Ch 3
Viewers 66

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၃




ကျန်းကျစ်ကျိုးအခန်းပြန်ရောက်တော့ လိပ်စာကဒ်ကို ကြည့်မိပြန်သည်။ ကဒ်ပေါ်မှာ ဖုန်းနံပါတ်နဲ့  QR code ပါသည်။ ဖုန်းမခေါ်ခင် ခဏစဉ်းစားလိုက်သေးသည်။ 



"ဟဲလို Only Love Nail Salon ကလား” 



“ဘာများကူညီပေးရမလဲရှင်" ဖုန်းကိုင်တဲ့ အမျိုးသမီးက တော်တော်ငယ်ငယ်ပင်။



ကျန်းကျစ်ကျိုးလဲ သူရှာနေတဲ့ Miss ရှ မဟုတ်နိုင်မှန်း တွေးမိသည်နဲ့ "ဟဲလို Miss ရှ နဲ့ပြောချင်လို့ပါ "



"Miss ရှ" "အိုး ... ဆိုင်မန်နေဂျာကိုပြောတာလားရှင့်။ သူအခု နည်းနည်းအလုပ်များနေတယ်ရှင့်..ကျွန်မ ဘာပြောပေးရမလဲရှင်"



"အခန်းနံပါတ် 1808 က သူမကို ရှာနေတာလို့ ပြောပေးပါ"



"အိုး..." မိန်းကလေးက ရှဝေ့ကို လှမ်းအော်လိုက်သည်။



 "မန်နေဂျာ အခန်းနံပါတ် 1808 က ဖုန်းပြော ချင်လို့တဲ့ရှင့်"



ရှဝေ့ - "......"



ဒုက္ခပါပဲ ငါ့ဆိုင်နံပါတ် ဘယ်ကရလဲမသိ.. သူက စုံထောက်လားဟ..



ရှဝေ့က အသက်ဖြည်းဖြည်းရှူရင်း ပြန်ဖြေလိုက်သည်။ "ဒီမှာ ကာစတန်မာကို လက်သည်းပြင်ပေး နေလို့ နောက်နာရီဝက်လောက်နေမှ ပြန်ခေါ်ပါလို့ ပြောလိုက်ပါ"



"ဟုတ်ကဲ့" မိန်းကလေးက ရှဝေ့ပြောခိုင်းသလို ပြောလိုက်သည်။ ကျန်းကျစ်ကျိုး ချက်ချင်းပဲ ဖုန်းချလိုက်ပြီး လိပ်စာကဒ်ကို ဖိဆုပ်လိုက်သည်။ ဒီလိပ်စာက အိမ်ယာနဲ့မဝေးဘူးပဲ။



မိနစ် ၂၀ လောက်ကြာတော့ ကျန်းကျစ်ကျိုးက “Only Love” ဆိုတဲ့ဆိုင်ရှေ့ရောက်သည်။ ဆိုင်အတွင်း ပိုင်း အပြင်အဆင်နဲ့ နာမည်က မိန်းမဆန်သည်။ ကျန်းကျစ်ကျိုးဆိုင်အပြင်ကနေ ခဏ ရပ်ကြည့်ပြီး ဆိုင်ထဲဝင်လိုက်သည်။ 



Ding—ling—ling—  



တံခါးဘဲလ်သံကြားတော့ ရှဝေ့ ချက်ချင်းခေါင်းမော့လာပြီး "ကြိုဆိုပါတယ်ရှင်....."



ရှဝေ့တစ်ယောက် ပြောရင်းနဲ့ငေးကြောင်သွားသည်။ 'ဒီလူက သူမ အမြင်ကတ်နေတဲ့ Mr. ကျန်း မဟုတ်လား။ သူက ဒီကို လက်သည်းပြင်ဖို့ လာတာလား။'



ကျန်းကျစ်ကျိုးလဲ သူမကို မှတ်မိသွားဟန်ဖြင့် မျက်မှောင်ခပ်ဖွဖွကျုံ့ရင်း  ရှဝေ့ဆီ လျှောက်သွား လိုက်သည်။ "မင်းက အခန်း 1908 ကလား"



"..." ရှဝေ့အခုမှနားလည်သွားသည်။ နည်းနည်းလဲ စိတ်ကသိကအောက်ဖြစ်သွားသည်။ ဒီ Mr. ကျန်းက အောက်ထပ်ကတဲ့လား "ရှင်က အခန်း 1808 လား"



"အင်း.."



