Ch 15
Viewers 92

အခန်း (၁၅)

 

-သားရဲလေးများကို  ပြုစုပျိုးထောင်ပြီးနောက် စွန့်ပစ်နယ်မြေရှိ လူတိုင်း၏ အချစ်ကိုရရှိခြင်း-

 

ဝေ့ရှင်း၏ နောက်ပိုင်းစကားကို မကြားရမီအထိ စာဝါငှက်အနေဖြင့် ဤမေးခွန်းက အလွန်ထူးဆန်းပြီး အဓိပ္ပာယ်မရှိဟု ခံစားနေရ၏။

​နံပါတ်တစ်နှင့် နံပါတ်ခုနစ် တို့ကို ရင်ဆိုင်ရချိန်တွင် သူတို့ မည်မျှ ထိတ်လန့်တုန်လှုပ်ပြီး အကူအညီမဲ့နေသည်ကို ဤလူငယ်လေး မမြင်မိပါသလော။

​ဝေ့ရှင်းက သူတို့ကို အသွင်ပြောင်း သားရဲများပီပီ မိမိနေရာ မိမိသိရန်နှင့် လိမ္မာပါးနပ်စွာ နေထိုင်ရန် သွယ်ဝိုက်သတိပေးနေခြင်း ဖြစ်မည်ဟုပင် စာဝါငှက် သံသယဝင်မိခဲ့သည်။ သို့သော် ဝေ့ရှင်း၏ တုန်လှုပ်ခြင်းမရှိသော အကြည့်များနှင့် ဆုံလိုက်ရသောအခါ ထိုလူ၏ စိတ်ရင်းအမှန်ကို သူ ရုတ်တရက် ယုံကြည်သွား၏။

​ဤမေးခွန်းအတွက် အဖြေစဉ်းစားနေရန်ပင် မလိုချေ။ စာဝါငှက် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

 

"ဟင့်အင်း ကျွန်တော်တို့ ဒုက္ခမပေးပါဘူး"

 

သူတို့သည် ခိုလှုံရာနေရာရှာရန် လာခဲ့ကြသူများဖြစ်ရာ မိမိတို့ကို အကာအကွယ်ပေးမည့်သူက အစွမ်းကုန် အင်အားကြီးမားနေရန်သာ သဘာဝကျကျ ဆုတောင်းနေကြသူများ ဖြစ်ကြ၏။

​ဝေ့ရှင်း ကောင်လေးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် မြေခွေးလေးဘက်သို့ လှည့်ကြည့်သည်။ မြေခွေးလေးက ခေါင်းလေးစောင်းကာ အသံပြု၏။

 

”ယစ်” (​ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ)

 

​မြေခွေးလေး၏ မသိနားမလည်သော အမူအရာကို မြင်သောအခါ ဝေ့ရှင်း စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံ၍ မေးလိုက်သည်။

 

 "မင်းရောပဲ ဒုက္ခပေးမှာလား”

 

​မြေခွေးလေးက ဇဝေဇဝါဖြင့် မျက်တောင်လေး ခတ်နေပြီး နောက်မှသာ ဝေ့ရှင်း ပြောသည့် ‘မင်း’ ဟူသည်က အားကျို တစ်ယောက်တည်းကို ရည်ညွှန်းနေခြင်းမဟုတ်ဘဲ ‘မင်းတို့’ ဟု ဆိုလိုနေခြင်းဖြစ်ကြောင်း ရုတ်တရက် နားလည်သွား၏။

 

‘​ဒါက တကယ်ကို ထူးဆန်းတာပဲ’

 

​မြေခွေးလေးအနေဖြင့် အမြဲတမ်း သူတစ်ပါး၏ ခိုင်းစေချက်များကိုသာ နာခံရပြီး ခိုင်းသမျှကို လုပ်ဆောင်ပေးရသည့် ပြီးပြည့်စုံသော ကိရိယာတစ်ခုအဖြစ်သာ နေသားကျခဲ့သူ ဖြစ်သည်။

