ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်
အခန်း (ယ၆
ထျန်းရှ စားသောက်ဆိုင်က A City မှာ တရုတ်အစားအစာ နာမည်ကြီးသည်။ ဆိုင်က ခမ်းနားတာရော ဆယ်လီတွေ မကြာခဏ လာစားလေ့ရှိတာကြောင့်ပင်။
A City ကို ရှဝေ့ ရောက်တဲ့အချိန်ကစပြီး အခုချိန်အထိ ထျန်းရှ စားသောက်ဆိုင်ကို လာစားဖူးတဲ့ အကြိမ်ရေက လက်နှစ်ဖက် (၁၀ ကြိမ်) မပြည့်သေးပါ။ ဈေးမတန်တဆ ကြီးသဖြင့် ဒီဆိုင်မှာ တစ်ခါစားပြီးရင် နှစ်ဝက်လောက် ရင်နာရသည်။
အခုတော့ ရှဝေ့ တစ်ယောက် ညစာစားဖို့ ထျန်းရှ စားသောက်ဆိုင်ကို ရောက်လာပြန်သည်။ အထက် တန်းလွှာပုံစံ ဝတ်စားခဲ့ပြီး ပုံမှန်စီးနေကျထက် နှစ်စင်တီမီတာလောက် ပိုမြင့်တဲ့ ဖိနပ်အမြင့်ကို စီးခဲ့လိုက်သည်။
ထျန်းရှ စားသောက်ဆိုင်ဝင်ပေါက်မှာ အရပ်ရှည်ရှည်နဲ့လှပတဲ့ မိန်းမပျိုလေးက အခန်းကြိုတင် မှာယူထားခြင်း ရှိ/မရှိ ချိုသာတဲ့အသံလေးနဲ့ မေးသည်။ သူမလဲ ထျန်ထျန် နာမည်နဲ့ သူ့ဖုန်းနံပါတ် နောက်ဆုံးလေးလုံးကို ပြောလိုက်သည်။ ဧည့်ကြိုလေးက သူမကို ဓာတ်လှေကားဆီ ခေါ်ဆောင်သွားသည်။
ပုံမှန်အခန်းအနေအထားရှိတဲ့ သီးသန့်ခန်းလေးတွေက တတိယထပ်မှာ ရှိသည်။ ပထမထပ်က lobby နဲ့ အပန်းဖြေနေရာဖြစ်ပြီး ဒုတိယထပ်ကတော့ စားသောက်ပွဲ ကျင်းပတဲ့ နေရာဖြစ်သည်။ ထျန်းရှ စား သောက်ဆိုင်မှာ ဘယ်လိုလူကများ စားသောက်ပွဲကျင်းပနိုင်ပါလိမ့်လို့ ရှဝေ့ စဉ်းစားနေမိသည်။ ဒီမှာ စားရတာက ငွေခဲတွေ ကိုက်စားရသလိုပါ (ဈေးကြီးလွန်းလို့)
တတိယထပ်က ဧည့်ကြိုလေးက သူမကို သီးသန့်ခန်းလေးဆီ ခေါ်သွားသည်။.ရှဝေ့ တံခါးဖွင့်လိုက် တော့ အခန်းထဲမှာ ထျန်ထျန်က ဖုန်းကြည့်နေသည်။
ထျန်ထျန် ဆိုတာ group chat ထဲက ချစ်စရာဆွိတီလေး ဆိုသူ ဖြစ်သည်။ သူတို့သူငယ်ချင်းအုပ်စုက လေး ယောက်ရှိပြီး အထက်တန်းကတည်းက အိမ်သာအတူသွားဖော်သွားဖက်တွေ ဖြစ်သည်။ သူတို့တက်တဲ့ တက္ကသိုလ်တွေမတူပေမယ့် A City မှာရှိတဲ့ တက္ကသိုလ်တွေမှာပဲတက်ခဲ့ကြသည်။
နိုင်ငံခြားမှာကျောင်း တက်တဲ့ Twiggy ကလွဲလို့ပေါ့။ ကျန်သုံးယောက်က A city မှာပဲ ဘွဲ့ရခဲ့ကြသည်။ Twiggy က သူမမိဘ တွေကို A City မှာ သူမအတွက် တိုက်ခန်းတစ်ခန်း ဝယ်ခိုင်းခဲ့သည် သူမတို့သူငယ်ချင်းတွေ ဆုံရပ်ဖြစ်ပြီး လောလောဆယ် ရှဝေ့ နေနေတဲ့ အခန်းဖြစ်သည်။
ထျန်ထျန်က ရှဝေ့ကို မြင်တော့ သူမဖုန်းကို ချလိုက်ပြီး စားစရာမှာဖို့ ပြောသည်။ ရှဝေ့ က menu စာရွက်ပေါ်က ဈေးနှုန်းတွေကို ကြည့်လိုက်ပြီး "ဒီနေ့စားသောက် စရိတ်ကို မျှခံကြမယ်လေ အဆင်ပြေ လား"
ထျန်ထျန် ရင်နာသွားအောင် မလုပ်ရက်ပါ...
