Ch 4
Viewers 58


ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၄




လက်တွေ့မှာတော့ ရှဝေ့ တစ်ယောက် Mr. ကျန်းက တကယ်ကြီး ရဲခေါ်မှာကြောက်ပြီး ကတာကို ရပ်လိုက်သည်။ ကိုယ်လက် လှုပ်လှုပ်ရှားရှား လုပ်လိုက်တော့ ညအိပ်ရတာ ပိုကောင်းသည်လေ။



ကံဆိုးတာက နောက်နေ့ သူမအလုပ်သွားတော့ အောက်ထပ်က Mr. ကျန်း နဲ့ ဓာတ်လှေကားမှာ ဆုံနေပြန်သည်။ ကျန်းကျစ်ကျိုး သူမကို မြင်တော့ ဓာတ်လှေကားထဲဝင်ဖို့ ခဏတုံ့ဆိုင်းနေသည်။ ရှဝေ့လဲ စိတ်ချဉ်ပေါက်သွားပြီး တွေးလိုက်မိသည်။ 'ဟွန်း! မဝင်နဲ့ နေလိုက်။'



သူတို့နှစ်ယောက် ဓာတ်လှေကားထဲမှာ ဟိုဖက်ဆုံး ဒီဖက်ဆုံး ကပ်ရပ်နေကြသည်။ မည်သူမှ စကား မစကြပေ. တော်တော်တော့ ကိုးယို့ကားယားနိုင်သည်။ ရှဝေ့ သူမဖုန်းကို ထုတ်ယူပြီး ခေါင်းငုံ့ကာ ဂိမ်း ကစားနေတာလိုလို ဟန်ဆောင်လိုက်သည်။ ဓာတ်လှေကား တံခါးဖွင့်သံက တကယ့်ကယ်တင်ရှင်လိုပင်။ “ding” သူမ ဓာတ်လှေကားထဲက နောက်လှည့်မကြည့်စတမ်း ထွက်ခဲ့လိုက်သည်။



သူမ အိမ်ယာဝင်းက လွန်တော့ ယဲ့ခိုင် ဆီက စာဝင်လာသည်။



“မနက်ဖြန်ည အားလား။ ကျွန်တော် ညစာကျွေးချင်လို့ပါ” (ပြုံးပျော်လျက်)  



ယဲ့ခိုင်ရဲ့ WeChat message ဖတ်ရတော့ ရှဝေ့ ရင်ခုန်သံမြန်လာတယ်။ သူ့ဆီကို စာပြန်ရင်း ပြုံးနေမိသည်။ “ကျွန်မတို့ သဘောတူထားတယ်လေ။ ဒီတစ်ခါ ကျွန်မကျွေးပါရစေ။ ဘာစားချင်လဲ”



ယဲ့ခိုင် - မင်းနဲ့အတူစားရရင် ဘာမဆို အဆင်ပြေပါတယ်။ (ပြုံးပျော်လျက်)    



သူ သဘောတူတဲ့ ပုံစံကလဲ လူကို စိတ်ဆွနေသလိုပါပဲလား။



ရှဝေ့ - ဒါဆို ဟော့ပေါ့သွားစားရအောင်လေ (≧▽≦)



ယဲ့ခိုင် - အိုကေ (≧▽≦)



သူမ သုံးလိုက်တဲ့ ဂျပန်ပုံစံ emoticon ကို လိုက်သုံးတာမြင်တော့ ရှဝေ့ ရယ်လိုက်မိသည်။ သူက သိပ်ချစ်ဖို့ ကောင်းတာပဲ တကယ်..



