အခန်း(၂)《 နေရာလွတ်တစ်ခုရှိတယ် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
“စုရွေ့ကျယ်”
ရုတ်တရက်ဆိုသလို ခပ်စူးစူးအသံတစ်ခုသည် စုရွေ့ကျယ်၏နာမည်ကိုအော်ခေါ်လိုက်လေသည်။
စုရွေ့ကျယ် ဘေးပတ်လည်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်သည် သူမ၏ မျက်နှာဝိုင်းဝိုင်းပေါ်တွင် သူမအလွန်ကိုမှချစ်မြတ်နိုးရသည့်ကလေးကို ကြည့်နေသကဲ့သို့ ကြင်နာသော အပြုံးတစ်ခုနှင့် လမ်းကျဉ်းလေး၏ထိပ်၌ ရပ်နေသည်ကိုတွေ့လိုက်ရလေသည်။
စုရွေ့ကျယ်သည် သူ့နှုတ်ခမ်းများလှုပ်ရှားလိုက်ပြီး စကားလုံးသုံးလုံးကိုညစ်ထုတ်လိုက်၏။
“အကြီးဆုံးအဒေါ်...”
“ ရှောင်ကျယ်..ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ။ ငါဒီကိုအကြိမ်ကြိမ်ရောက်ခဲ့သေးတယ်။ မင်းငါနဲ့အမြဲဖယ်ခွာနေတော့တာပဲ။ အိုး..မင်းအလေးချိန်ကို ကြည့်စမ်းပါအုံး။ မင်းဒီရက်တွေမှာ ကောင်းကောင်းမစားခဲ့ရဘူးလား။ ဘယ်လိုတောင်လဲဆိုးရွားတာလဲ ”
သူတို့ဘယ်လောက်ရင်းနှီးသလဲဆိုသည်ကို မသိခဲ့သလိုပုံနှင့် ချန်ဟွေ့ကျန်းသည် စိတ်ဆင်းရဲပြီး အဆင်မပြေပုံပေါက်နေခဲ့သည်။ အဖိုးမင်းမင်း*ဆုံးပါးသွားပြီးနောက် ဘယ်မိသားစု၀င်ကမှ ပေါ်မလာခဲ့ဖူးပေ။
သူ့အဖိုးကိုတွေးလိုက်မိလျှင် စုရွေ့ကျယ် သူ့မျက်လုံးများတဖန်နီရဲလာပြန်ပြီး သူ့အားနည်းလှသော မျက်ရည်များကိုထပ်မကျစေဖို့ ရှင်းရှင်းလင်းလင်း ကတိပြုထားခဲ့သော်ငြား အဖိုးနှင့်ကျန့်ယွင်ကတော့ သူ့၏ အထိအခိုက်မခံနိုင်သော နှလုံးသားမှအမာရွတ်များဖြစ်ခဲ့သည်မို့ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပေ။
ချန်ဟွေ့ကျန်းသည် စု့ရွေ့ကျယ်၏ အသွင်ပြင်ကိုတွေ့လိုက်ရသောအခါ သူမ၏စိုးရိမ်ပေးမှုကြောင့် ခံစားသွားရသည်ဟု ထင်လိုက်လေသည်။ သူမသည် ထပ်မံပြီး ညင်ညင်သာသာနှင့်ပြောလာခဲ့သည်။ “မင်းတစ်ယောက်တည်းအိမ်မှာ ကောင်းကောင်းမစားရဘူး။ အဒေါ်နဲ့လာပြီး အိမ်မှာလိုက်စားလိုက် ”
