အပိုင်း ၆၆၁-၆၆၂
Viewers 37k

Part 661


မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှောင်၀မ်သည် ဖန်းရှောင်ထံမှ ဂီတာတီးခြင်းနှင့် ပန်းချီဆွဲခြင်းကို သင်ခဲ့ရပြီး စန်း၀မ်ကလည်း ဖန်းရှောင်နှင့် ရယ်စရာများကို စိတ်ပါလက်ပါပြောခဲ့ကြဖူးလေသည် ။ တ၀မ်က စကားနည်းသော်လည်း အမြဲဆိုသလို ဖန်းရှောင်က သူမတို့အိမ်၌ ရေချိုးရန်လာခဲ့ချိန်တိုင်း၌ ရေကူဆွဲပေးခဲ့ဖူးလေသည်။ 


ကလေးများကြားမှ ခင်မင်ခြင်းသည် လူကြီးများကြားရှိ ခင်မင်ခြင်းနှင့် ကွဲပြားပေသည်။ 


မိုင်ဆွေ့ : " မားမား အစ်မဖန်းက သမီးနဲ့ အား၀မ်ဖို့ ဂီတာပေးသွားတယ် "


လင်းလန် : " မားမားက နှစ်ကူးပြီးရင် မြို့မှာ သွား၀ယ်ပေးမလို့ စဥ်းစားထားတာ "


ဂီတာအပြင် ဖန်းရှောင်သည် ကရင်မ် ၊ ဒန်းပန်းရောင်စုံလေးများနှင့် စာအုပ်များ  ၊ ပိတ်စများ ၊ ဓာတ်ဗူးများကိုပါ  မိုင်ဆွေ့အား ပေးခဲ့လေသည်။ 


(ငါက လက်ဖက်ရည်ခွက်လေးနဲ့ နေ့လယ်စာဘူးလေးကို ပြန်ယူသွားပြီး ခြေထောက်ဆေးဖို့ ဇလုံလေးကိုတော့ ငါ့ညီမလေးကိုပဲ ပေးခဲ့လိုက်မယ် "


အိပ်မက်ထဲမှာတောင် ခေါင်းဆောင်လင်းရဲ့ အစားအသောက်တွေက အရမ်းစားကောင်းတာပဲလို့ တွေးနေတာ 


ငါ့ကို သတိရနေရမယ်နော် ၊ အရမ်းချစ်တာ သိတယ်မလား )


" မားမား " မိုင်ဆွေ့ လင်းလန်၏ ပုခုံးထက်၌ မှီချလိုက်မိသည်။ 


လင်းလန် မိုင်ဆွေ့၏ ဆံပင်များကို သပ်ပေးလိုက်သည်။ 


" မငိုနဲ့တော့လေ ခွဲခွာကြတယ်ဆိုတာ ပိုကောင်းတဲ့ တွေ့ဆုံမှုမျိုးနဲ့ ပြန်တွေ့ကြဖို့လို့ မားမားပြောဖူးတယ်မလား သမီး ကောလိပ်တက်ဖို့သွားရင် ပြန်ဆုံကြရမှာပါ အဲ့အခါကြရင်လည်း အခုလိုပဲ ပြန်နေရဦးမှာပါ "


ဒီနှစ်တွေကိုသာ ဖြတ်ကျော်နိုင်မယ်ဆိုရင် ဒီခင်မင်ရင်းနှီးမှုက ပိုခိုင်မာလာမှာပါ ။ 


လင်းလန် မိုင်ဆွေ့ကိုကူညီကာ ပစ္စည်းများကို ထုပ်ပိုးပေးလိုက်သည့်အခါတွင် ဖန်းရှောင်၏ ကရင်မ် ၊ ဒန်းပန်းနှင့် အင်္ကျီအချို့ပျောက်နေသည်ကို တွေ့လိုက်ကြရသည်။ 


မိုင်ဆွေ့ : " သမီး သူတို့ကို သွားမေးကြည့်လိုက်မယ် "


