Chapter 9
သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး
သဘောကျတာခံခဲ့ရတယ်
ညအချိန် ရဲစခန်း၌။
သေစေနိုင်သော လက်နက်တစ်ခု ပါဝင်နေသည့် မတော်တဆမှုတစ်ခုက
ညဥ့်နက်ပိုင်း၌ ဖြစ်ပွားသွားခဲ့ပြီး အလွန် ပြင်းထန်၏။ သို့သော်ငြား မေးမြန်းစစ်ဆေးပြီးနောက်
ဝေ့ရှင်း၏ နောက်သို့ လိုက်နေခဲ့သည့် အမျိုးသားအား သူမှ မသိဟု ရဲများက သိခဲ့ရ၏။
မသေချာပေမဲ့ ထိုအမျိုးသား၏ မျက်နှာအား သေချာ ဂရုတစိုက်
စစ်ဆေးပြီးနောက် ထိုအမျိုးသားကို မြင်ဖူးသည်ဟု ထင်ပါသော်ငြား သူမသေချာချေ။
သူ့လုပ်ဖော်ကိုင်ဖက်ကို ဖုန်းခေါ်လိုက်ပြီး တစ်ဖက်က
အလန့်တကြားနှင့် အလျင်အမြန် ရောက်လာမှ သူအဘယ်ကြောင့် ထိုကံဆိုးမှုကြီးအား တွေ့ကြုံခဲ့သည်ကို
သိသွားလေသည်။
ထိုအမျိုးသားမှာ လည်ပင်းမှစ၍ မျက်နှာအထိ နီမြန်းလာ၏။
“မင်းက ဒီကောင်ချောလေးနဲ့
နေ့ခင်းကြောင်တောင်ကြီးမှာကို ပွတ်သီးပွတ်သပ် လုပ်နေကြပြီး သူ့ကို မင်းရဲ့ခါးကိုတောင်
ထိခွင့်ပေးလိုက်သေးတယ်လေ၊ ငါ့နောက်ကွယ်မှာ မင်းတို့နှစ်ယောက် ခိုးတွဲနေကြတာလား”
“သူကဒီတိုင်းသာမန် လုပ်ဖော်ကိုင်ဖက်ပါပဲ၊ နေ့လယ်တုန်းက
ကျွန်မပစ္စည်းတွေ သယ်နေရင်း အိတ်ကပ်ထဲကနေ လက်ကောက် ပြုတ်ကျသွားလို့ သူကို ကောက်ပြီး
အိတ်ကပ်ထဲထည့်ပြန်ထည့်ပေးဖို့ အကူအညီတောင်းလိုက်ရုံပဲ”
အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က ကျယ်လောက်စွာ ပြန်ငြင်းခုံလိုက်ပြီး
သူ၏မျက်နှာအမူအယာမှာ ပြိုလဲတော့မည့်ပုံ ပေါက်နေ၏။
“ရှင်ဘယ်လိုလုပ်
အဲလိုလုပ်နိုင်ရတာလဲ၊ ညဘက်ကြီးမှာ ဓါးတစ်ချောင်းနဲ့ လူတစ်ယောက်နောက်ကို လိုက်ခဲ့တာ
ရှင်ဘာလုပ်ဖို့ ကြံစည်နေခဲ့တာလဲ”
ထိုလူ၏ မျက်လုံးများမှာ ညှိုးငယ်သွား၏။ ရဲဝန်ထမ်းများ၏
စူးရှသော အကြည့်အောက်၌ သူ့ကိုယ်သူ ခုခံကာကွယ်သည့် အနေနှင့် ရေရွတ်လိုက်လေသည်။
“င ငါက သူ့ကို ဒီအတိုင်း နည်းနည်းလောက် ခြောက်လှန့်ချင်ခဲ့တာပါ၊
ငါဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး”
မှတ်စုယူနေသည့် ရဲအရာရှိမှာ မထိန်းထားနိုင်တော့ပေ။
“အဲဒါဆိုရင် သူ့လက်ကဒါဏ်ရာက သူ့ဘာသာသူ လုပ်လိုက်တာပေါ့
ဟုတ်လား”
“သူ့လက်က ကျွန်တော်ကြောင့် ဒါဏ်ရာရသွားတာ မဟုတ်ပါဘူး၊
