Chapter - 11
Viewers 48

အခန်း - (၁၁)


သူတို့ အိမ်ရောက်သောအခါ ကျောက်ယန်တစ်ယောက်တည်း ထိုင်ပြီး ဆေးရည်သောက်နေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြသည်။


လီရွှမ်းလင်သည် လက်ထဲတွင် ဆေးဝါးများနှင့် ဆေးကုသရေးကိရိယာများ ထည့်ထားသည့် အနေတော် စတုရန်းပုံသဏ္ဍာန်သေတ္တာလေးတစ်လုံးကို ကိုင်ဆောင်ထားသည်။ သူမသည် အမြဲတမ်း ဆေးအိတ်အသင့်ပြင်ထားတတ်သူပီပီ ကျောက်ယန်၏ဘေးတွင် အသာအယာ ထိုင်လိုက်ပြီး ကိရိယာများကို စတင်ထုတ်ယူတော့သည်။


ကံကောင်းသည်မှာ ကျောက်ယန်က သူမကို မှတ်မိနေပြီး “မိန်းကလေးလီ...” ဟု တိုးတိုးလေး နှုတ်ဆက်လိုက်သည်။


သူ၏အသံမှာ အက်ကွဲနေဆဲပင်။ လီရွှမ်းလင်က "အင်း..." ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်ပြီး “မင်း အားနည်းနေတယ်၊ အသံလဲ ဝင်နေတော့ ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပဲ” ဟု ချက်ချင်းပင် ညွှန်ကြားလိုက်သည်။


ကျောက်ယန်က လိမ္မာပါးနပ်စွာဖြင့် ငြိမ်သက်စွာ ထိုင်နေပြီး လီရွှမ်းလင်က သူ့ကို စစ်ဆေးပေးသည်။ 


ယန်ကျင့်ချင်းသည် သူမက သေတ္တာထဲမှ ပစ္စည်းအမျိုးမျိုး ထုတ်ယူနေသည်ကိုကြည့်နေပြီးနောက် ခဏမျှ ငုံ့ကြည့်ကာ ရေနွေးပြန်တည်ရန် ထွက်သွားတော့သည်။ မကြာခင် ဆေးဖျော်ရန် လိုအပ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။


ယန်ကျင့်ချင်း ထွက်သွားသည်နှင့် လီရွှမ်းလင်၏စိတ်အာရုံမှာ ခဏတာမျှ လွင့်ပျံ့သွားသည်။


သူမ စိတ်ပြန်စုစည်းလိုက်ပြီးနောက် ကျောက်ယန်၏လက်မောင်းပေါ်သို့ ကိရိယာများ တင်လိုက်သည်။ ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် သူ၏သွေးခုန်နှုန်းမှာ အလွန်တရာ အားနည်းနေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူ၏ကိုယ်အပူချိန်ကို စစ်ဆေးပြီး အသက်ရှူသံကို နားထောင်ကြည့်ရာ နှစ်ခုလုံးမှာ ထူးဆန်းစွာ အေးစိမ့်နေသည်ကို တွေ့ရသည်။ ထိုအခြေအနေမှာ အအေးမိခြင်းကြောင့် ဖြစ်ပေါ်သောဝေဒနာ၏ထင်ရှားသောလက္ခဏာပင်။ 


သူမလည်း ခဏတာမျှ စဉ်းစားပြီးနောက် “ငါ မင်းရဲ့မျက်လုံးမှာ စည်းထားတဲ့ပိုးသားဖြူ ပတ်တီးကို ခဏ ဖြည်လိုက်မယ်၊ မင်းရဲ့ မျက်လုံးတွေကို စစ်ဆေးချင်လို့ပါ” ဟု ပြောလိုက်သည်။


သူ့ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်များ ကျန်ရှိနေသေး၍လား။ အကယ်၍ ရှိနေလျှင် သူ၏မျက်လုံးအတွင်းပိုင်းတွင်လည်း အဆိပ်သင့်သည့်လက္ခဏာများ ပြသနေမည်ဖြစ်ပြီး သေချာပေါက် ကွဲပြားနေပေလိမ့်မည်။ 


