အခန်း(၁)《ကျန့်ယွင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံတွေ့ခြင်း》
Author: Drunken Light Song
Source: Jostena M
Translator: အုန်းသာကူ
နေသာနေသည့် နေ့လည်ခင်းတစ်ခု၌ စုရွေ့ကျယ် တစ်ယောက် ဘာဘီကျူးဆိုင်တစ်ခု၏အပြင်ဘက်၌ ရပ်နေရင်း သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ကို ရှူသွင်းလိုက်၏။
သူတစ်ကယ်ကြီး ဒီအနံ့ကို လွမ်းနေခဲ့တာ….
“ ဝူရှူ၊ ကျွန်တော့်ကို ကြက်ကင်ဆယ်ချောင်း၊ သိုးသားကင်ဆယ်ချောင်း နဲ့ အမဲသားကင်ဆယ်ချောင်း ပေးပါ ”
စုရွေ့ကျယ် သူ့တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်ပြီး ကျောင်း၀တ်စုံဟောင်းလေး၏အိပ်ကပ်ထဲမှအကြွေစေ့တချို့ကိုထုတ်ယူလိုက်ပြီး ပေးလိုက်၏။
ဘာဘီကျူးဆိုင်ရှင် ဝူချီသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အသက်လေးဆယ်နီးပါးလောက်ရှိပြီဖြစ်၏။ သူ့တွင် ပုံမှန်ပုံပန်းသွင်ပြင်နှင့် အရပ် 175cm လောက်ရှိ၏။ သူသည် မျက်မှန်တစ်လက်ကိုတပ်ထားပြီး အလွန်ကျက်သရေရှိပြီး ပြေပြစ်သန့်စင်ကာ နူးညံ့သိမ်မွေ့ ယဉ်ကျေးသည့်ပုံပေါက်၏။
“ ရှောင်ကျယ်လား။ ဘာလို့ဒီနေ့အများကြီး စားတာလဲ ”
ဝူချီ၏ဘာဘီကျူးဆိုင်သည် နံပါတ်တစ်အလယ်တန်းကျောင်း၏ ဂိတ်အပေါက်၀နား၌ တည်ရှိလေ၏။ စုရွေ့ကျယ်သည် နွေရာသီအားလပ်ရက်အတွင်း အမြဲလိုလို အချိန်ပိုင်းအလုပ်များလုပ်လေ့ရှိသည်မို့ ဝူချီသည် စုရွေ့ကျယ်နှင့် ရင်းနှီးပြီး ကောင်လေးသည် သူ့အစားအစာများကို နှစ်သက်သည်ဆိုသည်ကို သူသိလေ၏။
သို့သော် စုရွေ့ကျယ်၏ စီးပွားရေးအခြေအနေသည် အမြဲတမ်းကျပ်တည်းသည်မို့ သူ ခုနစ်ရက် ရှစ်ရက်လောက်စုဆောင်းပြီးမှသာ အသားကင်တစ်ချောင်းကို၀ယ်ပြီး သူ့အဖိုးနှင့်မျှစားတတ်သည်ဖြစ်၏။ သူသည် သူ့ပါးစပ်ထဲဖြည့်သည်ကလွဲပြီး ဘယ်တော့မှ သည်လောက်ပိုက်ဆံအများကြီးမသုံးခဲ့ဖူးချေ။
စုရွေ့ကျယ်သည် သူ့လက်များကိုပွတ်သပ်လိုက်ပြီး ပိုက်ဆံအကြွေအနည်းငယ်ကို ထုတ်လိုက်ကာ ဝူချီ၏ခြင်းထဲသို့ ထည့်လိုက်၏။ အနည်းငယ်နူးညံ့ပြီး ချောမောသည့် မျက်နှာလေးတွင် ရိုးရှင်းသည့်အပြုံးလေးရှိနေ၏။
“ဦးလေးဝူ ကျွန်တော် ဒီနေ့ပိုက်ဆံထုတ်လာတာမို့ ကိုယ့်ဘာသာဆုချတာပါ ”
“ပိုက်ဆံထုတ်လာတာ ”