မိုင်ဆွေ့ အံ့သြလို့မဆုံးနိုင် ဖြစ်မိသည်။ အားလုံးက ပုံမှန်ပဲဖြစ်နေကာ ချီမင်နှင့် ကောင်းလုကသာ မသင်္ကာစရာကောင်းနေတာဖြစ်သည်။ 


လင်းလန်လည်း မတားမြစ်ဖြစ်ပါ ။ 


မိုင်ဆွေ့က အပြင်တွင်ရှိနေကြသည့် ကောင်းလုနှင့် ချီမင်ထံသို့သွား၍ မေးခွန်းထုတ်လိုက်သည်။ 


" အစ်မဖန်းရှောင် ချန်ထားခဲ့တဲ့ ကရင်မ်နဲ့ အင်္ကျီတွေကို တွေ့မိသေးလား အစ်မဖန်းရှောင်က သမီးဖို့ ထားခဲ့တာ "


ထိုနှစ်ဦးသည် မိုင်ဆွေ့ကိုပြန်ကြည့်ကာ မမြင်မိဘူးဟုဆိုသည်။ 


မိုင်ဆွေ့ စာရွက်ကို မြှောက်ပြကာ " အစ်မဖန်းက စာရင်းနဲ့ ထားခဲ့တာ "ဟု ပြန်ပြောလိုက်သည်။ 


ထိုနှစ်ယောက်သည် မျက်နှာပျက်သွားကြကာ ကောင်းလုက ပြန်ပြောသည်။ " သူမ ထားခဲ့တဲ့ စာရင်းက မှန်မမှန် ဘယ်လိုလုပ်သိမှာလဲ သူမက နင့်ကို လိမ်နေတာလည်း ဖြစ်နိုင်တာပဲလေ "


ချီမင်ကလည်း လက်ပိုက်လိုက်ကာ ပြန်ပြောလေ၏။ 


" မဟုတ်ရင်လည်း အထုပ်ပြင်နေရင်း မှားသိမ်းသွားမိတာနေမှာပေါ့ အိမ်ထဲမှာ ရှာကြည့်ကြည့်ပါလား "


မိုင်ဆွေ့ : " အစ်မဖန်းပေးခဲ့တဲ့ ပစ္စည်းတွေက ခုတင်ပေါ်မှာပဲ ထားခဲ့တာ တကူးတက ရှာနေစရာမလိုဘူး ဒါမှမဟုတ်လည်း ကူရှာပေးကြပါလား "


ချီမင်နှင့် ကောင်းလုလည်း ရွေးချယ်စရာမရှိသဖြင့် အိမ်ထဲသို့၀င်ကာ ရှာချင်ယောင်ဆောင်ပြလိုက်ရသည်။ ထို့နောက်တွင် ကောင်းလုက ကရင်မ်နှစ်ဘူးနှင့် လိမ်းဆေးဘူးများကို အံဆွဲထဲမှ ထုတ်လာကာ အင်္ကျီများကိုလည်း ခုတင်အောက်ထဲမှ ထုတ်ပေးလာလေသည်။ 


မိုင်ဆွေ့က ခြေဆေးဇလုံနှင့် ဓာတ်ဗူးများကိုပါ ယူနေသည်ကိုတွေ့သောအခါ ကောင်းလု မေးလိုက်သည်


" ဓာတ်ဗူးပါ ယူသွားမလို့လား " 


သူမတို့လည်း အဲ့ဒါကို သုံးချင်သေးတယ်လေ ။ 


မိုင်ဆွေ့က ဂရုမစိုက်ပါ ။ အစ်မဖန်းက သူမကိုပေးခဲ့တာဖြစ်သဖြင့် အကုန်ယူသွားမှာပဲ ဖြစ်သည်။ 


ထိုအချိန်တွင် ဟန်ချင်စုန့်လည်း ရောက်လာလေသည်။ လင်းလန်က ဟန်ချင်စုန့်အား အိမ်ထဲသို့၀င်ကာ စာအုပ်များကို သွားယူစေချင်သော်လည်း ဟန်ချင်စုန့်က အထဲမ၀င်ချင်ဟု ငြင်းသည်။ 


