အခန်း(၃) 《 ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့ 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
300,000 ကျော်သည် စုရွေ့ကျယ်အတွက်တော့ အသားလတ်လတ်ဆတ်ဆတ် ကီလိုထောင်ပေါင်းများစွာ ၀ယ်ရန် လုံလောက်ပေသည်။ နေရာလွတ်တွင် ကြက်နှင့်ဘဲများကိုမွေးမြူရန် ၀ယ်ယူသင့်သလား သူမသိသေးပေ။ ကြက်နှင့်ဘဲများကို၀ယ်ပြီးမွေးထားလိုက်ပါက နောက်ပိုင်းတွင် နေ့တိုင်းစားဖို့ ဥများရနိုင်ပြီး တစ်ခါတရံ အသားလတ်လတ်ဆတ်ဆတ်အတွက် တစ်ကောင်လောက်ကိုသတ်နိုင်လေသည်။
သူ့အရင်ဘ၀တွင် အစပိုင်း၌ နေရာလွတ်စွမ်းအားသည် သေပြီးသားပစ္စည်းများကိုသာ သိမ်းဆည်းထားနိုင်သည်။ နောက်ပိုင်းမှသာ အဆင့်မြင့်လာပြီး အသီးအရွက်များ စိုက်ပျိုးနိုင်လာသည့်အပြင် လယ်ကွင်းများထဲ၌ပါ သန္ဓေပြောင်းတိရိစ္ဆာန်များကိုပါ မွေးမြူလာနိုင်ခဲ့သည်။ ကြက်ဘဲများအသက်ရှင်ဖို့နေနေသာသာ အသားစားနိုင်ဖို့က ကောင်းကင်ဘုံတက်နိုင်ဖို့ထက်ပိုခက်လေသည်။ ဤအချိန်မှာတော့ ပိုကြာရှည်ခံသည့်အသားများကို များများ ပြင်ဆင်ထားရပေမည်။ နေ့စဉ်သုံးပစ္စည်းများကိုလည်း ပြင်ဆင်ထားရမည်ဖြစ်ပြီး ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်များကို သိုလှောင်ထားဖို့လည်း လိုအပ်သည့်အပြင် အ၀တ်အစားနှင့် ဖိနပ်များကိုလည်း ၀ယ်ရဦးမည်ဖြစ်သည်။
သူတွေးတောနေရင်း ယွမ် 300,000 သည် သိပ်အလုပ်မဖြစ်ကြောင်း စုရွေ့ကျယ် ခံစားလိုက်ရသည်။
ဟေး၊ ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောကတံတားဆီရောက်လာကတည်းက ဖြောင်ဖြောင့်ပဲလာခဲ့တယ်ဆိုတာ သဘာ၀ပဲလေ*။ ဘာပဲဖြစ်ဖြစ် ဖြိုဖျက်ကြေးငွေကို အရင်ဆုံးယူကြရအောင်။ လူတွေက အမြဲတမ်းအကြပ်အတည်းနှင့်ကြုံလာတိုင်း လွတ်မြောက်ဖို့နည်းလမ်းတွေပေါ်လာစမြဲပါပဲ။
【 T/N; ပြဿနာနဲ့ကြုံလာရင် ဖြေကို ဖြေရှင်းရမှာပဲလို့ဆိုလိုတာပါတဲ့။ 】
စုရွေ့ကျယ်မျက်လုံးတွေမှိတ်လိုက်ပြီး အိပ်လိုက်တော့သည်။
နောက်တစ်နေ့မှာတော့ စုရွေ့ကျယ်စောစောအိပ်ယာထလိုက်ပြီး သူ့အဖိုးအမှိုက်ကောက်ရာတွင် သုံးလေ့ရှိသော တွန်းလှည်းလေးကို ထုတ်ယူလိုက်ကာ ယမန်နေ့က ပြင်ဆင်ထားသော အသီးအရွက်နှင့် သစ်သီး၀လံများကို တင်လိုက်ပြီး အရှေ့လမ်းရှိ ဟင်းသီးဟင်းရွက်ဈေးအ၀င်၀သို့ ဆွဲလာလိုက်သည်။