ဝူချီသည် ဘာဘီကျူးချောင်းများကိုသူ့လက်များနှင့် ကင်နေရင်း စုရွေ့ကျယ်ကိုကြည့်လိုက်ပြီး သတိရှိရှိမေးလိုက်၏။
“ပိုက်ဆံဘယ်လိုရလာတာလဲ ”
ဝူချီသည် စုရွေ့ကျယ်၏မိသားစုအခြေအနေကို သိ၏။ သူ့အဖေ ရုတ်တရက်သေသွားပြီး သူ့အမေသည် ဒုက္ခများမခံစားချင်သောကြောင့် ထွက်ပြေးသွားခဲ့လေ၏။ သူ့အဖိုးကပဲသူ့ကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် နံပါတ်တစ်အလယ်တန်းကျောင်းကို တက်နိုင်အောင်အပြင်းအထန် ကြိုးစားခဲ့ရသော်လည်း ကျူရှင်ခကတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာခဲ့၏။ သူ့အဖိုးသည် နိမ့်ပါးသည့်လူနေမှုအခြေအနေ၌ ရုန်းကန်ရင်း ပိုက်ဆံရှာဖို့အတွက် အမှိုက်ကောက်ခဲ့ရ၏။
သိပ်မကြာသေးခင်က စုရွေ့ကျယ်၏အဖိုးသည် အပြင်ထွက်ပြီး အမှိုက်ကောက်နေရင်း ရုတ်တရက်ဦးနှောက်သွေးယိုပြီး ဆုံးပါးသွားခဲ့၏။ စုရွေ့ကျယ်သည် သူ့ တစ်ဦးတည်းသောဆွေမျိုးကို ဆုံးရှုံးသွားခဲ့ပြီး လုံး၀ကို မိဘမဲ့ဖြစ်ခဲ့ရ၏။ အသက် 17 အရွယ် ကလေးတစ်ယောက်ကို လူမှူဖူလုံရေးအိမ်ကိုပို့ခံခဲ့ရသော်လည်း လစဉ်၀င်ငွေ ယွမ်လေးရာလောက်နှင့် နေထိုင်ဖို့အတွက်ကတော့ အရမ်းကိုကြီးလွန်း၏။
ဝူချီသည် ဒီဆင်းရဲသည့်ကောင်လေးကို ကြည့်ရှု့ပေးခဲ့ပြီး ပိတ်ရက်များအတွင်း သူ့ဆိုင်၌အလုပ်လုပ်စေခဲ့၏။ စုရွေ့ကျယ်အတွက်ကတော့ တစ်နေ့ကို ယွမ်တစ်ဒါဇင်ထက်ပိုသည့် ၀င်ငွေသည် ရေငတ်တုန်းရေပုံးထဲကျသလိုမျိုးပင် ဖြစ်၏။ သူသည် အနိုင်နိုင်စားသောက်ခဲ့ရပြီး ကိုယ်တိုင်လည်း အ၀တ်အစားဆင်ယင်ခဲ့ရ၏။ ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းကျူရှင်ခနှင့် နေထိုင်စားသောက်ရေး ကုန်ကျစားရိတ်များသည် ပြဿနာကြီးတစ်ခုဖြစ်လာခဲ့လေသည်။
ယခု စုရွေ့ကျယ်က ပိုက်ဆံရလာတယ်တဲ့လား။ ဘယ်နေရာကနေ ကလေးတစ်ယောက်က ပိုက်ဆံရနိုင်မှာလဲ။ ဝူချီကတော့ ဂရုမစိုက်ခဲ့ပါချေ။
စုရွေ့ကျယ် ရှက်ပြုံးလေးနှင့် သူ့နောက်ဘက်မှ ပလပ်စတစ်အိတ်လေးတစ်လုံးကို ထုတ်လိုက်ပြီး “ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင်အသီးအရွက်တွေပါ။ ဒါတွေကိုခူးရောင်းပြီး ပိုက်ဆံရခဲ့တာ ”
“ဟမ်၊ မင်းဘာသာစိုက်ထားတာလား။ ငါ့ကိုပြပါအုံး”