ကျောက်ယန်၏ခွင့်ပြုချက်ဖြင့် လီရွှမ်းလင်သည် သူ၏မျက်နှာပေါ်ရှိ ပိုးသားဖြူကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး “ကျေးဇူးပြုပြီး မလှုပ်နဲ့ဦးနော်” ဟု တိုးတိုးလေး ပြောလိုက်သည်။


ထို့နောက် သူမ၏သွယ်လျသောလက်ချောင်းလေးများဖြင့် ကျောက်ယန်၏မျက်လုံးတစ်ဖက်ကို အသာအယာ 'မ'ကြည့်လိုက်သည်။ အတွင်းပိုင်း၌မူ ယခင်က ခံစားခဲ့ရသောဝေဒနာများနှင့် မတူဘဲ ကြည်လင်သန့်စင်နေသည်ကို တွေ့ရသည်။ သို့သော် သူ၏အမြင်အာရုံပေါ်တွင် ပင့်ကူမျှင်ကဲ့သို့သောဝေဝါးမှုတစ်ခု ဖုံးလွှမ်းနေပုံရသည်။ မျက်လုံးနှစ်ဖက်လုံးမှာ အကောင်းပကတိ ရှိနေသည်။ သူမ ထိုအရာကို အံ့သြစွာ ကြည့်နေစဉ် သူမ၏အကြည့်က ကျောက်ယန်၏လည်ပင်းပေါ်ရှိ မှေးမှိန်ပြီး ရှာဖွေရခက်သောအမှတ်အသားတစ်ခုကို ဖမ်းယူမိသွားသည်။


ထိုခပ်ဖျော့ဖျော့ အမှတ်အသားလေးက သူမ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

ကျောက်ယန်သည် ခန္ဓာကိုယ်အားနည်းပြီး ပိန်လှီနေသော်လည်း သူသည် သေချာပေါက် အရပ်ရှည်ပြီး ယောက်ျားပီသသောလူငယ်တစ်ဦးဖြစ်သည်။ မည်သည့်လူစိမ်းမဆို သူ့ကို သံသယဝင်စရာ အကြောင်းမရှိပေ။ 


ကျေးလက်ရွာများတွင် “ရွှမ်းအာ”ဟု လူသိများသူများသည် အရပ် ၇ ပေထက် ကျော်ခဲလှ၏။ သူတို့သည် သာမန်အမျိုးသမီးများထက် အနည်းငယ်သာ အရပ်ပိုရှည်ကာ ရုပ်ရည်မှာလည်း ကွဲပြားကြသည်။ ဖြူဖျော့သောအသားအရေနှင့် သိသိသာသာ ထွက်မနေသောလည်စိတို့ ရှိတတ်ကြသည်။


သို့သော် ကျောက်ယန်မှာမူ... သူ ကိုယ်အလေးချိန် အနည်းငယ် ကျသွားသော်လည်း သူ၏ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်မှာ ရွှမ်းအာတို့တွင် ရှိတတ်သောနုနယ်ဖျော့တော့သည့် ‘မိန်းမဆန်သော’လက္ခဏာများ မရှိပေ။


သို့သော် သူသည် ရွှမ်းအာတစ်ယောက် ဖြစ်နေသည်မှာ အမှန်ပင်။ ထို့ကြောင့် ယခု သူဖျားနာနေခြင်းမှာ အဓိပ္ပာယ်ရှိသွားတော့သည်။

နုနယ်သောသူများတွင် ခန္ဓာကိုယ် အပြောင်းအလဲများက ဖျားနာမှုကို ဖြစ်စေတတ်သည့်အရွယ်သို့ သူ ရောက်ရှိနေပုံရသည်။ ဤဖျားနာမှုပြီးဆုံးသွားပါက ထိုအခြေအနေကို ရွှမ်းအာတစ်ဦး အရွယ်ရောက်လာပြီး ကျန်းမာရေးကောင်းမွန်လာခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ 


လီရွှမ်းလင်သည် တုန်ရီနေသောလက်များဖြင့် ကျောက်ယန်၏မျက်နှာပေါ်ရှိ ပိုးသားဖြူကို ပြန်လည်စည်းပေးလိုက်ပြီး “မစိုးရိမ်ပါနဲ့၊ ရက်အနည်းငယ် ဆေးသောက်လိုက်ရင် မင်း ပြန်ကောင်းလာမှာပါ” ဟု စိတ်အေးအောင် ပြောလိုက်သည်။