မိန်းကလေးများနေသည့်အခန်းဖြစ်၍ ဟန်ချင်စုန့် သတိထားနေတာဖြစ်ကြောင်းကို သိသဖြင့် လင်းလန်လည်း သူမဘာသာပဲ သွားသယ်လာခဲ့လိုက်သည်။


ထိုအခါမှ ဟန်ချင်စုန့်က လွှဲယူလေသည်။ 


လင်းလန် : " မိုင်ဆွေ့ အတန်းကိုပြန်သွားတော့ ဒါတွေကို မားမား အိမ်ကိုပြန်ယူသွားလိုက်မယ် "


မိုင်ဆွေ့သည် ထိုအခါမှ အား၀မ်နှင့် အခြားသူများနှင့်အတူ ကျောင်းသို့ ပြန်သွားလေသည်။ 


အိမ်ပြန်ရောက်သည့်အခါ လင်းလန် မိုင်ဆွေ့၏ အခန်းထဲ၌ ထားထားပေးလိုက်သည် ။ ကျောင်းမှပြန်လာသည့်အခါမှ သူမဘာသာ ရှင်းလင်းပေလိမ့်မည် ။ 


လင်းလန် သက်ပြင်းချလိုက်မိသည်။ " ဆွေမျိုးမဟုတ်တာတောင် ရင်ထဲဟာသွားသလိုပဲ ဒီလို ရုတ်တရက်ပြန်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ "


ကြိုပြီးသာ သိခဲ့မယ်ဆိုရင် ကောင်းကောင်းလေးနှုတ်ဆက်ပြီး ညစာဖြစ်ဖြစ် အတူစားခဲ့လို့ရလောက်တဲ့ဟာကို ။ 


ဟန်ချင်စုန့်ကမူ ထိုသို့ခံစားမနေရချေ ။ အလုပ်ပြောင်းကာ ရဲဘော်များနှင့် ခွဲခွာစဥ်ကလည်း ဘာမှ မခံစားခဲ့ရပေ ။ အကြောင်းမှာ သူတို့သည် တပ်ထဲမှ ရဲဘော်ရဲဖက်များသာဖြစ်ကာ အချိန်တန်လျှင် အိမ်သိုပြန်ကြရမည်ကို သိထားကြ၍ ဖြစ်လောက်ပေသည်။


ထို့ကြောင့် ဖန်းရှောင်နှင့်ခွဲရ၍ လင်းလန် ခံစားနေရသော ၀မ်းနည်းမှုကို သူ နားမလည်ပါ ။ ဇနီးလေးအား နှစ်သိမ့်ပေးချင်သော်လည်း ဘယ်လိုပြောပေးရမည်ကို မသိသဖြင့် ဟန်ချင်စုန့် လင်းလန်အား ဖက်ကာကျောလေးကို ပုတ်ပေးနေလိုက်မိသည်။ 


လင်းလန်က သက်ပြင်းချလိုက်ပြန်လေသည်။ " ယောက်ျား ကလေးတွေ ကြီးလာရင်လည်း အဲ့လိုပဲ ခွဲသွားကြရင် ကျွန်မ ...."


ဟန်ချင်စုန့် ထိုခံစားချက်ကို ပိုလို့တောင် နားမလည်ပေ ။ သူ့အတွက်မူ ငယ်စဥ်ကတည်းက မိဘများထံမှ အချစ်မခံခဲ့ရဘဲ အလုပ်များသာ လုပ်နေခဲ့ရပြီး ကြီးလာသည့်အခါတွင်လည်း တပ်ထဲ၀င်ခဲ့ရတာ ဖြစ်သည်။ 


ထို့ကြောင့် သူ့အတွက်တော့ ကလေးများ အရွယ်ရောက်ကာ လက်ထပ်ပြီး ထွက်သွားကြမည်က ပုံမှန်သာဖြစ်ပေသည်။ ငယ်စဥ်တကည်းက ထိုသို့ခံယူချက်မျိုး ရှိနေခဲ့တာဖြစ်၍ ဟန်ချင်စုန့်က အထူးတလည် ခံစားနေမည် မဟုတ်ပါ ။ 


ဘာပဲဖြစ်ဖြစ် လင်းလန်က သူ့ဘေးမှာပဲ အမြဲတမ်းရှိနေမှာပဲလေ ...


