Chapter 8
သားရဲတွေကို
ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး သဘောကျတာခံခဲ့ရတယ်။
ရှောင်ဟေးရုတ်တရက် ဒေါသထွက်သွားလိမ့်မည်ဟု ဝေ့ရှင်း
မထင်ထားခဲ့ပေ။
စိတ်ဆိုးနေလျှင်တောင်မှ လူငယ်လေးရှေ့၌ သူ၏အေးစက်ကာ
တည်ငြိမ်သည့် ပုံရိပ်အား အမြဲထိန်းထိန်းသိမ်းသိမ်းနေလေ့ရှိ၏။
သို့ပေမဲ့ ခြေလှမ်းတစ်လှမ်းလှမ်းကာ လက်ကိုဆန့်ထုတ်လိုက်ပြီး
အစိမ်းရောင်အမွှေးလုံးလေးအား လွှင့်စင်သွားစေခဲ့သည်။
အားလွီ ချုံပုတ်ထဲသို့ ပြင်းထန်စွာပြုတ်ကျသွားပုံကို
ကြည့်ရင်း ဝေ့ရှင်းက အံ့အားသင့်သွားခဲ့ပြီး လန့်ဖျပ်ကာ အော်လိုက်၏။
“ရှောင်ဟေး”
ရှောင်ဟေးက ပြန်မကြည့်ပေ။ သူ၏အမြီးဖြင့် ဝေ့ရှင်း၏
လက်ချောင်းများကို ချိတ်လိုက်ပြီး ဂရုမစိုက်သည့် အမူအရာနှင့် သူ့ကိုအိမ်ဘက်သို့ ပြန်ဆွဲခေါ်သွားခဲ့သည်။
သို့ပေမဲ့ ဘာမှမဖြစ်သွားသကဲ့သို့ ဝေ့ရှင်းမဟန်ဆောင်နိုင်ချေ။
ရှောင်ဟေးက နားလည်ဖို့ခက်သည့် နည်းလမ်းနှင့် တစ်စုံတစ်ဦးကို
အင်အား အတော်အသင့်သုံးကာ တိုက်ခိုက်ခဲ့၏။ သူက မာထန်စွာပြောလိုက်သည်။
“ရှောင်ဟေး မင်းဘာတွေလုပ်နေတာလဲ အခုရပ်လိုက်”
ရှောင်ဟေးရပ်သွားလေသည်။
သူရပ်ချင်လို့တော့ မဟုတ်ဘဲ ဝေ့ရှင်းက ပြန်ဆွဲထားပြီး
သူ့ကိုအမြီးအရင်းကကိုင်ကာ မလိုက်သောကြောင့် ဖြစ်၏။
ပြန်လှည့်ကြည့်လိုက်ချိန်တွင် အစိမ်းရောင်အလုံးလေး
ချုံပုတ်တွေထဲကနေ တွားသွားထွက်လာသည်ကို ဝေ့ရှင်းတွေ့လိုက်ရ၏။
အတော်လေးပေပွနေပါသော်ငြား ဒါဏ်ရာရသွားသည့်ပုံတော့
မပေါ်ချေ။
သူစိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ဖွဖွလေးချမိသွားခဲ့သည်။
ယခုမှ သူထပ်အထင်မှားသွားသည်ကို သူသဘောပေါက်သွား၏။
အမွှေးလုံးလေးနှစ်လုံးက တစ်ယောက်နဲ့တစ်ယောက်အပေါ်
ထူးခြားတဲ့ခံစားချက် မရှိရုံသာမက သူတို့တိုက်ခိုက်နေပုံမှာ ရန်ငြိုးရှိနေသကဲ့သို့ဖြစ်လေသည်။
ဝေ့ရှင်းလာနေသည်ကို မြင်လိုက်ရချိန်တွင် အားလွီ ချက်ချင်း
ထလိုက်ချင်ပါသော်ငြား ရှောင်ဟေး၏ ပြင်းထန်ပြီး အေးစက်သော အကြည့်ဖြင့်ဆုံသွား၏။