စုရွေ့ကျယ်သည် လမ်းဘေးနားမြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး လတ်ဆတ်သော အသီးအရွက်များ၊ ဖရဲသီးများနှင့် သစ်သီး၀လံများကို မြေပြင်ပေါ်သို့ ချခင်းလိုက်ပြီး အော်လိုက်သည်။ “ကျွန်တော့် ကိုယ်ပိုင်စိုက်ထားတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီး၀လံတွေနဲ့ ဟင်းသီးဟင်းရွက်တွေရမယ်နော်။ ဈေးပေါပေါနဲ့ အရသာလည်းရှိတယ်”
ဟင်းသီးဟင်းရွက်လာ၀ယ်ကြသော ဦးလေးများနှင့် အဒေါ်များသည် သူဆွဲဆောင်လိုက်ခြင်းကြောင့် သဘောကျကြမည်မှာ သေချာသလောက်ရှိသည်။ အများစုမှာ မနေ့ကသူ့ထံမှ ချယ်ရီသီးများ၀ယ်ခဲ့ကြသူများဖြစ်ပြီး ယနေ့သူ့ကိုမြင်ကြသောအခါ ချက်ချင်းပဲ ကြိုဆိုကြလေသည်။
“ ကောင်ငယ်လေး၊ မင်းမနေ့ကရောင်းတဲ့ အာလူးနဲ့ သခွားသီးတွေရှိသေးလား ”
ဆံပင်ဖြူနေသည့်အမျိုးသမီးကြီးသည် ပြုံးလျက်မေးလာလေသည်။
“ ငါ့ရဲ့မြေးလေးက သက်သတ်လွတ်အစားအစာတွေဆို မကြိုက်ခဲ့ပေမယ့် မနေ့က မင်းဆီက၀ယ်သွားတဲ့အစားအစာတွေကိုတော့ သူကြိုက်တယ်လေ။ နောက်ထပ်အပိုထမင်းတစ်ပန်းကန်တောင် ထပ်စားလိုက်သေးတယ်။ ”
“ဟုတ်ကဲ့ အဖွား ဘယ်လောက်လိုချင်လဲဗျ ”
“အာလူးငါးလုံးနဲ့ သခွားသီးနှစ်လုံးပေးပါ”
“ကောင်းပါပြီအဖွား ယွမ်နှစ်ဆယ်ပါ ”
“ဒီမှာ ”
ဈေးကသိပ်မသက်သာသော်ငြား လူငယ်လေးကို ဘယ်သူကများ ကိုယ်တိုင်အသီးအရွက်တွေ စိုက်ပျိုးခိုင်းလို့လဲ။ ဒီလိုလတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ အသီးအရွက်တွေရဖို့ဆိုတာခက်သည်လေ။ နည်းနည်းလေးဈေးပိုကြီးရုံလောက်က သိပ်မဆိုးပါဘူး။
ယနေ့တော့ စုရွေ့ကျယ်သည် အလွန်ကြီးမားပြီး ဖောက်ထွင်းမမြင်နိုင်သည့် အိတ်တစ်လုံးယူခဲ့လေသည်။ သူ နှစ်ကြိမ်တိုင်တိုင် တိတ်တဆိတ်ထပ်ဖြည့်ခဲ့ပြီး တစ်မနက်ခင်းလုံးရောင်းနေခဲ့ကာ ပိုက်ဆံအမြောက်အမြားရခဲ့၏။
သူပိုက်ဆံများကို တစ်ရွက်ပြီးတစ်ရွက်ခေါက်ကာ အားကစား၀တ်စုံအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အိတ်နှင့်လှည်းကိုသိမ်းကာ အိမ်ပြန်ခဲ့လေသည်။