နံပါတ်တစ်နှင့် နံပါတ်ခုနစ် ကဲ့သို့ သူ့အကြောင်းကို ကောင်းကောင်းသိသူများပင်လျှင် တွေ့တွေ့ချင်း စာဝါငှက်ကိုသာ ဦးတည်၍ တိုက်ခိုက်ကြလေ့ရှိပြီး မြေခွေးလေးထံမှ အကြံဆိုးများ ထွက်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါမှ မတွေးမိကြချေ။ သို့မဟုတ် သူ့ထံတွင် မည်သည့်အကြံဉာဏ်မှ ရှိလိမ့်မည် မဟုတ်ဟု သူတို့က ယုံကြည်နေကြခြင်းလည်း ဖြစ်နိုင်၏။ သိချင်စိတ်ဖြင့် မြေခွေးလေးက သူ့ခေါင်းလေးကို ခါပြလိုက်သည်။

 

အနည်းဆုံးတော့ ယခုလောလောဆယ်တွင် ​သူတို့ လိမ်ညာနေခြင်းမဟုတ်ကြောင်း ဝေ့ရှင်း သိလိုက်ရ၏။ သူ ခေတ္တမျှ စိတ်သက်သာရာရသွားပြီး နောက်ထပ်မေးခွန်းတစ်ခု မေးမြန်းလိုက်သည်။

 

"ဒုတိယမေးခွန်းက မင်းတို့ ရှာနေတဲ့သူကို မတွေ့ရင် နောက်ထပ် ဘယ်ကိုသွားဖို့ စီစဉ်ထားကြလဲ”

 

​သူတို့က ခေတ္တနားရန် နေရာငှားလိုခြင်းဖြစ်ပြီး ရှာနေသည့်သူနှင့် တွေ့ပါက ထွက်သွားမည်ဟု ပြောခဲ့ဖူး၏။ သို့သော် ထိုစကားက ဝေ့ရှင်းနှင့် စတင်တွေ့ဆုံစဉ်က စာဝါငှက် ပေးခဲ့သော ဆင်ခြေသာ ဖြစ်သည်။ ။လူငယ်လေးက ဤမျှအထိ မှတ်မိနေလိမ့်မည်ဟု သူ မထင်ထားပေ။

​သူတို့ရှာနေသူက နံပါတ်တစ်ဖြစ်ပြီး ယခု သူတို့ တွေ့ရှိပြီးသားပင်။ သို့သော်လည်း နံပါတ်တစ်က သူတို့ကို စိတ်ဆိုးနေ၏။ သူတို့ကို အပိုင်းပိုင်း မဆုတ်ဖြတ်ပစ်ခြင်းကပင် ကရုဏာကြီးမားလှပြီ ဖြစ်သည်။

သူတို့ အရှေ့တွင်ရှိနေသော ကြင်နာတတ်သည့် ဤလူသားကို တောင်းဆိုကြည့်လျှင် သူ သဘောတူပါ့မလား။ ​စာဝါငှက် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ပြောလိုက်သည်။

 

"ကျွန်တော် မသိဘူး"

 

 

"မသိဘူးလား”

 

ဝေ့ရှင်း ကြောင်အစွာ ပြန်မေး၏။

 

​"ဖြစ်နိုင်ရင် တခြားတစ်ယောက်ကို ရှာဖို့ ပင်လယ်ကမ်းခြေဘက်ကို သွားဖြစ်မလားပဲ"

 

စာဝါငှက် ခက်ခဲစွာ စဉ်းစားပြီး မျက်မှောင်ကြုတ်ကာ မရေမရာ ပြောလိုက်သည်။

 

"သူတို့ကို ရှာမတွေ့ရင်လည်း တခြားသူတွေကို ဆက်ရှာရမှာပေါ့ တစ်နေရာရာတော့ သွားစရာ ရှိမှာပါလေ”