ထိုအကြည့်မှာ အားလွီအတွက် သတိပေးချက်တစ်ခုဖြစ်လေသည်။
အကယ်၍ သူသာစည်းကျော်ရဲမည်ဆိုလျှင် ရှောင်ဟေးက ချက်ချင်းပညာပေးလိမ့်မည်ပင်။
အားလွီခဏတုံ့ဆိုင်းသွားပါသော်ငြား ကြောက်လာပြီး သတ္တိရှိခြင်းထက်
ဥာဏ်ရှိရှိနေခြင်းက ပိုကောင်းသည်ဟုတွေးကာ အမြန်ပြေးထွက်သွားခဲ့သည်။
အစိမ်းအမွှေးလုံးလေး၏ ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားပုံကို
မြင်လိုက်ရသောအခါ ဝေ့ရှင်းအသိပြန်ဝင်လာပြီး ဖြေးဖြေးချင်းအသက်ရှူထုတ်လိုက်၏။
သူမျက်မှောင်ကြုတ်သွားကာ ရှောင်ဟေး၏ မျက်လုံးအား
စိုက်ကြည့်ပြီး ပြော၏။
“ရှောင်ဟေး ဘာလို့အဲလိုလုပ်လိုက်တာလဲ”
အားလွီကို မောင်းထုတ်လိုက်ချိန်တွင် ဝေ့ရှင်း၏ တုံ့ပြန်မှုမှာ
တင်းမာနေ၏။ လူငယ်လေး ဒေါသထွက်လာမည်ကို ရှောင်ဟေးကြိုတွေးထားပြီသားဖြစ်လေသည်။
သို့ပေမဲ့ မထင်ထားစရာပင် သူက ဒေါသတကြီးမေးခွန်းမထုတ်သကဲ့သို့
ပြင်းပြင်းထန်ထန်လည်း မဆူပူချေ။ တစ်ဖက်က ညင်သာစွာစကားပြောနေဆဲဖြစ်ပြီး သူရှင်းပြတာကို
နားထောင်ချင်နေဆဲပင်။
လေညှင်းလေးတိုက်ခိုက်သွားသကဲ့သို့ ဝေ့ရှင်းနှလုံးသားထဲရှိ
ဒေါသများမှာ ချက်ချင်းပျောက်ကွယ်သွား၏။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ့လက်လေးကိုမြှောက်ကာ
ဝေ့ရှင်းကို ပုတ်လိုက်ပြီး အားလွီထွက်သည့်ဘက်ကို ညွှန်ပြကာ တစ်ဖက်လူနားလည်စေဖို့အတွက်
လက်ဟန်အမူအယာများစွာကို လုပ်ပြခဲ့လေသည်။
သူကအရမ်းအန္တရာယ်များတယ်။
မင်းသူနဲ့ နီးနီးကပ်ကပ်နေလို့မဖြစ်ဘူး။
ထိုနေ့ပြီးနောက် ပန်းခြံထဲ၌ အားလွီအား ဝေ့ရှင်း မကြာခဏတွေဖြစ်၏။
တစ်ခါတစ်ရံ၌ သစ်ပင်ပေါ်တွင် တွေ့ရတတ်ပြီး တစ်ခါတစ်ရံ၌
ချုံပုတ်ထဲတွင် တွေ့ရတတ်ကာ လူသွားလူလာနည်းသည့် လမ်းထောင့်လေး၌ တွေ့ရတတ်သေး၏။
သူ၏ပုန်းကွယ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်၏။ အိမ်ရာဝန်းအတွင်းရှိ
အခြားနေထိုင်သူများက သူ့ကိုအခုထိ မတွေ့ကြသေးချေ။
ရှောင်ဟေးသတိပေးထားသဖြင့် အားလွီနှင့်တွေ့တိုင်း
ဝေ့ရှင်းအကွာအဝေးတစ်ခုထားကာ တစ်မီတာအကွာလောက်တွင် ရပ်ပြီး အမွှေးလုံးလေးကို ယဥ်ကျေးသည့်