တကယ်လို့ ကျွန်တော်ကို မယုံဘူးဆိုရင် စောင့်ကြည့်ကင်မရာတွေကို စစ်ကြည့်လို့ရပါတယ်”
“စောင့်ကြည့် ကင်မရာမှတ်တမ်းမှာ မင်းက သူ့အနောက်ကို
ဓါးတစ်ချောင်းနဲ့ အိမ်အထိ လိုက်လာတာကို ပြထားတောင်မှ မင်းက ငြင်းရဲသေးတာလား”
ရဲအရာရှိက ဒေါသတကြီး စားပွဲခုံကို ရိုက်ချလိုက်ပြီးနောက်
မာထန်စွာ ပြောလိုက်၏။
“မင်း တိုက်ခိုက်ခဲ့တဲ့ နေရာက စောင့်ကြည့်ကင်မရာက
အရင်လကတည်းက ပျက်နေခဲ့တာ”
အမျိုးသားက မယုံကြည်နိုင်သကဲ့သို့ ကြည့်နေပြီး ဝေ့ရှင်းဘက်သို့
ခေါင်းလှည့်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
“မင်းက အဲအိမ်ရာဝန်းမှာ
နေတာလေ၊ ကင်မရာပျက်နေတာကို မင်းသိမှာပေါ့၊ မင်းငါ့ကိုချောက်ချနေတာပဲ”
ဝေ့ရှင်းက မျက်လွှာချလိုက်ပြီး အဆင်မပြေသကဲ့သို့
သူ့လက်ကောက်ဝတ်လေးကို ကိုင်ကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။
ဓါးကိုင်ဆောင်ခဲ့သည့် တိုက်ခိုက်သူက သူတို့ရှေ့၌ပင်
ခံရသူအား ခြိမ်းခြောက်ရဲသည်ကို တွေ့လိုက်ရသဖြင့် ရဲဝန်ထမ်းများက အလွန် ဒေါသထွက်သွားကြလေသည်။
“အခုအချိန်ထိ မင်းအမှားကို မင်း ဝန်မခံသေးဘူးလား၊
မင်းတစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး ဒါဏ်ရာရစေခဲ့သည်ဖြစ်စေ၊ မရစေခဲ့သည်ဖြစ်စေ
မင်း ထောင်ကျနိုင်တယ်ဆိုတာကို သိလား”
သတိလက်လွန်ပြုမူခဲ့သည့် အမျိုးသားက ထောင်ကျတော့မည်ကို
သဘောပေါက်သွားချိန်တွင် မရမ်းကားရဲတော့ဘဲ သူမျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။
ဆူညံသံတွေက ကိစ္စမပြီးပြတ်သွားခင် ညသန်းခေါင်အထိ
ထွက်ပေါ်နေခဲ့၏။
ဝေ့ရှင်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်တို့ အတူ ထွက်လာခဲ့ကြသည်။
သူက တုံ့ဆိုင်းသွားပြီး ရဲအရာရှိကို စိုးရိမ်တကြီး မေးလိုက်၏။
“ကျွန်တော်တို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းက သူ့လက်ကောက်ဝတ်ကို
အညိုအမဲ စွဲသွားစေခဲ့တယ် ထင်တယ်၊ အဲဒါက ပြဿနာဖြစ်လာနိုင်မလားဟင်”
ရဲအရာရှိက ထိုအမျိုးသား၏ လက်ကောက်ဝတ်ပေါ်ရှိ အညိုအမဲများအား
အစောကတည်းက သတိပြုမိခဲ့၏။ သူ့ရှေ့ရှိ လူငယ်လေးမှာ ပိန်ပါးပြီး အားနည်းသည့် ပုံပေါက်သော်ငြား