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  မနက်ဖြန်ည ငါ ကိုလူချောနဲ့ ညစာသွားစားမလို့ဟေ့။ အဆင်ပြပါစေ ဆုတောင်းပေးကြဦးနော် (≧▽≦)



ချစ်စရာ ဆွိတီ‌လေး - ဟိုတစ်ခါပြောတဲ့ ယဲ့ခိုင်လား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဒါပေါ့



ချစ်စရာ ဆွိတီ‌လေး - (ငိုကြွေး) မနက်ဖြန် အချိန်ပိုဆင်းရမယ်။ ဘယ်တော့မှ နားရက်ရမှာလဲ မသိတော့ဘူး (ငိုကြွေး)



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါလောက် ကံဆိုးဦးမလားဟယ် (ပြုံးပြ) ဆောက်လုပ်ရေး  လုပ်ငန်းခွင်ကို အုတ်ခဲသယ်ရတာ ဘယ်နှစ်လမှန်းမသိဘူး (ပြုံးပြ)  



5kg မကျရင် နာမည်မပြောင်း -  ငါတို့အားလုံးထဲမှာ ရှဝေ့ပဲ ငပျင်းထင်တယ်နော်။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါက ဘယ်မှာ ငပျင်းလဲ။ ငါ့ လက်သည်းအလှပြင်ဆိုင်က အလုပ်ဖြစ်နေတာပဲလေ (ပြုံးပြ)  



5kg မကျရင် နာမည်မပြောင်း - နင်က ရည်စားထားဖို့ အချိန်ရတယ်လေ.. အဲ့ဒါ ငပျင်းအလုပ်မဟုတ်လား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  (ပြုံးပြ)  



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - Twiggy ရေ အားတင်းထားပါဟယ်။ သူတို့ မကြာခင် လမ်းခွဲကြ ပါလိမ့်မယ်။



5kg မကျရင် နာမည်မပြောင်း -  ဟား ဟား ဟား ဟား ဟား ဟား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  (ပြုံးပြ) ဒီနတ်ဘုရားမက နင်တို့အဆင့်အထိ မနိမ့်ကျဘူးလေကွယ်။



ရှဝေ့ အဲ့စကားပြောလိုက်ရပေမယ့် သူမရဲ့ အရင်က ကျရှုံးခဲ့တဲ့ အချစ်ရေးတွေက သူမကို နည်းနည်း ‌တော့ စိတ်လှုပ်ရှားစေသည်။ ဒီတစ်ခါတော့ အဆင်ပြေလောက်ပါတယ်နော်



ယဲ့ခိုင်က သိပ်ချစ်စရာကောင်းတော့ ချောချောမောမောဖြစ်မှာပါလေ



သူမ ယဲ့ခိုင် နဲ့ ညစာထွက်စားတဲ့နေ့မှာ ရှဝေ့က တမင်တကာ ဝတ်စုံအသစ်လေး ဝတ်သွားလိုက်သည်။ သူမ လက်သည်းကိုလဲ ရှောင်ချုံးက အလှဆင်ပေးသည်။  ရှောင်ချုံးက ရှဝေ့ လက်သည်းကို အလှဆင် ပေးရင်း "ဒီနေ့ ဒိတ်လုပ်မလို့လား"



“ဒိတ်” ဆိုတဲ့ စကားကြားတော့ ရှဝေ့ ချောင်းဆိုးသွားသည်။ ဟွတ်.. ဟွတ် "ပြောပါတော့"



"ဟိုတစ်ခါ နေ့လည်စာဖိတ်ကျွေးတဲ့ ခပ်ချောချောလူလားဟင်"



"အွန်း" ရှဝေ့ က သူမ အသည်းပုံဖော်ထားတဲ့ လက်သည်းကို ကြည့်လိုက်သည်။ ဒီည ချိန်းဆိုထားတာ ကို မျှော်လင့်နေမိသည်လေ။



သူမပဲ ဟော့ပေါ့ဆိုင်ကို ရွေးလိုက်သည်။ ဒီမြို့က ဟော့ပေါ့ဆိုင်အားလုံးကို စားဖူးသည်ဟု ပြောမရပေမယ့် ဆိုင်တော်တော်များများတော့ စားဖူးပါသည်။ သူမ ရွေးလိုက်တဲ့ ဆိုင်က အရသာအကောင်းဆုံးလို့ ထင်သည်။ နေရာမရမှာစိုးလို့ ရှဝေ့က နာရီဝက်စောပြီး ဆိုင်မှာထိုင်နေလိုက်မည် စိတ်ကူးဖြင့် စောထွက်လာတော့ ယဲ့ခိုင်က တံခါးမှာ ရပ်စောင့်နေလေသည်။



