Ch 8
Viewers 61

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၈




Starlight General Merchandise မှာ စားသောက်တန်းက ငါးလွှာရှိသည်။ အောက်ထပ်မှာ အချိုပွဲ ကောင်းကင်ဘုံ (Dessert Heaven) လဲရှိသည်။ Foodie's Paradise လို့လဲ သိကြသည် ဖန့်ဝမ်နဲ့ ကျန်းကျစ်ကျိုးလဲ ရုပ်ရှင်ကြည့်ပြီးတော့ မနက်ဖြန် မနက်စာအဖြစ် dessert parlor မှာ စားစရာ ဝင်ဝယ်မယ်စိတ်ကူးလိုက်သည်။ "ဒီအချိန် dessert parlors ဖွင့်သေးလားဟင်"



ကျန်းကျစ်ကျိုး အချိန်ကို ကြည့်လိုက်တော့ ည ၉ နာရီထိုးနေပြီပင်။ "အချိုပွဲရောင်းတဲ့ ဆိုင်အားလုံးက ည ၁၀ နာရီမှာ ပိတ်တယ် ဒီအချိန်ဆို အချိုပွဲက များများမရှိလောက်တော့ဘူး"



ဖန့်ဝမ်လဲ သူပြောတာ မှန်သည်ကို သိသည်။ ဒီက အချိုပွဲဆိုင်တွေက ရောင်းအားကောင်းတော့ ဝယ်ရမလွယ်ပါ။ dessert parlours ရောင်းသမျှ အချိုပွဲက CEO ယွိကျစ် ကိုယ်တိုင် မြည်းစမ်းပြီးမှ ‌ရောင်းခွင့် ပေးထားခြင်းဖြစ်သည်။ သူမလဲ ကျန်းကျစ်ကျိုး ကြည့်လိုက်ရင်း "ကျွန်မ တစ်ချက်တော့ ဝင်ကြည့် လိုက်ချင်သေးတယ်။ ဒီကအချိုပွဲတွေက အကုန်ကောင်းတော့ ကျန်တာလေးဝယ်ခွင့်ရလဲ မဆိုးဘူးလေ"



"အိုကေ"



ကျန်းကျစ်ကျိုးလဲ သူမနဲ့အတူ Dessert parlour ကိုလိုက်သွားပေးသည်။ သူဒီကို မကြာခဏ ရောက် ဖြစ်သည်။ ဒီအချိန်က ဈေးဝယ်သူ အနည်းဆုံးအချိန်ပင်။ မုန့်တွေ ခင်းကျင်းပြသထားတဲ့ မှန်ကောင်တာ တွေ အားလုံးနီးပါး အလွတ်တွေဖြစ်နေသည်။ ရွေးပြီးကျန်နေတဲ့ တစ်ခု နှစ်ခုလောက်ကိုလဲ ပြန်ဖို့ပြင် နေတဲ့ ဈေးဝယ်သူတွေက အမြန်ယူနေကြသည်။



"အလွှာတစ်ထောင် ကိတ်မုန့်ရှိသေးတာပဲ" ဖန့်ဝမ် မျက်စိလျင်လျင်နဲ့ မှန်ကောင်တာထဲ ကျန်နေတဲ့ အလွှာတစ်ထောင်ကိတ်မုန့်ကို မြင်သွားသည်။ သူမက ဒူးရင်းသီးမကြိုက်ပေမယ့် သရက်သီးတော့ ကြိုက်သည်။



သူမ ကိတ်ကို ယူမလို့ သွားနေတုန်း ယောက်ျား တစ်ယောက်အသံကို ကြားလိုက်ရသည်။ "ကိုယ် ဒီ အလွှာတစ်ထောင်ကိတ် ဝယ်ချင်တယ်"



ဖန့်ဝမ်လဲ အသံကို ရင်းနှီးသလိုဖြစ်နေသည်။ ဒါပေမယ့် အဲ့အသံထက် ကိတ်မုန့်လုဝယ်ရမှာကို ပိုပြီး စိတ်စောနေသည်။ "ကျွန်မ အရင်ရောက်တာနော်" သူမ ခေါင်းငဲ့ကြည့်လိုက်တော့ လူငယ်ကလဲ သူမကို လှည့်ကြည့်လာသည်။ အကြည့်ချင်းဆုံသွားတဲ့ အချိန် သူတို့နှစ်ယောက်လုံး တအံ့တသြပင်။