 

သူတို့သည် အခြေစိုက် ​စခန်းမှ ထွက်ပြေးလာရသူများဖြစ်ပြီး လိုက်လံဖမ်းဆီးခြင်းများကို ရှောင်တိမ်းနေရသူများ ဖြစ်ကြရာ လူသားမှတ်ပုံတင်လည်း မရှိသကဲ့သို့ အင်အားကြီးသူများ၏ အကာအကွယ်လည်း မရှိကြပေ။ ရွေးချယ်စရာ လမ်းစများကို စာဝါငှက် ရေတွက်ကြည့်သောအခါ အလွန်ပင် နည်းပါးလှကြောင်း တွေ့လိုက်ရ၏။

​ဤဖော်ပြမရသော ဇဝေဇဝါဖြစ်ခြင်းက မြေခွေးလေးကို ရင်ခွင်ထဲပိုက်ကာ မြင့်မားသော အဆောက်အအုံများ ဝန်းရံထားသည့် စည်ကားသော လမ်းမကြီးပေါ်တွင် ရပ်နေရသကဲ့သို့ ဖြစ်သည်။ အဆောက်အအုံများ တစ်ခုချင်းစီက ခိုင်ခံ့ကျယ်ဝန်းပြီး ခိုလှုံရာပေးနိုင်ပုံ ပေါ်သော်လည်း တစ်ခုချင်းစီက သူတို့ကို အပြင်သို့သာ တွန်းပို့နေကြ၏။

ကောင်လေး၏ မျက်ဝန်းထဲရှိ တွေဝေခြင်းကို ​ဝေ့ရှင်း သတိပြုမိသွားကာ ခေတ္တမျှ ရပ်တန့်သွားသည်။

 

 "အင်း ငါ နားလည်ပါပြီ”

 

​ထို့နောက် ဗီဒိုထဲရှိ စောင်များထည့်သည့် လေစုပ်အိတ်ကို ၀ေ့ရှင်း ထုတ်ယူလိုက်ပြီး မလှုပ်မယှက် ရပ်နေသော ကောင်လေးကို လှမ်းကြည့်သည်။

 

"တံမြက်စည်းနဲ့ ဂေါ်ပြားကို သိတယ်မဟုတ်လား ဝရန်တာမှာ ရှိတယ် သွားယူပေးလို့ ရမလား”

 

​"ဧည့်သည် အခန်းကို အရင်က သန့်ရှင်းရေး လုပ်ထားဖူးတော့ သိပ်မညစ်ပတ်ပေမဲ့ ပြတင်းပေါက်ဘောင်ပေါ်မှာ ဖုန်တွေ ရှိနေလိမ့်မယ် အဲဒါတွေကို မရှူမိအောင် သတိထားဦး”

​× × ×

 

ဤသို့ဖြင့် စာဝါငှက်နှင့် မြေခွေးလေးက ဝေ့ရှင်း အနောက်သို့ ဇဝေဇဝါဖြင့် လိုက်ပါသွားကြပြီး သန့်ရှင်းရေးလုပ်ရန် ကူညီလိုက်ကြသည်။ သူတို့ ပြတင်းပေါက်များ သုတ်ပြီးသွားချိန်တွင် အိပ်ရာကို ဝေ့ရှင်း စနစ်တကျ ပြင်ဆင်ပြီးသား ဖြစ်၏။

​ရာသီဥတု အေးလာပြီး အပူချိန် အလျင်အမြန် ကျဆင်းတတ်သည်ကို ထည့်သွင်းစဉ်းစားကာ ၀ေ့ရှင်း စောင်နှစ်ထပ် ထပ်မံ ခင်းထည့်ပေးလိုက်သည်။ ဖြူစင်သန့်ရှင်းသော အိပ်ရာက နူးညံ့အိစက်နေပုံရ၏။