အပြုံးလေးနှင့် မတတ်နိုင်စွာ တောင်းပန်ခဲ့၏။
ထိုကဲ့သို့ ပေါ်ပေါ်တင်တင် ငြင်းလိုက်မည်ဆိုလျှင်
အစိမ်းရောင်အမွှေးလုံးလေး မကြာခင်မှာပဲ သူ့ကိုလက်လျှော့သွားလိမ့်မည်ဟု သူထင်ခဲ့လေသည်။
သို့ပေမဲ့ တစ်ဖက်က သူနှင့်ယှဥ်ပြိုင်နေသကဲ့သို့ပင်။
သူရှောင်ကာ အကွာအဝေးပိုခြားလေလေ အစိမ်းရောင်အမွှေးလုံးလေးက
ပိုတိုးလာလေလေဖြစ်၏။
သူက ဖော်ထုတ်ခံရမည့် အရေးကိုတောင် စွန့်စားကာ ဝေ့ရှင်းနှင့်
အိမ်ရာဝန်းအပြင်ဘက်အထိ တက်တက်ကြွကြွလိုက်လာလေသည်။
ဝေ့ရှင်းမှာတော့ အစိမ်းရောင်အမွှေးလုံးလေးကို မတွေ့သွားစေဖို့ရန်အတွက်
လူတွေကိုရှောင်ရှားနေရသဖြင့် အတော်လေးဒုက္ခရောက်နေ၏။
“မင်းက ကြောင်ကောင်းလေးပါ”
သူက စိိတ်ရှည်ရှည်နှင့် ဖျောင်းဖျနေ၏။
“ဒါပေမဲ့ ငါ့အိမ်မှာ ကြောင်တစ်ကောင်ရှိပြီးသားလေ
အဲဒီနေ့တုန်းက သူဘယ်လောက်ဒေါသထွက်နေတယ်ဆိုတာကို မင်းမြင်ရဲ့သားနဲ့ တကယ်လို့ ငါသာ အိမ်ကို
ကြောက်နောက်တစ်ကောင် ခေါ်လာရင် သူမနာလိုဖြစ်ပြီးတော့ ဒေါသထွက်လိမ့်မယ်”
အစိမ်းရောင်အမွှေးလုံးလေးက နားမထောင်ချေ။
“မြောင်”
အဲဒါက မင်းရဲ့အိမ်လေ သူက မင်းစကားကိုနားထောင်ရမှာပေါ့
မင်းသဘောတူရင် ရပြီလေ။
“မြောင်”
တကယ်လို့ ငါကနေရာယူမယ်လို့ မင်းထင်နေတာဆိုရင် ငါကွေးကွေးလေးနေနိုင်ပါတယ်။
သူတို့နှစ်ဦးကြားက အပြန်အလှန်နားလည်မှုမရှိသေးသဖြင့်
ဝေ့ရှင်းနားမလည်ချေ။
အစိမ်းရောင်အမွှေးလုံးလေး ဆက်ခေါင်းမာနေသည်ကို တွေ့လိုက်ရသဖြင့်
သူသက်ပြင်းချမိသွားလေသည်။
ထိုသက်ပြင်းမှာ အားလွီအပေါ်သက်ရောက်မှုရှိ၏။ သူရုတ်တရက်ရပ်သွားပြီး
စိတ်ဝင်စားမှုအပြည့်နှင့် မြင့်တက်နေသည့် သူ၏နှုတ်ခမ်းထောင့်လေးမှာ အေးစက်စွာ ဖြောင့်တန်းသွား၏။
ဝေ့ရှင်းရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက်
သူ့အနောက်မှ ဘာလှုပ်ရှားသံမှ မကြားသဖြင့် နောက်လှည့်ကြည့်လိုက်မိလေသည်။
နေဝင်နေချိန်နေရောင်အောက်၌ အစိမ်းရောင်အမွှေးလုံးလေးက
ထိုင်နေသဖြင့် သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို အရိပ်ကျနေပြီး သူ့အမူအယာမှာ ဇဝေဇဝါဖြစ်နေကာ