"ဝမ်ဝမ်ပါလား" ထိုယောက်ျားက သူမကို မတွေ့ရတာကြာနေတဲ့ မိတ်ဆွေလို ပြုံးပြနေသည်။ ဖန့်ဝမ် စိတ်ရှုပ်သွားသည်။



"ဒီမှာ တွေ့ရမယ်လို့ ထင်မထားဘူး တကယ်တိုက်ဆိုင်တာပဲ" ထိုယောကျ်ားက သူမစိတ်ပူပန်မှုကို မသိ မမြင်သလိုပဲ နှုတ်ဆက်နေသည်။ သူမဘေးက ကျန်းကျစ်ကျိုးကို ကြည့်လိုက်ရင်း "ဒါက ချစ်သူအသစ် လား။ ချောလိုက်တာ။ ဝမ်ဝမ် က မောင်လေးတွေပဲ ကြိုက်တာထင်နေတာ အခု အကြိုက်ပြောင်း သွားပြီလား?"



ဖန့်ဝမ် - "..." သူ့ပါးစပ်ထဲကို အလွှာတစ်ထောင်ကိတ်မုန့် ထိုးထည့်ပေးချင်စိတ် ပေါက်နေသည်။



"ကို... ဘာမှမဝယ်တော့ဘူးလား" မိန်းမငယ်လေးက သူတို့ဆီလျှောက်လာရင်း သူတို့သုံးယောက်ကို စူးစမ်းဟန်နဲ့ ကြည့်လိုက်သည်။ ကောင်စုတ်လေးက "အိုး... ကို ရည်းစားဟောင်းနဲ့ တွေ့နေလို့လေ"



ဖန့်ဝမ် - "..."



မိန်းမငယ်လေးက သူမတစ်ကိုယ်လုံးကို ကြည့်လိုက်ရင်း "ကိုက မမကြိုက်လား အရင်က"



"ဟားဟား မမတွေက ရင့်ကျက်တယ် အားကိုးလို့ ရတယ်လေ" ကောင်လေးက ပြောရင်း ဖန့်ဝမ် ကို ကြည့်လိုက်သည်။ "ကျွန်တော်တို့နဲ့ ကိတ်မုန့်ပြိုင်မလုလောက်ဘူး မို့လား။ ကျွန်တော် ယူလိုက်မယ်နော်"



သူနဲ့သူ့ကောင်မလေး ထွက်သွားတော့ ဖန့်ဝမ်က ကျန်းကျစ်ကျိုး မျက်နှာကို မကြည့်ဝံ့ဖြစ်နေသည်။ ကျန်းကျစ်ကျိုးနဲ့ ဆက်ဆံရေးခိုင်မာချင်စိတ်နဲ့ သူမ လိမ်ခဲ့မိသည်။ ဒီလိုနေ့မျိုးမှာ ရုတ်တရက်ကြီး သူမရဲ့ လိမ်ညာမှုပေါ်သွားလိမ့်မယ်လို့ ထင်မထားမိပါ။ 



"ဟို..." သူမ အရဲစွန့်ပြီ ရှင်းပြဖို့ ကြိုးစားလိုက်သည်။ "ကျွန်မ တောင်းပန်ပါတယ်... စောစောက တွေ့ လိုက်တာ ကျွန်မ ရည်းစားဟောင်း ဟုတ်ပါတယ်"



ကျန်းကျစ်ကျိုး ခဏ တိတ်ဆိတ်နေပြီးမှ အသံထွက်လာသည်။"ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် ဒီနေ့ ပြန်နှင့်လိုက်တော့မယ်၊ ဂရုစိုက်ပြန်ဦးနော်"



ဖန့်ဝမ် သူလှည့်ထွက်သွားတာကို ကြည့်ရင်း အော်ဟစ် တားမြစ်ချင်စိတ်ပေါက်လာသည်။ သို့သော် သူမ အဲ့လိုလုပ်ဖို့ ယုံကြည်ချက်မရှိပါ။