 

"မင်းတို့ ရှာနေတဲ့သူကို မတွေ့မချင်း မင်းတို့ ဒီမှာ နေလို့ရပါတယ် နည်းနည်းတော့ ရိုးရှင်းပေမဲ့ နားနေဖို့အတွက်တော့ အဆင်ပြေမှာပါ"

 

​ဝေ့ရှင်း ပြောလိုက်သည်။ ထို့နောက်  ညစ်ပတ်နေသော ရေပုံးကို အပြင်သို့ ယူသွားလိုက်၏။

ထိုနေရာတွင်ပင် ​စာဝါငှက် မှင်တက်ကာ ရပ်နေမိသည်။ ပြီးလျှင် လူငယ်လေး အနောက်သို့ အလိုအလျောက် လိုက်ပါသွားရင်း မယုံကြည်နိုင်သလို မေးလိုက်၏။

 

 "နေပါဦး ခင်များက ကျွန်တော်တို့ကို ဒီအတိုင်းပဲ လက်ခံထားပေးမှာလား ဘာမှ ထပ်မမေးတော့ဘူးလား”

 

​"ဘာမေးရမှာလဲ”

 

​"ကျွန်တော်တို့ တကယ်က ဘယ်သူတွေလဲ ဘာကြောင့် ဒီကိုလာတာလဲ ဒါမှမဟုတ်..."

 

​အမှန်စင်စစ် စာဝါငှက်ကိုယ်တိုင်ပင် ဝေ့ရှင်းအနေဖြင့် မည်သည်ကို မေးသင့်မှန်း မသိပေ။ သူ့အနေဖြင့် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး၊ လည်ပင်းတွင်လည်း ထက်မြက်သော ဓားတစ်ချောင်းဖြင့် အမြဲ ချိန်ခံထားရသကဲ့သို့ ခံစားနေရသဖြင့် ဝေ့ရှင်းက သူတို့ကို ဤမျှ လွယ်ကူစွာ လက်မခံသင့်ဟု ထင်မြင်နေခြင်းသာ ဖြစ်၏။

​ဝေ့ရှင်း သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

 

"ငါ မေးရင်ကော မင်း ငါ့ကို ပြောပြမှာမို့လို့လား"

 

စာဝါငှက် ရုတ်တရက် ရပ်တန့်သွားသည်။

သူ့အနေဖြင့် ပြောပြလိုစိတ် ရှိ၊ မရှိ မဟုတ်ဘဲ စခန်းမှ သူတို့ကို အပြင်းအထန် လိုက်လံရှာဖွေနေချိန်တွင် သူတို့က အသွင်ပြောင်း သားရဲများ ဖြစ်ကြောင်း လူသားတစ်ဦးကို သူ လုံးဝ မပြောရဲခြင်းသာ ဖြစ်၏။

​ဝေ့ရှင်း ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ကောင်လေး၏ ဆံပင်များကို ပွပွလေးဖြစ်စေရန် လုပ်ပေးလိုက်သည်။

 

"မင်း မပြောချင်ဘူးဆိုရင်လည်း မပြောနဲ့ပေါ့”

 

​ခေါင်းကို ထိတွေ့လိုက်သည့် အချိန်က ခေတ္တမျှသာ ဖြစ်သော်လည်း စာဝါငှက် ငြိမ်သက်စွာ ရပ်နေမိ၏။ ထိုအချိန်တွင် သူ တွေးနေသည့်အရာကို သူကိုယ်တိုင်ပင် မသိပေ။ သူ သတိပြန်ဝင်လာချိန်တွင် သူ့ ရင်ဘတ်ထဲ ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခု ပြည့်လျှံနေကြောင်းကိုသာ သူ သိလိုက်ရသည်။

 