"...ဟွတ်. " ရှဝေ့ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျန်းကျစ်ကျိုးကို ပြောလိုက်သည်။ "ရှင် ဘာပြောချင်လဲ သိပါတယ်။ ဒါပေမယ့် ကျွန်မအခု ဆိုင်က ပြန်လို့မရသေးလို့ပါ။ ကျွန်မ ဒီလုပ်လက်စလေး ပြီးတဲ့ အထိ ခဏထိုင်စောင့်ပေးမလား"



ကျန်းကျစ်ကျိုးလဲ ဘာရယ်မဟုတ် ရှဝေ့ရှေ့က ကာစတန်မာကို ကြည့်လိုက်မိသည်။ လက်သည်း လေးတွေကို တစ်ဝက်လောက်က စတော်ဘယ်ရီသီးပုံစံဖော်ထားသည်။ ပြီးတဲ့အထိဆို ဘယ်‌လောက်ကြာ မလဲ မသိနိုင်။



"လူတွေရဲ့ ခန္ဓာကိုယ်မှာ ပန်းအလှဖော်တာက အန္တရာယ်များတယ်ဆိုတာ သိတယ်မို့လား" ကျန်းကျစ်ကျိုးက ရုတ်တရက် မေးလိုက်သည်။ ရှဝေ့ မျက်မှောင်ကျုံ့ပြီး ဘာမှပြန်မပြောပေ။ 



ကျန်းကျစ်ကျိုးက ဆက်ပြောလာသည်။ "လက်သည်းဆိုးဆေးမှာပါတဲ့ phthalates ester က အမျိုးသမီးတွေကို ရင်သား ကင်ဆာ ဖြစ်နိုင်ခြေမြင့်စေတယ်။ လက်သည်းကို ကာကွယ်ပေးထားတဲ့ ဆဲလ်အလွှာပါးလေးကို ပျက်စီး စေပြီး လက်သည်းတွေကို မည်းပုတ်စေတယ်။ ပိုဆိုးလာရင် ယောင်ယမ်းပြီး ပိုးဝင်စေတာပဲ။ လက်သည်း ပုံဖော်ရင် သုံးတဲ့ ကိရိယာတွေကလဲ ခြေတွေလက်တွေကို သံကောင်တွေ ဖြစ်ပွားစေတယ်။ ဒါ့အပြင် the nail UV lamp ကလဲ လက်အသားအရေကို ရင့်ရော်စေတယ်"



ရှဝေ့ -  "........."



သူမ စိတ်ထဲက တန်းစီပြီး ဆဲရေးနေမိတော့သည်။ 

လေထုက အရမ်းတိတ်ဆိတ်နေသည်။ ရှဝေ့တစ်ယောက် အသံထွက် မဆဲမအောင် ချုပ်တည်းပြီး ကျန်းကျစ်ကျိုးကို ဖျစ်ညစ်ပြုံးပြလိုက်ရသည်။ "Mr. ကျန်းက လက်သည်း ဆိုးဆေးအကြောင်း တော် တော် နားလည်တာပဲ။ မကြာခဏ ဆိုးဖြစ်သလားရှင်"



"ဒါက အများသိသင့်တဲ့ အကြောင်းအရာပဲလေ"