သူလဲ ဒီနေ့ ဝတ်ကောင်းစားလှ ဝတ်လာတာ သတိထားမိသည်။ လူကြီးလူကောင်းပုံစံမို့ လှောင်ပြောင် ချင်စရာမဟုတ်ပါ။ ရှဝေ့ သူ့ကို စတော့ သူက ရှက်သွားသည်။ သူ့ညီမလေးက သူဝတ်ဖို့ ရွေးပေးလိုက် တာသည်ဟုဆို၏။ ညီမလေးတစ်ယောက်ရှိတာ အဆင်ပြေလိုက်တာလို့ ရှဝေ့ တွေးလိုက်မိသည်။



ဒီတစ်ခါတော့ သူမက စိတ်ကြိုက်အစားအစားတွေ မှာလိုက်သည်။ ယဲ့ခိုင်က ဘာမှမပြာဘဲ ပြုံးကြည့်နေ သည်။ ဟော့ပေါ့ဆိုင်က ပြန်တော့ ရှဝေ့ က သူမ အင်္ကျီလက်ကို အနံ့ခံကြည့်လိုက်ရင်း သက်ပြင်း တိုးတိုးချလိုက်ပြီး "အာ..အနံ့က ပြင်းလိုက်တာ" အနံ့စွဲတတ်တာကို မေ့ပြီး ဝတ်စုံသစ်ဝတ်လိုက်မိသည်။



"လေလာရင် အနံ့က ပြယ်သွားမှာပါ" ယဲ့ခိုင်က သူမကို ငုံ့ကြည့်လိုက်ရင်း "ကျွန်တော်တို့ ခဏလောက် လမ်းလျှောက်ကြမလား"



စိတ်က သဘောကျပေမယ့် ရှက်ရွံ့တုန်လှုပ်မှုကို ဖုံးကွယ်ဖို့ ဆံပင်ကို နားရွက်နောက်ပို့လိုက်သည်။



"အင်း အစာချေပြီးသားရတာ‌ပေါ့"



ရှဝေ့ရဲ့တိုက်ခန်းက Starlight Plaza မှာရှိတဲ့ ဟော့ပေါ့ဆိုင်နဲ့ သိပ်မဝေးတော့ သူတို့ တစ်လမ်းလုံး စကားပြောရင်း အိမ်ယာဝင်းနားရောက်လာသည်။ သူမက အိမ်ယာဝင်းရှေ့မှာ ရပ်လိုက်ပြီး "အာ.. ကျွန်မ အိမ်ရောက်ပြီပဲ"



ယဲ့ခိုင်လဲ ငေးကြည့်လိုက်ရင်း "မြန်လိုက်တာနော်"



"ဟုတ်ပါရဲ့" ရှဝေ့က ရယ်လိုက်သည်။ သူမဖုန်းကို ထုတ်ယူလိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာ တဲ့ app ကို ဖွင့်လိုက်သည်။ "ကျွန်မတို့ လမ်းလျှောက်တာ ခြေလမ်းပေါင်း တစ်သောင်းတဲ့။ ဒီနှစ်မှာ ကျွန်မ အတွက် ခြေလှမ်းရေ အများဆုံးပဲ"



ယဲ့ခိုင်လဲ နှုတ်ခမ်းသတ်လိုက်ပြီး ပြုံးလိုက်သည်။ ခပ်ဖွဖွရယ်ရင်း သူ့မျက်စိရှေ့က အိမ်ယာကို ကြည့် လိုက်၍ "မင်းနေတဲ့ နေရာက တော်တော်ကောင်းတာပဲ"



ရှဝေ့ - "ကျွန်မက ဒီနေရာမှာ တိုက်ခန်းမဝယ်နိုင်ပါဘူး။ ကျွန်မ သူငယ်ချင်းဝယ်ထားတာလေ။ သူက ကျွန်မကို ဒီမှာ နေခွင့်ပေးလို့လေ။ ဒီနေရာက တကယ် ကောင်းပါတယ်"