မတရားခံလိုက်ရပုံပေါက်နေ၏။
ဝေ့ရှင်းလှည့်ကြည့်လိုက်ချိန်တွင် မတရားခံလိုက်ရပုံပေါက်နေသည့်
အမူအယာမှာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ သူက သူ့လည်ပင်းကို ဆန့်ဆန့်ထားလိုက်ကာ မေးကိုမော့ထားပြီး
သူက အရှုံးပေးမည်မဟုတ်သကဲ့သို့ အားနည်းပြမည်လည်း မဟုတ်ဟု ပြောနေသကဲ့သို့ဖြစ်သည်။
သောကြာနေ့ညနေခင်း၌ ဝေ့ရှင်းပုံမှန်လိုပဲ အလုပ်ဆင်းခဲ့၏။
အလုပ်ဆင်းချိန်မှာ အတော်လေးနောက်ကျလှ၏။ လမ်းဆုံတစ်ခုကို
ဖြတ်သွားချိန်၌ သူ့နောက်မှ လူတစ်ယောက်လိုက်လာနေသည်ကို သူသတိပြုမိသွားပြီး လန့်သွားလေသည်။
အိမ်ရာဝန်းအတွင်းရှိ လုံခြုံရေးမှာ မဆိုးရွားပေ။
အိမ်ရာဝန်းထဲသို့ ဝင်ဖို့ရာအတွက် မျက်နှာစကန် သို့မဟုတ် ဝင်ခွင့်ကဒ်လိုအပ်ပြီး လုံခြုံရေးအစောင့်များ၌လည်း
ပုံမှန်ကင်းလှည့် လမ်းကြောင်းရှိ၏။
သို့ပေမဲ့ ရာဇဝတ်သားတစ်ဦးခိုးဝင်လာပါက တစ်ခဏတော့
မည်သူမှ သတိမထားမိကြလောက်ပေ။
ထိုအရာကို တွေးမိပြီးနောက် ဝေ့ရှင်းသူ့ခြေလှမ်းတွေကို
တဖြေးဖြေးချင်း မြန်လိုက်ပြီး သူ့အနောက်က လူကလည်း လိုက်မှီဖို့အတွက် ပြေးလာ၏။
သူ့လိုက်ခံနေရသည်မှာ သေချာသလောက်ရှိနေပြီဖြစ်သည်။
ထိုပုံရိပ်မှာ ဝေဝါးနေသဖြင့် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ဦးဟုတ်မဟုတ်
ပြောဖို့ခက်၏။ သူ့မျက်လုံးထောင့်မှတစ်ဆင့် ထိုလူက ဓါးကိုင်ထားသကဲ့သို့ အေးစက်သည့် အလင်းရောင်တစ်ခုအား
မြင်လိုက်ရလေသည်။
သူ့နှလုံးက ဗုံတစ်လုံးကဲ့သို့ တဒိတ်ဒိတ်ခုန်လာ၏။
သူဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ စပြေးလေသည်။
“အဲဒီမှာ ရပ်လိုက်စမ်း”
လိုက်ဖမ်းနေရင်း ထိုလူက ထိုကဲ့သို့ ပြောလိုက်၏။
ရူးနေသည့် သူသာလျှင် ထိုနေရာတွင်ရပ်ကာ အဖမ်းခံဖို့စောင့်နေမည်ဖြစ်သည်။
ဝေ့ရှင်းက သတ္တိစုစည်းလိုက်ပြီး လုံခြုံရေးဂိတ်ဆီ
ပြေးသွားခဲ့၏။
သို့ပေမဲ့ ထိုအမျိုးသားက လေ့ကျင့်ထားသည်မှာ ထင်ရှား၏။
သူလိုက်မမှီသဖြင့် ဒေါသတကြီး ဓါးကိုပစ်ဖို့လုပ်လိုက်လေသည်။