စုရွေ့ကျယ်သည် သူ့အဖိုးအကြောင်းတွေးမိ၍ ဖြစ်ပေါ်လာသော သူ့မျက်လုံးများဆီမှ ၀မ်းနည်းမှုကို လျစ်လျူရှုမှုဖြင့် ခပ်မြန်မြန်အစားထိုးလိုက်သည်။
သူ့အတိတ်ဘ၀တုန်းက ခင်မင်ရင်းနှီးပုံရသည့် သူ့အဒေါ်သည် သူ့အား ညစာအတွက် အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ပိုပြီးကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးဖို့ အိမ်တွင်နေခွင့်ပြုပုံပေါ်ခဲ့သည်။ သူ့ဦးလေး၏ မိသားစုအခြေအနေသည် အတော်လေးကောင်းမွန်ပြီး ဦးလေးနှင့်အဒေါ်တို့နှစ်ယောက်စလုံးသည် ပြည်နယ်ပိုင်စီးပွားရေးလုပ်ငန်း*မှ ၀န်ထမ်းများဖြစ်ကြသည်။ အိပ်ခန်းသုံးခန်းနှင့် ရေချိုးခန်းတစ်ခန်းပါအိမ်ကို ထိုနှစ်အတွက်စာချုပ်ချုပ်ခဲ့ကြပြီး အခန်းသည် ကျယ်၀န်းကာ ပြတင်းပေါက်များသည် သန့်ရှင်းသပ်ရပ်နေပြီး အဖိုး၏ နိမ့်ပါးလှသောအခန်းကျဉ်းလေးနှင့် အလွန်ကိုကွာခြားလှ၏။
ပထမဆုံးအကြိမ်အဖြစ် ထိုကျယ်၀န်းသောအိမ်၌နေရပြီး သန့်ရှင်းသောအ၀တ်အစားများကို၀တ်ဆင်ရကာ နူးညံ့ပြီးသက်တောင့်သက်သာရှိလှသောအိပ်ရာ၌ အိပ်ဖူးခြင်းဖြစ်၏။ အရာရာတိုင်းသည် လှပနေပြီး လှပသောအိပ်မက်တစ်ခုလိုပင် ဖြစ်ခဲ့၏။
နောက်ပိုင်း၌ အကြီးဆုံးအဒေါ်သည် အကြီးဆုံး၀မ်းကွဲ၏ကလေးများသည် ပိုကောင်းမွန်သောအစိုးရမူလတန်းကျောင်းသို့ သွားချင်ကြောင်း ပြောလာခဲ့သည်။ သူမသည် နံပါတ်တစ်အလယ်ကျောင်း၏ တွဲဖက်မူလတန်းကျောင်းကို သဘောကျခဲ့သော်လည်း ကလေး၏အိမ်ထောင်စုစာရင်းသည် ထိုနေရာ၌မဟုတ်ပေ။ သူတတ်နိုင်လျှင် ထိုကလေး၏ အိမ်ထောင်စုစာရင်းကို သူ့အဖိုး၏အိမ်၌ ထားစေချင်ကြောင်း သူမသည် သူ့ကိုမေးဖို့ စိုးရိမ်နေခဲ့သေးသည်။
သူ့အဖိုး၏ အိမ်သည် ယိုယွင်းနေပြီဖြစ်သော်လည်း တည်နေရာကတော့ အဆင်ပြေသည်ကို စုရွေ့ကျယ် မှတ်မိခဲ့သည်။
အဖိုးဆုံးပါးပြီးနောက် ထိုယိုယွင်းပျက်စီးနေသော အိမ်ကလေးသည် သူ့အပိုင်ဖြစ်လာခဲ့ပြီး သူသည်အိမ်ထောင်ဦးစီးဖြစ်လာခဲ့သည်။
