Part 663
အားကစားဖိနပ်ကောင်းကောင်း သို့မဟုတ် သားရေဖိနပ်ကောင်းကောင်းကို မ၀ယ်နိုင်သေးသရွေ့ လင်းလန်က ပိတ်ဖိနပ်များကိုသာ ၀တ်ခိုင်းရန် ရည်ရွယ်ထားသည်။ ကျားဖန်ဖိနပ်များက ချွေးထွက်လွယ်သောကြောင့် လင်းလန် မကြိုက်ပေ ။
ဟန်ချင်စုန့်ကလည်း ပိတ်ဖိနပ်စီးရသည်ကို သဘောကျလေသည်။
မိုင်ဆွေ့က သူမချည်ထိုးထားသည့် ပန်းပွင့်လေးအား လင်းလန်ကိုပြသည်။ " မားမား ဒီပန်းပွင့်လေးက အရင်ကထက် ပိုကောင်းလာတယ်မလား "
လင်းလန်လည်း သမီးဖြစ်သူကြောင့် သူမကိုယ်သူမ လက်မှုပညာရှင် ဖြစ်လာပြီဟုတောင် ထင်နေမိသည်။ မိုင်ဆွေ့က ချည်ထိုးတာကို သင်ချင်သည်ဟုဆို၍ လင်းလန်လည်း မတားမိချေ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရွယ် ကလေးတွေက အကုန်စူးစမ်းပြီး သင်ချင်စိတ်ရှိနေကြတာပဲ မဟုတ်ဘူးလား။
" အင်း အရင်ထက်ပိုကောင်းတယ် ချုပ်ရိုးတွေလည်း သေသပ်လာပြီ "
မိုင်ဆွေ့ : " မားမား သမီး မားမားဖို့ ပိုက်ဆံအိတ်လေး ထိုးပေးဦးမယ် သမီးက မလိုတော့ဘူးလေ မိန်းကလေးတွေက ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား လုပ်ကြရမယ်လေ မဟုတ်ဘူးလား "
လင်းလန် ရယ်လိုက်မိသည်။ ဒီကောင်မလေးက ကြီးလာလေ ပိုသိတတ်လာလေပဲ ။
မိုင်ဆွေ့၏ အင်္ကျီများဆိုပါက အရောင်များလွင့်ကာ ဟောင်းလာပြီဖြစ်ပြီး အတွင်း၀တ်များသည်လည်း အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သည်။
လင်းလန် မိုင်ဆွေ့အတွက် အနီရောက်ဆွယ်တာတစ်ထည်လောက် ထိုးပေးရန် စဥ်းစားမိသည်။
ရှောင်၀မ်ကမူ ယခုဆိုပါက ပန်းချီဆွဲခြင်းနှင့် ဂီတကို နှစ်ခုလုံး ညီတူမျှတူ စိတ်၀င်စားနေပြီဖြစ်သည်။ ဘာဂျာမှုတ်နေရင်းမှနေ စုတ်တံကိုင်ကာ ပန်းချီဆွဲချင်ဆွဲတတ်သလို ပန်းချီဆွဲနေရင်းမှ စိတ်ကူးရလာလျှင်လည်း ဂီတာကိုဆွဲ၍ တီးချင်တီးနေတတ်လေ၏။
စားနေရင်းမှလည်း ရုတ်တရက်ဆိုသလို တူနှင့် ပန်းကန်ကိုသုံး၍ တီးခေါက်နေတတ်ကာ ပြီးလျှင် သီချင်းသွားရေးတတ်လေသည်။ ရှောင်၀မ်က အခြေခံများကို သင်ထားပြီးပြီဖြစ်၍ ကိုယ့်ဘာသာ သံစဥ်ဖော်၍ တီးနိုင်နေပြီဖြစ်သည်။