အသီးအရွက်ရောင်းပြီး ပိုက်ဆံရသည်ဟု ကြားလိုက်ရပြီး ဝူချီ၏လေးလံနေသည့်နှလုံးသားသည် ပြေလျော့သွားခဲ့ကာ အကြည့်များသည် စုရွေ့ကျယ်၏လက်ထဲရှိ အိတ်ဆီ မြန်ရောက်သွား၏။
“အိုး အဲ့ဒီမှာ အမျိုးအစားဘယ်လောက်ရှိတာလဲ”
အိတ်ထဲမှာတော့ အသီးအရွက် ခုနစ်မျိုး ရှစ်မျိုးလောက်ရှိနေ၏။ ပမာဏနည်းနည်းလေး ဖြစ်သော်လည်း ဘာမှမရှိတာထက်တော့ ပိုကောင်းပါသေးသည်။
ဝူချီသည် ပြောင်းဖူးတစ်ဖူးကို အိတ်ထဲမှ ထုတ်လိုက်ပြီး အနံ့ခံကြည့်လိုက်၏။ ထို့နောက် ချိုးလိုက်ကာ ပါးစပ်ထဲ ထည့်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ တောက်ပသွားတော့လေသည်။
“အရသာကကောင်းသားပဲ။ အရသာကို မြည်းကြည့်လိုက်ရင် အလတ်ဆတ်ဆုံးဆိုတာ သိပါတယ်။ ငါဒီအိတ်ကိုလိုချင်တယ်။ မင်းနောက်ထပ် ထပ်စိုက်ဖြစ်ရင် ပိုက်ဆံနဲ့ ငါ့ကိုရောင်းလေ ”
ဝူချီ၏ဘာဘီကျူးဆိုင်သည် အသားကင်ချည်းပဲရောင်းတာမျိုးမဟုတ်ပဲ အသီးအရွက်ကင်များလည်းရောင်းသည်။ စုရွေ့ကျယ်၏အသီးအရွက်များသည် သူကိုယ်တိုင် အသီးအရွက်ဈေးက၀ယ်လာခဲ့သည့် အသီးအရွက်များထက် အရည်အသွေးပိုကောင်း၏။ ထို့ကြောင့် ချက်ချင်းအနီရောင် ယွမ်တစ်ရာတန်ကို ပိုက်ဆံသေတ္တာထဲမှထုတ်လိုက်ပြီး စုရွေ့ကျယ်၏လက်ထဲသို့ထည့်ပေးလိုက်၏။
စုရွေ့ကျယ်သည် သူ့ပါးစပ်ကိုသုတ်လိုက်ပြီး ပိုက်ဆံကို သိမ်းလိုက်၏။ ကလေးအဆီလေးများ နည်းနည်းကျန်သေးသည့် ပါးလေးများပေါ်တွင် လှပသည့် ပါးချိုင့်လေးနှစ်ခုပေါ်လာခဲ့လေသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးဝူ။ ကျွန်တော် နောက်ရက်အနည်းငယ်မှာ အသီးအရွက်အသစ်အချို့ကို ဦးလေးကိုရောင်းပေးပါ့မယ်။ ”
“ဒီမှာ၊ မင်းရဲ့ ဘာဘီကျူးအချောင်းသုံးဆယ် ”
ဝူချီသည် ပလပ်စတစ်ဗူးတစ်ခုထဲသို့ စုရွေ့ကျယ်၏ဘာဘီကျူးများကိုထည့်ပြီး ထုပ်ပေးလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ဦးလေးဝူ။ နှုတ်ဆက်ပါတယ် ”
စုရွေ့ကျယ်သည် ဝူချီကို နှုတ်ဆက်ပြီး ဘာဘီကျူးဆိုင်မှ လှေည့်ထွက်သွားခဲ့လေသည်။
အသားကင်၏အနံ့သည် သူ့နှာခေါင်းဖျား၌ ပျံ့လာပြီး တစ်ချောင်းလောက်ထုတ်ပြီး ကိုက်လိုက်ဖို့ကို စုရွေ့ကျယ် မစောင့်နိုင်တော့ချေ။
အိုး ဒီပျော်ရွှင်မှူလေး။
စုရွေ့ကျယ် မျက်ရည်ကျလုနီးပါးပင် ဖြစ်နေ၏.. သူဒီအရသာကိုမခံစားနိုင်ခဲ့သည်မှာ နှစ်တွေဘယ်လောက်များ ကြာသွားပြီလဲတောင် မသိတော့ချေ.....