ဒီနေရာလေးက စိမ်းလန်းစိုပြေသည်။ ပန်းခြံကလဲ ရေကန်ငယ်၊ သစ်ပင်ပန်းမန်တွေနဲ့ လှပနေသည်။ လူတွေက ပန်းခြံလေးထဲကို နေ့တိုင်း လမ်းလျှောက်ကြ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြသည်လေ။ သူမလဲ တစ်ခု‌တွေးမိတာနဲ့ ယဲ့ခိုင်ကို မေးလိုက်သည်။



 "ရှင် တခြားကိစ္စရှိသေးလားဟင်။ မရှိရင် ကျွန်မတို့ ပန်းခြံထဲ ခဏဝင်ကြည့်မလား။ အထဲက တော်တော်လှတယ်"



ယဲ့ခိုင်ရဲ့ နားရွက်တွေ နီရဲသွားတာ အတိုင်းသား မြင်ရသည်။ ရှဝေ့လဲ နတ်ဆိုးမက သူမယောက်ျား ကို စကားပြောတဲ့ပုံစံဖြစ်နေပြီလို့ တွေးမိသွားသည်။ "တစ်မျိုးမထင်ပါနဲ့နော်။ ကျွန်မက ဒီအတိုင်း ပန်းခြံ ထဲ လမ်းလျှောက်ဖို့ပြောတာပါ"



"အမ်း " ယဲ့ခိုင်က သဘောတူဟန် တုံ့ပြန်သည်။.သူ့နားရွက်နီနေတာတော့ ပျောက်မသွားပေ။



အိမ်ယာမှာ နေထိုင်သူတွေ သွားလာနေဆဲဖြစ်သည်။ နွေးဦးပေါက်ဖြစ်သဖြင့် ရာသီဥတုက သာယာပြီး ပန်းတွေနဲ့လှပနေသည်။ ယဲ့ခိုင်နဲ့ ရှဝေ့ က ကျောက်တုံးလမ်းလေးအတိုင်း ဘေးချင်းယှဉ်လျက် လမ်းလျှောက်ကြသည်။ နွေးထွေးတဲ့ ဝါကျင့်ကျင့် လမ်းမီးရောင်က သူတို့အရိပ်တွေကို ပိုမိုရှည်လျား စေသည်။



သူတို့ခေါင်းပေါ်က မက်မွန်ပန်းပွင့်လေးတွေကို မော့ကြည့်ရင်း ယဲ့ခိုင် နှုတ်က အသံထွက်လာသည်။ "အရင်ကဆို လူတွေ ညအချိန်  ချယ်ရီပန်းပွင့်ကြည့်တဲ့အကြောင်း ပြောကြတာ ကြားပဲကြားဖူးခဲ့တာ ဒီည မက်မွန်ပန်းတွေ မြင်ရတော့ လှလိုက်တာ"



ထိုအချိန် ကျန်းကျစ်ကျိုး မောင်းလာတဲ့ ကားက သူတို့ကို ဖြတ်သန်းသွားသည်။ ဒီည သူလဲ ဖန့်ဝမ်နဲ့ အနောက်တိုင်း စားသောက်ဆိုင်မှာ ထွက်စားခဲ့သဖြင့် ပုံမှန်ပြန်နေကြအချိန်ထက် နောက်ကျနေသည်။ သူက အိမ်ယာဝင်းထဲက ကားပါကင်ထဲ မောင်းမဝင်ခင် ရှဝေ့နဲ့ ယဲ့ခိုင်တို့ကို စိုက်ကြည့်လိုက်သည်။



သူက အပေါ်ထပ်မှာ နေတဲ့ Miss ရှကို အထင်ကြီးမိသည်။ သူမ ပြောင်းလာတာ တစ်နှစ်လောက်ပဲ ရှိဦးမည်။ သူမကို ယောက်ျား ၃ ယောက်နဲ့ ပြန်လာတာ မြင်ဖူးနေသည်။ တစ်ခါမြင် တစ်ယောက်ပဲ။