လင်းလန်တစ်ယောက်သာ သူ့ဘေးတွင် ရှိနေပါက လုံလောက်နေပြီဖြစ်သည်။ အခြားသူများကိုမူ သူ မထိန်းချုပ်ချင်ပါ ။ 


နှစ်သိမ့်စကား မပြောပေးနိုင်သဖြင့် ဟန်ချင်စုန့် လင်းလန်ကိုသာ တင်းတင်းလေးဖက်ပေးလိုက်မိသည်။ ပြီးနောက်တွင် လင်းလန်အား ပွေ့ချီလိုက်ကာ ခုတင်စွန်း၌ ချပေးလိုက်ပြီး ငုံ့ကြည့်လိုက်သည် ။ 


မီးရောင်ပြပြလေးပဲရှိသည့် အခန်းထဲ၌ ဟန်ချင်စုန့်၏ မျက်၀န်းများက ကျောက်စိမ်းများလိုပင် နက်မှောင်လာပြီး လူများကို ၀ါးစားသွားတော့မတတ်ဖြစ်လို့နေသည်။ 


ထို့ကြောင့် လင်းလန် ရင်ခုန်မြန်လာကာ ၀မ်းနည်းနေခြင်းလည်း မရှိတော့ချေ ။ 


Xxxxxxxxx

Part 662


ဟန်ချင်စုန့်၏ နှာဖျားက လင်းလန်၏ပါးနားတွင် ကပ်လာကာ နမ်းတော့မည်လုပ်လိုက်သော်လည်း ရုတ်တရက်ရပ်လိုက်ကာ " ချီဖုန်းပေါ်က ဘယ်သူလဲ "ဟုမေးလေသည်။


လင်းလန် : " ....ဘာလို့ ဒီခေါင်းစဥ်ကို ရောက်သွားတာလဲ "


" သူက ကျားရှန်တပ်မဟာက လူထုလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင်လေ စာရေးပြီး ကျွန်မနဲ့ ဆွေးနွေးချင်တာလို့ ပြောတာပဲ "


" ဪ သူက မင်းဆီကို စာလည်းရေးတယ်ပေါ့ "


" ဟုတ်လား ကျွန်မတော့ မထင်ဘူးနော် " လင်းလန် ဟန်ချင်စုန့်အားကြည့်ကာ " ရှင် ကျွန်မရဲ့စာတွေကို ယူဖတ်ထားတာလား " ဟုမေးလိုက်သည်။ 


" မဖတ်ပါဘူး "


" တကယ်လား "


" တကယ် "


" ကောင်းပြီလေ ညစာသွားချက်လိုက်ဦးမယ် "ဟုဆိုကာ လင်းလန် ထရန်ပြင်လိုက်သော်လည်း ဟန်ချင်စုန့်က သူမ၏ဘေး၌ လက်နှစ်ဖက်ကိုထောက်လိုက်ပြီး ထခွင့်မပြု ။ 


ဟန်ချင်စုန့်သည် လူကောင်ကြီးသူဖြစ်သဖြင့် လင်းလန်အား လုံးလုံးလျားလျား အုပ်မိုးထားနိုင်လေသည်။ 


" ယောက်ျား ...အဲ့ဒါက အလုပ်ကိစ္စပဲလေ "


" ဪ "


" စိတ်ထဲမထားပါနဲ့ "


" ကိုယ် စိတ်ထဲမထားပါဘူး "