စုရွေ့ကျယ်သည် ဘာဘီကျူးတစ်ဒါဇင်ထက်မနည်းကို အငမ်းမရစားလိုက်ပြီး ဘေးပတ်လည်ကိုဂရုတစိုက်ကြည့်လိုက်ကာ လမ်းကြားလေးတစ်ခုထဲသို့ ၀င်သွားလိုက်လေသည်။
သူ လမ်းကြားထဲမှ ပြန်ထွက်လာချိန်၌ ဗူးလေးထဲမှ ဘာဘီကျူးများ အကုန်ပြောင်သွားပြီး လတ်ဆတ်သည့်ချယ်ရီသီးအိတ်ကြီးတစ်အိတ်နှင့်ပြည့်နေခဲ့လေသည်။
“ချိုပြီး ကြီးတဲ့ ချယ်ရီသီးတွေရမယ်နော်။ တစ်ကီလိုကို ဆယ်ယွမ်ထဲရယ်.. မချိုဘူးဆို ပိုက်ဆံပေးစရာမလိုဘူး”
စုရွေ့ကျယ် အသီးအရွက်ဈေးနားရှိ လမ်းဘေးတစ်နေရာကိုရှာတွေ့သွားပြီး ထိုင်ချလိုက်၏။ ထို့နောက် သူ့ရှေ့ရှိ ချယ်ရီသီးအိတ်ကိုဖွင့်လိုက်ကာ လတ်ဆတ်တောက်ပနေသော ချယ်ရီသီးများသည် ချက်ချင်းပင် အန်တီကြီးများ၏ အာရုံကိုဆွဲဆောင်သွားလေ၏။
“ကောင်လေး မြည်းကြည့်လို့ရမလား ”
အဒေါ်ကြီးတစ်ယောက်သည် ခပ်ကျယ်ကျယ်မေးလာ၏။
“ရတာပေါ့ ”
စုရွေ့ကျယ်သည် ချယ်ရီသီးလက်တစ်ဆုပ်ပေးလိုက်ပြီးနောက် သူ့ပါးပေါ်တွင် ပါးချိုင့်နှစ်ခုပေါ်လာပြီး ချစ်စရာကောင်းနေတော့လေ၏။
အဒေါ်ကြီးသည် ခေါင်းညိတ်လိုက်ကာ ချယ်ရီသီးများသည် လတ်ဆတ်ပြီး သူတို့အပေါ်၌ရေစက်တချို့တောင်တင်နေသေးသည်ကို တွေ့နိုင်၏။ ဒါတွေက သန့်ရှင်းနေမှန်းသိသာသည်မို့ ချယ်ရီသီးကို သူ့ပါးစပ်ထဲ တန်းထည့်လိုက်တော့၏။
“ အမ်း ဘယ်လိုဝောာင်ချို နေတာတုန်း ”
အချိုအရသာသည် ပါးစပ်ထဲ၀င်လာပြီး အရည်ရွှမ်းရွှမ်းချယ်ရီအရသာသည် ပါးစပ်တစ်ခုလုံးပြည့်နှက်သွားသောကြောင့် အဒေါ်ကြီး၏ မျက်လုံးများ တစ်ချက်လက်သွားလေသည်။
“ကောင်ငယ်လေး အဒေါ့်အတွက် သုံးကီလိုချိန်လိုက်”
“ ကောင်းပါပြီ ”
စုရွေ့ကျယ် ပြုံးပြီး သူ့ကျောင်းလွယ်အိတ်ထဲမှ ပလပ်စတစ်အိတ်တစ်ခု ထုတ်လိုက်၏။ ထိုထဲတွင် လျှပ်စစ်ချိန်ခွင်လေးတစ်ခုရှိနေပြီး အိတ်တစ်၀က်လောက်အထိ ချယ်ရီသီးများထည့်ချိန်လိုက်ကာ “အားရီ၊ ချယ်ရီသီးသုံးကီလိုပါ၊ ကျွန်တော် အပို အာလူးတစ်လုံးထည့်ပေးလိုက်တယ်နော် ”
ထို့နောက် အန်တီကြီးသည် စုရွေ့ကျယ်၏ခြေထောက်နားရှိ နောက်ထပ်အိတ်တစ်လုံးကို တွေ့လိုက်၏။ အိတ်ထဲတွင် လုံးဝိုင်းနေသည့် အာလူးများရှိနေ၏။ ချိန်တွယ်သည်ကိုမြင်ပြီးနောက် သူမ အလွန်ပျော်သွားပြီး ပိုက်ဆံပေးကာ ချယ်ရီသီးများ ယူပြီးထွက်ခွာသွားလေသည်။