"ဟီးဟီး Mr. ကျန်း က လူတွေကို ခြိမ်းခြောက်တဲ့စကားတွေ ပြောတတ်တာပဲ။ လက်သည်းဆိုးဆေးမှာ သေချာပေါက် ဓာတုဗေဒပစ္စည်းတွေပါတာပေါ့။ ဒါပေမယ့် ဂရုတစိုက်နဲ့ ရွေးချယ်သုံးစွဲရင် ကောင်းကျိုးပြု တာတွေလဲ ရှိပါတယ်။ အခု ဒီကာစတန်မာ သုံးစွဲနေတဲ့ လက်သည်းဆိုးဆေးလိုပေါ့။ ဒါက ကျွန်မတို့ ဆိုင်ရဲ့ အကောင်းဆုံးလက်သည်း ဆိုးဆေးလေ odor မပါတဲ့ဟာပေါ့။ လက်သည်းပြင်တဲ့ကိရိယာတွေကလဲ ကျွန်မတို့က သေချာပိုးသတ်ထားတော့ ကာစတန်မာတွေရဲ့ ခြေတွေ လက်တွေကို သံကောင် (ring- worms) ပိုး မဝင်စေပါဘူး။ UV lamp သုံးပြီးလဲ ကျွန်မတို့က ကာစတန်မာရဲ့လက်တွေကို ဆေးကြောပေး ပြီး hand cream လိမ်းပေးပါတယ်။ UV lamp က ခဏခဏသုံးတာမဟုတ်ရင် ထိခိုက်မှုနည်းပါတယ်"



ကျန်းကျစ်ကျိုး ထိုင်နေရာက ထရပ်လိုက်ပြီး သူမကို တိတ်ဆိတ်စွာကြည့်နေသည်။ ရှဝေ့က သူမဝတ်ထားတဲ့ အေပရွန်ကို ချွတ်လိုက်ပြီး သူမဘေးက ဝန်ထမ်းကို ပြောလိုက်သည်။  "ရှောင်ချုံးရေ ဆက်လုပ်ပေးပါဦး။ အစ်မ ဒီ Mr. ကျန်းနဲ့ ခဏသွားလိုက်ဦးမယ်"



"ဟုတ်ကဲ့ပါ"



ရှဝေ့နဲ့ ကျန်းကျစ်ကျိုးတို့ ဆိုင်ပြင်ထွက်ပြီး လမ်းကျဉ်းလေးအတိုင်း လျှောက်ခဲ့ရင်း သူမက "Mr. ကျန်း ကျွန်မ ရေယိုတဲ့ ပြဿနာကို developer ဆီ အကြောင်းကြား ထားပါတယ်။ ရှင်က ကျွန်မဆိုင်ထိ လိုက်လာပြီး နှောင့်ယှက်ဖို့ လိုအပ်လားရှင့်"



"ကျွန်တော်က လက်သည်းဆိုးဆေးရဲ့ မကောင်းကျိုးတွေကို ပြောပြတာပါ။ မင်းရဲ့ ကာစတန်မာတွေက အဲ့အချက်အလက်တွေကို သိသင့်တယ်လို့ ကျွန်တော်ယုံကြည်တယ်"



"အာ..ရှင်က လက်သည်း လာပြင်တဲ့သူတွေက လက်သည်းဆိုးဆေးရဲ့ မကောင်းကျိုးတွေကို မသိဘူးလို့ ထင်နေတာလား။ နှုတ်ခမ်းနီကလဲ လူကို ထိခိုက်စေတာပဲလေ။ အဲ့ဒါနဲ့ပဲ ရှင်က အမျိုးသမီးတစ်ယောက် ကို နှုတ်ခမ်းနီမဆိုးဖို့ တားမြစ်နိုင်မယ်ထင်လား။ Mr. ကျန်း နောက်ထပ် ရှင်သိသင့်တဲ့ အကြောင်းအရာ တစ်ခုလဲရှိသေးတယ်။ ကျန်းမာ‌ရေး ထိခိုက်စေတဲ့ ဆိုးကျိုးတွေကို သိပေမယ့်လဲ အလှကုန်ပစ္စည်းတွေကို မသုံးဘဲနေတဲ့ အမျိုးသမီး မရှိဘူးရှင့်"



ကျန်းကျစ်ကျိုးက နှုတ်ခမ်းကို ကွေးညွှတ်ပြီး သူမကို ကြည့်လိုက်ရင်း "ကျွန်တော် ဒီနေ့လာတာ မင်းနဲ့ ပြဿနာဖြစ်ဖို့ မဟုတ်ပါဘူး"