သူမပြောင်းလာတဲ့နေ့က တစ်ယောက်၊ ဒုတိယတစ်ခါက ပြီးခဲ့တဲ့နွေရဲ့ အပူဆုံးအချိန်၊ တတိယတစ်ခါ ကတော့ အခုပေါ့။



သူ့မရီးက သူ့ကို တစ်ခါကမေးဖူးသည်။ ဘယ်လိုမိန်းကလေးပုံစံ နှစ်သက်လဲတဲ့။ သူ ပြန်မဖြေနိုင်ခဲ့ပေ။ သို့သော် သူ့လက်တွဲဖော်မဖြစ်နိုင်တဲ့ မိန်းက‌လေးဆိုရင်တော့ သေချာပေါက် ဒီ Miss ရှ ပဲပေါ့။



ညဖက်ကြီးမှာ ရုတ်တရာက် လေပြင်းကျလာသည်။ မက်မွန်ပင်ကိုင်းတွေ ယိမ်းနွဲ့နေပြီး ပန်းရောင်ပွင့် ဖက်တွေလဲ လေနဲ့အတူ လွင့်မြောနေသည်။



"Wow လှလိုက်တာ" ရှဝေ့ နှုတ်က ထွက်ကျလာသည်။ နွေဦးက တကယ့်ကို season of romance ပဲလေ။ ယဲ့ခိုင်က ခပ်တိုးတိုးရယ်ပြီး သူမကို ငေးကြည့်နေသည်။ "မင်းဆံပင်ပေါ်မှာ ပန်းဖက်လေးတွေ တင်နေတယ်"



"အမ်.. ဘယ်မှာလဲဟင်"



"ငြိမ်ငြိမ်နေနော် ကျွန်တော် ဖယ်ပေးမယ်" ယဲ့ခိုင် က သူ့လက်ကို မြှောက်ပြီး ခေါင်းပေါ်က ပွင့်ဖက်လေး တွေကို  အသာအယာ ဖယ်ပေးသည်။ သူ့မျက်လုံးကို အောက်နည်းနည်းချလိုက်တော့ ရှဝေ့ ရဲ့ မျက်လုံး တွေနဲ့ အကြည့်ဆုံသည်။



သူတို့ နှစ်ဦး အကြည့်မှာ ငြိတွယ်သွားပြီး ရင်ခုန်သံတွေ မြန်လာသည်။



လရောင်ကပဲ နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိတာလား။ မက်မွန်ပွင့်တွေကပဲ မျက်လုံးတွေကို ဖမ်းစားသွား သလား မသိပေ။ သူ ရုတ်တရက်ဆိုသလို သူမကို နမ်းချင်စိတ်ဖြစ်သွားသည်။ နှစ်ယောက်စလုံးရဲ့ နှလုံး ခုန်နှုန်းတွေက ဒရမ်တီးနေသလို တစ်ဒုန်းဒုန်းနဲ့..



ရှဝေ့က ယဲ့ခိုင် မျက်နှာကို ငေးကြည့်မိသည်။ သူ့ကို ကြာကြာငေးကြည့်မိတော့ သူမခံစားချက်က ပိုမိုကြီးထွားလာသည်။ ရုတ်တရက် သူ့ဦးခေါင်းက ငုံ့ကျလာ သည်။ ယဲ့ခိုင်က သူမဆံနွယ်တွေကို နှုတ်ခမ်းနဲ့ တိုးတိုက်နမ်းလိုက်သည်။ 



"ဆော...ဆောရီးပါဗျာ" သူ့မျက်နှာ နီရဲသွားသည်။ သူ့ရဲ့ရိုင်းပြမှုကို ဘယ်လိုတောင်းပန်ရမှန်းမသိ ဖြစ်နေသည်။ "ဒါ..ဒါက.. ကျွန်တော် မရည်ရွယ်ပြီး လုပ်လိုက်မိတာပါ တောင်းပန်ပါတယ်"



ရှဝေ့ ကို နောက်တစ်ကြိမ် ထပ်တောင်းပန်ပြီး ယဲ့ခိုင်က အလင်းတန်းအလျင်နဲ့ ထွက်ပြေးသွားတော့သည်။ ကျန်ခဲ့တဲ့ ရှဝေ့က သူထွက်သွားသည်ကို ရပ်ကြည့်နေရင်း သူမနှုတ်ခမ်းကို ကွေးညွှတ်အောင် ပြုံးနေမိသည်။ 



ဟေး...ဟေ... သေချာတယ် သူမက အနိုင်ကျင့်သူပဲ.. သူတောင် ထွက်ပြေးရတယ်လေ.. 