သူမ အခန်းထဲမှ ထွက်လာသောအခါ လီရွှမ်းလင်သည် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ခံစားနေရသည်။ 


သို့သော် သူမ သေသေချာချာ မတွေးတောနိုင်ခင်မှာပင် ယန်ကျင့်ချင်းက သူမ၏အနောက်မှ ရောက်လာပြီး “သူ ဘယ်လိုနေလဲ” ဟု တိုက်ရိုက်မေးလိုက်သည်။


ယန်ကျင့်ချင်း၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသောအမူအရာကိုမြင်လိုက်ရသောအခါ လီရွှမ်းလင်၏စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ဝင်လာသည်။


'အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ရွှမ်းအာတစ်ယောက်အပေါ်ကို ဒီလောက်အထိ အတိုင်းအထက်အလွန် စိုးရိမ်ပြနေတာ... ဒါက တကယ်ပဲ ရိုးရိုးသားသား ညီအစ်ကိုလို စိတ်မျိုးလား... ပြီးတော့ အတူတူနေလာတာ ဒီလောက်ကြာပြီပဲ၊ အစ်ကိုယန်အနေနဲ့ ကျောက်ယန်က ရွှမ်းအာတစ်ယောက်ဆိုတာကိုကော သိရဲ့လား၊ သူ အခုထိ မသိသေးတာလဲ ဖြစ်နိုင်ပါတယ်လေ၊


ဒါမှမဟုတ်ရင် ဒီလောက် ရိုးရှင်းတဲ့ဖြစ်စဉ်တစ်ခုကို ဘာလို့ နားမလည်နိုင်ရမှာလဲ'


လီရွှမ်းလင်သည် စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဆဲမှာပင် “ဘာမှ မစိုးရိမ်ရပါဘူး၊ ဆေးသောက်ပြီး နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှား လုပ်ပေးရင် သူပြန်ကောင်းလာမှာပါ၊ အစ်ကိုယန် အရမ်းစိတ်မပူပါနဲ့၊ နောက်မှ တစ်ခုခုဖြစ်ရင် ကျွန်မကို လာခေါ်လိုက်ပါ၊ ကျွန်မ ပြန်လိုက်ဦးမယ်” ဟု ပြီးစလွယ် ပြန်ဖြေလိုက်သည်။


ယန်ကျင့်ချင်းက သက်ပြင်းတစ်ချက်ချကာ စိတ်အေးသွားပြီး ယဉ်ကျေးသောစကားအချို့ ပြောကြားပြီးနောက် သူမကို ဘေးကင်းရာအထိ လိုက်ပို့ကာ ပြန်လာခဲ့သည်။


တစ်ဖက်တွင်လည်း လီရွှမ်းလင်သည် အိမ်သို့ အပြေးပြန်လာသည်။ အဒေါ်ကြီး ထိုင်နေသည်ကိုမြင်သည်နှင့် သူမက ချက်ချင်းပင် “ကျောက်ယန်က ရွှမ်းအာတစ်ယောက်ပဲ၊ ဒါကြောင့်လဲ အစ်ကိုယန်က အရင်ကတည်းက လက်ထပ်ဖို့ ကမ်းလှမ်းတာတွေကို ဂရုမစိုက်ခဲ့တာကိုး” ဟု ပြောလိုက်သည်။


“ဘာရယ်၊ ရွှမ်းအာဟုတ်လား” အဒေါ်လီသည်လည်း ထိုသတင်းကြောင့် အံ့သြသွားပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။