ထျန်ထျန် - "ငါကျွေးမယ် ပြောထားတာလေ။ အောက်ထပ်က Mr. ကျန်း ကြောင့် နင်စိတ်မကြည်လင်နေတာကို ကုသပေးဖို့လေ"
သူမက “အောက်ထပ်က Mr. ကျန်း” လို့ပြောလိုက်တော့ ရှဝေ့ တစ်ယောက် နှလုံးသားကို ဓားထိုးခံ လိုက်ရသလို နာကျင်သွားသည်။
"ဘာလို့ သူ့ကို ထည့်ပြောတာလဲ။ ငါအစားပျက်အောင်လို့လား။ ငါ မစားနိုင်တော့ နင်ပိုစားရအောင်လို့လား"
ထျန်ထျန်က တခစ်ခစ်ရယ်လိုက်ပြီး "အေးပါဟယ်..မပြောတော့ပါဘူး..ဟိုချစ်စဖွယ် ယဲ့ခိုင် အကြောင်း ပြောကြမလား အဲ့ဒါဆို"
"ထျန်ထျန် ရေ နင်ဘယ်အချိန်က အတင်းအဖျင်းပြောတာ ဝါသနာပါသွားတာလဲ" ရှဝေ့ စားပွဲထိုး လေးကို "ကျွန်မလေ ရှင်တို့ဆိုင်က အထူးလက်ရာ ကြက်ဥထမင်းကြော်မှာမယ်နော်"
"ဟုတ်ကဲ့ပါရှင်"
"ငါက နင့်ကို ထျန်းရှ စားသောက်ဆိုင်မှာ ကြုံတောင့်ကြုံခဲ ကျွေးတာကို နင်က ကြက်ဥထမင်းကြော်မှာ နေတာလား" လို့ ထျန်ထျန်က စနောက်နေသည်။
"အပြစ်မပြောခင် ဈေးနှုန်းလေးလဲ တစ်ချက်ကြည့် လိုက်ဦး" လို့ ရှဝေ့ က menu လှမ်းပေးရင်း ပြောလိုက်သည်။ သူမ ဒီဆိုင်က ကြက်ဥထမင်းကြော်ကို ပထမတစ်ကြိမ်လာကတည်းက စားကြည့်ချင်ခဲ့သည်။ ဈေးနှုန်းက ခေါင်ခိုက်နေလို့ မစားဖြစ်ခဲ့ပေ။
ဒီဆိုင်က ကြက်ဥထမင်းကြော်တစ်ပွဲ ဈေးနှုန်းက လမ်းဘေးဈေးသည်ဆီက ကြက်ဥထမင်းကြော် တစ်လ စာဝယ်စားလို့ရသည်။ သို့သော် ဒီဆိုင်မှာ အဲ့လိုဈေးကြီးနေလို့ကို စိတ်ဝင်စားလို့ စားဖူးချင်နေတာဖြစ်သည်။
ကြက်ဥထမင်းကြော်တစ်ပွဲက ဘာ့ကြောင့် အဲ့လောက်ဈေးကြီးရတာပါလိမ့်။ ဒီနေ့ သူမကို တကာခံ မည့်သူ ရှိသဖြင့် စားကြည့်မလို့ မှာခြင်းပါ။
စားစရာတွေမှာပြီးတော့ စားပွဲထိုးလေးက ထွက်သွားသည်။ ရှဝေ့ တစ်ယောက် ရေနွေးတစ်ငုံသောက် လိုက်ရင်း ထျန်ထျန်ကို မေးလိုက်သည်။ "နင် ဒီလ လစာတိုးလို့လား။ ငါ့ကို ထျန်းရှ စားသောက်ဆိုင်မှာ လိုက်ကျွေးလို့ပါလား"