ကျန်းကျစ်ကျိုး ကားစက်နှိုးပြီး Starlight Plaza က ပြန်ခဲ့လိုက်သည်။ ရှဝေ့နဲ့ ယဲ့ခိုင်က အတူ လမ်းလျှောက်နေကြသည်။ ယဲ့ခိုင်က သူမကို ရုပ်ရှင်အတူကြည့်ဖို့ ခေါ်လို့ အချစ်ကားတစ်ကားကြည့်ခဲ့သည်။ ရိုမန့်ကားဆိုတော့ ရုပ်ရှင်ရုံမှာ အတွဲတွေနဲ့ပြည့်နေသည်။



"ကျွန်တော့် ညီမက dessert parlour မှာ မုန့်ဝင်စားခဲ့ဖို့ မှာလိုက်တယ်။ အရမ်းစားကောင်းတယ်တဲ့။ နောက်တစ်ခါ ကျွန်တော်တို့ အဲ့ဒီသွားစားရအောင်"



"ကောင်းပါပြီ"



သူတို့နှစ်ယောက် စကားတွေပြောရင်း လမ်းလျှောက်ခဲ့ရာ ရှဝေ့ နေတဲ့ အိမ်ယာဝင်းနားရောက်လာသည်။ “ရောက်ပြီ” ဒီတစ်ခါတော့ ရှဝေ့က သူ့ကို ပန်းခြံထဲ လမ်းလျှောက်ဖို့ မခေါ်ဖြစ်ပါ။ နှုတ်ဆက်လက်ပြလိုက်ပြီး "နောက်မှ တွေ့မယ်နော်"



"အမ်း..." ယဲ့ခိုင် သူမ ထွက်ခွာဖို့ ပြင်နေတာကို ကြည့်ရင်း သတ္တိမွေးလိုက်သည်။ ရုတ်တရက် သူမကို တားလိုက်သည်။  "ခဏ"



ရှဝေ့ သူ့ကို ပြန်လှည့်ကြည့်သည်။ "ဘာလဲဟင်"



"ဟိုလေ..." ညဖက်ဖြစ်ပေမယ့် ယဲ့ခိုင် ရဲ့ နားရွက်နီလာတာ မြင်နေရသည်။ "ကျွန်တော်... ကျွန်တော် မင်းကို ကြိုက်တယ်။ မင်းလဲ သဘောတူတယ်ဆိုရင် လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ကျွန်တော်တို့ တရား ဝင်တွဲကြမလားဟင်"



ရှဝေ့ အလင်းရောင်မှိန်မှိန်အောက်မှာ ရပ်နေတဲ့ သူ့ကို ကြည့်လိုက်တော့ သူ့မျက်နှာတစ်ခုလုံး နီရဲနေ တာ မြင်ရသည်။ သူမ ဘယ်လိုပြန်ဖြေရမလဲ မသိဖြစ်နေသည်။ အမိန့်ချမှာကို စောင့်နေတဲ့သူလို သူမကို စိတ်လှုပ်ရှားစွာကြည့်နေသော ယဲ့ခိုင်ကို ရှဝေ့ ခဏ ရပ်ကြည့်နေရင်း နည်းနည်းတုန်ရင်နေတဲ့ အသံနဲ့ "ကျွန်မ စိတ်မကောင်းပါဘူး..."



ယဲ့ခိုင် နှလုံးသားလေး ရုတ်တရက်ဆိုသလို စူးအောင့်သွားသည်။ သူ စိတ်ပူပန်စွာဖြင့် "အရင်တစ်ခါ ချိန်းဆိုမှုကို ကျွန်တော် ပျက်ကွက်မိလို့လားဟင်"



"မဟုတ်ပါဘူး"



"ဒါဆို အရင်တစ်ခါက နမ်းလိုက်မိလို့လားဟင်။ အဲ့ဒါကလေ ကျွန်တော်..."



"အဲ့ဒါကြောင့်လဲ မဟုတ်ပါဘူး" ရှဝေ့ စကားဖြတ်ပြောလိုက်သည်။ "ကျွန်မ ကိုယ်ပိုင်ပြဿနာကြောင့် ပါ. ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ယောက်ျားတစ်ယောက်နဲ့ ထိတွေ့မှုကို လက်ခံဖို့ မဖြစ်နိုင်လို့ပါ"



ယဲ့ခိုင် သူမ ပြောတာကို နားလည်ဖို့ ကြိုးစားလိုက်ရင်း “တွေ့တာမကြာသေးလို့ လက်ခံဖို့ အဆင်မပြေရင် လဲ ကျွန်တော် စောင့်နိုင်ပါတယ်..."