"ဟုတ်ပါပြီ ရှင်က ရေယိုတဲ့အကြောင်း ပြောချင်တာမဟုတ်လား။ မနေ့က ကျွန်မ developer ကို အကြောင်းကြားပေမယ့် တိုက်ခန်းက ကျွန်မ သူငယ်ချင်း ပိုင်တာဆိုတော့ developer က ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်ဖို့ ပြောတယ်။ ကျွန်မ သူငယ်ချင်းက နိုင်ငံခြားမှာ ကျောင်းတက်နေတော့ အလုပ်များနေတာနဲ့ ဒီမနက်မှ developer ကို ပြောရတယ်။ သူတို့က ပြင်ဖို့ တစ်ယောက် အမြန်ဆုံးလွှတ်ပေးမယ်ပြောပါ တယ်။ နောက်နှစ်ရက်လောက်ဆို လာမှာပါ။ ကျေနပ်ပြီလား"



ကျန်းကျစ်ကျိုးက ပြန်မဖြေပါ။ ရေချိုးခန်း ရေယိုတာက ရှုပ်ထွေးတဲ့ ပြဿနာပါ။ ဖြစ်တာက သူမ အပေါ်ထပ်ပေမယ့် တိုက်ရိုက်ခံရတာက အောက်ထပ်လေ။ သူမက ရက်အကြာကြီး စောင့်နိုင်ပေမယ့် သူက သူ့ရေချိုးခန်းထဲ ရေကျတာကို တစ်စက္ကန့်မှ ထပ်သည်းမခံနိုင်တော့ပေ။



သူ့မျက်နှာက အခြေအနေ မကောင်းပေ။ ရှဝေ့တစ်ခြားကိစ္စ အာရုံပြောင်းအောင် ပြောချင်ပေမယ့် ဖုန်းက မြည်လာသည်.. ဖုန်းနံပါတ်က unknown number ပဲ.... သူမ ဖုန်းကိုင်ဖို့ ချီတုံချတုန်ဖြစ်နေရင်း.. "ဟဲလို"



"ဟဲလို Miss ရှ လား။ ကျွန်တော်တို့ maintenance application လက်ခံရရှိထားလို့ပါ..ရေချိုးခန်းက ရေစိမ့်နေတာလား"



"အာ.. ဟုတ်..ဟုတ်တယ်... ဘယ်တော့ လာပြင်ပေးမလဲရှင်"



"ကျွန်တော်တို့ အခုလာနိုင်ပါတယ်ဗျ... အိမ်မှာ ရှိလားခင်ဗျာ"



"ကျွန်မ အိမ်ပြန်ရောက်ဖို့ ၁၀ မိနစ်လောက်ကြာဦးမယ်။ ရှင်တို့က ဘယ်တော့ရောက်မလဲ"



"တစ်နာရီခွဲပါ။ ကျွန်တော်တို့ ရောက်ရင် ဖုန်းဆက်လိုက်ပါမယ်"



"အိုကေ ကျေဇူးပါ" ရှဝေ့ဖုန်းချလိုက်သည်။ သူမ ကျန်းကျစ်ကျိုးကို ပြုံးကြည့်ရင်း "maintenance အဖွဲ့ လာနေပြီပြောပါတယ်..သူတို့ပြင်တာကို ကြီးကြပ်ချင်သေးလားရှင်"



"မလိုပါဘူးဗျာ" ကျန်းကျစ်ကျိုးက ပြောပြီးတာနဲ့ ပြန်လှည့်မကြည့်စတမ်း ထွက်သွားသည်။ ရှဝေ့လဲ ဆိုင်ပြန်ပြီး သူမပစ္စည်းတွေ သိမ်းလိုက်သည်။



ရှောင်ချုံးက သူမပြန်လာတာမြင်တော့ "စောစောက ဘယ်သူလဲ မမ.. ရိုင်းလိုက်တာနော်.."



"အောက်ထပ်က လူပါ။ အစ်မ ရေချိုးခန်းက ရေစိမ့်ကျလို့တဲ့။ maintenance အဖွဲ့အခုလာနေပြီ။ ပြင်တာက ဘယ်လောက်ကြာမလဲမသိဘူး။ ဒီနေ့ အစ်မပြန်နှင့်ပြီနော်"



"ဟုတ်ကဲ့ပါ"