အတော်လေး အားရှိသည်ဟု စဥ်းစားမိရင်း သူက နှစ်သိမ့်စကား ပြောပေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး၊
အဲဒါကို ကိုယ့်ကိုယ်ကို ကာကွယ်မှုအနေနဲ့ ထည့်သွင်းသွားမှာပါ”
ဝေ့ရှင်းမှ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား
ချက်ချင်း ချလိုက်မိ၏။
သူ့လက်အား သူက ကြည့်လိုက်မိသည်။ ကူညီပေးတတ်သည့် ရဲအရာရှိက
သူ၏အနာကို ပတ်တီးစီးပေးခဲ့သောကြောင့် သွေးထွက်မနေတော့ချေ။
အစောပိုင်းက အရေးတကြီး အခြေအနေကြောင့် လင်ရှုကွေ၏
သွေးများ မြေပြင်ပေါ်သို့ ကျခဲ့သလားဆိုသည်ကို သူမသိပါချေ။ သူက သဲလွန်စများကို ဖျောက်ဖျက်ချင်၏။
(T/N လင်ရှုကွေက အားလွီပါပဲ)
ထိုအမျိုးသားကို အကွက်ချနေချိန်တွင် သူက အလွန် ထိတ်လန့်နေသဖြင့်
သေချာမစဥ်းစားနိုင်ခဲ့ပေ။
သူ့ဘေးရှိ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်မှာ ဆက်မထိန်းထားနိုင်တော့ဘဲ
ငိုကြွေးလာ၏။
“သူက အရမ်းကောင်းတဲ့သူပါ၊ ကျွန်မကိုလည်း တစ်ခါမှမရိုက်သလို
ဆဲလည်းမဆဲဆိုဖူးဘူး၊ အဲလိုလူက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့သူ ဖြစ်နေရတာလဲ”
ထိုအမျိုးသားက သူ၏ပုံစံအမှန်အား ကောင်းမွန်စွာ ဖုံးကွယ်ထားပြီး
သူ၏နူးညံ့ကာ ဂရုစိုက်ပေးတတ်သည့် ဘက်ခြမ်းကိုသာ သူမကို ပြခဲ့လေသည်။
ယခု အမျိုးသား၏ ရက်စက်ကြမ်းကြုတ်သည့် အပြုအမူကို
မြင်လိုက်ရချိန်တွင် သူမက ချိုမြိန်သည်ဟု ထင်ခဲ့ဖူးသော အမှတ်တရများအား ပြန်စဥ်းစားမိပြီး
ကျောရိုးတစ်လျှောက် အေးစိမ့်သွား၏။
ဝေ့ရှင်းမှ အသံတိုးတိုးလေးနှင့် ပြောလိုက်လေသည်။
“အဆင်ပြေပါတယ်၊ သူ့ရဲ့တကယ်စရိုက်ကို စောစောသိလိုက်ရတာက
ပိုကောင်းတာပေါ့”
“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ တကယ်ကို တောင်းပန်ပါတယ်”
အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က သူ့လက်က ပတ်တီးကို
ကြည့်ရင်း ထပ်ငိုလာကာ အပြစ်ရှိစိတ်ကြောင့် ထပ်ခါထပ်ခါ တောင်းပန်နေလေသည်။
“အဆင်ပြေပါတယ် မငိုပါနဲ့”
ဝေ့ရှင်းက သူတကယ်စကားမပြောတတ်ဟု ခံစားရ၏။ ရှောင်ဟေးကို
နှစ်သိမ့်ချိန်တွင် သူက စကားနှစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ပြောတတ်လေသည်။
အိတ်ကပ်ထဲမှ သူ ယခင်က ဝယ်လာသည့် ချိုချဥ်များကို
ထုတ်ကာ ကလေးတစ်ယောက်ကို ချော့နေသည့် လေသံမျိုးနှင့် ပြောလိုက်၏။