ရုတ်တရက် ဂိုဏ်းစတားအုပ်စုတစ်စုသည် လမ်းတစ်လျှောက်ပေါ်လာပြီး အကုန်လုံးသည် ခပ်ရိုင်းရိုင်းပုံစံ ၀တ်စားထားကြ၏။ သို့သော် နောက်ဆုံးမှာတော့ အလွန်ထင်ရှားသည့်ယောက်ျားတစ်ယောက် လမ်းလျှောက်လာခဲ့လေသည်။
ထိုလူသည် 1.9 m မြင့်သည့် အရပ်ရှိပြီး ရှည်လျား သောခြေထောက်များရှိ၏။ သူ့မျက်နှာကို အနက်ရောင်နေကာမျက်မှန်ကြောင့် ထင်ထင်ရှားရှားမမြင်ရသော်လည်း သူ့နှာတံသည်မြင့်ပြီး မျက်နှာသည် တောင့်တင်းပုံပေါ်၏။ အမှိုက်အနည်းငယ်သည် သူ့အား အသေးအမွှားပုံစံပေါက်မနေစေခဲ့ချေ။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်း၌ ခပ်ကျပ်ကျပ် အနက်ရောင် waistcoat ကို၀တ်ထားသောကြောင့် ကြွက်သားလိုင်းများ ပေါ်လွင်နေပြီး သူ့ဂျုံရောင်အသားအရေနှင့် လိုက်ဖက်နေကာ သန်မာသည့်အမျိုးသားဟော်မုန်းများနှင့် ခန့်ငြားသည့်မျက်နှာရှိသော လူတစ်ယောက်မှန်းသိသာနေလေသည်။
သနားစရာကောင်းတာက သူက လူမိုက်တစ်ယောက်ဖြစ်နေတာပင် ....
စုရွေ့ကျယ် သူ့ခေါင်းသေးသေးလေးကိုမော့ကာ ပန်ခ့်တွေနှင့်တူသည့် အုပ်စုကိုကြည့်လိုက်ပြီး သူ့မျက်လုံးများ မသိမသာနီရဲလာလေ၏။
“ အိုး အစ်ကိုကြီးက အရမ်းရက်စက်တာပဲ၊ မြင်တဲ့အတိုင်းပဲ မင်းဘာမှလုပ်မနေတာတောင် လူတွေနဲ့ကလေးတွေက မင်းကိုမြင်တာနဲ့ကြောက်လန့်ပြီး ငိုကုန်တော့မယ် ”
ဆံပင်အဝါနှင့်လူသည် စုရွေ့ကျယ်ကို တစ်ချက်တည်းနှင့် မြင်သွားခဲ့၏။ ကလေး၏အသားအရည်သည် အလွန်ကိုဖြူဖွေးပြီး ကောင်းမွန်၏။ သူ့ ကြီးမားပြီး အနက်ရောင်မျက်လုံးလေးများသည် တစ်ခုခုကိုပြောချင်နေသလိုမျိုးပင်။ ခဏအကြာ၌ သူ့မျက်လုံးများနီရဲသွားပြီး ပုခုံးများတုန်ယင်လာကာ ကြောက်လန့်နေပုံသည် ငုံးကလေးတစ်ကောင်လိုပင်။ သို့သော် သူက ပိုချစ်ဖို့ကောင်းလေ၏။
“ အိုး ”
ကျန့်ယွင် သူ့နေကာမျက်မှန်ကိုဖြုတ်လိုက်ပြီး ရှည်လျားကျည်းမြောင်းပြီး နက်နဲသည့်မျက်လုံးတစ်စုံကို ထုတ်ဖော်လိုက်ကာ စုရွေ့ကျယ်ဘက်သို့ကြည့်လိုက်၏။
စုရွေ့ကျယ်သည် သူ့ခံစားချက်များ သူ့ရင်ဘက်မှနေခုန်ထွက်သွားတော့မလိုတောင် ခံစားလိုက်ရ၏။ သူ့ပါးစပ်ကိုဖွင့်ကာ ယွင်ကော ဟုခေါ်လိုက်မိမည်စိုးသောကြောင့် သူ့လက်ဖဝါးကိုသာအသေကိုက်ထားလိုက်ရ၏။
ရလဒ်ကတော့ သူ့မျက်လုံးများ ပိုပြီးနီရဲလာတော့သည်ပင်...