ရှဝေ့ အိမ်ပြန်ရောက်တော့ maintenance လဲ ဘယ်လောက်မှ မကြာဘဲ ရောက်လာကြသည်။ သူတို့က အောက်ထပ်က လူနဲ့ စကားပြောဖို့လိုပြီး ဘယ်နေရာက ရေစိမ့်ကျနေလဲ ကြည့်ချင်သတဲ့။ ရှဝေ့က အဲ့ဒီ 'Mr. ကျန်း' ကို ထပ်မတွေ့ချင်ပါ။ သို့သော်လည်း မတတ်နိုင်ခဲ့ပေ။ maintenance အဖွဲ့နောက်က လိုက် လာခဲ့ရတော့သည်။



ကျန်းကျစ်ကျိုးက ညစာချက်ဖို့ ပြင်ဆင်နေတုန်း...တံခါးခေါက်သံကြား၍ သွားကြည့်‌တော့ အပေါ်ထပ်က Miss ရှ နဲ့ အလုပ်ဝတ်နဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ တံခါးဖွင့်လိုက်တော့ ရှဝေ့က သူ့ကို ဒီတိုင်းရပ်ကြည့်နေလေသည်။ သူမ သူ့ကို မြင်တိုင်း ဝတ်စုံပြည့်နဲ့ ဆံပင်ကို ဘီး..ဖီးထားတာက ဆံပင် တစ်‌ချောင်းတောင် ထောင်မနေဘူး။.အခုကျ သူက အိမ်နေရင်းဝတ်ဆုံနဲ့ဆိုတော့ သူ့ပုံစံက ဆိုင်မှာ ရန်ရှာ နေတဲ့ပုံနဲ့ လုံးဝတစ်ခြားစီပဲ။



"ဘာကိစ္စလဲဗျ" ကျန်းကျစ်ကျိုးမေးလိုက်သည်။



"အာ..သူတို့က ရှင့်ရေချိုးခန်းကို ကြည့်ပြီး ဘယ်နေရာက ရေစိမ့်ကျတာလဲ သိချင်လို့တဲ့..." ရှဝေ့လဲ ပြောစရာကုန်သွားသည်။ ဒီလူက အခုတော့လဲ နတ်ဘုရားတစ်ပါးလိုပါလား။



ကျန်းကျစ်ကျိုးက ဘာမှပြန်မပြောဘဲ သူတို့ကို အိမ်တွင်းစီး ဖိနပ် ၃ ရံ ယူပေးလိုက်သည်။ ရှဝေ့က ဖိနပ်မယူခင် အပြင်မှာ ခဏရပ်နေမိသည်။ သူမ ဆိုင်အထိ လိုက်လာပြီး ပြောရအောင် ရေယိုတာက ဘယ်လောက်ဆိုးနေလို့လဲ သိချင်နေသည်။



ကျန်းကျစ်ကျိုးရဲ့ အခန်းတွင်းအပြင်အဆင်က တကယ့် minimalist style (အပိုပစ္စည်းမရှိ အမှန် တကယ်လိုအပ်သည့် ပရိ‌ဘောဂအသုံးအဆောင်သာ ရှိသောလူနေမှုပုံစံ) ပဲ။ ထို့အပြင် အမျိုးသမီး အရိပ် အယောင်လဲ မတွေ့ရပေ။ "အလှအပကို ခံစားတတ်တဲ့ တစ်ကိုယ်တော် ယောက်ျား” ("Straight Guy Living Alone Aesthetics") ဆိုတဲ့စာသားကို အက္ခရာအကြီး စာလုံးအမည်းနဲ့ ရေးထားသည်။ 



အိပ်ခန်းနဲ့ တွဲလျက်ရှိတဲ့ ရေချိုးခန်းထဲမှာ မျက်နှာကျက်က ရေယိုနေတာက ရှဝေ့နဲ့ တိုက်ရိုက် သက်ဆိုင်နေ သည်။ သို့သော် သူမကို တစ်ရက်ထဲ နှစ်ကြိမ်နှစ်ခါ ဒုက္ခပေးလောက်အောင်တော့လဲ မဟုတ်ဘူး ထင်သည်။ ဒီ Mr. ကျန်း က ကန်ရာသီဖွား (Virgo) ဖြစ်ရမည်။ နေရာတကာ ဆရာကြီး လုပ်ချင်သည်လေ။