“အချိုလေးစားလိုက်၊ အဲဒါက မင်းရဲ့ စိတ်အခြေအနေကို
ပိုကောင်းလာစေလိမ့်မယ်”
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်က သူ့ကိုတစ်ခဏမျှ ဗလာသက်သက်ကြီး
စိုက်ကြည့်နေပြီး နောက်ဆုံးတွင်တော့ မျက်ရည်များကြားက ပြုံးပြလာ၏။
သူ့လုပ်ဖော်ကိုင်ဖက်အတွက် အငှားကား ငှားပေးလိုက်ပြီးနောက်
ဝေ့ရှင်းမှ နောက်လှည့်လိုက်ချိန်တွင် အစိမ်းရောင် အရိပ်လေးတစ်ခုမှာ နံရံထောင့်မှ ချောင်းကြည့်နေသည်ကို
တွေ့သွားခဲ့သည်။ ထို့ကြောင့် သူက ပြုံးမိသွား၏။
“လာပါဦး”
သူက အားလွီဆီကို လက်ကမ်းပေးလိုက်၏။
လင်ရှုကွေက မတုံ့ဆိုင်းနေတော့ဘဲ အမြန် ပြေးသွားလိုက်သည်။
ဝေ့ရှင်းမှ သူ့ကို ပွေ့ချီလိုက်ပြီးနောက် သူက ဝေ့ရှင်း၏ လက်ကို ကြည့်လိုက်၏။
သူမှ မပျော်မရွှင် ဖြစ်သွားကာ ညည်းညူလိုက်လေသည်။
‘မင်းကိုယ်မင်း ဘာလို့ နာကျင်အောင် လုပ်လိုက်ရတာလဲ၊
လူသားတွေရဲ့ စည်းမျဥ်းတွေကြောင့်လား’
‘ရယ်စရာကောင်းလိုက်တာ’
အချိန်များစွာ ဖြုန်းခဲ့ရသဖြင့် အိမ်၌ စောင့်နေသည့်
ရှောင်ဟေးမှာ စိတ်ပူနေလောက်ပြီပင်။
ဝေ့ရှင်းက အငှားကားတစ်စီး ငှားလိုက်ကာ အိမ်ရာဝန်းဝင်ပေါက်၌
ဆင်းလိုက်ပြီး အိမ်သို့ မြန်မြန် ပြန်သွား၏။
ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် သံတိုင်ပေါ်၌
အမူအယာမဲ့ကာ စောင့်ဆိုင်းနေသည့် အနက်ရောင် အမွှေးလုံးလေးကို တွေ့လိုက်ရလေသည်။
ဝေ့ရှင်းမှ အန္တရာယ်ကင်းစွာ ပြန်လာသည်ကို တွေ့လိုက်ရသဖြင့်
သူ့လည်ပင်းနားအထိ ရောက်နေတဲ့ သူ့နှလုံးသားမှာ သူ့နေရာသူ ပြန်ရောက်သွားခဲ့၏။
သို့သော်ငြား နောက်တစ်စက္ကန့်၌ ဝေ့ရှင်း၏ လက်မောင်းကြားထဲတွင်
ပွေ့ချီခံထားရသည့် အားလွီကို တွေ့လိုက်ရသဖြင့် သူ့အကြည့်မှာ ချက်ချင်းပင် စူးရှသွားလေသည်။
“ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး”
ဝေ့ရှင်းက ရှောင်ဟေးကို ပွေ့ချီလိုက်ပြီး ညင်သာစွာပြောလိုက်၏။
“ငါတို့်တွေ
အိမ်ပြန်ရောက်မှ စကားပြောကြရအောင်”
အိမ်မှာ ဝေ့ရှင်း ထွက်သွားစဉ်ကအတိုင်း တစ်ပုံစံတည်း
ဖြစ်၏။
ရှောင်ဟေးက တကယ့် ကြောင်တစ်ကောင် မဟုတ်သဖြင့် အိမ်ကိုဖျက်ဆီးမည်
မဟုတ်ပေ။
သူက မီးဖွင့်လိုက်သည်နှင့် သူ့အနောက်ဘက်မှ ကျယ်လောင်သည့်