​ညစာစားချိန်တွင် စာဝါငှက်နှင့် မြေခွေးလေးတို့၏ အမည်များကို ၀ေ့ရှင်း မေးလိုက်သည်။

ကောင်လေးက ကိုးဆယ့်ကိုး ဖြစ်ပြီး၊ မြေခွေးလေးက နှစ်ဆယ့်ခုနစ် ဖြစ်သည်။ ထိုနံပါတ်များက အမည်များနှင့် မတူဘဲ စမ်းသပ်ခန်းသုံး နံပါတ်များနှင့်သာ ပို၍ တူနေသည်။

ဝေ့ရှင်းအနေဖြင့် သူတိုက မည်သူမည်ဝါဖြစ်ကြောင်းကို စိတ်ထဲ အကြမ်းဖျဉ်း ခန့်မှန်းကြည့်သော်လည်း အပြင်ပန်းတွင်မူ မည်သည့် အမူအရာမှ မပြဘဲ ထိုကိစ္စကို ထပ်မံ၍ မစူးစမ်းတော့ပေ။

 

​ညစာစားပြီးနောက် စာဝါငှက်ကို ခေါ်ကာ အပြင်သွားပြီး အဝတ်အစားများ ထွက်ဝယ်ရန် ၀ေ့ရှင်း စီစဉ်လိုက်၏။ စာဝါငှက်၏ နှလုံးသားလေးမှာမူ လည်ချောင်းအထိပင် ရောက်သွား‌လေသည်။

​ဈေးဝယ်စင်တာသို့ ရောက်ရှိသောအခါ ဝေ့ရှင်းက သူ့ကို တစ်နေရာရာတွင် ပြန်လည်ရောင်းစားရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ အဝတ်အစားအသစ်များသာ တကယ်ဝယ်ပေးချင်နေသည်ကို တွေ့ရသဖြင့် စာ၀ါငှက် အံ့အားသင့်သွားမိ၏။

 

​ညနေခင်း ဈေးဝယ်စင်တာ၏ လူငယ်ဝတ် အဝတ်အစားများ ရောင်းချသော နေရာသို့ လူကြီးတစ်ဦးနှင့် ကလေးတစ်ယောက် ဝင်လာကြသည်။ အရောင်းဝန်ထမ်း အမျိုးသမီးက အစပိုင်းတွင် ပေါ့ပါးစွာ လှမ်းကြည့်လိုက်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွား၏။

​သူမ၏ အသက်မွေးဝမ်းကျောင်း တစ်လျှောက်တွင် ဤကဲ့သို့ ကြည့်ကောင်းသော မြင်ကွင်းမျိုးနှင့် တွေ့ဆုံရ ခဲလှသည်။ အထူးသဖြင့် ဤနှစ်ယောက်က မတူညီသော ပုံစံများဖြင့် ချောမောနေကြခြင်းပင်။ ကောင်လေးက အေးစက်စက်နှင့် တည်ငြိမ်လှပြီး၊ လူကြီးမှာမူ ယဉ်ကျေးသိမ်မွေ့ကာ ခန့်ညားလှပနေသည်။

​အထူးသဖြင့် လူကြီးဖြစ်သူက လူတစ်ယောက်ကို ကြည့်လိုက်တိုင်း သူ့မျက်ခုံးတန်းများ သဘာဝကျကျပင် ပြေလျော့သွားပြီး မေးရိုး၏ ထက်မြက်သော အချိုးအစားများကို နူးညံ့သွားစေသည်။ ယဉ်ကျေးသိမ်မွေ့သော သူ့၏ အမူအရာက အကြည့်လွှဲရန် ခက်ခဲလှသည်။

 

"မင်္ဂလာပါ၊ ကလေးအတွက် အဝတ်အစားတချို့ ဝယ်ချင်လို့ပါ။ အကြံပြုပေးနိုင်မယ့်ဟာ ရှိမလား”

 

ဝေ့ရှင်း မေးမြန်းလိုက်သည်။

 