မိသားစု၀င်များကလည်း ရှောင်၀မ်၏ အပြူအမူများကို ကျင့်သားရနေကြပြီဖြစ်သည်။ စားနေရင်း ရုတ်တရက် ထတီးနေပြီဆိုပါက တတ်နိုင်သမျှ အသက်အောင့်ထားကြကာ ကလေး၏ စိတ်ကူးစိတ်သန်းများကို မနှောင့်ယှက်မိအောင် နေပေးကြလေသည်။ (တိတ်တိတ်ဆိတ်ဆိတ်နေတာပါ တကယ်အသက်အောင့်တာမဟုတ်ပါဘူး)
မိုင်ဆွေ့နှင့်အား၀မ်က ဂီတာကို အပျော်တီးကြတာဖြစ်သော်လည်း ရှောင်၀မ်ကမူ သီချင်းများဖန်တီးရန် တီးခတ်တာဖြစ်သည်။ သူ့စိတ်ထဲ၌ နုတ်တစ်ခုဖြစ်ဖြစ် သံစဥ်တစ်ခုဖြစ်ဖြစ် စဥ်းစားမိပါက ချရေးကာ ပြီးလျှင်မူ ဒေါင်ဒေါင်ဒင်ဒင်ဖြင့် တီးနေတတ်လေသည်။
တစ်ခါတစ်လေတွင်လည်း အိပ်နေရင်းမှ တစ်ဒေါင်ဒေါင် တစ်ဒင်ဒင်ဖြင့် ဂီတာသံကို ကြားရတက်ပြီး ထိုသည်က ရှောင်၀မ် အိပ်နေရင်း စိတ်ကူးရလာလို့ဖြစ်သည်ကို မိသားစု၀င်များလည်း သိနေကြပြိိဖြစ်၏။
ညသန်းခေါင်ထကာ သီချင်းတီးခြင်းအား ပထမဆုံးလုပ်ခဲ့ခြင်းမှာ " ခွဲခွာသွားသည့် မိန်းကလေး" ကို အိပ်ချင်မူးတူးဖြင့် ထတီးခြင်းဖြစ်လေသည်။
ဖန်းရှောင်ထွက်သွားပြီး ဆောင်းတွင်းတစ်ညတွင် ရှောင်၀မ်က ညသန်းခေါင်ကြီး ရုတ်တရက်ထကာ ကောင်းကောင်းမမြင်ရသော်ငြား မီးလည်းမထွန်းဘဲ ဂီတာကိုယူ၍ ခုတင်ပေါ်သို့ ပြန်တတ်ကာ စ၍သီချင်းညည်းလေသည်။
" လာတုန်းကတော့ ~ မျည်ရည်တွေနဲ့ ...ပြန်သွားတော့လည်း မျက်ရည်တွေနဲ့ပဲ ~ လေတွေ နှင်းတွေ ပြောင်းလဲသွားလည်း မပြောင်းလဲတာက မင်းပါပဲ ~ ပြုံးနေတဲ့ ကောင်မလေးက ထွက်သွားပြီ ~ မပြောင်းလဲဘဲ ကျန်နေခဲ့တာကတော့ ခင်မင်မှုပါပဲ ~ ထာ၀ရမပြောင်းတဲ့ ရင်းနှီးမှုတွေ ~ မင်းရဲ့ မျက်၀န်းလေးတွေ ...ကြိုးစားမှုတွေနဲ့ ကြင်နာမှုတွေကို ငါတို့ ဘယ်မေ့နိုင်ပါ့မလဲ ~ ဘယ်မေ့နိုင်ပါ့မလဲ ~ ကောင်မလေးရေ ...ပျော်ရွှင်ပါစေကွာ ~ ငါတို့ ဆုတောင်းပေးနေပါ့မယ် ~ "
ထိုသို့ ဂီတာတီးကာ ဆိုနေသဖြင့် စန်း၀မ်မှလွဲ၍ အိမ်သားအားလုံး နိုးလာကြလေသည်။
တ၀မ်က လန့်နိုးသွားကာ နံဘေးရှိ စန်း၀မ်ကို ကန်မိသွားပြီး အား၀မ်ကလည်း မီးအ်ိမ်ကို ဖွင့်လိုက်သဖြင့် ရှောင်၀မ်၏ အပေါ်သို့ အလင်းဖြာကျသွားလေသည်။