လမ်းလျှောက်လာရင်း သူ့အနောက်မှ တစ်ယောက်ယောက်လိုက်နေသည်ကို ရုတ်တရက်ခံစားမိလိုက်ပြီး ဆိုင်တစ်ဆိုင်ကိုဖြတ်သွားချိန်တွင် ဆိုင်၏ပြတင်းမှန်မှတဆင့် သူ့အနောက်သို့ တိတ်တဆိတ် ကြည့်လိုက်သောအခါ ဂဏာမငြိမ်သောမျက်လုံးများနှင့် သူခိုးဟုထင်ရလောက်သောလူနှစ်ယောက် သူ့နောက်သို့လိုက်နေသည်ကို မြင်လိုက်ရသည်။ သူ့ကဲ့သို့သော ဆင်းရဲသည့်ကျောင်းသားလေးတစ်ယောက်အဖို့ ဤကဲ့သို့မကြုံတွေ့သင့်သော်လည်း ယခုလေးတင်မှ သူ ပိုက်ဆံများရေတွက်နေခဲ့သည်ကို မြင်လိုက်ကြ၍ဖြစ်နိုင်လေသည်။
သူအရမ်းသတိမဲ့တာပဲ။
စုရွေ့ကျယ် ချက်ချင်းအရှိန်ကိုမြှင့်လိုက်ကာ သူ့နောက်လိုက်နေသူများကို မျက်ခြေဖြတ်ဖို့ ကြိုးစားလိုက်သော်လည်း လူနှစ်ယောက်သည် သူ့နောက်သို့ မျက်ခြေမပြတ် လိုက်လာသည်မှာ လမ်းတစ်၀က်တွင် အရှုံးပေးမည့်ပုံမပေါ်ပေ။
“ဒီကလေးပြေးတာအရမ်းမြန်တာပဲ ”
“အဓိပ္ပါယ်မရှိတာတွေပြောတာရပ်ပြီး မြန်မြန်သာလိုက်ဖမ်းစမ်းပါ။ ဒီလို အားနည်းတဲ့ကြက်ကလေးလိုမျိုး ဆူဖြိုးတဲ့သိုးလေးကိုကြုံရဖို့ဆိုတာ ရှားရှားပါးပါးပဲ။ ပိုက်ဆံတွေရအောင်လုရမယ် ”
“ကောင်းပြီ ”
စုရွေ့ကျယ် ပိုနီးကပ်လာသည့် ခြေသံများကိုနားထောင်လိုက်ပြီး သိသိသာသာပင် အထိတ်တလန့်ပုံနှင့် လမ်းကြားထဲသို့ပြေးသွားလိုက်သည်။
သူခိုးနှစ်ယောက်သည် လှောင်ရယ်လိုက်ရင်း လမ်းကြားထဲသို့ လိုက်၀င်လာခဲ့သည်။ သူတို့နှင့် သိပ်မဝေးသော လမ်းထောင့်နားတွင် ကျန့်ယွင်၏ ရှည်လျားသောပုံရိပ်ပေါ်လာပြီး စူပါမားကတ်မှ၀ယ်လာသည့် အသင့်စားခေါက်ဆွဲဗူးများပြည့်နေသောအိတ်လေးတစ်လုံးကို ဆွဲထားလေသည်။
သူမှတ်မိတာမမှားဘူးဆိုလျှင် ထိုကလေးသည် မနေ့က သူ့ကို ချယ်ရီသီးများရောင်းလိုက်သည့် ဆယ်ကျော်သက်ကလေးဖြစ်သည်။ အခြေအနေကိုကြည့်လိုက်ပါက ထိုလူများသည် ကောင်လေးကို ပစ်မှတ်ထားနေသည်မှာ သိသာလှသည်။ သူက သည် အနီးနားတွင်နေသည်မို့ အမှတ်မမှားလျှင် ထိုလမ်းကြားသည် တစ်ဖက်တွင်လုံး၀အပိတ်ဖြစ်၏။ ထိုဆယ်ကျော်သက်ကလေး၏ ပိန်ပါးပြီးအားနည်းသည့် ခန္ဓာကိုယ်လေးကို တွေးလိုက်မိသောအခါ ဓားတစ်ချောင်းကဲ့သို့သော မျက်ခုံးများသည် ကြုံ့သွားရတော့သည်။
ကျစ် ကျစ် ဒီနှစ်ယောက်က သတ္တိကောင်းပြီး သူ့နယ်မြေမှာ လာလုယက်ရဲတယ်ပေါ့လေ။