ပြောနေတုန်းရှိသေး ထျန်ထျန် ဗိုက်က အသံမြည်လာတယ်...ပါးစပ်ကလဲ "ငါ နှစ်ဝက်လောက် မနားမနေ အချိန်ပိုတွေပါဆင်းပြီး လုပ်နေရတာလေ။ နှစ်ဝက်နော်.. နင်စဉ်းစားကြည့်.. အလုပ်လုပ်ရင်း အသက်ထွက် တော့မလိုဘဲ။ ဒီနေ့က ငါ့ရဲ့ အချိန်ပိုကင်းလွတ်တဲ့ ရှားရှားပါးပါး နေ့မို့လို့ ငါ့ကိုယ်ငါ အစားအသောက်နဲ့ ဂုဏ်ပြုမလို့လေ"
"အာ..ဒါဆို နင်နောက်တစ်ခါ ကိုယ့်ကိုကိုယ် ဂုဏ်ပြုရင် ငါ့ကို ခေါ်ဖို့ မမေ့နဲ့နော်"
ထျန်ထျန် - "..."
သူတို့နှစ်ယောက်ထိုင်ပြီး ရောက်တတ်ရာရာ စကားကောင်းနေတုန်း စားပွဲထိုးလေးက မှာထားတာတွေ လာချပေးသည်။ ရှဝေ့ မှာတဲ့ ကြက်ဥထမင်းကြော်ကို အရင်ချပေးသည်။ မညာတမ်းပြောရရင် ဒီ ကြက်ဥထမင်းကြော်က သူမမြင်ဖူးတဲ့ ကြက်ဥထမင်းကြော်တွေထဲမှာ အလှဆုံးပါ...(ဟီးဟီး)
ကြက်ဥထမင်းကြော်က နည်းနည်းလေးဖြစ်သည်။ ထျန်းရှ စာသောက်ဆိုင်က ဟင်းပွဲတွေက ပမာဏနည်းပေ မယ့် အရည်အသွေးကတော့ တကယ့်ထိပ်တန်းဟုဆိုကြသည်။ ဒီကြက်ဥထမင်းကြော်က တကယ့်ကို လှပနေတယ်လေ။ အပြင်အဆင်က အနောက်တိုင်းအစားအစာလို သန့်ရှင်းလှပနေလေရဲ့။
ကြက်ဥ ထမင်းကြော်က တကယ့်ကို နှင်းလိုဖြူဖွေးနေသည်။ ဒါပေါ့ အပြင်အဆင်နဲ့တင် သွားရေယိုစရာ ဖြစ်နေသည်။ ထမင်းစေ့ တစ်လုံးစီက ချောမွေ့နူးညံ့ပြီး လုံးဝန်းပြည့်ဖောင်း၍ ထမင်းစေ့အရွယ်အစားကလဲ ဆိုက်တူဂိုက်တူပင်။
ရှဝေ့ တရိုတသေနဲ့ တစ်ဇွန်း ယူစားကြည့်လိုက်သည်။ - အိုး...အရသာရှိလွန်းလို့ မျက်ရည်တောင်လည် တယ် (အယ့်လဲ့)
"ဒါက အရသာရှိလိုက်တာဟယ်" သူမစိတ်ခံစားချက်ကို ဖော်ပြနိုင်ဖို့တောင် မလွယ်ပေ။ ပြောရရင် စားရတာ အရသာရှိလွန်းလို့ ဒီထမင်းကြော်ပေးတဲ့ စားဖိုမှူးကို လက်ထပ်ချင်စိတ် ဖြစ်သွားသည်။
"နင်က ပိုလွန်းမနေဘူးလား" ထျန်ထျန်က ဇွန်းကို ကောက်ကိုင်လိုက်ပြီး ထမင်းကြော်နည်းနည်း ယူ စားလိုက်သည်။ "အိုး..တကယ်ကြီး ကောင်းတာဟ။ ဈေးကြီးရတဲ့ အကြောင်းအရင်းက ရှိနေတာပဲ"