ထို့နောက် သူမက ခေါင်းခါရင်း “နင်က ဘယ်လိုလုပ်ပြီး သိတာလဲ” ဟု မေးသည်။


“သူ့လည်ပင်းက အမှတ်အသားကို ကျွန်မ တွေ့ခဲ့တာ၊ ကျွန်မလဲ စစချင်း အရမ်းအံ့သြသွားတာ၊ ကျောက်ယန်ရဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်က ရွှမ်းအာတစ်ယောက်နဲ့ လုံးဝမတူဘူးလေ၊ ဒါပေမဲ့ အဲ့ဒီအမှတ်အသားကတော့ ငြင်းလို့မရတဲ့အချက်ပဲ” လီရွှမ်းလင် သက်ပြင်းချလိုက်သည်။ “အဖေကလဲ ရွာကို ပြန်လာဖို့ ပြင်နေပြီ၊ အကယ်၍ ကျွန်မမှာ သင့်တော်တဲ့အိမ်ထောင်ဖက်မရှိရင် အဖေကပဲ သူ့ဘာသာသူ ရှာပေးတော့မှာ”


အလားအလာကောင်းသောအောင်သွယ်ကိစ္စ ပျက်တော့မည်ကိုမြင်လိုက်ရသဖြင့် အဒေါ်လီ၏မျက်လုံးများက အခန်းထဲသို့ ဝေ့ကြည့်လိုက်သည်။ တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ သူမက ထိုင်ခုံတွင် ပြန်ထိုင်ကာ ဟင်းသီးဟင်းရွက်များကိုရွေးရင်း ပြောလိုက်သည်။ “အေးလေ... ဒါက ရိုးရှင်းပါတယ်၊ နင့်အစ်ကိုယန်က စိတ်ထားကောင်းတဲ့သူပဲ၊ ကျောက်ယန်အပေါ် သူဂရုစိုက်တာကို ဘယ်သူမဆို နားလည်နိုင်ပါတယ်၊ အကယ်၍ သူက ကျောက်ယန်ရဲ့အစ်ကိုကြီးတစ်ယောက်လို တကယ်ပဲ နေချင်တယ်ဆိုရင် ကျောက်ယန်ရဲ့ အနာဂတ်ကို ဘာလို့ ထည့်မစဉ်းစားဘဲ နေမလဲ၊ ပြီးတော့ ရွှမ်းအာတစ်ယောက်ကလဲ မိသားစုကောင်းကောင်းနဲ့ လက်ထပ်ဖို့ လိုအပ်တာပဲမဟုတ်လား”


သူမသာ ယန်ကျင့်ချင်းနှင့် လက်ထပ်လျှင် ကျောက်ယန်က မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး သို့မဟုတ် အနှောင့်အယှက်ဖြစ်လာမည်ကို စိုးရိမ်နေသည်ဆိုပါက အဘယ်ကြောင့် ပြောင်းပြန်မစဉ်းစားရသနည်း။ 


"ကျောက်ယန်ကို အရင်ဆုံး အိမ်ထောင်ချပေးလိုက်ရင်ကော.... အကယ်၍ ကျောက်ယန်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက်ရှာပေးနိုင်ရင် ယန်ကျင့်ချင်းလဲ သေချာပေါက် ဝမ်းသာမယ်၊ နောက်ဆံတင်းစရာလဲ မရှိတော့ဘူးမဟုတ်လား"


လီရွှမ်းလင်က ခေါင်းငြိမ့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ထပ်မေးသည်။ “ဘယ်မိသားစုက သူ့ကို လက်ထပ်မှာလဲလို့ ကျွန်မ စဉ်းစားနေတာ၊ ကျောက်ယန်က ဒီနေရာမှာရှိတဲ့လူတွေကိုမှ မသိတာ...”


“အဲ့ဒါကို ငါ စဉ်းစားကြည့်ရဦးမယ်၊ ငါတို့ရွာမှာ အရွယ်ရောက်တဲ့လူငယ်အနည်းငယ်ပဲ ရှိတာ၊ အကယ်၍ ဘယ်သူမှ မသင့်တော်ရင် ဘေးရွာက ပိုချမ်းသာတယ်၊ အဲ့ဒီမှာ တစ်ခုခု စီစဉ်ပေးနိုင်ရင် သူတောင် ငါတို့ကို ကျေးဇူးတင်ဦးမယ်၊ ဒါက ပိုပြီးတော့တောင် အလားအလာ ကောင်းသေးတယ်”