ထက်ရှသည့် ဓါးသွားမှာ သူ့နောက်ကျောကို တည့်တည့်ချိန်ရွယ်ထား၏။
ဝေ့ရှင်းတစ်ခုခုကို အာရုံခံမိပြီး ခေါင်းလှည့်ကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်၌ မာကြောသည့် အရာဝတ္ထုချင်း ထိမိသံကို
ကြားလိုက်ရပြီး ထိုအမျိုးသား၏အော်သံလည်း ထွက်လာ၏။
“ချီးပဲ
ဒါကဘာကြီးလဲ လွတ်လိုက်စမ်း အား”
အားလွီက ထိုအမျိုးသား၏ ရင်ဘတ်ကို ဖိထားခြင်းဖြစ်သည်။
ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာ သန်မာသော်ငြား အစိမ်းရောင်အမွှေးလုံးလေးအတွက်တော့ ငှက်မွှေးလေးလိုပဲ
ပေါ့ပါး၏။
သူ၏ နူးညံ့ပုံပေါ်သည့် အမြီးလေးက ထိုအမျိုးသား၏ လက်ကောက်ဝတ်ကို
ရစ်ပတ်ထားကာ ဆက်တိုက်တင်းကြပ်လာနေပြီး အညိုအမဲများဖြစ်နေကာ အရိုးများပင် တကျွတ်ကျွတ်မြည်လာလေသည်။
ထိုအမျိုးသား၏ အလွန်ကြောက်ရွံ့နေသည့် အကြည့်ကို ကြည့်ရင်း
အားလွီက သူ၏ခေါင်းအား ဖြည်းဖြည်းချင်း ငုံ့ချလာကာ အဆိပ်ရည်ရှိနေသည့် သူ၏အစွယ်များကို
ပြလိုက်ပြီး သူ့မျက်လုံးတွေက တစ်စုံတစ်ယောက်ကို မြိုချဖို့အသင့်ဖြစ်နေသကဲ့သို့ ဖြစ်နေ၏။
“ဂါး”
မင်းကများ သူ့ကိုထိရဲတယ်ပေါ့လေ။
ထိုအမျိုးသား၏ အော်သံမှာ ညအချိန်၌ ပဲ့တင်ထပ်သွားပြီး
အတော်လေးဆူညံသွားစေခဲ့သည်။
“ဟိတ် ဟိုနားကဘယ်သူလဲ ဘာဖြစ်နေတာလဲ”
လုံခြုံရေးဂိတ်ဘက်မှ ခြေသံများ နီးလာခဲ့သည်။ ဝေ့ရှင်းမှာ
စဥ်းစားနေဖို့ အချိန်မရှိတော့ဘဲ အစိမ်းရောင်အမွှေးလုံးလေးကို အမြန်သွားပွေ့ချီလိုက်၏။
သူ့လက်က အမွှေးလုံးလေး၏ ရင်ဘတ်ကို ပွတ်တိုက်မိသွားချိန်တွင်
စိုစွတ်နေသည်ကို ခံစားမိလိုက်လေသည်။
ထိုအရာမှာ သွေးများဖြစ်၏။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့်
အသီးလှီးဓါးကို ဝေ့ရှင်းတွေ့လိုက်ပြီး သူ့မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
အားလွီတွင် သူ့ကိုယ်သူ ကာကွယ်ဖို့ အကြေးခွံများရှိသဖြင့်
အသီးလှီးဓါးက အများဆုံးသူ့အရေခွံကို ပြတ်ရှသွားရုံလောက်သာ ဖြစ်စေမည်ဖြစ်ပြီး မကြာခင်
ပျောက်ကင်းသွားမည်ဖြစ်၏။