"ဟုတ်တယ်.. ဒီထမင်းကိုက အရသာရှိနေတာ"
ဘေးနားမှာ မတ်တပ်ရပ်နေတဲ့ စားပွဲထိုးလေးက ပြုံးလိုက်ရင်း "ကျွန်မတို့ ဆိုင်က ထမင်းက အရည် အသွေးအမြင့်ဆုံး စပါးကို သေချာရွေးပြီး ဆန်အရည်အသွေးကိုလဲ ဂရုစိုက်ထားတာပါ။ ကြက်ဥ အတွက် ကြက်မတွေကို အထူးဂရုပြုမွေးမြူထားပြီး ဥတဲ့ကြက်ဥတွေထဲက အရည်အသွေးပြည့်ဝတဲ့ ကြက်ဥကို ရွေးချယ်အသုံးပြုတာဖြစ်ပါတယ်။ ဒီထမင်းကြော်ရဲ့ အထူးခြားဆုံးကတော့ ထျန်းရှ ရဲ့ သူဌေး (boss) ကိုယ်တိုင် ကြော်ထားတာပါရှင်"
ထျန်းရှ စားသောက်ဆိုင်ပိုင်ရှင် သူဌေးက သူ့ဆိုင်က ခေါင်းဆောင်စားဖိုမှူးတွေထက် အချက်အပြုတ် ပို တော်ပြီး တစ်ရက်ကို ဟင်းတစ်ပွဲပဲ ချက်ပြုတ်လေ့ရှိသည်။ သူ့စိတ်ပေါ် မူတည်ပြီး ချက်ချင်သော ဟင်း လျာကို ချက်လေ့ရှိသည်ဟူသော သတင်းစကားကြောင့် အချို့စားသောက်သူတွေက သူတို့ဘယ်လောက် ကံကောင်းနိုင်မလဲ စမ်းသပ်ချင်တဲ့အနေနဲ့ တမင်တကာ လာစားကြသည်လဲရှိသည်။
ကိုယ်မှာလိုက်တဲ့ ဟင်းပွဲက ထျန်းရှ သူဌေး ကိုယ်တိုင်ချက်သည်ဆိုလျင် သူတို့အတွက် အလွန်ကံကောင်းသည်ဟု ယူဆ ကြသည်။
ရှဝေ့ ထိုအကြောင်းကို ကြားဖူးသော်လည်း ဒီသတင်းစကားက ထျန်းရှ သူဌေး ဖန်တီးထားတဲ့ ရောင်း အားမြှင့်တင်ရေး အစီအစဉ်တစ်ခုပဲဖြစ်မည်ဟု ယုံကြည်ထားသည်။ သို့သော် ထျန်းရှ သူဌေး ကိုယ်တိုင် ကြော်ပေးထားတဲ့ ကြက်ဥထမင်းကြော်ကို စားလိုက်ရတော့ သူမ အလွန်ကံကောင်းသည်ဟု ခံစားမိသွား သည်။
"ထျန်ထျန် ရေ ငါတို့ပြန်ရင် ထီထိုးရအောင်"
"ဝယ်လိုက် ဝယ်လိုက် ဝယ်လိုက်"
" ထျန်းရှ သူဌေးကိုယ်တိုင် ကြော်ပေးထားတဲ့ ကြက်ဥထမင်းကြော်ကို ငါ Moments မှာတင်လိုက်ဦး မယ်" ပြောရင်း ရှဝေ့ က နှစ်ဇွန်းစာလျော့နေတဲ့ ထမင်းကြော်ပန်းကန်ကို ဓာတ်ပုံရိုက်ပြီး Moments မှာ မတင်ခင် Group Chat ထဲ အရင်ပို့လိုက်သည်။ ထျန်ထျန်က like ပေးလိုက်ပြီး မှတ်ချက်လဲရေးသည်။