“အိုက်ယား .. ဘာမှားနေလို့လဲ ကလေး။ ငါတို့က ကာကွယ်ကြေးအတွက်ပိုက်ဆံမတောင်းခဲ့ပါဘူး။ စကားပြောရုံလေးပါ။ ဘာလို့ဒီလောက်တောင် ကြောက်နေရတာလဲ ”
ထိုဆံပင်အဝါနှင့်လူသည် စုရွေ့ကျယ်အရှေ့သွားပြီးထိုင်ချလိုက်၏။ သူ ဘာကြောင့်များ ဒီလောက်ကောင်းတဲ့အခြေအနေမှာတောင် ကြောက်ရွံနေတာလဲ ဆိုသည်ကို နားမလည်တော့ချေ။
စုရွေ့ကျယ်သည် ပိုအရှက်ကွဲသလိုခံစားလိုက်ရပြီး သူ့အင်္ကျီလက်များနှင့် သူ့မျက်လုံးထောင့်စွန်းမှ မျက်ရည်များကို သုတ်လိုက်၏။ သူ့မျက်လုံးကြီးကြီးများကိုဖွင့်ပြီး အပြုံးတစ်ခုပေါ်လာအောင် ညစ်ထုတ်လိုက်ရလေသည်။ သူ့ ကလေးအဆီလေးများနှင့် ပါးနှစ်ဖက်ပေါ်လာပြီး ညှစ်ပစ်ချင်စရာလေးဖြစ်နေ၏။ ပါးချိုင့်လေးနှစ်ခုသည် ပါးပေါ်တွင်ပေါ်လာပြီး သူ့ကိုပိုလို့ပင် ချစ်စရာကောင်းလာအောင်လုပ်ပေးနေလေသည်။
“ ကျစ်”
ကျန့်ယွင် ဆံပင်အဝါနှင့်လူ၏ဖင်ကို ကန်လိုက်ကာ စုရွေ့ကျယ်၏မျက်နှာအနားမှ လူများကိုပါကန်ထုတ်လိုက်ပြီး စုရွေ့ကျယ်၏အရှေ့သို့ ငုံကိုင်းလာကာ
“မင်းဘာရောင်းနေတာလဲ ”
ဒီအသံသည် ပါးစပ်ထဲကနေ ဖိနှိပ်ပြီးထွက်လာတဲ့အသံနှင့် တူနေခဲ့သည်။
“ချယ်ရီသီး၊ ချိုရဲတဲ့ချယ်ရီသီးကြီးတွေပါ .....”
စုရွေ့ကျယ်သည် သူ့လက်များကို ပွတ်သပ်လိုက်ပြီး မဝံ့မရဲမေးလိုက်၏။ “ခင်ဗျား မြည်းကြည့်ချင်လားဟင် ”
ကျန့်ယွင် သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ ချယ်ရီသီးတစ်လုံးကိုကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်၏။ အချိုအရသာသည် ချက်ချင်းပင် သူ့ပါးစပ်ထဲပြည့်သွားလေ၏။ ဒီလောက်ချိုပြီးအရသာရှိသည့်ချယ်ရီသီးကိုစားဖူးသည်မှာ တကယ့်ကိုပထမဆုံးပင်။
“မင်းမှာရောင်းဖို့ ချယ်ရီသီးဘယ်လောက်ကျန်သေးလဲ ”
“ကီလိုဒါဇင်ကျော်လောက်ကျန်ပါသေးတယ် ....”
“ငါ့ကိုဆယ်ပေါင်ပေး ”
သူပြန်ရပ်လိုက်ပြီး ခုဏမှ ဘေးကိုကန်ထုတ်ခံလိုက်ရသည့် ဆံပင်အဝါနှင့်လူကိုပြောလိုက်၏။
“၀မ် အသီးဖိုး ပိုက်ဆံပေးလိုက်”
“အို့ ”
ဆံပင်အဝါနှင့်လူသည် သူ့အိတ်ကပ်ထဲမှ တစ်ရာတန်ပိုက်ဆံကိုခပ်မြန်မြန်ထုတ်ကာ သူ့ဆီကိုပစ်ပေးလိုက်ပြီး ခပ်တင်းတင်းနဲ့ ပြောလိုက်သေး၏...