maintenance အဖွဲ့က ရေယို‌တဲ့နေရာကို သေချာစစ်ဆေးပြီး ရှဝေ့တိုက်ခန်းကို ပြန်ကာ သူမ‌ရေချိုး ခန်းကြမ်းပြင်ကို ပြင်ဆင်ကြသည်။ သူတို့လုပ်ကိုင်ပြီးတော့ မှောင်နေပါပြီ။ ရှဝေ့လဲ ရေချိုးခန်း ကြမ်း ပြင်ကို သန့်ရှင်းရေးလုပ်ပြီး ညစာမချက်ချင်တော့သဖြင့် လူပျင်းလို ဟော့ပေါ့ပဲစားဖို့ ရေခဲသေတ္တာထဲက ထုတ်လိုက်သည်။ ရေနွေးအိတ်ထဲ ရေဖြည့်လိုက်ပြီး ဟော့ပေါ့ကျက်အောင်စောင့်ရင်း သူငယ်ချင်း အုပ်စု စကားပြောခန်းကို စာပို့လိုက်သည်။



[အောက်ထပ်က လူကလေ ဒီနေ့ ငါ့ဆိုင်ကို လိုက်လာပြီး လက်သည်းဆိုးဆေးရဲ့ ဆိုးကျိုးတွေကို ပြော တယ်။ အဲ့လူက ရည်စားတစ်ခါမှ မထားဘူးတဲ့ လူ့ဂွစာဆိုတာ မြင်ယုံနဲ့သိသာတယ် သိလား!]



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဟားဟားဟားဟားဟားဟားဟား ငါရယ်သေ  



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင့်ဆိုင်ထိလာပြီး အဲ့အကြောင်းကို ပြောတယ်ပေါ့.. ရူးနေလား သူက



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ့ရေချိုးခန်း ရေစိမ့်ကျနေလို့လေ။ နှစ်ရက်လောက် သည်းခံရတာကို သူက ထပ်ပြီး သည်းမခံနိုင်တော့လို့ လိုက်လာတာတဲ့။



5kg မကျရင် နာမည်မပြောင်း -  ပြင်ပြီးပြီလား.. ဘယ်နေရာကလဲ။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  အခုပဲ ပြင်ပြီးတယ်။ ရေပိုက်က ယိုတယ်ပြောတာပဲ။ ရေပိုက်လဲပေးသွားတယ်။



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင့်အောက်ထပ်ကလူက အဆိပ်သင့်ပန်းကြီးလား  



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ စိတ်ကြည်သာနေတဲ့အချိန်မို့ပေါ။ သူက တိုက်ခန်း စီမံခန့်ခွဲရေးကို တိုင်တာလေ။  ငါလဲ developer ကို အကြောင်းကြားပေးပါတယ်။ သူက ငါ့မကျေနပ်တိုင်း ဆိုင်ထိလိုက်လာပြီး လက်သည်းဆိုးဆေးရဲ့ ဆိုးကျိုးတွေပြောစရာလားဟယ်



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဟားဟားဟားဟားဟား ဆောရီးပါဟာ။ အရမ်းရယ်ချင်လို့။ နင့်အောက်ထပ်ကမို့လား သူက သူ့သော့ပေါက်ကို ဖွင့်မရအောင် သွားပိတ်ပစ်လိုက်လေ။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  တော်ပါပြီဟယ်။ အိမ်နီးချင်းဖြစ်နေတော့ မလုပ်တော့ ပါဘူး။ သူ့ကို မမြင်ချင်ယောင်ဆောင်နေလိုက်ရင် မမြင်ရတော့ဘူးပေါ့။ သူနဲ့ ဓာတ်လှေကားမှာ ဆုံရင် သူက ငါ့ကို ရိုက်တော့မလိုဘဲ။ ရုပ်ကိုက...ဖြစ်ပျက်နေတာ.. 



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ကြောက်မနေနဲ့. သူက နင့်ကို ရိုက်ရင် နင်လဲ နင့်ရဲ့ မီတာ ၄၀ ရှည်တဲ့ ဓါးရှည်နဲ့ခုတ်လိုက်ပေါ့



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ဟီးဟီး  



ချစ်စရာ ဆွိတီ‌လေး - ရေချိုးခန်း‌ ရေယိုတာက နည်းနည်းတော့ ဒုက္ခရောက်တယ်ဟ.. ငါကိုယ်ချင်းစာတယ်



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -   ငါ ဒီည အကလေ့ကျင့်ပြီးရင် ယောဂဆော့မလို့ ဆုံး ဖြတ်ပြီးပြီ



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဟားဟားဟားဟား ဒေါက်မြင့်ဖိနပ်စီးဖို့ မမေ့နဲ့နော် အောက် ထပ်က လူကို အသံနဲ့နှိပ်စက်ရအောင်လို့.