ကျန့်ယွင်ဒေါသတကြီးဖြင့် သူ့ခြေတံရှည်များနှင့်အတူ လမ်းကြားထဲသို့လျှောက်သွားခဲ့၏။
ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ လူနှစ်ယောက်၏ အန္တရာယ်များသော ရယ်မောသံကို ကြားလိုက်ရလေသည်။
“ခုခံဖို့ကြိုးစားရဲသေးတာလား သားကောင်လေးရဲ့။ ဒီလောင်ဇီရဲ့လက်ထဲမှာ ဓားပါတယ်နော် ”
“ အာ ”
“ကောင်စုတ်လေး ဓားကိုကြည့်လိုက်စမ်း ”
ကျန့်ယွင် သူ့နှလုံးသားတင်းကျပ်သွားပြီး အိတ်ကိုမြေပေါ်သို့ပစ်ချလိုက်ကာ လျင်မြန်စွာပြေး၀င်သွားလိုက်တော့သည်။ အကယ်၍ သူသာခြေတစ်လှမ်းနောက်ကျသွားပါက ချစ်စရာကောင်းသည့် ဆယ်ကျော်သက်လေးအား တစ်ကိုယ်လုံးမှာ သွေးများဖြင့် တွေ့လိုက်ရမည်ကို သူကြောက်မိသည်။
သို့သော်ငြားလည်း သူမြင်လိုက်ရသည့်ပုံရိပ်သည် သူမြင်ယောင်ထားသည်နှင့် အတော်လေး ကွာခြားနေပေသည်။
စုရွေ့ကျယ်သည် ဓားမြှောက်လာခဲ့သည့် ဓားပြ၏ ဓားဖြင့် ထိုးခံရလုနီးပါးဖြစ်သွားသည်။ စုရွေ့ကျယ်ထိုဓားပြကိုဖမ်းလိုက်ပြီး လှည့်လိုက်ကာ သူ့လက်ထဲရှိဓားမှာ မြေပေါ်သိုကျသွားလေသည်။ ထို့နောက်စုရွေ့ကျယ် ထိုဓားပြကို ကန်လှဲလိုက်ပြီး ဗိုက်ကိုကန်လိုက်သည်။ ဓားပြမှာတော့ နေ့တစ်၀က်လောက် မတ်တပ်မရပ်နိုင်လောက်တော့ပေ။
ကောင်ငယ်လေးသည် သန်မာလှသောခြေထောက်ဖြင့် သူ့ရင်ဘက်ပေါ်နင်းထားလိုက်ရင်း အခြားဓားပြတစ်ယောက်ကို ရှင်းလင်းပြတ်သားသောအသံဖြင့်ပြောလိုက်သည်။
“မင်းရဲ့လက်နက်တွေချလိုက် မဟုတ်ရင် ငါလုပ်လိုက်မယ်....”
စုရွေ့ကျယ် ရက်စက်ကြမ်းကြုတ်သော ခြိမ်းခြောက်မှုတစ်ခုပြောဖို့ ကြိုးစားလိုက်သော်လည်း ရုတ်တရက် သိပ်မဝေးသောနေရာတွင် ရပ်နေသော ကျန့်ယွင်ကို တွေ့လိုက်ရသည်။
ကျန့်ယွင် : ...
ငါထင်ထားတာနဲ့ နည်းနည်းလေး လွဲနေသလိုပဲ....
စုရွေ့ကျယ်၏မျက်လုံးများ ချက်ချင်းစိုက်ကြည့်လိုက်ပြီးနောက် သူ့လက်ရှိပုံစံသည် အတော်လေးမယဉ်ကျေးပုံပေါက်နေသည်ကို သတိထားမိလိုက်ပြီး ထိုလူ၏ရင်ဘက်ပေါ်မှ သူ့ခြေထောက်များကို ဂရုတစိုက်ဖယ်လိုက်ကာ သူ့ ဖြူဖွေးသောပါးပြင်လေးများ တဖြည်းဖြည်းအနီရောင်ပြောင်းလာသည်မှာ စိုးရိမ်မှုကြောင့်ပေလား ရှက်သောကြောင့်ပေလား မပြောနိုင်တော့ပေ။
“ကျွန်တော် ...ကျွန်တော် ရှင်းပြနိုင်ပါတယ်...”