ထိုအချိန်က သူသည်အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် ကလေးတစ်သောက်သာဖြစ်ချေသေးသည်။ နောက်တစ်ကြိမ်ပြန်အချစ်ခံရပြီဟု သူတစ်ကယ်ကိုထင်မိခဲ့သည်။ သူ့အဒေါ်အိမ်၌ နေထိုင်ခဲ့ရသော နေ့ရက်များသည် သူ့ဘ၀၌အကောင်းဆုံးနေ့ရက်များဖြစ်ခဲ့သည်ကိုတော့ သဘာ၀ကျကျ သူတစ်ကယ်ကို သံသယမရှိခဲ့ လက်ခံခဲ့ပေသည်။
ထိုနောက်ပိုင်းတွင် သူ့အဒေါ်ကလည်း သူ့အပေါ်ပို၍ကောင်းမွန်ပေးလာခဲ့သည်။
သူ့၀မ်းကွဲအကြီးဆုံးသည် အစိုးရဌာန၌အလုပ်လုပ်နေပြီး သိပ်မကြာခင်မှာပင် သူ့တူလေး၏စာရင်းကို သူ့အဖိုး၏အိမ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၀မ်းကွဲအကြီးဆုံးနှင့် အကြီးဆုံးမရီး၏အကောင့်နှင့်ပင် ချိတ်ဆက်ထားခဲ့သည်။ နောက်ဆုံးမှာတော့ အကြီးဆုံးအဒေါ်သည် သူသည် အိမ်ထောင်ဦးစီးဖြစ်ရန်ငယ်ရွယ်လွန်းပြီး ထို့ကြောင့်ပင် အိမ်ထောင်ဦးစီးကပြောင်းလဲသွားသည်ဟု ပြောခဲ့သည်။
နောက်ပိုင်းမှာတော့ အဖိုး၏အိမ်ခန်းသည် စီးပွားရေးနှင့်သက်ဆိုင်သောအိမ်* မဟုတ်ပဲ အစိုးရငှားရမ်းပေးသောအိမ်ဖြစ်ကာ အသုံးပြုလို့သာရပြီး ပိုင်ဆိုင်ခွင့်မရှိကြောင်း စုရွေ့ကျယ်သိခဲ့ရသည်။ ပြန်ရောင်းဖို့မဟုတ်ပဲ ဖြိုဖျက်ဖို့တစ်ခုတည်းသာမျှော်လင့်နိုင်သည်။ ဦးလေးသည် ထိုအိမ်ကိုဖြိုဖျက်ဖို့အကြောင်းနှင့်ပတ်သတ်၍ကြားခဲ့ပြီး ထိုအကြောင်းကြောင့်ပင် သူ့အဒေါ်သည် သူ့ကိုသူတို့နှင့်နေရန်ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။
【 T/N ; ရောင်းလို့ရတဲ့ကိုယ်ပိုင်အိမ်မျိုးမဟုတ်ပဲ အစိုးရကစီးပွားရေးမကောင်းတဲ့ သက်ကြီးရွယ်အိုနဲ့ အိမ်ခြေမဲ့တွေဖို့ ဆောက်ပေးထားတဲ့ အဆောင်တန်းလျားမျိုးဖြစ်မယ်ထင်တယ်။ 】
ထိုဖြိုဖျက်ရန်အကြောင်းကြားစာသည် သိပ်မကြာခင်မှာပဲရောက်လာခဲ့သည်။ ဖြိုဖျက်သည့်လျော်ကြေးငွေကို လူအရေအတွက်အလိုက်ခွဲပေးခဲ့ပြီး လူတစ်ဦးလျှင် ယွမ်* ထောင်ပေါင်းရာနှင့်ချီပြီးရခဲ့ကြသည်။ လူတိုင်းသည် ထိုငွေကိုရခဲ့ကြပြီး စုရွေ့ကျယ်လည်းပဲ စုစုပေါင်း 300,000 ရရှိခဲ့သည်။ အကြီးဆုံးအဒေါ်သည် သူသည် ကလေးသာရှိသေးပြီး သူကလည်း သူတို့အိမ်တွင် နေထိုင်စားသောက်သောကြောင့် ထိုငွေများကိုမလိုအပ်သည်မို့ သူမအရင်စုထားပေးမည်ဟု ပြောခဲ့သည်။