"ထျန်းရှ စားသောက်ဆိုင်က အရင်တုန်းကဆို ဘုရင့်ဆွေတော်မျိုးတော်နဲ့ သူဌေးသူကြွယ်တွေအတွက် ချက်ပြုတ်ပေးခဲ့ရတာတဲ့ အဲ့ဒါကြောင့် သူတို့ဟင်းပွဲတွေ သာမန်အရပ်သားတွေက မစားနိုင်ကြဘူးလို့ ကြားဖူးတယ်"
"အဲ့လိုလဲ ရှိတယ်လား"
"ငါလဲကြားဖူးတာလေ ဟုတ် မဟုတ်တော့ မသိဘူး.." ထျန်ထျန် က ဖုန်းပြန်ချလိုက်ပြီး ရှဝေ့ မှာတဲ့ ထမင်းကြော်ကို ကြည့်နေသည်။
"ထမင်းကြော်အတွက် ဟင်းရည်က ငါးစွပ်ပြုတ်ဖြစ်မယ်ထင်တယ် အနံ့ က သင်းသင်းလေး"
"အမ်း..အရသာလဲ ကောင်းတယ်ဟ။ နည်းလိုက်တာ ငါ တစ်ခါသောက်နဲ့ ကုန်သွားမှာ" ရှဝေ့ က သူမလက်ဖဝါးထဲက ပုံမှန်အရွယ် ပန်းကန်ကိုကြည့်ရင်း စိတ်က ထျန်းရှ ဆိုင်ပိုင်ရှင်ကို တော်တော် ကပ်စေးနည်းတာပဲလို့ တွေးနေမိသည်။
ကျန်းကျစ်ကျိုးက သူ့ကိုယ်ပေါ်က စာဖိုမှူးယူနီဖောင်းကို ချွတ်နေရင်း ရုတ်တရက် နှာချေလိုက်သည်။ သူ့နှာခေါင်းယားနေတာ ထိန်းလို့မရပေ။ ကျန်းကျစ်ကျိုး အဝတ်လဲပြီးတော့ အိမ်ပြန်ရောက်ရင် ဆေး သောက်ဖို့ တွေးနေမိသည်။
"ဟဲလို CEO ကျန်း "
"CEO ကျန်း"
သူ့ကို မြင်တဲ့ ဝန်ထမ်းတွေအားလုံးက နှုတ်ဆက်ကြသည်။ ကျန်းကျစ်ကျိုး ခေါင်းပြန်ညိတ်ပြခဲ့ရင်း ကားပါကင်ဆီ ထွက်ခဲ့လိုက်သည်။
"အား....CEO ကျန်းက အခုထိ ချောမောနုပျိုတုန်းပဲနော်" စားပွဲထိုးမိန်းကလေးက ကျန်းကျစ်ကျိုးကို မျက်စေ့တစ်ဆုံး လိုက်ကြည့်နေရင်း "အိုး...ဟုတ်ပါရဲ့ ဒီနေ့ သူက ဘာဟင်းချက်သွားတာလဲဟင်"
"ကြက်ဥထမင်းကြော်! နင် ထင်မထားဘူးမို့လား" အခြား စားပွဲထိုးမိန်းကလေးကလဲ "ဟုတ်တယ် အဲ့ဒီ ထမင်းကြော်ကို ငါကိုယ်တိုင်သွားပို့ပေးရတာ လမ်းမှာ နှိုက်မစားမိအောင် အတော်သတိထားရတယ်.. တအားမွှေးကြိုင်နေလို့"
"အား...မှာစားတဲ့သူကို မနာလိုလိုက်တာ.. ငါလဲ CEO ကျန်း ကိုယ်တိုင် ချက်တဲ့ ဟင်းပွဲလေး စားဖူးချင် လိုက်တာ"
"အိပ်မက်ထဲ စားလိုက်ပေါ့ဟာ"
"......"