အလင်းရောင်အောက်တွင် ကလေးလေးသည် တင်ပလ္လင်ခွေထိုင်နေပြီး ည၀တ်အင်္ကျီပွပွလေးကို ၀တ်ထားကာ ဂီတာကို မနိုင်တန်ိုင်ကိုင်ထား၍ သံစဥ်များကို တီးခတ်နေလေ၏။
အိပ်နေသည့်နှယ် မျက်လုံးများကို မှိတ်ထားပြီး မျက်ရည်တစ်စက်က စီးကျလာပြီး အမှောင်ထဲ၌ တောက်ပလို့နေသည်။
" ဝေးကွာမှုတွေ ~ မျှော်လင့်ချက်တွေ ~ ငါလည်း မခွဲချင်ပါဘူး ~ ငါ့ရဲ့ မွေးရပ်မြေနဲ့ မျှော်လင့်ချက်တွေ မိဘတွေကတော့ အတူရှိနေပေးဖို့ ဆုတောင်းမိပါတယ် ~ "
မိုင်ဆွေ့ကလည်း ထွက်လာပြီး တ၀မ်နှင့် အား၀မ်ကလည်း ရှောင်၀မ်ကို ငေးကြည့်နေကြလေသည်။ ဒါက ရှောင်၀မ်ရော ဟုတ်ရဲ့လား ။
ရုတ်တရက် စန်း၀မ်က အိပ်မက်ယောင်ကာ " ဟိုက်ယား "ဟုအော်ပြီး နိုးလာလေသည်။ ထို့နောက် ခေါင်းကိုကုတ်၍ အခြားသူများကို ကြည့်ကာ " ဘာလုပ် ....ဘာလုပ်နေကြတာလဲ " ဟုမေးလေ၏။
ရှောင်၀မ်က ဂီတာတီးနေသည်ကို မြင်သောအခါ အံ့သြသွားပြီး " ရှောင်၀မ် မင်းက ဘယ်တုန်းက ဂီတာတီးတက်သွားတာလဲ " ဟုမေးပြန်လေသည်။
အား၀မ်နှင့် မိုင်ဆွေ့က ဖန်းရှောင်ထံမှ ဂီတာတီးသင်ထားသည်ကို တွေ့ဖူးသော်လည်း စန်း၀မ်က ရှောင်၀မ်ပါ တီးတတ်သည်ကို သိမထားချေ ။ ဘယ်လိုဖြစ်ပြီးတော့လဲ ၊ အံ့သြစရာကြီး ။
စန်း၀မ်က ဂီတာတီးခြင်းကို စိတ်မ၀င်စားသဖြင့် ရှောင်၀မ်တီးနေသည်မှာ ဘယ်လောက်တောင်တော်လဲဆိုသည်ကိုလည်း သူမသိ ။ တကယ်တမ်းတွင် အား၀မ်တို့ မသင်ရသေးခင်တည်းကပင် ရှောင်၀မ်က ဖန်းရှောင်ထံမှ သင်ထားပြီးနေခဲ့ပြီဖြစ်သည်။
လင်းလန်နှင့် ဟန်ချင်စုန့်ကလည်း ရောက်လာကြလေသည်။ ရှောင်၀မ်က သီချင်းတီးလို့ပြီးသွားသည့်အခါ ဂီတာကိုချလိုက်ပြီး ယခုမှ အိပ်ရာနိုးလာသည့်သူလို အခြားသူများကို ကြည့်ကာ မေးလိုက်သည်
" ဘာလုပ်နေကြတာလဲ "
အခြားသူများ : " ........ "
လင်းလန် ရှောင်၀မ်ထံသို့သွားကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။ " အအေးမိဦးမယ်လေ "
ရှောင်၀မ်က လင်းလန်ကိုဖက်လိုက်ကာ အမေဖြစ်သူ၏ ရင်ခွင်က နွေးထွေးသဖြင့် တိုးဝှေ့နေလေ၏။
လင်းလန် ရှောင်၀မ်ကို ပြန်ဖက်ပေးလိုက်ပြီး " အိပ်မက်မက်နေတာလား "