ဟိန်းသံကြီးကို ကြားလိုက်ရ၏။
ရှောင်ဟေးက ဝေ့ရှင်းလက်ပေါ်ရှိ ပတ်တီးအား ချက်ချင်း
သတိပြုမိသွားပြီး အားလွီမှာ သူနှင့်အတူ အိမ်ပါလာသဖြင့် နှစ်ခုကိုဆက်စပ်ကြည့်ရန် မခက်တော့ချေ။
သူထိန်းထားခဲ့သည့် ဒေါသများမှာ ပေါက်ကွဲထွက်လာပြီး
သူ၏သတ်ဖြတ်ချင်စိတ်က ပြင်းထန်လွန်းသဖြင့် သိသာထင်ရှားလာ၏။
“မင်းသေချင်နေပြီလား”
လင်ရှုကွေက ဝေ့ရှင်း၏ အိမ်ထဲသို့ အောင်အောင်မြင်မြင်
ဝင်နိုင်ခဲ့ပြီ ဖြစ်သော်ငြား တစ်ဖက်လူ၏ လက်မှာ အနာတရဖြစ်သွားသဖြင့် သူထင်ထားသလောက်
ဂုဏ်ယူ မပျော်ရွှင်နေပေ။
သူ့ပုံမှန်ပုံစံနှင့် မတူညီဘဲ သူ့ဒေါသကို မထိန်းချုပ်ကာ
သရော်သည့်လေသံနှင့် ပြန်ပြောလိုက်၏။
“ဒါက လူသားရဲ့အိမ်လေ၊
မင်းရဲ့ပိုင်နက်မဟုတ်ဘူး၊ မင်းတောင် ဒီမှာ နေလို့ရသေးတာကို ငါကဘာလို့ ဒီမှာ နေလို့မရရမှာလဲ”
“ဘာလို့လဲဆိုရင် မင်းက အဆိပ်ရှိနေလို့လေ’
ရှောင်ဟေးက အော်လိုက်ပြီး အားလွီအပေါ်သို့ ခုန်အုပ်ကာ
သူ့ကို ကြမ်းပြင်ပေါ်တွင် ချုပ်ထားလိုက်၏။ အမွှေးလုံးလေးနှစ်လုံးက ရုန်းရင်းဆန်ခတ်ဖြစ်ကာ
ရန်ဖြစ်နေလေသည်။
ဝေ့ရှင်း၏ ဘေးနားတွင် ရှိနေသဖြင့် သူတို့က အလွန်အကြူး
လုပ်၍ မရသော်ငြား ရန်ပွဲက ပြင်းထန်၏။
ရှောင်ဟေးက အော်လိုက်သည်။
“မင်းရဲ့အဆိပ်လေး တစ်စက်ကတောင်မှ လူသားတွေကို သတ်ပစ်လိုက်နိုင်တယ်၊
လူသားခန္ဓာကိုယ်တွေ အဲဒါကို မခံနိုင်ဘူး”
“မင်းကကော ဘာထူးလို့လဲ”
အားလွီကလည်း ဒေါသထွက်နေ၏။
“မင်းကိုယ်မင်း မထိန်းချုပ်နိုင်တဲ့အခါကျရင် သူ့ကိုနာကျင်စေတာပဲလေ၊
မင်းရဲ့ခွန်အားက အားနည်းတဲ့ လူသားတစ်ယောက်ကို ခဏလေးအတွင်းမှာ သတ်ပစ်လိုက်လို့ ရတယ်”
“ငါက ငါ့ကိုယ်ငါထိန်းချုပ်နိုင်တယ်”
“ငါလည်းထိန်းချုပ်နိုင်တာပဲလေ”
“မင်းမထိန်းချုပ်နိုင်ပါဘူး”
“မြွေတွေကို အထင်မသေးစမ်းနဲ့၊ ငါကဘာလို့ မထိန်းချုပ်နိုင်ရမှာလဲ”
ရှောင်ဟေး၏ အကြည့်မှာ ရုတ်တရက် အလွန် မှောင်မိုက်လာ၏။
သူက အားလွီကို ကြမ်းပြင်ပေါ် တင်းတင်းကြပ်ကြပ် ဖိထားလေသည်။
အားလွီ၏ မျက်လုံးများမှာ နီရဲနေ၏။ ရုန်းကန်ကြည့်သော်ငြား
အချည်းနှီးပင် ဖြစ်သဖြင့် သူ၏ ချွန်ထက်သည့် သွားစွယ်များကို ထုတ်ကာ ရှောင်ဟေးကို စူးစူးရဲရဲ
စိုက်ကြည့်နေလေသည်။ သူ၏မျက်နှာမှာ ဗီဇပြောင်းအကောင်များ၏ ရက်စက်ကြမ်းကြုတ်မှုနှင့်