"ကျွန်မ ရှင့်ကို အချိန်မကုန်စေချင်လို့ပါ" ရှဝေ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း "ရှင့်အရင်က ကျွန်မ ရည်းစားနှစ်ယောက် ရှိဖူးတယ်။ အစပိုင်းတော့ အဆင်ပြေသလိုပဲ နောက်တော့ ကျွန်မက အထိအတွေ့ ကို ဘယ်လိုမှ လက်ခံလို့မရလို့ လမ်းခွဲခဲ့ကြတယ်။ ဒီကိစ္စကို ဘယ်လိုရှင်းပြရမလဲ မသိဘူး။ အတိုချူပ် ရရင် ရှင့်ကို မနာကျင်စေချင်လို့ပါ။ တောင်းပန်ပါတယ်"



သူမ ပြောပြီးတာနဲ့ အိမ်ယာဝင်းထဲ ဝင်ပြီး အိမ်ကို အပြေးပြန်လိုက်သည်။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ တကယ်မကောင်းတဲ့သူပဲဟယ်



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင်က အခုမှ သိတာလား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -   (ပြုံးပြ)



5kg မကျရင် နာမည်မပြောင်း - ဘာဖြစ်ပြန်ပြီလဲ



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ယဲ့ခိုင် ငါ့ကို ချစ်ရေးဆိုတယ်။ သူနဲ့တရားဝင်တွဲရ အောင်တဲ့။ ငါ ငြင်းလိုက်တယ်။



5kg မကျရင် နာမည်မပြောင်း - ...



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - အလွန်တော်တဲ့ မိန်းမပဲ (ပြုံး) နင် ယောက်ျား တစ်ယောက်ရဲ့ နှလုံးသားကို ကစားလိုက်ပြန်ပြီ မဟုတ်လား  



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါလဲ ဝမ်းနည်းရတာပဲလေ။ ဒီနေ့ သူက ငါ့ကို ရုပ်ရှင်လိုက်ပြတယ်။ အစကတည်းက ငါ စိတ်ပူနေမိတာ သူက ငါ့လက်ကို ကိုင်လိုက်မှာ ရုတ်တရက် နမ်း လိုက်မှာကိုပေါ့။ ငါ ဇာတ်လမ်းကို သေချာမကြည့်နိုင်ခဲ့ဘူး။ တော်သေးတယ် သူက တစ်ချိန်လုံး ကောင်း ကောင်းနေလို့။ ဒါပေမယ့် တရားဝင်တွဲကြရင် သူက နမ်းချင် ဖက်ချင်လာမှာလေ။ ငါက ရှောင်လိုက်ရင် သူက ပိုနာကျင်ခံစားရမှာ။



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဘာပြောရမလဲ မသိတော့ပါဘူးဟယ်…Twiggy နင်ပြောလိုက်  



5kg မကျရင် နာမည်မပြောင်း - ဒီလိုဖြစ်တာ နင့်အတွက် ပထမဆုံးမဟုတ်ပေမယ့် ငါ နင့်ကို မေးချင်သေးတယ်... နင် သူ့ကို တကယ်ချစ်လား။ နင် တကယ်ချစ်ရင် သူနဲ့ ထိတွေ့ချင်စိတ်ဖြစ်လာမှာပဲလေ။ ဘယ်လိုလုပ် ခပ်ခွာခွာနေချင်မှာလဲ



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ သူ့ကို ကြိုက်ပါတယ်။ သူနဲ့စကားပြောရရင် ပျော်တယ်လေ။ ပြီးတော့ သူ့ကို မြင်တိုင်းလဲ ငါ ရင်ခုန်သံမြန်တယ်။