ဆေးသွားယူပြီးနောက် ယန်ကျင့်ချင်းသည် မကြာသေးမီ ရက်များအတွင်း ကန်ကို ပြုပြင်ရန်အတွက် အိမ်တွင်သာ နေထိုင်ခဲ့သဖြင့် အပြင်မထွက်ဖြစ်ပေ။ 


ချန်ထန်းသည်လည်း အိမ်တွင် အနားယူပြီးနောက် နှစ်ရက်ပင်ပြည့်အောင် မနားနိုင်ဘဲ အစ်ကိုယန် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်ဟု ကြားသဖြင့် ကူညီရန် စိတ်အားထက်သန်စွာ ပြေးလာပြန်သည်။


ဝမ်ရှန့်၏အဆိုအရ ချန်ထန်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ စာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့သဖြင့် သူငယ်ချင်းအပေါင်းအသင်း သိပ်မရှိခဲ့ပေ။ ယခု စာမေးပွဲနီးလာပြီဖြစ်ရာ သူ၏စိတ်ဖိစီးမှုက ပို၍များလာသည်။ တစ်နေ့ကုန် စာအုပ်များကြားတွင် နစ်မွန်းနေရသည်မှာ မွန်းကျပ်လှသဖြင့် အပြင်ထွက်ပြီး စိတ်အပန်းဖြေခြင်းက အပြောင်းအလဲကောင်းတစ်ခုပင်။


သူတို့သုံးဦးမှာ မြေတူးခြင်းနှင့် ပြုပြင်ခြင်း အလုပ်များဖြင့် အလုပ်ရှုပ်နေကြစဉ် အိမ်ထဲတွင်မူ ကျောက်ယန်က ဆေးသောက်ပြီး အနားယူနေသည်။


မွန်းတည့်ချိန်ဖြစ်၍ အပူရှိန်က ပြင်းလှသည်။ ခုတင်ပေါ်တွင် ဝါးဖျာတစ်ချပ် ခင်းထားပြီး ယန်ကျင့်ချင်းက တောင်လေဝင်နိုင်ရန် ပြတင်းပေါက်ကို တစ်ဝက်ဖွင့်ပေးထားသဖြင့် အခန်းထဲတွင် အနည်းငယ် ပို၍အေးမြနေသည်။ ကံကောင်းသည်မှာ ဤတောင်စောင်းနေရာသည် သည်းမခံနိုင်လောက်အောင် မပူခြင်းပင်။ သို့မဟုတ်ပါက အပူဒဏ်မှ ရှောင်တိမ်းရန် နေရာရှိလိမ့်မည် မဟုတ်ပေ။


ကန်မှာ အပြီးသတ်ရန် နီးစပ်နေပြီဖြစ်သည်။ 


ယန်ကျင့်ချင်းက ယနေ့ အားစိုက်ပြီး အပြီးသတ်လိုက်လျှင် မနက်ဖြန်တွင် ရေအရင်းအမြစ်နှင့် ချိတ်ဆက်နိုင်မည်ဟု တွေးလိုက်သည်။


ဝမ်ရှန့်နှင့် ချန်ထန်းတို့မှာ တစ်ချိန်လုံး ကူညီပေးနေခဲ့သဖြင့် ညနေစောင်းလာသည်နှင့် အလွန်ပင်ပန်းနေကြမည်ကို ယန်ကျင့်ချင်း သိသည်။ ထို့ကြောင့် ကျေးဇူးတင်သောအားဖြင့် ညစာကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးရန် သူ ဆုံးဖြတ်လိုက်သည်။ 


သူတို့သာ မရှိလျှင် ဤကန်မှာ ဤမျှချောချောမွေ့မွေ့ ပြီးစီးမည်မဟုတ်ပေ။ ယောက်ျားလေးများ ဆုံသည့်ပွဲတွင် အရက်မပါလျှင် မပြီးသဖြင့် သူကိုယ်တိုင် အရက်သိပ်မသောက်သော်လည်း အိမ်နီးနားချင်းထံမှ အရက်အနည်းငယ် ဝယ်ရန် စီစဉ်လိုက်သည်။