ခံစားချက်ကို မထိန်းချုပ်နိုင်မှုများကို ရေးရေးလေး ပြသနေ၏။
“မင်းမထိန်းချုပ်နိုင်ပါဘူး”
ရှောင်ဟေးက တစ်လုံးချင်း ပြောလိုက်လေသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ၏ အနက်ရှိုင်းဆုံး
အကြောက်တရားအား ထုတ်ဖော်ပြောလာ၏။
“ဗီဇပြောင်းအကောင်တွေ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို
စစ်ဆေးတဲ့ အမှတ် ၇၂ မှာ မင်းဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်မိသေးလား”
အားလွီမှာ အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲက ရက်စက်မှုများ
ပျောက်သွားကာ ပြောပြရခက်သည့် ထိတ်လန့်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
ထိုအရာမှာ သူတို့အတူ စခန်း၌ ပိတ်မိနေချိန်တွင် ဖြစ်သွားခြင်း
ဖြစ်၏။
ဗီဇပြောင်းအကောင် အချင်းချင်း ဖြစ်သဖြင့် အခြားဗီဇပြောင်းအကောင်များကို
စမ်းသပ်နေပုံကို ရှောင်ဟေးက မမြင်နိုင်ချေ။ သို့ပေမဲ့ သူက အစောပိုင်းကတည်းက အသိစိတ်ရှိလာခဲ့ပြီး
သုတေတီတွေကြားက စကားဝိုင်းတွေကို ကြားခဲ့လေသည်။
ထိုလူများမှာ မည်မျှကြောက်ရွံ့စွာ တီးတိုးပြောနေခဲ့ရှိသည်ကို
သူက မှတ်မိသေး၏။
“ငါးကောင်ရှင်သန်ခဲ့တယ်ဆိုတာ သေချာပေမဲ့ နံပါတ်ခုနစ်က
ကွင်းထဲမှာ ကျန်နေသေးတဲ့ တခြားအကောင်တွေ အားလုံးကို ကိုက်သတ်ပစ်လိုက်တယ်၊ တကယ့်ကို
ရက်စက်ကြမ်းကြုတ်တာပဲ သူ့ကို ယဥ်ပါးအောင် လုပ်လို့ရပါ့မလား”
“ငါထင်တာတော့ လုပ်လို့မရလောက်ဘူး၊ သိုးကနေ မျိုးရိုးဗီဇပြောင်းလဲထားတဲ့
အကောင်ဆိုရင် ငိုတောင်ငိုတယ်၊ အဲဒါက အရမ်း သနားစရာကောင်းလွန်းလို့ ငါတော့ သနားမိတယ်၊
ဒါပေမဲ့လည်း သူလည်း သေဘေးကမလွတ်နိုင်ခဲ့ပါဘူး”
“သူ့ကို ယဥ်ပါးအောင်မလုပ်နိုင်တော့လည်း ဒီတိုင်းထားလိုက်ရုံပေါ့၊
ဘာပဲဖြစ်ဖြစ် တခြား စမ်းသပ်ခံတွေအများကြီး ရှိသေးတာပဲကို ဟိုနားမှာ ဘာတွေဖြစ်နေတာလဲ”
“နံပါတ်ခုနစ်ပဲ၊ သူနိုးလာပြီးတော့ လူတွေကို တိုက်ခိုက်နေတယ်၊
ချီးပဲ တစ်ယောက်ယောက် ကယ်ကြပါဦး”
တိရစ္ဆာန်မျိုးရိုးဗီဇ တစ်ခု သို့မဟုတ် အများအပြားကို
အခြေခံပြီး ပြုပြင်ထားသည့် ဗီဇပြောင်းအကောင်းများမှာ မူလမျိုးရိုဗီဇ၏ ဗီဇအချို့ကို
ဆက်ခံရရှိ၏။