သူမရဲ့ မရပ်မနား ခုန်ပေါက်နေခဲ့တဲ့ နှလုံးသားက တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ရှဝေ့က အသက်ကို ရှူထုတ်လိုက်ပြီး တိုက်အမှတ် - ၃ ဆီကို ဦးတည်လိုက်သည်။



လိမ္မော်ရောင် ကြောင်လေးတစ်ကောင် ဂိတ်ပေါက်ဝလှေကားထစ်မှာ အိပ်နေသည်။ ရှဝေ့ ပြန်လာတာ မြင်တော့ “မြောင်” လို့အော်ပြီး စားစရာတောင်းသည်။ အိမ်ယာပတ်ဝန်းကျင်မှာ ပိုင်ရှင်မဲ့ကြောင်တွေ ရှိ သည်။ ဒီလိမ္မော်ရောင်ကြောင်လေးကို ရှဝေ့ မကြာခဏ အစာကျွေးလေ့ရှိသဖြင့် ညတိုင်း သူမ အလုပ် ပြန်ချိန်ကို ဒီနေရာက စောင့်နေလေ့ရှိသည်။ သူမအိတ်ထဲက ကြောင်စာကို ထုတ်လိုက်သည်။ ရှဝေ့က ကြောင်က‌လေးဝလာတာကို သတိထားမိသည်။ သူမ အစာပုံမှန်ကျွေးလို့ပဲလို့ အတွေးဝင်သည်။



ရုတ်တရက်ဆိုသလို သူမ အထက်တန်းကျောင်းသူအရွယ်က ပိုင်ရှင်မဲ့ကြောင်လေးကို သတိရသွားသည်။ အတန်းပိုင်ဆရာမက ညစာကျက်ချိန်မှာ ကြောင်လေးတွေကို ပွတ်သပ်ပေးရတာ ကြိုက်သည်လေ။ သက်ပြင်းဖွဖွချရင်း သူမဖုန်းကို ထုတ်လိုက်သည်။ the best friend chat ကိုဖွင့်ပြီး စာပို့သည်။ 



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ တကယ်မကောင်းဘူးပဲ.. (မျက်ရည်ကျ) အခုလေး တင် ယဲ့ခိုင်က ငါ့ကို နမ်းချင်နေခဲ့တာ။ ငါက မလှုပ်တော့ သူထွက်ပြေးသွားတယ် (မျက်ရည်ကျ) 



5kg မကျရင် နာမည်မပြောင်း - ဟားဟားဟားဟား ငါသိသားပဲ။ ဒီလိုဖြစ်မယ်ဆိုတာ။  ရတနာရှစ်ပါးရေ ပေးလိုက်တော့ ပေးလိုက်တော့ ~



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - သေလိုက်ပါတော့ ရှဝေ့ ရယ်။ နင်ကလဲ ရောဂါပဲ။ တွေ့တာ မှ ရက်နည်းနည်းပဲရှိသေးတယ်လေ



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  နင်တို့က အလောင်းအစား လုပ်ထားတာလား (ပြုံးရယ်) ဂွတ်ဘိုင်ပါ 



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - (နှာခေါင်းနှိုက်)  



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ရှဝေ့ကို စမ်းသပ်လေ့လာဖို့ သိပ္ပံပညာရှင်တစ်ယောက် လောက် ငှားရမယ့်ပုံပဲ။ ချစ်စရာ ကိုလူချောက နင့်ကို မြင်မြင်ချင်း နမ်းချင်တယ်ဆိုတော့လေ။ သူနမ်းဖို့ ကြိုးစားတာကို နင်က မရှောင်ဖယ်ဘူးမဟုတ်လား