စုရွေ့ကျယ် ထစ်အစွာဖြင့်ပြောလာလေသည်။
သို့သော်လည်း ကျန့်ယွင် မျက်မှောင် ပြင်းပြင်းထန်ထန်ကြုတ်လိုက်၏။ သူ ရှေ့သို့ခြေလှမ်းအနည်းငယ် ပြေး၀င်သွားလိုက်ပြီး စုရွေ့ကျယ်ကို ဘေးဘက်သို့ဆွဲလိုက်ကာ စုရွေ့ကျယ်သူ့အပေါ် သတိလက်လွတ်ဖြစ်သွားချိန်ကိုအခွင့်ကောင်းယူကာ တိုက်ခိုက်ရန်ပြင်နေသောလူကို လျင်မြန်စွာ ကန်ထုတ်လိုက်လေသည်။ ကျန့်ယွင်၏ခွန်အားသည် စုရွေ့ကျယ်၏ခွန်အားနှင့်မယှဉ်နိုင်ပေ။ သူသည်ထိုလူကို ခြေကန်ချက်တစ်ချက်တည်းနှင့် သတိလစ်သွားစေသည်။
ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးသည်ကိုမြင်သောအခါမှ ကျန့်ယွင်သည် စုရွေ့ကျယ်ကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“သွားကြမယ် ”
မနက်ခင်းပိုင်းတွင် အလွန်ဆူညံနေသောကြောင့် ရဲများရောက်လာဖို့ သိပ်မကြာပေ။ မိမိကိုယ်ကိုယ် ကာကွယ်သည်ဟု ပြောနိုင်သော်လည်း နောက်ဆက်တွဲလုပ်ရမည့်အရာများအတွက်တော့ သတိထားရပေမည်။ သူတို့သည် ရဲများနှင့် မည်သို့သောဆက်နွှယ်မှုမျိုးမှ မလိုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကာကွယ်ကြေးများကောက်ခံကာ အသက်မွေး၀မ်းကျောင်းပြုနေသော လူမိုက်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ကျန့်ယွင်၏အရှိန်သည် ပြင်းထန်လွန်းသဖြင့် စုရွေ့ကျယ်တစ်ယောက် စကားမပြောရဲပဲ လိုက်မှီစေရန် ပြေးလွှားနေခဲ့ရသည်။
ကျန့်ယွင်သည် လမ်းအ၀င်အ၀သို့သွားကာ သူပစ်ချထားခဲ့သော အသင့်စားခေါက်ဆွဲဗူးအိတ်ကိုကောက်ပြီး တိုက်ရိုက်ထွက်သွားရန် စီစဉ်ထားသည်။
“ စောင့်ပါအုံး စောင့်ပါအုံး ”
စုရွေ့ကျယ်သည် ကျန့်ယွင်နှင့်ဆုံနိုင်မည့် ဤသို့သောအခွင့်အရေးကောင်းကို လက်မလွှတ်ချင်သောကြောင့် အမြန်အော်ခေါ်လိုက်သည်။
“ ဘာလဲ ”
ကျန့်ယွင် သူ့မျက်ခုံးများကျုံ့လိုက်ရင်း စိတ်မရှည်စွာပဲမေးလိုက်သည်။
စုရွေ့ကျယ် နှုတ်ခမ်းများကိုဖိကိုက်လိုက်ပြီး “ကျွန်တော့် ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်”
ကျန့်ယွင် မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး
“မလိုပါဘူး၊ အဲ့အမှိုက်တွေ ငါ့နယ်မြေမှာပြဿနာရှာတာကိုမလိုချင်ရုံတင်ပဲ။ ပြီးဝောာ့ မင်းကလည်းငါ့အကူအညီလိုနေပုံ မရပါဘူး ”
ယခုလေးတင် ဆယ်ကျော်သက်လေးတိုက်ခိုက်ချိန်၌ သူ့လှုပ်ရှားမှုများမှာ အလွန်ထက်မြက်ပြီး တွေဝေတုံ့ဆိုင်းခြင်း ရှိမနေချေ။ သူသည် သိသိသာသာကို လေ့ကျင့်ထားပုံရပြီး သူမြင်ရသည့်ပုံပန်းသွင်ပြင်ကဲ့သို့ အန္တရာယ်ကင်းသည့်ပုံပေါက်မနေချေ။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ”
စုရွေ့ကျယ်သည် ကျန့်ယွင်၏ငြင်းပယ်နေမှုကို မိမိဘာသာပြင်းပြင်းထန်ထန် သတိပြုမိလိုက်လေသည်။ သူ့နှုတ်ခမ်းများကိုကိုက်လိုက်ပြီး အားတင်းကာ အပြုံးလေးတစ်ခုဆင်လိုက်ရင်း “ကျွန်တော့်နာမည်က စုရွေ့ကျယ်ပါ။ အသက်ဆယ့်ခုနစ်နှစ်ရှိပြီး မြို့ကနံပါတ်တစ်အလယ်တန်းကျောင်းမှာ တက်နေပါတယ်။ ခင်ဗျားနာမည်ကော ဘယ်လိုခေါ်လဲဟင် ”
အတန်ကြာတတ်ဆိတ်သွားပြီး ကျန့်ယွင်စကားနှစ်လုံးပြောလိုက်သည်။
“ကျန့်ယွင် ”
စုရွေ့ကျယ်သည် ထွက်သွားသော ကျန့်ယွင်၏ နောက်ကျောကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူတို့ကြားကအရာတွေ သိပ်အဆင်ပြေမနေဘူးထင်တယ်.....