" ဒါဆို ဟင်းချက်ဖို့သွားတော့မယ်နော် "


" ကိုယ့်အထင်တော့....." ဟုဆိုကာ ဟန်ချင်စုန့်က စကားဆက်မပြောဘဲ လင်းလန်၏မေးကိုကိုင်၍ အနမ်းခြွေလေ၏။ အတော်ကြာပြီးနောက် လင်းလန် ပျော့ခွေသွားမိသည်။ 


" ကိုယ် စိတ်ထဲမထားပါဘူး ကိုယ်က မင်းကို နမ်းချင်နေရုံပါ "


လင်းလန် ပါးလေးများရဲလာသော်လည်း ဟန်ချင်စုန့်အား လည်ပင်းမှဆွဲကာ အနားသို့ခေါ်လိုက်မိသည်။ 


အပြင်မှကလေးများ၏ အသံကိုကြားလိုက်ရသည့်အခါ  ဟန်ချင်စုန့်က လင်းလန်ကိုလွှတ်ပေးလိုက်ပြီး ထူပေးကာ ဆံပင်များကိုလည်း ပြန်သပ်ပေးသည်။ 


" စာတွေစစ်ရင်းနဲ့ မြင်လိုက်တာ "


နှိမ်နင်းခြင်းအမှုကို ဆောင်ရွက်နေစဥ်တွင် ပြည်သူ့လုံခြုံရေးဗျူရိုသည် စာများကို သံသယ၀င်စရာအကြောင်းပါမပါ စစ်ဆေးရန် တာ၀န်ရှိလေသည်။ 


• • • 


ဖန်းရှောင် မြို့ပြန်သွားသည့်အတွက် ကလေးများသည် ပထမဆုံးခွဲခွာခြင်းကို ခံစားဖူးသွားပြီး ၀မ်းနည်းလို့နေကြသည်။ 


နှစ်ရက်သုံးရက်ကြာပြီးနောက်တွင် ရှောင်၀မ်သည် " ထွက်ခွာသွားသည့် မိန်းကလေး " ဟူသည့်သီချင်းကို ရေးလို့ပြိီးသွားလေ၏။ ခွဲခွာခြင်း ၊ ခင်မင်မှုနှင့် မိသားစုချစ်ခြင်းများအကြောင်းကို သူနားလည်သည့် ရှုထောင့်မှ ရေးထားတာဖြစ်ပေသည်။ 


မျက်စိတစ်မှတ်အတွင်းမှာဲ နွေဦးပွဲတော်အချိန်သို့ရောက်လာကာ ဖန်းရှောင်ထံမှ စာကိုလည်းရလာလေသည်။ စာထဲ၌ ရေးထားသည်က သူမ၏ဖခင် နာမကျန်းဖြစ်နေသည့်အတွက် မြို့သို့ပြန်ရခြင်းဖြစ်ပြီး သူမ၏အဒေါ်က ဖန်းရှောင်အား နန်ကျင်းစစ်တပ်သို့ ၀င်ခိုင်းစေသောကြောင့် ယခုဆို သူမသည် အချက်ပြတပ်သားဖြစ်နေပြီဟုဆိုသည်။ သူမသည် နေကောင်းကာ လင်းလန်တို့မိသားစုလည်း နေကောင်းကျန်းမာပါစေဟု ဆိုထားပြီး မိုင်ဆွေ့တို့မောင်နှမတစ်စုကိုလည်း စာကြိုးစားကာ သူမထံသို့ လာတွေ့ကြနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ရေးထားသေးသည်။ 


မိုင်ဆွေ့ကလည်း ဖန်းရှောင်ထံ ပြန်စာရေးနေလေ၏။ မောင်နှမများက တစ်ယောက်ကို နှစ်ကြောင်းစီရေးကြကာ လင်းလန်ကလည်း သူမနှင့် ဟန်ချင်စုန့်၏ကိုယ်စား ဆုမွန်ကောင်းတောင်းသည့်စာ အနည်းငယ် ရေးပေးလိုက်သည်။ 