5kg မကျရင် နာမည်မပြောင်း -  နားလည်ပါတယ်ဟာ.. သူမက လိင်ကိစ္စနဲ့ကင်းဝေးတာကိုး



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - (ပြုံးပြ) (ပြုံးပြ) (ပြုံးပြ) (ပြုံးပြ)



ချစ်စရာ ဆွိတီလေး - နင်က လှုပ်ရှားတာ မမြန်လွန်းဘူးလား။ ကိုယ့်အနေအထားကို ပြန်စဉ်းစားဦးလေ။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  (မျက်နှာကွယ်) ချိန်းတွေ့တာက ထိတွေ့ကြဖို့ လိုလားဟင်.. ရိုးရိုးပဲ တွေ့ကြလို့မရဘူးလား (မျက်နှာကွယ်) 


 

ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - အိပ်ယာက ထလိုက်တော့ ကောင်မရေ.။ ယောက်ျားမှန်သမျှ လိင်ကိစ္စပဲ စိတ်ဝင်စားတာဟ။ ဘယ်သူမှ နင်ကို ၅၂၈ မေတ္တာ (Plato's platonic love) နဲ့ စကားပဲပြော နေမှာ မဟုတ်ဘူး  



ရှဝေ့ လဲ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းစခရင်ကို ပိတ်လိုက်သည်။ အစာစားနေဆဲ ကြောင်ဝတုတ်ကို ဖျစ်ညစ်လိုက်ပြီး ရှဝေ့ လှေကားတက်လာခဲ့သည်။ မအိပ်ခင် ဖုန်းဖွင့်လိုက်တော့ group chat မှာ စာတွေက ဒါဇင်ချီနေသည်။ စာတွေအကုန်ဖတ်မနေတော့ဘဲ  လွန်ခဲ့တဲ့ တစ်နာရီလောက်က ယဲ့ခိုင် ပို့ ထားတဲ့စာကို ဖတ်လိုက်သည်။



ယဲ့ခိုင် -  ကျွန်တော် ဒီနေ့ကိစ္စကို တကယ်တောင်းပန်ပါတယ်‌။ ကျွန်တော်လဲ ဘာဖြစ်သွားလဲ မသိဘူး။ ကျွန်တော် တကယ် အခွင့်အရေးသမား မဟုတ်ပါဘူး။ တကယ်ကို။ အခါခါတောင်းပန်ပါတယ် (ငိုကြွေး) တကယ်လို့ မင်း သဘောတူရင် စနေနေ့ညနေ ရုပ်ရှင်သွားဖို့ ဖိတ်ချင်ပါတယ်။ လူကိုယ်တိုင်တွေ့ပြီး တောင်းပန်ပါ့မယ် (မျက်ရည်ကျ)  



ရှဝေ့လဲ မက်ဆေ့ချ်ကို ငေးကြည့်နေမိသည်။ သေချာတာတော့ သူမက တရားခံပါ။ တဖက်လူက ထပ် တလဲလဲတောင်းပန်ရလောက်အောင် လုပ်မိတာကိုး။ သူမလဲ ဒီအကြောင်းကို ယဲ့ခိုင် နဲ့တွေ့ရင် ဘယ်လို ပြောရမလဲ မသိသေးပါ။ သေချာတာတော့ ဆွိတီပြောသလို အရာရာတိုင်းက ဖြစ်ပျက်တာမြန်တော့ သူမလဲ မထိန်းချုပ်နိုင်တာပေါ့လေ။



နှစ်ယောက်အတူ ဒီထက်တွေ့ဆုံခွင့်များခဲ့ရင် ပိုသင့်တော်မှာပါ။ အဲ့လိုဖြေသိမ့်လိုက်ပြီး သူမက ယဲ့ခိုင်ဆီကို ချစ်စဖွယ် စာပြန်လိုက်သည်။ 



(အိုကေပါရှင်)