သူတို့သည် ဆက်လက်၍ သူ့ကို အရသာရှိသော အစားအသောက်ကောင်းများ ကျွေးမွေးခဲ့ကြပြီး တစ်လမတိုင်ခင်မှာပဲ သူ့အဒေါ်အကြီးဆုံးပြောသောစကားတိုင်းကို ယုံကြည်သည်အထိ အရူးလုပ်ခံခဲ့ရလေသည်။
စုရွေ့ကျယ်သည် ထိုအချိန်က သူ့မိုက်မဲမှုများကိုပြန်တွေးမိပြီး သက်ပြင်းမချပဲမနေနိုင်ပေ။ ထိုနှစ်က သူ နွေးထွေးကြင်နာမှုနှင့် ယုံကြည်ခြင်းကိုမတောင့်တခဲ့ပါက နောက်ပိုင်းအခြေအနေများ၌ သူချစ်ခင်ခဲ့ရသော ဆိုးယုတ်သည့်နှလုံးသားနှင့်ဆွေမျိုးများထံမှ တွန်းထုတ်ခြင်းခံခဲ့ရမည်မဟုတ်ပေ။
“ရှောင်ကျယ်၊ ရှောင်ကျယ် ”
စုရွေ့ကျယ်၏ မှတ်ဉာဏ်များကို သူမ၏ ကြည်လင်သောအသံက နှောက်ယှက်ခဲ့သောကြောင့် သူကြည့်လိုက်သောအခါ သူ့အရှေ့မှ သူ့အဒေါ်သည် နူးညံ့ကြင်နာပုံရနေသေးပြီး သူ့ကိုပြုံးပြနေခဲ့သည်။
“မင်း အကြီးဆုံးအဒေါ်နဲ့ အိမ်ကိုလိုက်မယ်မလား။ အိမ်မှာ အသားစွတ်ပြုတ်ချက်ထားတယ်။ ပြီးတော့ မင်းဦးလေးက မင်းအကြောင်းအမြဲပြောနေတာ။ နောက်ဆုံးမှာတော့ တို့တွေက မင်းရဲ့တစ်ဦးတည်းသော သွေးရင်းဆွေမျိုးတွေပဲမဟုတ်လား ”
ချန်ဟွေ့ကျန်းသည် ထို သွေးရင်းဆွေမျိုးများ ဆိုသော စကားလုံးကို တမင်ပိုဆိုးရွားလာစေခဲ့သည်။
စုရွေ့ကျယ်သည် သူ့နှလုံးသားထဲကနေ လှောင်ပြောင်လိုက်သည်။ ရင်းနှီးတဲ့သွေးရင်းဆွေမျိုးတွေတဲ့လား ..သူ့ရဲ့ အသုံးချနိုင်သမျှတန်ဖိုးတွေကို အကုန်ညှစ်ထုတ်ခဲ့ပြီး ပြတ်ပြတ်သားသားကန်ထုတ်ခဲ့ကြတဲ့သူတွေကလေ။
“ဟင့်အင်း.. အဒေါ် .. ဒီနေ့ကအဖိုးရဲ့ ၃၇ရက်မြောက်နေ့လေ။ ကျွန်တော်သူ့ကိုတစ်ယောက်တည်းမဖြစ်စေချင်လို့ သူ့ကိုအဖော်ပြုပေးမလို့ပါ ”
သေဆုံးသွားသော အဖိုးစုကိုရည်ညွှန်းလိုက်သောအခါ ချန်းဟွေ့ကျန်း၏မျက်နှာပေါ်မှ အပြုံးသည်တမုဟုတ်ချင်း ပျောက်ကွယ်သွားကာ ခြောက်ကပ်စွာပြောလာခဲ့သည်။
“အိုး... ဒါဆိုလည်း ညစာအတွက် တို့အိမ်ကို နောက်ရက်မှသွားကြတာပေါ့လေ ”