အား၀မ် : " ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုက ထာ၀ရဖြစ်နေမှာပါ "


စန်း၀မ် : " ကျွန်တော်က စန်း၀မ်ပါ ကျွန်တော်က စာရေးရတာ မကြိုက်ဘူး " ဟုရေးကာ ကျန်တာကို မိုင်ဆွေ့တို့အား ဆက်ရေးခိုင်းသည်။


ရှောင်၀မ်ကလည်း နည်းနည်း၀င်ရေးသေးသည်။ " အစ်မဖန်းရှောင် သား အစ်မဖို့ ပန်းချီလက်ဆောင်ပေးမလို့ လုပ်ထားတယ် "


တ၀မ်က သက်ပြင်းချကာ သူ့နာမည်ကိုသာရေး၍ အပိုစာသားတစ်ခွန်းမပါပေ ။


မိုင်ဆွေ့ကမူ အိမ်သားအားလုံး၏ အခြေအနေကိုရေးပြီး စိတ်၀င်စားစရာအကြောင်းများကိုလည်း ရေးလေ၏။ အထူးသဖြင့် ညလယ်ခေါင်ထကာ သီချင်းရေးသည့် ရှောင်၀မ်၏ အကြောင်းကိုပင် ။ နောက်ဆုံးတွင် ဖန်းရှောင်၏ အိပ်မက်များ ဖြစ်လာစေရန် ဆုတောင်းပေးပြီး နိဂုံးချုပ်လိုက်သည်။ 


နွေဦးပွဲတော်ပြီးသည့်အခါတွင် နွေဦးရိတ်သိမ်းချိန်ရောက်လာသဖြင့် အားလုံးသည် အလုပ်များနေကြလေ၏။ 


ဤသို့ဖြင့် နွေရာသီ အလယ်သို့ ရောက်လာပြန်လေသည်။ 


ငါးတန်းကျောင်းသားများသည် နောက်ဆုံးစာမေးပွဲဖြေပြီးကြသဖြင့် အားလပ်ရက်ရကြကာ စက်တင်ဘာလတွင် အထက်တန်းကျောင်းတက်ရန် စောင့်နေကြရလေသည်။ တ၀မ်က စာမေးပွဲဖြေပြီးသွားသဖြင့် အားလပ်ရက်ရနေပြီး အခြားကလေးများကမူ ကျောင်းသွားနေရဆဲဖြစ်သည်။ 


နေ့လယ်ခင်း ကျောင်းမှပြန်လာချိန်တွင် စန်း၀မ်က တက်ကြွနေ၏။ " အစ်ကိုကြီးက ဒါဆိုရင် အဖေနဲ့ ကွန်မြူနတီကို လိုက်သွားတော့မှာလား "


တ၀မ် : " လမ်းလျှောက်ပြီးပဲ လိုက်မှာ "


သူတို့သည် ကွန်မြူနတီနှင့် သိပ်မဝေးသဖြင့် ပြေးသွားရင်ရကာ အဖေဖြစ်သူနှင့် စက်ဘီးအတူစီးစရာ မလိုပေ ။ သူက အဖေနဲ့ တစ်ရင်းတစ်နှီး မနေချင်တာလည်း ပါပေသည်။ 


လင်းလန်က အိမ်တွင် ပိတ်စများရွေးနေကာ တ၀မ် ဆောင်းဦးရောက်လျှင် ကျောင်းသွားတက်သည့်အခါ ၀တ်သွားရန် အင်္ကျီများချုပ်ပေးဖို့ ပြင်နေလေသည်။ " တ၀မ်က အခုဆိုရင် အထက်တန်းတက်တော့မှာဆိုတော့ လူကြိိးအင်္ကျီတွေ ၀တ်လို့ရနေပြီပဲ "