“အကြွေကိုသိမ်းထားလိုက် ”
စုရွေ့ကျယ်သည် ချယ်ရီသီးများကို အိတ်ထဲမြန်မြန်ထည့်လိုက်ပြီး ဆံပင်အ၀ါနှင့်လူဆီကိုပေးလိုက်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“ကွက်တိပဲ ...မပိုပါဘူး ....”
သူပြောသည်ကို ကြားလိုက်ရသည့်ဆံပင်အဝါနှင့်လူကတော့ သူ့ကိုယ်သူတက်နင်းမိတော့မလိုဖြစ်သွား၏။ သူ့ညီအစ်ကိုများအားလုံး သူ့ဆီပြေးလာကြကာ လူတစ်စုသည် ဆူညံစွာထွက်သွားကြလေသည်။
ကျန့်ယွင်၏ အရိပ် လမ်းထောင့်ချိုးမှနေပျောက်ကွယ်သွားသည်အထိစောင့်ကြည့်နေရင်း စုရွေ့ကျယ်၏မျက်လုံးထဲမှ အကြည့်များ တဖြည်းဖြည်းမှိန်ကျသွားလေ၏...
သူ..အခုထိငါ့ကို သိမှမသိသေးတာပဲ....
ဂိုဏ်းစတားအုပ်စုထွက်သွားသည်ကို မြင်ပြီးနောက် ဘေးနားတွင်စောင့်ကြည့်နေသည့် ဦးလေးများနှင့်အဒေါ်ကြီးအချို့သည် နောက်ဆုံးမှာတော့ ရှေ့တိုးလာကြလေ၏။ သူတို့သည် စုရွေ့ကျယ်၏ကျန်နေသေးသည့် ချယ်ရီသီးများဆီသို့ ချီတက်လာခြင်းဖြစ်၏။ အရှေ့လမ်းက လူအိုကြီးတွေ ခံစားချက်တွေ ကောင်းမွန်နေခဲ့တာမဟုတ်လား။ ဆယ်ကီလိုကို လျှော့ဈေးနဲ့၀ယ်လိုက်၊ မင်းလက်နှေးရင် ကုန်သွားလိမ့်မယ်။
နောက်ဆုံးလက်ကျန် အာလူးများပါ အကုန်ရောင်းကုန်ပြီးနောက် စုရွေ့ကျယ်သည် သူ့တင်ပါးမှညစ်ပေနေသည်များကို ဖုတ်ဖတ်ခါလိုက်ပြီး အိမ်ကိုပျော်ပျော်ရွှင်ရွှင်ပဲ ပြန်သွားတော့သည်။
လမ်းကျဉ်းလေးမှဖြတ်ပြီး စုရွေ့ကျယ် သူ့အဖိုးနှင့်အတူနေခဲ့သည့် သေးငယ်သည့်တစ်ထပ်အိမ်လေးဆီသို့ပြန်လာကာ ဆေးသုတ်ထားသော သစ်သားတံခါးကိုဖွင့်လိုက်ပြီး ရင်းနှီးသည့်အိမ်ကလေးကိုကြည့်လိုက်၏။ စုရွေ့ကျယ်၏ မျက်လုံးများ မတတ်နိုင်စွာပဲ နီမြန်းသွားရလေတော့သည်။
“အဖိုး ...”
စုရွေ့ကျယ် ငိုရှိုက်ရင်း သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့၏။
“ကျွန်တော် စောစောသာပြန်လာနိုင်ခဲ့ရင်...ဒီထက်နည်းနည်းလေးသာ ပိုစောခဲ့မယ်ဆိုရင်.....”
သို့သော် တစ်လအတွင်းမှာပဲ
ကမ္ဘာကြီးသည် အလောင်းကောင်များနှင့်ပြည့်နှက်နေသည့် ကမ္ဘာပျက်ကပ်ကြီးဖြစ်လာလိမ့်မည်ကို တွေးလိုက်မိသောအခါ အဖိုးကို ဒီအချိန်မှာထွက်သွားစေတာက သိပ်မဆိုးဘူးဟုထင်မိလေသည်။