ယန်ကျင့်ချင်းက သူ့ကို အပြစ်တင်ငြင်းခုံခြင်း မပြုတော့ပေ။ သူ၏ကိရိယာများကိုယူ၍ ဝမ်ရှန့်နှင့် ပြန်ဆုံရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် တစ်ခုခုကို သူ သတိပြုမိလိုက်သည်။ အဝေးမှ ချုံပုတ်များကြားတွင် လှုပ်ရှားမှုတစ်ခုရှိနေသည်။ 


သူ၏ထက်မြက်သောအကြည့်က ထိုလှုပ်နေသည်မှာ မည်သည့်အရာဖြစ်သည်ကို ချက်ချင်း ခွဲခြားသိလိုက်ရသည်။ ထိုအရာမှာ လှပသောအမွေးအမှင်များရှိသည့်တောကြက် တစ်ကောင်ပင်ဖြစ်သည်။


ချက်ချင်းပင် သူ၏အသံမှာ တိုးညှင်းသွားပြီး "မင်းကို ယူလာခိုင်းတဲ့လေးကို ယူလာရဲ့လား" ဟု မေးလိုက်သည်။


ကျောက်ယန်မှာ ခဏမျှ လန့်သွားသော်လည်း ထို့နောက်တွင် စိတ်လှုပ်ရှားစွာဖြင့် "အစ်ကို သူ့ကို ပစ်တော့မလို့လား" ဟု တိုးတိုးလေး မေးလိုက်သည်။


"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်..." ချန်ထန်းက မြေပြင်ပေါ်ရှိ ပစ္စည်းများကြားတွင် အလျင်အမြန် မွှေနှောက်ရှာဖွေပြီး ယန်ကျင့်ချင်းထံသို့ လေးကို ကမ်းပေးလိုက်သည်။ သူသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းရဲပေ။


-----