ရှောင်၀မ်က ခေါင်းညိတ်ပြသည်။ " သားမက်တာက ...အစ်မ ဖန်းရှောင်က ထွက်သွားတယ်တဲ့ ပြီးတော့ အစ်ကိုကြီးတို့ မိုင်ဆွေ့တို့လည်း ထွက်သွားကြတယ် မားမားရောပဲတဲ့ ....၀ူး၀ူး၀ူး ~ "
လင်းလန် ရယ်လိုက်မိကာ ချော့ပေးလိုက်သည် ။
" မားမားက ဘာလို့ထွက်သွားရမှာလဲ မားမာက ဒီမှာရှိနေတယ်လေ မားမားနဲ့ပါးပါးက အိမ်မှာပဲ အမြဲတမ်းရှိနေပြီး သားတို့ကို စောင့်နေမှာ ဟုတ်ပြီလား "
စန်း၀မ် : " ဘယ်လိုလုပ်ကြမလဲ အရိုက်ခံရလို့ ရှောင်၀မ်က ၀မ်းနည်းသွားတာများလား ဘာလို့ အဲ့လိုတွေ မက်နေရတာလဲ "
စန်း၀မ်က ငယ်ငယ်တုန်းက အော်ပရာတွေ အော်ဆိုခဲ့သဖြင့် အရိုက်ခံရသည်ကို အမှတ်ရသွား၍ ထိုသို့မေးတာဖြစ်သည်။
တ၀မ်ကမူ သူ့စကားက ရွှေလိုအဖိုးတန်သည့်အလား ဘာမှမပြောဘဲ တိတ်နေလေ၏။
Xxxxxxx
Part 664
မိုင်ဆွေ့နှင့် အား၀မ်ကမူ ဂီတာကိုအပြေးယူလိုက်ပြီး ခုနကသီချင်းကို ပြန်တီးလေသည်။
" လာတုန်းကတော့ ~ မျည်ရည်တွေနဲ့ ...ပြန်သွားတော့လည်း မျက်ရည်တွေနဲ့ပဲ ~ လေတွေ နှင်းတွေ ပြောင်းလဲသွားလည်း မပြောင်းလဲတာက မင်းပါပဲ ~ ပြုံးနေတဲ့ ကောင်မလေးက ထွက်သွားပြီ ~ မပြောင်းလဲဘဲ ကျန်နေခဲ့တာကတော့ ခင်မင်မှုပါပဲ ~ "
ရှောင်၀မ်ကလည်း အတူလိုက်ဆိုသည် ။ ထာ၀ရမပြောင်းတဲ့ ရင်းနှီးမှုတွေ ~ မင်းရဲ့ မျက်၀န်းလေးတွေ ...ကြိုးစားမှုတွေနဲ့ ကြင်နာမှုတွေကို ငါတို့ ဘယ်မေ့နိုင်ပါ့မလဲ ~ ဘယ်မေ့နိုင်ပါ့မလဲ ~ ကောင်မလေးရေ ...ပျော်ရွှင်ပါစေကွာ ~ ငါတို့ ဆုတောင်းပေးနေပါ့မယ် ~ "
ထိုကိစ္စအား အခြားသူများသည် ရှောင်၀မ်ကို ဂီတပညာရှင်တစ်ယောက် ၀င်ပူးသွားတာပဲဖြစ်ရမယ်လို့ ယူဆလိုက်ကြလေသည်။ မဟုတ်ရင် ရုတ်တရက်ကြီး ဘာလို့ အဲ့လိုထလုပ်မှာလဲ ။
ယခုအချိန်တွင် သီချင်းအများစုသည် သံစဥ်မမှန်ဘဲ တော်လှန်ရေးသီချင်းများကဲ့သို့လည်း မကျော်ကြားကြပေ ။ သို့သော်လည်း နိုင်ငံခြားမှ ပေါ့ပ်သီချင်းများကဲ့သ်ို့သော သီချင်းများလည်း ပေါ်နေပြီဖြစ်သည်။