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါထင်တာတော့ နင်က သူ့ကို ကြိုက်တာထက် သမီးရည်းစား အချစ်ရေးကို သဘောကျတာထင်တယ်နော် နင်က ချစ်သူ ခပ်ချောချောလေးရှိရတာကို ကြိုက်တာလေ။ နင့်ကို ပျော်အောင်ထားမယ့်သူ၊ ရှက်ကိုးရှက်ကန်းနဲ့ ရင်ခုန်သံမြန်အောင် ဖန်တီးနိုင်တဲ့သူပေါ့ဟာ။ ဒါပေမယ့် နင့်ကို ထိတွေ့တာတော့ မကြိုက်ဘူးလေ။ မိန်းမ... နင်က တကယ့်စံပဲသိလား (လက်ခုတ်တီး)  



5kg မကျရင် နာမည်မပြောင်း - ...မဟုတ်ပါဘူး.. အဲ့လိုယောက်ျားရှိရင်လဲ သူ့မိန်းကလေးက သူ့ကို ထိတွေ့စေချင်မှာပဲလေ... (မျက်နှာလက်နဲ့ကွယ်) အထူးသဖြင့် အချစ်ရေးကို ဆာလောင်နေတဲ့ အသက် ကြီးကြီး အပျိုကြီးပေါ့ (မျက်နှာကွယ်ပြီးငို) 



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ဒါဆို သူမက အချစ်ရေးပဲစိတ်ဝင်စားပြီး လိင်စိတ်မရှိတာလား



5kg မကျရင် နာမည်မပြောင်း - ရည်းစား ၃ ယောက်ထားဖူးတဲ့ အသက် ၂၇ နှစ်အရွယ် မိန်းကလေးက အခုထိ အပျိုစင်ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲနော်



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - သူမကို စိတ်မကောင်းဖြစ်ရမလား သူ့ကောင်လေးအတွက်ပဲ စိတ် မကောင်းဖြစ်ရမလား မသိတော့ဘူး



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  လေမုန်တိုင်းမျက်ရည် (jpg)



ချစ်စရာ ဆွိတီလေး - နင် သူ့ကို ကြိုက်ရင် ဘာလို့ ချက်ချင်းငြင်းလိုက်တာလဲ ခဏလောက်တော့ ဆက် ပြီးတွဲသွားတွဲလာ လုပ်သင့်တယ်မဟုတ်ဘူးလား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ဒါပေမယ့် သူက လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး တွဲချင်တာတဲ့။ ငါလိုလူက သူနဲ့ရေရှည်လက်တွဲဖို့ အားနာနေလို့လေ။



ချစ်စရာ ဆွိတီလေး - (ခေါင်းပုတ်)  



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နင်က ရည်စားထားဖို့ မသင့်တော်ဘူးထင်တယ်  



ရည်စားထားဖို့ မသင့်တော်ဘူး။ ရှဝေ့ လေးလံတဲ့စိတ်ဖြင့်  ဖုန်းပိတ်လိုက်သည်။ သူမလဲ ဒီပြဿနာကို စဉ်းစားဖြစ်ပါသည်။ သူမရဲ့ ပထမဆုံးအချစ်ရေး ကျရှုံးပြီးတဲ့နောက် သူမကိုယ်သူမ သံသယဝင်လာသည်။ သူမ အောက်ထပ်က လိမ္မောသီးလေး (ကြောင်) ကို အားကျမိသည်။ သူ့ကို နေ့တိုင်း အစာကျွေးတဲ့ သူရှိ ရင် ပျော်နေရောလေ။ ဘယ်လိုတောင် စိုးရိမ်ပူပန်မှုနည်းလိုက်လဲ။



သူမ အောက်ထပ်က Mr. ကျန်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် အကကျင့်ဖို့ဆုံးဖြတ်လိုက်သည်။



ဒီနေ့ ကျန်းကျစ်ကျိုး စိတ်က အတော်ကို အဆင်မပြေဖြစ်နေသည်။ အဲ့အချိန်မှာပဲ အပေါ်ထပ်က pa—ta— ဆိုတဲ့ စည်းချက်သံကြောင့် စားပွဲပေါ်က သူ့ဖုန်းကို ယူလိုက်မိသည်။ တိုက်ခန်းစီမံခန့်ခွဲရေးကို တိုင် ကြားဖို့ သူ့ဖုန်းခေါ်ဖို့ ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ ဖန့်ဝမ် နာမည်တွေ့လိုက်သည်။