ထျန်းရှ ပိုင်ရှင်ကိုယ်တိုင် ကြော်ထားတဲ့ ကြက်ဥထမင်းကြော်စားပြီး ကံကောင်းသည်ဟု ခံစားနေရသည့် ရှဝေ့က အိမ်အပြန်လမ်းမှာ ထီလက်မှတ်တစ်စောင် တကယ် ဝယ်ခဲ့လိုက်သည်။ သူမသာ ယွမ် ငါးသန်း ဆုပေါက်ခဲ့ရင် သူမကိုယ်ပိုင် တိုက်ခန်းလေးဝယ်မယ်စိတ်ကူးမိသည်။
သူမလဲ Mr. ကျန်းကို တွေ့စရာ မလိုတော့ဘူးလေ။ ထီကံထူးရှင်တွေကို မနက်ဖြန်ညနေပိုင်းမှာ ကြော်ငြာမည်ဖြစ်သဖြင့် သူမသတိရ အောင် ဖုန်းမှာ သတိပေးချက် လုပ်ထားလိုက်သည်။ သူမက မနက်ဖြန် အားလပ်ရက်ဆိုတော့ ဆိုင်ကို စောစောသွားဖို့ မလိုပေ။ ရှဝေ့ နောက်နေ့ အိပ်ယာနိုးတော့ မလျှော်တာကြာလို့ ပုံနေသော အဝတ်တွေကို လျှော်ရဦးမည်။
မနေ့ညက စားခဲ့ရတဲ့ ကြက်ဥထမင်းကြော်ကို စိတ်ထဲက ဖျောက်မရသဖြင့် ရှဝေ့လဲ အိမ်မှာပဲ ကြက်ဥ ထမင်းကြော် စားမိသည်။ သို့သော် အရသာက ထျန်းရှ ဆိုင်က ကြက်ဥထမင်းကြော်နဲ့ လုံးဝတခြားစီဖြစ် သည်။ သူမလက်ရာ ကြက်ဥထမင်းကြော်ကို ဓာတ်ပုံရိုက်ပြီး best friends chat ထဲ ပို့လိုက်သည်။
ငါ ကြက်ဥထမင်းကြော် ကြော်စားတာ အရသာက တခြားစီဖြစ်လို့ ရင်နာ... :(
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ကြက်ဥထမင်းကြော်စားနိုင်တာပဲ ကျေနပ်လိုက်တော့။ တစ်ရက် တစ်ရက် ငါ့မှာ ဆောက်လုပ်ရေးဆိုဒ်က ဖုန်တွေပဲ စားနေရတာ။ သံချောင်းက ဘယ်အချိန် ကိုယ့် ခေါင်းပေါ် ပြုတ်ကျမလဲ စိတ်ပူနေရသေး။ ငါ့ဘဝလေး သနားစရာ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဓာတ်ပုံပို့
သူမပို့ပေးတဲ့ ဓာတ်ပုံကို ကြည့်ရင်း ရယ်မိသည်။ ဓာတ်ပုံထဲမှာ သူမက ဟဲလ်မက်ဆောင်းထားပြီး mask တပ်ထားသည်။ အဆောက်အအုံ အပျက်ရှေ့မှာ မတ်တပ်ရပ်နေတော့ ဖုန်တွေအမှုန်တွေက နေရာအနှံ့ပင်။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဟားဟားဟားဟား ဆောရီးပါဟာ
5kg မကျရင် နာမည်မပြောင်း - အဲ့ပုံကို ကြည့်ပြီး နင်ဆိုတာသိတဲ့လူက နင့်ကို အချစ်စစ်နဲ့ ချစ်တဲ့သူပဲ။ ငါ အတတ်ပြောရဲတယ်
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါ အဝတ်လဲရမှာ ပျင်းလို့ နေ့တိုင်း ခေါင်းပဲလျှော်တော့တယ် ငါ အဝတ်လဲလည်း ညစ်ပတ်မယ့်အတူတူလေ :)