​အရောင်းဝန်ထမ်းက အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ပြုံးပြလိုက်၏။ ဤကဲ့သို့သော အသက်ရှင်နေသော မော်ဒယ်လ်များ သူမ အရှေ့တွင် ရှိနေသဖြင့် သူမတွင် အကြံပြုပေးစရာများ အများကြီးရှိနေသည်။

​ရလဒ်အနေဖြင့် သူမ၏ စိတ်အားထက်သန်သော လမ်းညွှန်မှုအောက်တွင် စာဝါငှက်မှာမူ အံကြိတ်ကာ အဝတ်အစား ခုနစ်စုံ၊ ရှစ်စုံထက်မနည်း လဲလှယ် ဝတ်ဆင်ခဲ့ရပြီးဖြစ်သော်လည်း လဲလှယ်ရန် စောင့်ဆိုင်းနေသည့် အဝတ်များက ဆယ်ဂဏန်းမက ကျန်ရှိနေသေး၏။

​သူ အတော်လေးပင် မောဟိုက်သွားကာ မေးလိုက်သည်။

 

 "ဒါတွေဆို တော်လောက်ပြီ မဟုတ်လား”

 

​ဝေ့ရှင်းမှာမူ တစ်ခါမျှ မခံစားဖူးသည့် ဖော်ပြမရသော ပျော်ရွှင်ခြင်း အသစ်ကို တဖြည်းဖြည်း ခံစားနေရ၏။ ကလေးများနှင့် ထိတွေ့ဆက်ဆံရသည့် အတွေ့အကြုံ သူ့တွင် မရှိသဖြင့် အစပိုင်းတွင် ဝတ်ကျေတန်းကျေ မလုပ်သင့်ဘဲ အဝတ်အစား ဝယ်ပေးမည်ဆိုပါက သေချာစွာ ၀ယ်ပေးရမည်ဟုသာ တွေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ​ယခုအခါ စာဝါငှက်က အဝတ်အစားသစ်များ စမ်းဝတ်ကြည့်နေသည်ကို ကြည့်ရသည်က ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးဖြင့် တစ်မျိုးပြီးတစ်မျိုး ချောမောနေသည်။ အ၀တ်သစ်များ ၀ယ်ပေးရခြင်းက အလွန်ပင် စွဲမက်စရာ ကောင်းလေ၏။

​အရောင်းကိန်းဂဏန်းများ တက်လာသည်နှင့်အမျှ အရောင်းဝန်ထမ်းလည်း ပြုံးပျော်နေ၏။

 

 "ဆောင်းဦးဝတ်တွေအပြင် ဒီနှစ်ထွက် ဆောင်းတွင်းဝတ် အသစ်တွေလည်း ရှိပါသေးတယ်”

 

​ဝေ့ရှင်း မျက်လုံးများတွင် စိတ်ဝင်စားသွားဟန် ပြနေသည်။

 

​စာဝါငှက် : "!”

 

​စာဝါငှက် နောက်ဆုံးတစ်စုံကို ၀တ်ဆင်ပြီးသောအခါ သူ့လက်များက တုန်ယင်နေပြီဖြစ်သည်။ သူ့အနေဖြင့် အစဉ်အလာများကို ဂရုမစိုက်နိုင်တော့ဘဲ ဝေ့ရှင်း၏ အင်္ကျီလက်ကို ဆွဲကာ အသနားခံလိုက်၏။

 

"ဆရာ”

 

​စာဝါငှက်၏ စိုးရိမ်ပူပန်ပြီး တင်းမာနေသော မျက်နှာကို မြင်သောအခါ နှမြောတသစွာဖြင့် ဝေ့ရှင်း ရပ်လိုက်ရသည်။ စာဝါငှက်က သက်ပြင်းတစ်ချက် ချရန်ပင် အချိန်မရလိုက်ပေ၊ သူ့ဦးရေပြားကို ထုံကျဉ်သွားစေသော စကားသံကို ကြားလိုက်ရ၏။

​ဝေ့ရှင်း အရောင်း၀န်ထမ်းကို ပြောလိုက်သည်။

 

 "စမ်းဝတ်ခဲ့တဲ့ အင်္ကျီတွေ အကုန်ယူမယ် ကျေးဇူးပြုပြီး ထုတ်ပေးပါဦး"

 

​စာဝါငှက် : "! !"