တ၀မ်က အတော်လေးထွားလာပြီဖြစ်သည်။ ဆယ့်လေးနှစ်သာရှိသေးသော်လည်း ၁၇၅စင်တီမီတာအထိ အရပ်ရှည်နေပြီဖြစ်ကာ သာမန်လူငယ်များထက် ပို၍ထွားသောကြောင့် လူကြီးဆိုဒ်များကို ၀တ်လို့ရနေပြီဖြစ်သည်။ 


အထက်တန်းတက်ဖို့အတွက်လည်း စားနပ်ရိက္ခာများ ပြင်ဆင်ပေးလိုက်ရဦးမည်ဖြစ်သည်။ ဒါပေါ့ အစားအသောက်များထည့်ပေးလိုက်မှာမဟုတ်ဘဲ လက်မှတ်များကိုသာ ထည့်ပေးလိုက်မှာဖြစ်သည် ။ တ၀မ်က ယခုဆ်ို အတော်လေးစားနိုင်နေပြီဖြစ်ကာ ဟန်ချင်စုန့်ထက်ပင် ပိုစားနိုင်သောကြောင့် သူမတို့ မတတ်နိုင်မည်ကို စိုးရိမ်နေမိသည်။ ၀ူးးးးး ~ 


ဆယ့်လေးနှစ်အရွယ်ရောက်လာလို့ထင်၏ ။ တ၀မ်သည် ယခင်နှစ်ကနှင့် လုံး၀မတူတော့ချေ ။ အသံလည်း ပြောင်းလာကာ လည်စိလည်း ထွက်လာပြီး လူပျိုဖော်၀င်ခြင်း၏ ဒုတိယအဆင့်ကို ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် တ၀မ်သည် ပြောင်းလဲလာသည့် သူ့အသံကို ကြားရမည်စိုး၍ စကားနည်းလာလေ၏။ 


တ၀မ်က ဟန်ချင်စုန့်ထက်ပင် စကားနည်းသွားမည်ကို လင်းလန် စိုးရိမ်မိသဖြင့် အိမ်၌ ရရင်သရသလို စနောက်ကာ စကားပြောပေးပါသော်ငြား တ၀မ်ကမူ တတ်နိုင်သမျှ နည်းနည်းလေးသာ ပြန်ပြောတတ်လေသည်။ 


ထို့ကြောင့် အမေအိုကြီး လင်းလန်မှာ ပူပန်နေရပြန်သည်။ 


လင်းလန် : " သားကြီးရေ ကောက်ရိုးဖိနပ်တွေ မ၀တ်နဲ့တော့နော် ပိတ်ဖိနပ်တွေလည်း ရှိတယ်မလား မားမား နောက်တစ်ရံလည်း ထပ်လုပ်ပေးဦးမယ် "


သူမတို့မိသားစုသည် ချမ်းသာသည့်အနေအထားတွင် ရှိသော်လည်း ကလေးများက ကောက်ရိုးဖိနပ်စီးရသည်ကို ရှက်ရွံ့နေကြခြင်း မရှိကြချေ ။ 


တ၀မ် : " အင်း "


စန်း၀မ်က အားကျသွားသည်။ " မားမား အစ်ကိုကြီးက ကျားဖန်ဖိနပ်ကို ၀တ်လို့မရဘူးလား "


လင်းလန် : " ကျားဖန်ဖိနပ်က ဘယ်မှာရှိလို့လဲ ကျားဖန်ဖိနပ်က မကောင်းပါဘူး ချွေးတွေထွက်လာလိမ့်မယ် ပိတ်ဖိနပ်တွေက အကောင်းဆုံးပဲ မင်းတို့ဒေါ်လေးလုပ်တဲ့ ပိတ်ဖိနပ်တွေက သက်သောင့်သက်သာရှိတယ် " လင်းလန် ရှို့ယွင်၏အမေအား ကျေးဇူးတင်၍မဆုံးပေ ။ ထို့ကြောင့် လင်းလန်လည်း ပစ္စည်းကောင်းတစ်ခုရှိသည်နှင့် ရှို့ယွင်ကို ပေးတတ်လေသည်။ 


Xxxxxxx