တကယ်တော့ သူ့လက်သီးနှင့် ခြေကန်ချက်စကေးများသည် သူ့ညီအစ်ကို*များမှ သင်ပေးခဲ့ခြင်းပဲဖြစ်သည်။ မမျှော်လင့်ပဲ ယခုတော့ မိမိကိုယ်ကိုယ်ကာကွယ်ဖို့အကြောင်းအရင်း ဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း ကျန့်ယွင်၏ တုန့်ပြန်မှုအပေါ် သူအပြည့်အ၀ နားလည်နိုင်ပါသည်။ ကျန့်ယွင်သည် သာမန်ဂိုဏ်းစတားလေးတစ်ယောက်မှ မဟုတ်သည်ပင်။
သူတို့တွေ့ဆုံနိုင်ဖို့ အခွင့်အရေးများရှိသည်ကို သူကောင်းကောင်းသိပါသည်။ သူ သူ့အရှေ့တွင် မတိုက်ခိုက်ခဲ့သင့်ပေ။ သူအလုယက်ခံလိုက်တာပိုကောင်းပြီး အနည်းဆုံးတော့ ကယ်တင်ခံရနိုင်သည်လေ။
【TN : အေးလေ ကလေးက ဘဲဘဲကယ်တင်တာလည်းခံချင်သေးတာပေါ့လို့ ( ̄ヘ ̄;) 】
သို့သော် ဤတစ်ကြိမ်မှာတော့ ပထမဆုံးအဆင့်အနေနှင့် သူတို့ချင်း နာမည်ဖလှယ်နိုင်ခဲ့ကြသည်ပဲလေ။
စုရွေ့ကျယ်သည် အိတ်နှင့်လှည်း နှင့်အတူ လမ်းကြားထဲမှ ထွက်သွားခဲ့သည်။ အစပိုင်းတွင် သူသည်ပိုက်ဆံရှာနိုင်ခဲ့သောကြောင့် ခံစားချက်ကောင်းမွန်နေပြီး အိမ်ပြန်ကာ ကိုယ်တိုင် အစားအသောက်တစ်နပ်လောက်ချက်စားချင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ စိတ်မပါတော့ချေ။
“ဦးလေးဝူ ကျနော့်ကို ဆိတ်သားကင်ဆယ်ချောင်း၊ အမဲသားကင်ငါးချောင်း၊ မိုးခိုသားကင်နှစ်ချောင်းနဲ့ ပြောင်းဖူးကင်တစ်ချောင်းပေးပါ။ ပြီးတော့ ထမင်းဖြူတစ်ပန်းကန်ရောပဲ ”
ရင်းနှီးနေသော အသားကင်ဆိုင်သို့သာ လာလိုက်ပြီး အနံ့ကိုရှူရှိုက်လိုက်ရင်း စုရွေ့ကျယ်သည် မိနူးနှင့်ရင်းနှီးနေပြီးသောကြောင့် အများအပြားကိုမှာယူလိုက်လေသည်။
“ကိစ္စမရှိဘူး ကိစ္စမရှိဘူး ”
ဝူချီသည် သူကမ်းပေးသောပိုက်ဆံကိုလှမ်းယူလိုက်ရင်း ကတိပေးလိုက်ကာ အသံနိမ့်နိမ့်ဖြင့်မေးလာလေသည်။
“ရှောင်ကျယ် မင်းအိမ်မှာ အခြားအသီးအရွက်တွေရှိသေးလား။ မနေ့က ငါ မင်းရောင်းခဲ့တဲ့အသီးအရွက်တွေနဲ့ အကင်လုပ်ရောင်းတော့ တစ်ညတည်းနဲ့အကုန်ရောင်းကုန်သွားတယ်လေ။ ဧည့်သည်တွေက အရသာရှိတယ်လို့ပြောကြတယ်။ မင်း နောက်ထပ် ဦးလေးကို ပိုရောင်းပေးနိုင်မလား ”