ဖန်းရှောင်နှင့် ဟော်ဟုန်ကျန်း၏ လွှမ်းမိုးမှုများကြောင့် ဖြစ်သည်ကိုတော့ လင်းလန်သာသိသည်။ ထိုနှစ်ယောက်ကြောင့် ရှောင်၀မ်က အလျင်အမြန်တိုးတက်လာတာဖြစ်သည်။ ထိုကလေးမလေးနှစ်ယောက်သည် လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သူများဖြစ်သဖြင့် ရှောင်၀မ်လိုကလေးမျိုးအတွက် ကန့်သတ်ခြင်းမရှိသည့် အတွေးအခေါ်များက အလုပ်ဖြစ်လေသည်။
နေ့လယ်စာစားချိန်ရောက်နေပြီဖြစ်သည်။
လင်းလန် : " အား၀မ်က ဘာလို့ပြန်မရောက်လာသေးတာလဲ စက်ရုံမှာများ တစ်ခါတည်းစားနေတာလား မသိဘူး "
အား၀မ်နှင့် ရှန်ယွီသည် ယခုအချိန်တွင် ဆပ်ပြာစက်ရုံ၏ ကျောထောက်နောက်ခံများ ဖြစ်နေကြလေပြီ။ အား၀မ်က ရှန်ယွီထံမှ နည်းပညာ အမြောက်အမြားကို သင်ယူထားပြီးပြီဖြစ်ပြီး နှစ်ဦးသည် စာအုပ်များကို၀ယ်ကာ လေ့လာရုံတင်မကဘဲ မြို့ပေါ်ရှိ စက်ရုံကြီးများမှ နည်းပညာရှင်များကိုလည်း စာပို့ကာ မေးတတ်ကြသဖြင့် အခုဆို အတော်လေး တိုးတက်နေကြပြိိဖြစ်သည်။
အမှန်တွင်မူ အား၀မ်က မူလတန်းကျောင်းတွင် ဘာကိုမှ သိပ်မသင်ယူနိုင်ခဲ့ပေ ။ လင်းလန်နှင့် ရှန်ယွိီ၏ သင်ပြပေးမှုကြောင့်သာ ဤမျှတော်လာခြင်း ဖြစ်ပေသည်။
သို့သော်လည်း အား၀မ်နှင့် ရှန်ယွီ၏ ကြားထဲ၌ ကွာဟချက်ရှိနေဆဲပင်ဖြစ်သည်။ အား၀မ်က နည်းပညာအား နားလည်နိုင်ရန် သင်ယူတာဖြစ်ပြီး စမ်းသပ်တီထွင်ဖို့ကို စိတ်မ၀င်စားချေ ။ နည်းပညာများကို နားလည်ထားသည့် စီမံခန့်ခွဲသူတစ်ယောက်နှင့် ပိုတူပြီး စက်ရုံကို လည်ပတ်နိုင်ရန် ကြီးကြပ်နေသူတစ်ယောက်နှင့် ပိုတူလေသည်။
အပြင်လူများက ရှန်ရွေ့ရွာမှ ဆပ်ပြာစက်ရုံသည် ဟန်ရုံဖန်နှင့် ခေါင်းဆောင်၏ လက်အောက်တွင်ရှိကာ လင်းလန်နှင့် ရှန်ယွီက ခန့်ခွဲနေကြသည်ဟု ထင်ကြသော်လည်း တကယ်တမ်းတွင်ကား အား၀မ်ကသာ စီမံခန့်ခွဲနေသူဖြစ်လေသည်။
ရှန်ယွီက နည်းပညာများကို စိတ်၀င်စားသူဖြစ်ပြီး အား၀မ်ကဲ့သို့ စီမံခန့်ခွဲရေးကို စိတ်မ၀င်စားပေ ။
သို့ဖြစ်၍ ထိုနှစ်ယောက်သည် အတွဲညီညီ အလုပ်လုပ်နိုင်ကြလေသည်။ နှစ်ယောက်လုံးသည် နှိမ့်ချတက်ပြီး အလုပ်ကြိုးစားကြသည့်အပြင် စိတ်ရင်းလည်း ကောင်းကြသဖြင့် တိုင်ပင်ဆွေးနွေးကာ ဆုံးဖြတ်နိုင်ကြပြီး အငြင်းပွားမှုလုံး၀မရှိကြပေ ။
လူကြီးများသည်ပင် ထိုသည်ကို အံ့သြနေကြလေ၏။