မြွေများသည် အလွန် ရက်စက်ကြမ်းကြုတ်ကာ ယဥ်ပါးအောင်
လုပ်ရန် ခက်ခဲ၏။
အားလွီက အမှန်တကယ် သူ၏ဗီဇအား ထိန်းချုပ်ထားနိုင်ပါသော်ငြား
ရှောင်ဟေးကတော့ ထိုကဲ့သို့ မဖြစ်နိုင်သလောက်သာရှိသည့် ဖြစ်နိုင်ချေအား လောင်းကြေးမထပ်နိုင်ပေ။
အားလွီ၏ တုန်လှုပ်နေသည့် မျက်နှာအားကြည့်ကာ ရှောင်ဟေးက
ငုံကြည့်ပြီး နောက်ဆုံး သတိပေးချက်ကို ပြောလိုက်လေသည်။
“ထွက်သွား”
သူက နောက်ဆုတ်ပေးလိုက်သည်။
အားလွီ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။ နောက်ဆုံးတွင်တော့
သူက စိတ်ပျက်လက်ပျက်ဖြင့် ထလာကာ တံခါးလက်ကိုင်အား လှည့်ဖွင့်ရန် သူ၏ အမြီးရှည်ကြီးကို
သုံးလိုက်သည်။
ဝေ့ရှင်းမှ သူ့ကိုတားချိန်မရလိုက်ဘဲ သူပြေးထွက်သွားသည်ကို
ကြည့်နေရ၏။
သူ၏ ဆန့်ထားသည့် လက်တစ်စုံမှာ လေထဲ၌ ရပ်တန့်နေပြီး
မဆက်သွယ်နိုင်ခြင်း၏ အဆင်မပြေမှုကို နက်ရှိုင်းစွာ ခံစားနေရလေသည်။ မဟုတ်လျှင် သူတို့နှစ်ကောင်
တိုက်ခိုက် ငြင်းခုံနေကြတာကို ကြည့်ရင်း ဇဝေဇဝါဖြစ်နေရမည် မဟုတ်ချေ။
ယခု လောလောဆယ် အခြေအနေမှာ အားလွီက ရန်ပွဲမှာ ရှုံးနိမ့်သွားပြီး
ဒေါသတကြီး ပြေးထွက်သွားပုံပင်။
ဝေ့ရှင်းမှ သူ့နဖူးသူပွတ်လိုက်ပြီး အလျင်စလို မလိုက်သွားတော့ပေ။
အမွှေးလုံးလေး နှစ်လုံးကြားရှိ ပဋိပက္ခမှာ အလွန်ကြီးမားသဖြင့်
သူက အားလွီကို ပြန်ခေါ်လာလျှင်တောင်မှ ဆက်ပြီး ရန်ဖြစ်နေကြဦးမည်ဖြစ်ကာ သံသရာလည်နေမည်
ဖြစ်၏။
သို့ပေမဲ့ တစ်ချို့အရာများမှာ သူတို့နှစ်ဦးလုံး
ထင်သကဲ့သို့ မဟုတ်ခြင်းလည်း ဖြစ်နိုင်လေသည်။
ဝေ့ရှင်းက ရှောင်ဟေးရှေ့၌ သူ့လက်ကိုဖြန့်လိုက်၏။
“ရှောင်ဟေး
ကြည့်ပါဦး”
ရှောင်ဟေးက သူ့လက်ပေါ်ရှိ ပတ်တီးကို စိုက်ကြည့်နေရင်း
စိတ်တိုနေသည့် ခံစားချက်များ ပြန်ပေါ်လာကာ စိတ်အနှောင့်အယှက်ဖြစ်စွာ အမြီးကို ခါယမ်းလိုက်လေသည်။
နောက်ဆုံးတွင်တော့ သူက ခေါင်းငုံ့လိုက်ပြီး ဝေ့ရှင်း၏
လက်ကောက်ဝတ်ကို သာသာလေးပွတ်သပ်လိုက်၏။
“မြောင်”
‘နာနေလားဟင်’
ဝေ့ရှင်းမှ ခေါင်းခါပြလိုက်သည်။
ရှောင်ဟေးက သူ့ကို နားလည်နိုင်သည်ကို သူသိသဖြင့်
ယနေ့ည အဖြစ်အပျက်များအား သူမှ ပြောပြလိုက်၏။
“လူတစ်ယောက်က ငါ့ကိုထိခိုက်အောင်လုပ်ဖို့ လုပ်တာကို
သူကငါ့ကိုကယ်ခဲ့တာ”