“ ရတာပေါ့”
စုရွေ့ကျယ်သည် တွန်းလှည်းထဲရှိအိတ်များစွာကိုအလျင်အမြန်ဖယ်ရှားလိုက်လေသည်။ အကြောင်းမှာ မနက်ပိုင်း၌ပင် ပါလာသမျှအကုန်ရောင်းကုန်သွား၍ပင်။ ထိုအိတ်များဖုံးကွယ်ထားရင်း အခြားသူများ၏အာရုံကို မဆွဲဆောင်မိခင် လျင်မြန်စွာဖြင့် သူ့နေရာလွတ်ထဲမှ အိတ်များစွာကိုထုတ်ယူလိုက်လေသည်။ ထို့နောက် ဝူချီကို နီရဲပြီးကြီးမားသောချယ်ရီသီးများအပါအ၀င် အသီးအရွက်များအပြည့်ပါသည့် အိတ်တစ်လုံးကို ပေးလိုက်လေသည်။ ဝူချီသည် ကလေးထံမှ အခွင့်အရေးမယူချင်ပေ။ သူသည် အနီရောင်နှစ်ရွက်ကို သူ့ထံသို့ပေးလိုက်လေသည်။ အဆုံးမှာတော့ စုရွေ့ကျယ်သည် သူ့အကြောင်းပြချက်များကြောင့် သူတို့ကိုလက်ခံလိုက်ရသည်။
【 T/N; အနီရောင်နှစ်ရွက်က ယွမ်တစ်ရာတန်နှစ်ရွက်ကိုပြောတာပါ။ တရုတ်တွေက ယွမ်ကို အဘိုးမောင် လို့လည်းခေါ်ကြတယ်။ 】
“ဦးလေးဝူ ဘယ်နေရာမှာ ကြက်နဲ့ဘဲတွေရောင်းလဲ သိလားဟင်။ ကျနော် အိမ်မှာမွေးဖို့ နည်းနည်းလောက်၀ယ်ချင်လို့ ”
ယခုအခါများတွင် ကြက်အရှင်များကို အပြင်တွင်မရောင်းနိုင်ပေ။ ကြက်နှင့်ဘဲအရှင်များကို၀ယ်ယူရန် မလွယ်ကူလှပေ။ ဝူချီသည် ဤနေရာတွင် ဆိုင်ဖွင့်ခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သောကြောင့် ကြက်၊ဘဲနှင့် ငါးများကို ၀ယ်ရန်သိနိုင်သည်မှာ သေချာပေသည်။
“မင်းလူမှန်ကိုမေးမိတာပဲ ”
ဝူချီသည် ရယ်မောရင်း စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်ကာ ဖုန်းနံပါတ်တစ်ခုကိုချရေးပြီး သူ့ထံသို့ပေးရင်းပြောလိုက်သည်။
“လောင်ကျန်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက်သိလာတာ နှစ်တွေအကြာကြီးရှိနေပြီ။ သူက အကောင်းဆုံး ကြက်ဘဲမွေးမြူရေးသမားပဲ။ သူ့ကို ငါမင်းကိုမိတ်ဆက်ပေးတယ်လို့သာပြောလို
က်။ မင်းသေချာပေါက်ဈေးသက်သက်သာသာနဲ့ ရနိုင်လိမ့်မယ် ”
“ကျေးဇူးတင်ပါတယ် ဦးလေးဝူ ”
စုရွေ့ကျယ် ပျော်ရွှင်စွာနှင့် စာရွက်ပိုင်းလေးကို ကောက်ယူလိုက်သည်။