ထို တုတ်ခိုင်သောပုံရိပ် လမ်းကျဉ်းထိပ်မှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် စုရွေ့ကျယ် သူ့မျက်လုံးများမှေးမှိန်သွားပြီး ယိုယွင်းပျက်စီးနေသောအိမ်လေးထဲသို့ လှည့်၀င်သွားလိုက်သည်။
အခန်းသည် လွတ်နေပြီး နံရံပေါ်တွင် အဖိုး၏အဖြူအမဲဓါတ်ပုံတစ်ခုသာ ချိတ်ဆွဲထားလေသည်။ သွားမရှိတော့သော လူအိုကြီးသည် ကြင်နာစွာပြုံးနေပြီး စုရွေ့ကျယ်၏မျက်ရည်များ ချက်ချင်းကို စီးကျလာရတော့သည်။
အဖိုးသည် သူ့ကို ခက်ခက်ခဲခဲပျိုးထောင်ခဲ့ရပြီး သူသေဆုံးသည့်အချိန်ထိ ကောင်းမွန်သည့်နေ့ရက်တစ်ရက်တောင် သူ မဖြတ်သန်းခဲ့ရပေ။ နေရာလွတ်နှင့်တောင် ပြန်လည်မွေးဖွားလာခဲ့သော်လည်း ဘ၀သည် ဘာအဓိပ္ပါယ်မှမရှိတော့ဘူးထင်ပါတယ်လေ...
အကယ်၍သာ ကမ္ဘာပေါ်တွင် သူ့ကိုစိတ်ပူပေးခဲ့သည့် ထိုသူတစ်ယောက်သာ မရှိတော့ဘူးဆိုလျှင် ထိုကြောက်စရာကောင်းလှသော ကမ္ဘာပျက်ကပ်ဆိုးကြီးကိုထပ်ရင်ဆိုင်ဖို့ သူဆန္ဒမရှိတော့ချေ။
ကောင်းကင်ကပိုမှောင်ရီလာပြီး အဝေးကနေအစားအသောက်အနံ့များရနေသောကြောင့် စုရွေ့ကျယ် သူ့နေရာလွတ်ထဲမှာသိမ်းထားသည့် ဘာဘီကျူးကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြမ်းတမ်းသည့် သစ်သားကုတင်ပေါ်လှဲချလိုက်ကာ မနက်ဖြန်ဘာလုပ်ရမည်ဆိုသည့်အကြောင်းကိုသာ တွေးတောနေလိုက်သည်။
ကမ္ဘာကြီး၏အဆုံးသတ်ရောက်ဖို့ တစ်လသာလိုတော့သည်။ အချိန်ကအလွန်တိုတောင်းပြီး သူကောင်းကောင်းပြင်ဆင်ထားရမည်။ ယခုချိန်ထိ သူသည်ဆင်းရဲနေသေးပြီး အသီးအရွက်များရောင်းချခြင်းမှ တစ်ရက်လျှင် ယွမ်ရာဂဏန်းအောက်သာ၀င်ငွေရှိ၏။ အစားအသောက်အတွက်တော့ သူစိတ်မပူပေ။ သူ့နေရာလွတ်တွင် ဖရဲသီး၊အသီးအရွက်များ၊ ဆန်ကြမ်းနှင့် အစေ့အဆံများ အားလုံးရှိသော်လည်း အသားတော့မရှိပေ။ ကမ္ဘာပျက်ကပ်အတောတွင်း အသားမပြောနှင့် ပူပူနွေးနွေးအစားအသောက်များ စားရဖို့ မည်မျှခက်ခဲသည်ကို ဘုရားသာသိပေလိမ့်မည်။
ဆယ်နှစ်လောက်အသားစားနိုင်ဖို့ လုံလောက်သည့်ငွေကိုရချင်လျှင် ဘဏ်ကို ဓားပြတိုက်သည်က ပိုမြန်ပေလိမ့်မည်...