ရှောင်ဟေးမှာ အံ့အားသင့်သွားပြီး သူ့အမြီးကို လှုပ်ယမ်းနေအရှိန်မှာ
သိသိသာသာ နှေးကွေးသွားလေသည်။
“သူက ငါ့အနားကပ်တာကို မင်းမကြိုက်တာ ငါသိတယ်၊ ပြီးတော့
မင်း ငါ့အတွက် စိုးရိမ်လို့ သူ့ကို အိမ်မခေါ်လာစေချင်တာကိုလည်း ငါသိပါတယ်”
ဝေ့ရှင်းက မည်သည်ကိုမှ ဖုံးကွယ်မနေဘဲ သူ၏ အားနည်းချက်ကို
ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။
“မင်းနဲ့ ယှဥ်ကြည့်လိုက်မယ်ဆိုရင် ငါက အလွယ်တကူ ထိခိုက်ဒါဏ်ရာရနိုင်တယ်လေ”
“ဒါပေမဲ့ ရှောင်ဟေး၊ ငါက အားနည်းတာနဲ့ပဲ တခြားသူတွေ
သန်မာတာကို အပြစ်မြင်လို့မရဘူးလေ”
ရှောင်ဟေးမှာ အနည်းငယ် အံ့အားသင့်မိသွားလေသည်။
လူငယ်လေးက ထိုစကားကိုပြောနေချိန်တွင် သူအကြည့်က ခိုင်မာ၏။
သူ့ခန္ဓာကိုယ်က ဗီဇပြောင်းအကောင်များနှင့် ယှဥ်လျှင် အားနည်းပုံပေါက်သော်ငြား သူ၏ မျက်လုံးထဲတွင်တော့
ခိုင်မာသည့် အင်အားတစ်ခု တည်ရှိနေလေသည်။
“ပြီးတော့ သူက ငါ့ကို အခုထိ အန္တရာယ်လည်း မပေးဖူးသေးတဲ့အပြင်
ငါ့ကို ကယ်ပါကယ်ခဲ့သေးတယ်လေ”
သူက ရှောင်ဟေး၏ခေါင်းလေးကို ထပ်ပြီး ပွတ်သပ်ပေးလိုက်၏။
“ငါသူ့ကို အိမ်ခေါ်လာပေးတာနဲ့ ကျေးဇူးဆပ်ချင်တယ်၊
တကယ်လို့ မင်း စိတ်ပူနေသေးတယ်ဆိုရင် ငါမနက်ဖြန်ကစပြီး ငါ့ကိုယ်ငါ ပိုသန်မာလာစေဖို့
မနက်တိုင်း လေ့ကျင့်ခန်းလုပ်မယ်လေ၊ မင်းဘယ်လိုထင်လဲ”
ရှောင်းဟေးက သူ့အတွက် မိသားစုဝင် တစ်ယောက်ဖြစ်သဖြင့်
ဝေ့ရှင်းမှ တစ်ဖက်သတ် ဆုံးဖြတ်ချက်လည်း မချသကဲ့သို့ အမိန့်ဆန်သည့် အသံကိုလည်း မသုံးခဲ့ချေ။
ဒုတိယကလေး မွေးလာချိန်တွင် ပထမကလေးက ဝမ်းနည်းတတ်သည်။
ညီလေးတစ်ယောက်အနေဖြင့် ဝေ့ရှင်းက ထိုခံစားချက်ကို မသိပေ။
သို့ပေမဲ့ သူ့အစ်ကိုဝေ့ကျင်းဖုန့်မှာ မကျေနပ်ချက်များ
ရှိသောကြောင့် သူ့ကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားသည်ဟု သူထင်လေသည်။
ရှောင်ဟေးနှင့် အားလွီအား သူတို့နှစ်ဦးကဲ့သို့ မဖြစ်သွားစေချင်ပေ။
ရှောင်ဟေး၏ မျက်နှာမှာ သုန်မှုန်နေပြီး သူ့အတွေးများကို
ခန့်မှန်းမရချေ။ အချိန်အတော်ကြာသည်အထိ သူက အလျှော့မပေးနိုင်ဘဲ လှည့်ထွက်သွားခဲ့သည်။
ဝေ့ရှင်းမှာ တန့်သွားကာ သက်ပြင်းချချင်စိတ်ကို မဖိနှိပ်နိုင်ချေ။
ထိုညနှောင်းပိုင်း၌ မိုးထပ်မံရွာသွန်းခဲ့၏။