သူ ထိုသို့စဉ်းစားနေစဉ်မှာပင် မမျှော်လင့်ထားသောဧည့်သည်တစ်ဦး ရောက်ရှိလာသည်။


အလုပ်,လုပ်ထားသဖြင့် ပူအိုက်နေကြရာမှ လှမ်းကြည့်လိုက်သောအခါ ဝမ်ရှန့်၏အိမ်နီးနားချင်းက ခွေးပေါက်လေးတစ်ကောင်အား ယူဆောင်လာသည်ကို တွေ့လိုက်ရသည်။ ထိုခွေးလေးမှာ နှစ်လသားအရွယ်ခန့် ရှိပြီး အစာကိုယ်တိုင် စားနိုင်နေပြီဖြစ်သော ခပ်ညိုညိုမီးခိုးရောင်ခွေးလေးတစ်ကောင် ဖြစ်သည်။ ယန်ကျင့်ချင်းက ချက်ချင်း ရှေ့သို့တက်ကာ ခွေးလေးကို လှမ်းယူလိုက်ပြီး လာပို့ပေးသောအဒေါ်ကြီးကို ကျေးဇူးတင်စကား ပြောလိုက်သည်။


ထိုအမျိုးသမီးမှာ အမှန်တကယ်တွင် ခွေးပေါက်လေးများကို ဘယ်သူ့ပေးရမလဲဟု စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ကျေးလက်တွင် ခွေးတစ်ကောင် သို့မဟုတ် နှစ်ကောင်ဆိုလျှင် အိမ်ထောင်စုတစ်ခုအတွက် လုံလောက်ပြီဖြစ်သော်လည်း သူမ၏ခွေးမကြီးက လေးကောင် မွေးထားခြင်းဖြစ်သည်။ စားကြွင်းစားကျန်များ ရှိသည့်တိုင် ထိုမျှများပြားသောခွေးများကို ကျွေးရန် မလုံလောက်ပေ။ ထို့အပြင် သူမ၏ မိသားစုဝင်များကလည်း ထိုကိစ္စအတွက် သူမကို ခဏခဏပြောနေကြသည်။ သူမသည် နှစ်ကောင်ကို ပေးပြီးသားဖြစ်ရာ ယန်ကျင့်ချင်းက တစ်ကောင် လိုချင်သည်ဟု ဝမ်ရှန့်က ပြောပြလာသဖြင့် တစ်ကောင် ထပ်မံပေးလိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားသည်။


အဒေါ်ကြီးက ကြင်နာစွာ ပြုံးလျှက် “မင်း လိုချင်တယ်ဆိုရင် ကောင်းတာပေါ့၊ ငါတို့မှာ စောင့်ရှောက်ရမဲ့သူ များလွန်းလို့ပါကွယ်၊ ဒီကောင်လေးက ဘာကျွေးကျွေး စားတယ်၊ အစားမရွေးဘူး” ဟု ပြောသည်။


“ဟုတ်ကဲ့” အဒေါ်ကြီးကို လိုက်ပို့ပြီးနောက် ယန်ကျင့်ချင်းသည် အခြားနှစ်ယောက်အတွက် ရေအေး သွားယူပေးသည်။ ကျောက်ယန် နိုးခါနီးပြီဟု သူ တွေးလိုက်မိသဖြင့် ခွေးပေါက်လေးကိုချီကာ ကျောက်ယန်၏အခန်းတံခါးကို ခေါက်လိုက်သည်။


ကျောက်ယန်သည် အိပ်ချင်မူးတူးဖြင့် တံခါးဆီသို့ စမ်းတဝါးဝါး သွားကာ ဖွင့်ပေးလိုက်သည်။ 


ယန်ကျင့်ချင်းက ခွေးပေါက်လေးကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ခပ်တိုးတိုး ရယ်မောလျှက် “ဒါ ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်း” ဟု မေးလိုက်သည်။


“...ဟင်” ကျောက်ယန်မှာ ဝေဝါးနေဆဲပင်။ သူ လက်လှမ်းလိုက်ရာ နူးညံ့ပြီး အမွှေးအမျှင်များရှိသောသက်ရှိတစ်ကောင်ကို ထိမိသွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်ပေါ်၌ နွေးထွေးစိုစွတ်သောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ အကြောင်းသည်ကား ခွေးပေါက်လေးက သူ့ကို လျက်နေခြင်းဖြစ်သည်။ 