ကံမကောင်းစွာဖြင့် ကမ္ဘာကြီးအဆုံးသတ်သည် မစတင်သေးသလို ကမ္ဘာကြီးကလည်း ဖရိုဖရဲမဖြစ်သေးပေ။ ဘဏ်ကိုဓားပြတိုက်ဖို့ရာ သူ့ခန္ဓာကိုယ်သေးသေးလေးဖြင့် အောင်မြင်ဖို့မဆိုထားနှင့် သူအဖမ်းခံရလျှင် ထောင်ထဲ၀င်ရလိမ့်မည်။ ကမ္ဘာကြီးအဆုံးသတ်ရောက်ချိန်တွင် အကျဉ်းထောင်သည် လုံခြုံသောနေရာမဟုတ်ပေ။ ထောင်သားအလောင်းကောင်များ* ကိုက်ခြင်းမခံရလျှင်တောင် သံတိုင်များကြား အစာငတ်ကာ သေနိုင်သည်။ ဥပဒေကိုလိုက်နာသော နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် လုံခြုံစွာ ပိုက်ဆံစုဆောင်းသည်က ပိုကောင်းပေသည်။
စုရွေ့ကျယ်သည် နေရာလွတ်ထဲသို့လျပ်တပြတ်၀င်ရောက်သွားပြီး လှပသောချိုင့်ဝှမ်းတစ်ခုဆီသို့ လာခဲ့လိုက်သည်။ ထိုနေရာသည် သိပ်မကြီးသော်လည်း မြေဧကတစ်ဒါဇင်လောက်ကျယ်၀န်း၏။ သို့သော်ငြား ထိုနေရာတွင် စပါးစိုက်ခင်းများ၊ အသီးအရွက်ဥယျာဉ်နှင့် သစ်သီး၀လံသစ်တောတို့နှင့် ပြည့်နေသည်။ ထိုနေရာတွင် မျက်စိဖြင့်ပင်မြင်နိုင်လောက်သော ကြည်လင်နေသည့် စမ်းချောင်းတစ်ခုလည်းရှိပြီး သူထိုနေရာသို့သွားလိုက်ကာ ချိုမြိန်သောစမ်းရေကို ပါးစပ်အပြည့်သောက်လိုက်ပြီးနောက် သူ့ကိုလန်းဆန်းသွားစေသည်။
စမ်းချောင်း၏တစ်ဖက်ခြမ်းတွင် ကြီးမားကျယ်ပြန့်သော အစိမ်းရောင်မြက်ခင်းပြင်ကြီးတစ်ခုရှိပြီး ထိုနေရာတွင် သက်ရှိတိရိစ္ဆာန်တချို့ မွေးမြူရန် စီစဉ်ထားသည်။ ချို့ဝှမ်းထဲတွင် လေးငါးမီတာကျယ်သော ဂူတစ်ခုလည်းရှိပြီး လတ်ဆတ်သောအသီးအရွက် သစ်သီး၀လံများကိုခူးဆွတ်ကာ ထိုဂူထဲသို့ တိုက်ရိုက်ထည့်ထားနိုင်သည်။
အမှန်တကယ်တော့ နေရာလွတ်သည် စုရွေ့ကျယ်၏ ဒုတိယမြောက်စွမ်းရည်ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း စွမ်းရည်နှစ်မျိုးတွဲသည် မရှိခြင်းမဟုတ်သော်ငြား ရှားပါးလှပေသည်။
အစပိုင်း၌ သူ့စွမ်းရည်သည် မမြင့်မားပေ။ သစ်သားစွမ်းရည်သည် တိုက်ခိုက်နိုင်စွမ်းနည်းပါးသော်ငြား သူတို့သည် အသီးအရွက်အစေ့များကို လျင်မြန်စွာကြီးထွားစေနိုင်သည်။ နေရာလွတ်စွမ်းအားများသည် ကုဗမီတာအနည်းငယ်သာကြီးမားပြီး ထိုနေရာတွင် ဝောာင်များနှင့်မြစ်များမရှိကြပေ။ သေဆုံးပြီးသောအရာအချို့သာလျှင် သိမ်းထားနိုင်ပြီး အကျိုးသက်ရောက်မှု နည်းပါးလှသည်။
ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ပတ်၀န်းကျင်သည် ဆိုးရွားပြီးရင်း ဆိုးရွားလာခဲ့ကာ အပင်များစွာသည်လည်း သန္ဓေပြောင်းသွားခဲ့ပြီး လူသားများသည် ရှင်သန်နိုင်ဖို့ အရေးပေါ်အကျပ်အတည်းများကို ကြုံခဲ့ကြရသည်။ စုရွေ့ကျယ်သည် သူ့ဦးလေးမိသားစုနှင့် နှစ်အတော်ကြာကွဲကွာပြီးနောက် အခြေစိုက်စခန်းကြီးတစ်ခုသို့ရောက်လာခဲ့သည်။ အခြေစိုက်စခန်း၏သုတေသနဌာနသည် သုတေသနလုပ်ငန်းများ၌ကူညီရန် စွမ်းအားရှင်များကိုစုစည်းခဲ့ရာ စုရွေ့ကျယ်၏ စိုက်ပျိုးနိုင်ခြင်းနှင့် နေရာလွတ်ကဲ့သို့သော စွမ်းရည်များသည် အလွန်ရေပန်းစားခဲ့သည်။
အစပိုင်း၌ သုတေသနဌာနသည် သူ့အပေါ်တွင်ကောင်းမွန်ခဲ့ပြီး အဓိကအားဖြင့် သူ့စွမ်းအားများကိုသာ လေ့လာခဲ့သည်။ ထိုအရာသည် သူ့အမြုတေကို အဆင့်မြှင့်တင်မှုအများအပြားလုပ်ခဲ့ပြီး သူ့စွမ်းအားများသည်လည်း တတိယအဆင့်သို့ တိုးလာစေခဲ့သည်။ ထို့နောက် သူ့စွမ်းအားများပြောင်းလဲသွားသည်ကိုတွေ့ခဲ့ရပြီး သူ့နေရာလွတ်သည် ပိုကြီးလာခဲ့ကာ ထိုနေရာတွင် တောင်များ မြစ်များနှင့် ကုန်းမြေတို့ပါ ရှိနေခဲ့သည်။ အသီးအနှံများ စိုက်ပျိုးနိုင်သည်သာမက သစ်သားစွမ်းအားကိုအသုံးပြုပြီး အသီးများကိုလည်း လက်နက်အဖြစ်ပြောင်းလဲစိုက်ပျိုးနိုင်ခဲ့လေသည်။
သို့သော်လည်း အခြားသောနေရာလွတ်စွမ်းရည်ရှင်များအတွက်မူ မဖြစ်လာခဲ့ပေ။ ထိုအချိန်၌ စုရွေ့ကျယ်သည် ကမ္ဘာပျက်ကပ်ကြီးအတွင်း နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီး အခြားသောအမှောင်ဘက်ခြမ်းများကိုလည်း မြင်တွေ့ခဲ့ရသော်လည်း သူ့နှလုံးသားထဲတွင်မူ သူ့ကိုနွေးထွေးမှုနှင့် ဂရုစိုက်မှုပေးခဲ့သော ဆွေမျိုးများ၏အရေးပါမှုကို အလေးထားနေဆဲဖြစ်ကာ ထိုလျို့ဝှက်ချက်ကြီးကို သူ့အဒေါ်ထံသို့ဖွင့်ဟခဲ့ပြီး သူတို့မိသားစုပိုမိုကောင်းမွန်လာစေဖို့ရာ တွေးခဲ့လေသည်။