ချစ်စရာ ဆွိတီလေး - အဲ့ဒီဆောက်လုပ်ရေး စီမံကိန်းက ဘယ်လောက်ကြာမှာလဲ
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါလ မသိဘူး.. ဒါပေမယ့် ငါတို့ “Dessert Heaven” ကို ပြန်ပြင် တုန်းကတော့ ၂ လပဲ ကြာတာ.. မြန်သလား မမေးနဲ့
ချစ်စရာ ဆွိတီလေး - Starlight General Merchandise အောက်က “Dessert Heaven” ကို ပြောတာ လား? ဆိုင်တစ်ဆိုင် ပြန်ပြင်တာ တအားကြာတယ်လို့ ဘာလို့ ထင်နေတာလဲ။ ကြာတယ်လို့ တွေးမနေနဲ့
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဟုတ်တယ်.. ကြာတယ်လို့တွေးရင် ကြာတတ်တယ်
5kg မကျရင် နာမည်မပြောင်း - ကြာတယ်လို့ တွေးမနေနဲ့.
ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဒီလိုနဲ့ ငါ့ကိုယ်ငါ အာရုံကြောသေလောက်အောင်တော့ အဖြစ် မခံပါဘူးဟယ် (မျက်ရည်ကျ) A City ကို ပြန်လာချင်တယ်ဟာ။ ငါလဲ ထျန်းရှ ဆိုင်မှာ စားချင်တယ်
ချစ်စရာ ဆွိတီလေး - အနည်းဆုံးတော့ နင်လဲ ဟဲကျစ် ကုမ္ပဏီမှာ အလုပ်လုပ်နေသူပဲလေ။ ငါ့ကို စဉ်းစား ကြည့် စီးပွားရေးလုပ်ငန်းပေါက်စမှာ။ အလုပ်များနေတာ သေတော့မလိုပဲ။
5kg မကျရင် နာမည်မပြောင်း - ရှဝေ့ အကောင်းဆုံးပါပဲ။ ကိုယ်ပိုင်စီးပွားဆိုတော့။
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင်က နိုင်ငံခြားမှာ ကျောင်းတက်နေတာလေ.. ငါ့ကို အကောင်းဆုံး ပြောရှာတယ်.. :)
ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ငါ လိုင်းအောက်တော့မယ်။ စားပြီးရင် အဝတ်တွေ လျှော်ရဦးမှာ
ပြီးခဲ့တဲ့ အပတ်က မလျှော်ဖြစ်လို့ ပုံနေတဲ့အဝတ်တွေ အကုန်စုလိုက်ပြီး အဝတ်လျှော်စက်ထဲ ထည့်လိုက် သည်။ အတွင်းခံတွေကိုတော့ လက်နဲ့ပဲ လျှော်လိုက်သည်။
လျှော်ပြီးသွားတော့ အပြင်ဖက် ဝရံတာမှာ လှမ်းဖို့ ယူလာခဲ့သည်။ ဒီဝတ်စုံက ယဲ့ခိုင်နဲ့ ဟော့ပေါ့သွားစားတုန်းက ဝတ်တဲ့ဝတ်စုံဖြစ်သည်။ ဝတ်စုံကို လှမ်းဖို့ ရေခါလိုက်တာ ဝတ်စုံရဲ့ကြိုးက ချိတ်ကနေ ပြုတ်ထွက်သွားသည်ကို မသိလိုက်ပေ။ နောက်တစ်ခါ ရေခါ လိုက်တော့ အောက်ခံ အင်္ကျီက လွင့်ထွက်သွားသည်။
ရှဝေ့ အောက်ငုံ့ကြည့်လိုက်တော့ အင်္ကျီက အောက်ထပ်က အပင်တွေပေါ်မှာ အခန့်သားပင်။
...... သေစမ်း...