ပြောနေစဥ်မှာပင် ရှန်ယွီက အား၀မ်အား စက်ဘီးဖြင့် တင်နင်းလာလေသည်။ တပ်မဟာက စက်ရုံသို့သွားနိုင်ရန် စက်ဘီးစီစဥ်ပေးထားတာ ဖြစ်သည်။
အား၀မ် : " မားမား အစ်ကိုကြီး ရှန်ယွီလည်း နေ့လယ်စာစားဖို့ ပါလာတယ် "
လင်းလန်လည်း ကြိုဆိုလိုက်သည်။ " မားမားလည်း စောင့်နေတာ "
လင်းလန် တ၀မ်အား ထမင်း၀ိုင်းပြင်ခိုင်းလိုက်ကာ အား၀မ်က ရှန်ယွီကို အိမ်ထဲသို့ ခေါ်လာလေသည်။ " အစ်ကိုကြီးရှန်ယွီ ဒီမှာထိုင်လိုက် ကျွန်တော်က အစ်ကိုကြီး(တဝမ်)နဲ့ပဲ ထိုင်လိုက်မယ် "
တ၀မ်က တစ်ချက်ပဲပြန်ကြည့်ကာ ပြန်မဖြေပေ ။
မိုင်ဆွေ့က ပြုံးသွားလေသည်။ " ဘာတွေ ဖြစ်နေကြတာလဲ "
စန်း၀မ် : " အစ်ကိုကြီးရှန်ယွီကလည်း ရှောင်၀မ်နဲ့ သားနဲ့ကြားမှာ ထိုင်ရတာကို ကြိုက်တာဲလား အစ်ကိုကြီး လိပ်ပြာလွင့်သွားရင် သားပြန်ခေါ်ပေးလို့ ရတယ်နော် "
ရှန်ယွီ : " ကျေးဇူး ...ပဲ"
လင်းလန် ပြုံးလိုက်မိသည်။ " စန်း၀မ်ပြောတာတွေ ယုံမနေနဲ့ စားကြရအောင် "
စန်း၀မ်က လင်းလန်၏ စကားကြောင့် လင်းလန်ထံသို့ ပြေးသွားလေသည်။ " မားမား သားတကယ် ပြောနေတာ "
လင်းလန် : " ဘာတွေပြောနေတာလဲ ဖန်းရှောင်ကို သတိရသွားလို့လား " လိပ်ပြာလွင့်တာတွေ ဘာတွေပြောနေပြန်ပြီ ။
စန်း၀မ်က ခေါင်းခါပြသည်။
လင်းလန် : " အဖေ့ကို လွမ်းနေတာလား ဒါဆိုရင် "
စန်း၀မ်က ခေါင်းခါပြပြန်၏ ။ " အဖေ့ကို ဘာလို့လွမ်းရမှာလဲ မားမားကိုပဲ လွမ်းမှာပေါ့ "
လင်းလန် : " .... ကျေးဇူးပဲ ဒါပေမယ့် မားမားက မင်းအရှေ့မှာပဲ ရှိနေတာလေ "
စန်း၀မ်က လင်းလန်ပေါ်သို့ မှီချလိုက်ကာ " မားမားက သားရှေ့မှာရှိနေပေမယ့်လည်း သားက လွမ်းနေတုန်းပဲ မားမားကို အရမ်းချစ်တာက်ိုး " ဟုချွဲလေသည်။
ရှောင်၀မ် : " စန်း၀မ် သားကို မလှောင်နဲ့လေ "
ထိုသည်က ရှောင်၀မ်၏ လက်သုံးစကားဖြစ်သည်။ " မားမား ~ မားမားကို သားအရမ်းချစ်တာ သိတယ်မလား မားမားက သားရှေ့မှာ ရှိနေရင်တောင် သားက မားမားကို လွမ်းနေတုန်းပဲ "
မိုင်ဆွေ့ ထရပ်လိုက်ကာ စန်း၀မ်အား ခေါင်းခေါက်လိုက်သည်။ " နင်တော့နော် အဲ့လိုဆို ငါ့ကိုကြ ဘာလို့ မလွမ်းတာလဲ "
စန်း၀မ်က မိုင်ဆွေ့ကို ကြည့်ကာပြန်ပြောသည်။