သူလည်း ပြုံးလိုက်မိပြီး “ခွေးပေါက်လေးလား” ဟု မေးလိုက်မိသည်။


“ဟုတ်တယ်” ယန်ကျင့်ချင်းက ခွေးပေါက်လေး၏ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ “ဒီကောင်လေး ရှိနေရင် မင်း အိမ်မှာ ပိုပြီး စိတ်အေးလက်အေးနေနိုင်တာပေါ့၊ သူ့ကို နာမည်လေးတစ်ခု ပေးလိုက်ဦး”


ဤခွေးပေါက်လေးမှာ အိမ်စောင့်ရန်နှင့် ကျောက်ယန်ကို ကာကွယ်ရန် ရောက်ရှိလာခြင်းဖြစ်ရာ သူ၏ကံကြမ္မာမှာ ဤနေရာနှင့် ဆက်နွှယ်သွားပြီဖြစ်သည်။ ကျောက်ယန် ခဏတာ စဉ်းစားပြီးနောက် “နာမည်ကတော့ သိပ်အရေးမကြီးပါဘူး၊ ကျွန်တော်က နာမည်ပေးတဲ့နေရာမှာ သိပ်မတော်ဘူး... ‘ရှောင်းရှန်’(အစောင့်အရှောက်လေး)လို့ပဲ ခေါ်ကြစို့” ဟု ပြောလိုက်သည်။


အစောင့်အရှောက်... ယန်ကျင့်ချင်းက ထိုနာမည်ကို ပြန်တွေးကြည့်ပြီး မဆိုးဘူးဟု ‌တွေးလိုက်မိသည်။


ယန်ကျင့်ချင်းသည် ခွေးပေါက်လေးကို ကျောက်ယန်ထံသို့ အပ်နှံခဲ့ပြီး သူ၏အလုပ်သို့ ပြန်သွားလိုက်သည်။ သူသည် နေလုံးဝဝင်သွားသည်အထိ အလုပ်,လုပ်ခဲ့ပြီးနောက် ရွာထဲသို့ သွားကာ အိမ်တစ်အိမ်မှ အရက်အိုးတစ်လုံး သွားဝယ်လိုက်သည်။ ပြန်ရောက်သောအခါ ယခင်က အရှင်မိထားသောတောကြက်ကို သတ်လိုက်သည်။


နွေရာသီ၏အပူရှိန်ကြောင့် အသားများကို အကြာကြီး သိမ်းထားလျှင် ပုပ်သိုးလွယ်သဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ဖမ်းမိထားသောတောကြက်များကို အိမ်မွေးကြက်များနှင့်အတူရောပြီး မွေးထားခဲ့သည်။ သို့သော် အိမ်မွေးကြက်များကိုမူ အခုချက်ချင်း မသတ်ချင်သေးသဖြင့် ရက်အနည်းငယ်ကြာ မွေးထားသောတောကြက်ကိုသာ အသုံးပြုလိုက်သည်။



ထိုနေ့ညတွင် အားလုံးသည် တစ်စုတစ်ဝေးတည်း ထိုင်ကာ စားသောက်ကြသည်။ ရှောင်းရှန်သည် ထိုနေရာနှင့် မကျွမ်းကျင်သေးသဖြင့် တစ်နေ့လယ်ခင်းလုံး အိမ်အနှံ့ လျှောက်သွားနေခဲ့သည်။ ယန်ကျင့်ချင်း ဤခွေးလေးအနေဖြင့် အိမ်ထဲတွင် မစင်စွန့်မည်ကို စိုးရိမ်နေခဲ့သော်လည်း ခွေးလေးက အပြင်ဘက်ရှိ မြေကွက်လပ်ဆီသို့ သူ့ဘာသာသူ ပြေးထွက်သွားသည်ကိုမြင်ရမှသာ သူ သက်ပြင်းချနိုင်တော့သည်။


'အနည်းဆုံးတော့ နေရာတကာမှာ အညစ်အကြေးတွေ မစွန့်ဘူးပဲ၊ သူ့ကို အလုပ်မရှုပ်အောင် လုပ်ပေးတတ်တဲ့ခွေးလိမ္မာလေးပဲ'