သူဖုန်းကို မဖြေခင် ခဏကြည့်နေမိသည်။ "ဟဲလို"



"ဟဲလို မအိပ်သေးဘူးမို့လားဟင်" ဖန့်ဝမ်က တိုးညှင်းစွာမေးလာသည်။



"မအိပ်သေးပါဘူး ဘာပြောချင်လို့လဲ"



"အမ်း....ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး တကယ်တောင်းပန်ပါတယ်" ဖန့်ဝမ် အကြာကြီးစဉ်းစားပြီးမှ သူ့ကို ရှင်းပြသင့်သည်ဟု ဆုံးဖြတ်ပြီး ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။



 "ကျွန်မ တက္ကသိုလ်မှာတုန်းက ရည်းစားထား ခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းက သူက ငယ်ငယ်ချောချောဆိုတော့ သူနဲ့ချစ်သူဖြစ်ရတာ ကျွန်မလဲ နုပျိုတယ် လို့ ခံစားခဲ့ရတယ်။ သူနဲ့တွဲနေရင်း ကျွန်မကိုယ်ကျွန်မ ရည်းစားထားတာ မဟုတ်ဘဲ သားတစ်ယောက် ရလိုက်သလိုခံစားရတယ်။ အစကတော့ သူ ကျွန်မကို မှီခိုတာက အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်မိတယ်။ ကြာလာတော့ ကျွန်မလဲ ကျွန်မကို ဂရုစိုက်ပေးမယ့်သူကို လိုချင်မှန်းသိလာတယ်။ ကျွန်မက အမြဲလိုလို အလုပ်ရှုပ်နေတော့ အလုပ်က အပြန် သူ့ကို ပြုစုယုယနေရတာနဲ့ပဲ လုပ်ငန်းခွင်မှာ အဆင်မပြေ ဖြစ်လာတယ်။ အဲ့လိုအချိန်ဆို သူနဲ့စကားမပြောချင်တော့ဘူး။ ကျွန်မတို့ လမ်းခွဲပြီးတော့ ကျွန်မမိသားစုက ကျွန်မကို blind date တွေ စီစဉ်ပေးတယ်။ ကျွန်မ ငြင်းဖို့စိတ်ကူးဖြစ်ပါတယ်။ ဒါပေမယ့် ရှင့် ဓာတ်ပုံကို မြင်လိုက်တော့ ကျွန်မစိတ်ဝင်စားမိတာနဲ့ မငြင်းခဲ့တာပါ"



ကျန်းကျစ်ကျိုးက စကားတစ်ခွန်းမှ ဝင်မပြောဘဲနားထောင်နေခဲ့သသည်။ ဖန့်ဝမ်လဲ သက်ပြင်း တစ်ချက်ရှိုက်လိုက်ပြီး ဆက်ပြောသည်။ "ကျွန်မ ရှင့်ကို တကယ်ကြိုက်ပါတယ်၊ ရှင်က အရင်က ရည်းစား ရှိဖူးတဲ့ မိန်းကလေးဆို လက်မခံဘူးလို့ အောင်သွယ်တော်က ပြောပါတယ်။ ဒါပေမယ့် ကျွန်မလဲ ရှင်နဲ့ တွေ့ချင်တာနဲ့လေ။ တကယ်တောင်းပန်ပါတယ်။ကျွန်မမှာ ရည်းစားရှိဖူးပေမယ့် ရှင်နဲ့နီးစပ်ချင်တဲ့စိတ် ကြောင့် ကျွန်မ လိမ်ညာခဲ့မိတာပါ"



"ကျွန်တော် နားလည်ပါတယ်.. တောင်းပန်စရာမလိုပါဘူး... ဒါက ကျွန်တော့်ဖက်က ချို့ယွင်းချက်ပါ” ကျန်းကျစ်ကျိုး နောက်ဆုံးမှာ ပြန်ပြောလိုက်သည်။



သူ့ရဲ့ပြန်စာကြောင့် ဖန့်ဝမ်လဲ မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။ "ဒါဆို ကျွန်မတို့ ဆက်တွေ့လို့ရသေးတယ်ပေါ့ နော်"



ကျန်းကျစ်ကျိုး ခဏငြိမ်နေလိုက်ပြီးမှ "စိတ်မကောင်းပါဘူး"