" မမက အရမ်းလောဘကြီးတာပဲ ယောက်ျားလေး ဘယ်နှစ်ယောက်ကို လွမ်းစေချင်နေတာလဲ ကွန်မြူနတီမှာ အားကစားပွဲတော် ကျင်းပတုန်းကဆို မမကိုတွေ့ချင်လို့ လာရှာကြတဲ့ ကျောင်းသားတွေ အများကြီးပဲလေ "
ထိုသည်က ယခုနှစ် အားကစားပွဲတော်၌ ဖြစ်ခဲ့ခြင်း ဖြစ်၏။
မိုင်ဆွေ့က ရှက်သွားကာ စန်း၀မ်အား တူဖြင့် ခေါက်လိုက်ပြန်သည်။
" ပေါက်ကရတွေ ပြောနေပြန်ပြီ သူတို့က မူလတန်းသင်ခန်းစာတွေ ပေးဖို့ လာကြတာ "
စန်း၀မ် : " မမပြောနေတာက သားမသိတဲ့ကိစ္စကြလို့ သူတို့က သင်ခန်းစာဖလှယ်တယ်လို့ပြောပေမယ့် တကယ်က ကောင်မလေးတွေကို လာကြည့်ကြတာလေ "
ထို့နောက် လင်းလန်ထံ လှည့်လိုက်ပြန်ကာ ပြောပြန်၏ ။ " မားမား မားမားလည်းပြောဖူးတယ်မလား အဲ့လို ဆွေးနွေးဖလှယ်တဲ့သူတွေက မကောင်းဘူးလို့လေ ဟုတ်တယ်မလား "
လင်းလန် : " ....... " ငါ ဘယ်တုန်းက ပြောလိုက်တာလဲ ။
လွန်ခဲ့သော ဆောင်းရာသီတုန်းက သူမနှင့် အလုပ်အကြောင်းဆွေးနွေးရန် ရောက်လာသူ အများအပြားရှိခဲ့လေသည်။
ဟန်ချင်စုန့်ပြောခဲ့သည့် ချီဖုန်းပေါ်သည်ပင် ရောက်လာခဲ့ဖူးသော်လည်း လင်းလန်က လက်ခံတွေ့ဆုံခဲ့ခြင်းမရှိဘဲ တုန်ဟွိုင်ဟွနှင့် လျိုချွန်းချိုက်တို့နှင့်သာ တွေ့စေခဲ့တာဖြစ်သည်။
စန်း၀မ်ဆိုတဲ့ ဒီကလေးက ကြီးလေ ပေါက်ကရပြောလေ ဖြစ်လာသလိုပဲ ၊ အဲ့စကားတွေကို ဘယ်က ကြားလာပြန်တာတုန်း ။
အမယ်လေးလေး ယောက်ျားကတောင် ဘာမှမပြောသေးဘူး ၊ သားဆီကနေ အရင်အပြောခံနေရတယ်လို့ ။
လင်းလန် စန်း၀မ်၏ နှာခေါင်းကို ဆွဲလိုက်သည်။ " စကားကို ကောင်းကောင်းပြောစမ်း "
စန်း၀မ်က လင်းလန်ကို ဖက်ကာ " မားမားကို လွှတ်မပေးနိုင်ဘူး " ဟုဆို၍ စနေပြန်လေသည်။
လင်းလန် : " တော်ပြိိီလေ ရှန်ယွီရဲ့ရှေ့မှာ မားမားကို အဟားခံရအောင် လုပ်မနေနဲ့ "
ထိုအခါမှ စန်း၀မ်က ချက်ချင်းဆိုသလို နေရာတွင် ပြန်၀င်ထိုင်လိုက်ကာ စစားလေသည်။ " အစ်ကိုကြီးရှန်ယွိကလည်း သားတို့ထဲက တစ်ယောက်ပဲလေ မဟုတ်ဘူးလား စတာပဲ ဘာဖြစ်လို့လဲ "
ရှန်ယွီက ပျော်နေလေသည်။ ဆောင်းရာသီမှစကာ လင်းလန်က သူ့အား ယခင်ကလောက် သူစိမ်းဆန်နေခြင်းမရှိတော့ပေ ။
Xxxxxxx