ဝမ်ရှန့်နှင့် ချန်ထန်းတို့သည်ကား ယန်ကျင့်ချင်း ကိုယ်တိုင်ချက်ပြုတ်ထားသောဟင်းကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ခြင်းဖြစ်သည်။ သူ၏လက်ရာမှာ သာမန်မဟုတ်ဘဲ အလွန်ကောင်းမွန်လှသဖြင့် သူတို့မှာ မချီးကျူးဘဲ မနေနိုင်ကြချေ။ “ဒါက ကျွန်တော့်အမေ ချက်တာထက်တောင် ပိုကောင်းသေးတယ်၊ တကယ်တော့ ဒီမှာ ကံအကောင်းဆုံးလူက ကျောက်ယန်ပဲဖြစ်ရမယ်”


ထိုစနောက်သံကိုကြားသောအခါ ကျောက်ယန်သည် ခပ်ဖျော့ဖျော့ ရယ်မောလိုက်ရုံသာ ပြုပြီး ဘာမှ ပြန်မပြောပေ။


နေမကောင်းဖြစ်နေသောကြောင့် ကျောက်ယန်မှာ အစားအသောက် ပျက်နေခဲ့သည်။ 

ကြက်သားတစ်တုံးကို တစ်ကိုက်,ကိုက်ကြည့်ရုံဖြင့်ပင် သူသည် အလွန်အီသည်ဟု ခံစားရသဖြင့် ထမင်းအနည်းငယ်ကိုသာ စားလိုက်ပြီး အနားယူရန် ပြန်သွားတော့မည်ဟု ပြောလိုက်သည်။ 


ယန်ကျင့်ချင်းလည်း သက်ပြင်းချကာ ထရပ်လိုက်ပြီး မီးဖိုချောင်မှ ဆေးရည်တစ်ခွက် သွားယူကာ သူ့ကို ကမ်းပေးလိုက်သည်။ “ဒါလေးသောက်လိုက်ဦး၊ ပြန်ကောင်းဖို့ ရက်အနည်းငယ် ကြာဦးမယ်လို့ ပြောတယ်”


လီရွှမ်းလင်က ထိုနေ့က ထွေထွေထူးထူး ရှင်းမပြသွားခဲ့သဖြင့် ယန်ကျင့်ချင်း လုပ်နိုင်သည်မှာ သူမ၏ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန်သာ ဖြစ်သည်။ 


'ဒီဆေးက ဘာအတွက်လဲ၊ ဘယ်လို အလုပ်လုပ်သလဲ' ဆိုသည်ကိုမူ သူ လုံးဝမသိပေ။ 


ကျောက်ယန်မှာမူ နှာခေါင်းကိုပိတ်ပြီး တစ်ခွက်လုံးကို အကုန်သောက်လိုက်၏။ ဆေး၏အရသာကြောင့် သူ၏မျက်ခုံးနှစ်ခုမှာလည်း တွန့်ချိုးနေလေသည်။


ဘေးမှ ကြည့်နေသောချန်ထန်းမှာမူ တစ်ခုခုကို စဉ်းစားနေပုံရသည်။


ဤမြင်ကွင်းမှာ တစ်နေရာရာတွင် မြင်ဖူးသလိုလိုဖြင့် ထူးဆန်းစွာ ရင်းနှီးနေသလို သူ ခံစားရသည်။ သူ ခေါင်းငုံ့ကာ စဉ်းစားကြည့်သော်လည်း မည်သည့်နေရာမှန်း သေသေချာချာ မမှတ်မိပေ။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်သည်။ 


ကျောက်ယန် အခန်းထဲသို့ ပြန်ဝင်ခါနီးတွင် ရှောင်းရှန်က တအီအီအသံပေးကာ သူ့နောက်သို့ လိုက်ချင်နေပုံရသည်။


ယန်ကျင့်ချင်းက ခွေးလေးကိုချီလိုက်ပြီး “မင်း သူ့နောက်လိုက်ပြီး အတူအိပ်လို့ မရဘူး၊ မင်းက အိမ်စောင့်ရဦးမှာ” ဟု ငေါက်လိုက်သည်။


-----