ရှဝေ့လဲ ဒေါက်ဖိနပ်စီးပြီး အကလေ့ကျင့်စိတ်ပေါက်သွားသည်။ ဒါပေမယ့်လဲ သူတစ်ပါးကို အနုနည်းနဲ့ နှိပ်စက်သလိုဖြစ်နေမစိုးလို့ flip-flops ပဲ ဝတ်လိုက်သည်။ ည ၁၀ နာရီထိုးပြီဆိုတော့ သူမလဲ ဗွီဒီယို ဖွင့်ပြီး သင်တန်းဆရာညွှန်ကြားတဲ့အတိုင်း ခုန်လိုက်သည်။ Pa—ta. Pa—ta. သူမရဲ့ flip-flops က သစ်သားပါကေးနဲ့ရိုက်ပြီး အသံထွက်လာသည်။



ကျန်းကျစ်ကျိုးရေချိုးပြီးထွက်လာတော့ အပေါ်ထပ်က ကျယ်လောင်တဲ့ pa—ta— သံစဉ်ကြောင့် မျက်မှောင်ကျုံ့မိသွားသည်။ တိုက်ခန်းစီမံခန့်ခွဲရေး (property management) ကို ဖုန်းဆက်ရပြန်သည်။



ရှဝေ့က အားအင်အပြည့်နဲ့ခုန်ပေါက်နေတုန်း ဖုန်းမြည်လာသည်။ သူမ မကြားလိုက်ပေ။ ဖုန်းစခရင်မှာ ဖုန်းခေါ်သူနံမည်ပေါ်လာမှ တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့က ဖြစ်နေသည်။ ဘာပါလိမ့်လို့ တွေးနေရင်း ဖုန်းပြန်ခေါ်လိုက်သည်။



"ဟဲလို Miss ရှ တိုက်ခန်းစီမံခန့်ခွဲရေး အဖွဲ့ကပါ။ ဆူညံမှုနဲ့တိုင်ကြားထားလို့ပါ။ ညဥ့်နက်နေပြီ ဆိုတော့  အိမ်နီးချင်းတွေ အနားယူတာကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်"



တိုက်ခန်းစီမံခန့်ခွဲရေးအဖွဲ့က စကားကို အလိမ္မာသုံးပြီးပြောပေမယ့် ဘယ်သူ့လက်ချက်လဲဆိုတာ ရှဝေ့သိလိုက်သည်။ အောက်ထပ်က Mr. ကျန်း ကလွဲလို့ ဘယ်သူ့ကို သူမကို တိုင်ကြားနေမှာလဲ။ သူမ တိုးညှင်းစွာရယ်လိုက်ရင်း "တိုင်တဲ့သူကို ပြောပေးပါ။ ရေယိုတာတိုင်ပြီးတော့ အခု ကျွန်မ အကလေ့ ကျင့်တာကိုပါ အပြစ်ပြောနေပြန်ပြီလားလို့" 



ဒါပဲပြောပြီး ဖုန်းချလိုက်သည်... သူမ စိတ်ရွှင်လန်း တက်ကြွစွာဖြင့် နောက်ထပ်သီချင်းတစ်ပုဒ်နဲ့ ဆက်က နေလိုက်သည်။ တိုက်ခန်းစီမံခန့်ခွဲရေးက ဖုန်းထပ်ဆက်သည်။ "Miss ရှ ရှင့်ရဲ့ အောက်ထပ်က မိတ်ဆွေ Mr. ကျန်းက ရှင် ဆက်ကနေမယ်ဆိုရင် ရဲခေါ်တော့မယ်လို့ ပြောပါတယ်"



"...ဟား..!"



တိုက်ခန်းစီမံခန့်ခွဲရေးက ဧည့်ကြိုအမျိုးသမီးငယ် - "......"