သူဘယ်တော့မှ မတွေးထားမိသည်က သူ့အဒေါ်သည် သူ့ကိုလှည့်စားခဲ့ပြီးနောက် သုတေသနဌာနသို့ရောင်းစားခဲ့သည်ကိုပင်။
သုတေသနဌာနမှ နူးညံ့သိမ်မွေ့သော သုတေသီများသည် သူတို့၏ နူးညံ့သိမ်မွေ့သော မျက်နှာဖုံးများကိုဆုတ်ဖြဲကာ ရသမျှနည်းလမ်းမျိုးစုံနှင့် သူ့ကို စမ်းသပ်မှုများပြုလုပ်ခဲ့ကြပြီး သူ့နာမည်ကိုပင် လူသားမျိုးနွယ်၏ အနာဂါတ်မျှော်လင့်ချက်ဟုပင် ခေါ်ဝေါ်ခဲ့ကြသေးသည်။
လူမဆန်သောနည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ခဲ့ကြပြီးနောက် စုရွေ့ကျယ်၏ အမြုတေကိုပင် ထိုစွမ်းအားအတွက်တူးထုတ်ဖော်ခဲ့ကြကာ သူသေဆုံးသွားခဲ့ရပြီး ထို့နောက် သုတေသီများကလည်း သူတို့၏ နောက်ထပ်မျှော်လင့်ချက်များအတွက် ဆက်လက်ရှာဖွေခဲ့ကြသည်။
အိုး ဘယ်လိုတောင် ထူးဆန်းလိုက်သလဲလေ ...
စုရွေ့ကျယ် ပလပ်စတစ်အိတ်များစွာကို ထုတ်လိုက်ပြီး အသီးအရွက် သစ်သီး၀လံများနှင့် ဖြည့်လိုက်သည်။ ထိုအိတ်များကို ဂူကြမ်းပြင်ပေါ်တွင် စုပုံထားလိုက်ပြီး မနက်ဖြန်ရောင်းချနိုင်ဖို့ရန် ပြင်ဆင်ခဲ့လိုက်သည်။
နေရာလွတ်အပြင်ဘက်တွင် စုရွေ့ကျယ်သည် သစ်သားကုတင်ပေါ် လဲလျောင်းလိုက်ပြီး အားကစား၀တ်စုံဟောင်း၏အိပ်ကပ်ထဲ၌ ပိုက်ဆံအကြွေများကို ထုတ်လိုက်ကာ ဂရုတစိုက်ရေတွက်လိုက်သည်။ ထိုငွေများသည် သူ အသီးအရွက်နှင့်သစ်သီး၀လံများ ရောင်းချခြင်းမှ ယနေ့အတွက်၀င်ငွေဖြစ်သည်။ စုစုပေါင်း ငါးရာ့နှစ်ဆယ်ယွမ်သည် အတိတ်၌ ကြီးမားသော ပမာဏဖြစ်သော်ငြား ယခုစုရွေ့ကျယ်အတွက်မူ အလွန်နည်းပါးသေးပေသည်။
ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ လိုအပ်သည့်ပစ္စည်းများမှာ အလွန်များပြားပေသည်။ အကယ်၍ ကမ္ဘာပျက်ကပ်မစခင်တစ်လကို အခွင့်ကောင်းယူကာ လိုအပ်သည့်ပစ္စည်းများ မစုဆောင်းပါက ကမ္ဘာပျက်ကပ်စသောအခါတွင် အလွန်ကိုနောက်ကျသွားပေလိမ့်မည်။
ပိုက်ဆံ ပိုက်ဆံ၊ သူ ပိုက်ဆံအများကြီးလိုအပ်ပေသည်။
ထိုတစ်ခဏမှာပင် ရုတ်တရက် အိမ်ကိုသတိရသွားသည်။ သိပ်မကြာခင်မှာပင် ဖြိုဖျက်ဖို့အကြောင်းကြားစာ ရော
က်လာလိမ့်မည်ဖြစ်ပြီး စာချုပ်ချုပ်သရွေ့ အကြောင်းကြားစာအရ လူတစ်ဦးလျှင် 300,000 ထက်ပိုရနိုင်လေသည်။