သူက ဝေ့ရှင်း၏လက်မောင်းကြားထဲတွင် နာနာခံခံခွေနေပြီး
ခုနကလို မကြမ်းတမ်းနေတော့ဘဲ ချီးကျူးခံချင်သကဲ့သို့ သူ့ခေါင်းကိုမြှောက်ကာ လူငယ်လေး၏
မေးစေ့နှင့်ထိလိုက်လေသည်။
တွေ့လား ငါကအသုံးဝင်ပါတယ် ဟုတ်တယ်မလား ငါ့ကိုခေါ်ထားရင်
အရှုံးမရှိဘူးနော်။
ဝေ့ရှင်း၏လက်ချောင်းများမှာ တုန်ယင်နေကာ သူ့ကိုငုံ့ကြည့်လိုက်၏။
တစ်စက္ကန့်တောင်မကြာသည့် တိတ်ဆိတ်မှုအပြီး၌ သူပြုံးလိုက်သဖြင့်
မျက်လုံးများမှာ ကွေးညွှတ်သွားလေသည်။
“တော်လိုက်တဲ့ကောင်လေး”
အစိမ်းရောင်အမွှေးလုံးလေး၏ ခေါင်လေးအား သူပွတ်သပ်လေးလိုက်၏။
“အခုတော့
ဟိုမှာသွားပုန်းနေလိုက်ဦးနော်”
မြင့်မြတ်သည့် ဗီဇပြောင်းအကောင်တစ်ကောင်မှာ
လူသားတစ်ဦး၏ အမိန့်အား ဘယ်သောအခါမှ မလိုက်နာချေ။
သို့ပေမဲ့ တစ်ဖက်လူက သူ့ကို ထပ်ပွတ်သပ်ပေးဖို့ ဆုံးဖြတ်လိုက်သဖြင့်
အားလွီက အတော်လေးစိတ်ကျေနပ်သွားခဲ့သည်။ လှစ်ခနဲ တောထဲသို့ ပြန်ပြေးဝင်သွားကာ သူ့လည်ပင်းကိုဆန့်ထားပြီး
ဝေ့ရှင်းဘာလုပ်မည်ကို ပျော်ရွှင်စွာ စောင့်ကြည့်နေလေသည်။
ထိုအမျိုးသားက အလွန်နာကျင်နေကာ သတိလစ်မတတ်ဖြစ်နေသောကြောင့်
ယခုလေးတင် ဘာဖြစ်သွားသည်ကို အာရုံစိုက်ဖို့ အားမရှိနေပေ။
ဝေ့ရှင်းက သူ့ကိုမကြည့်ဘဲ လမ်းလျှောက်လာနေကာ သူ့အင်္ကျီလက်ကို
ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်က အသီးလှီးဓါးကို ကောက်ကိုင်လိုက်ကာ သူ့လက်ဖဝါး၌ ပြတ်ရှရာတစ်ခုဖန်တီးလိုက်၏။
ပြီးနောက် ထိုအမျိုးသား၏ ဒါဏ်ရာရလက်ကောက်ဝတ်အား ကိုင်ကာ
အားလွီကြောင့် အညိုအမဲစွဲနေသည်ကို ဖုံးကွယ်ဖို့ အားကုန်သုံးပြီး သူ့လက်ဗွေရာများကို
ချန်ထားဖို့လုပ်လိုက်လေသည်။
လုံခြုံရေးများ မကြာမှီရောက်လာ၏။ သူတို့သည် သစ်သီးလှီးဓါး
မြေပြင်ပေါ်သို့ ပြုတ်ကျသံကို ကြားလိုက်ရ၏။
“အာ့”
ဝေ့ရှင်းနာကျင်မှုကြောင့် အော်ဟစ်လိုက်ကာ ထိုအမျိုးသား၏
လက်အားလွတ်ပေးလိုက်ချိန်တွင် သူ၏ ထွက်ပေါ်လာသည့် လက်ဖဝါး၌ သွေးများစွာထွက်နေလေသည်။
လုံခြုံရေးအစောင့်များက သူ့ဒါဏ်ရာကိုကြည့်ပြီး သက်ပြင်းချလိုက်မိကြ၏။