 

​အိမ်အပြန်လမ်း၊ မှုန်ရီသော ညအလင်းရောင်အောက်တွင် လရောင်နှင့် လမ်းမီးတိုင်များ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး လမ်းမကို ရှင်းလင်းစွာ လင်းထိန်စေ၏။

စာ၀ါငှက် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

 

 "ဒါတွေက ပိုက်ဆံအများကြီး ကုန်သွားလား”

 

အခြေစိုက်စခန်း၏ အပြင်ဘက်တွင် အရာရာတိုင်းကို ပိုက်ဆံဖြင့် ဝယ်ရသည်ဆိုသော အချက်က ခရီးတစ်လျှောက်လုံးတွင် စာဝါငှက် သင်ယူခဲ့ရသည့် အလေးနက်ဆုံး သင်ခန်းစာ ဖြစ်၏။

သူ့၏ စိုးရိမ်မှုကို ​ဝေ့ရှင်း သတိထားမိသော်လည်း ‘ငါ့ကို ပြန်ပေးစရာ မလိုပါဘူး’ ဟူသော စကားမျိုး မပြောခဲ့ပေ။ ထိုအစား သူ့လက်တစ်ဖက်ဖြင့် အထုပ်များပေါင်းဆွဲလိုက်ကာ အားသွားသော လက်တစ်ဖက်ဖြင့် ကောင်လေး၏ ဆံပင်များကို ဖွလိုက်သည်။

 

 "မင်း အရွယ်ရောက်လို့ ပိုက်ဆံရှာနိုင်တဲ့အခါကျရင် ငါ့ကို ပြန်ပေးပေါ့”

 

​ဝေ့ရှင်းအနေဖြင့် လူသားများက ကမ္ဘာကြီးကို ချုပ်ကိုင်ထားနိုင်သည်ဟု မောက်မာစွာ မတွေးမိသော်လည်း၊ ဤကမ္ဘာပေါ်တွင် လူသားများမှာ နေရာအနှံ့ ရှိနေသည်ကိုမူ သူ ငြင်းပယ်၍ မရချေ။

သူ့အမြင်တွင် ရှောင်ဟေးတို့က ရွေးချယ်စရာမရှိဘဲ ကြောင်များအဖြစ်သာ ပြောင်းလဲနိုင်သော်လည်း၊ ဤကောင်လေးမှာမူ လူသားအဖြစ် ပြောင်းလဲနိုင်စရာ ရှိနေသဖြင့် အသက်ရှင် ရပ်တည်ရန်အတွက် အသာစီးရနေသည်ဟု ယူဆမိသည်။ အကယ်၍ ရှောင်လွှဲ၍ မရနိုင်ပါက လူ့အဖွဲ့အစည်းအတွင်းသို့ စောစီးစွာ ပေါင်းစည်းထားခြင်းက ပို၍ ကောင်းလိမ့်မည်။

 

​ထိုစကားကို ကြားသောအခါ စာဝါငှက် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ခါးသီးမှုကိုပင် ခံစားလိုက်ရ၏။

ဟုတ်ပါသည်၊ သူတို့က အသွင်ပြောင်း သားရဲများဖြစ်ကြောင်း ဤလူငယ်လေး မသိပေ။ ထို့ကြောင့် သူ့ကို သာမန်ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေပြီး မျှော်လင့်ချက်ရှိသော အနာဂတ်တစ်ခု သူ့တွင် ရှိနေသည်ဟု ထင်မြင်နေခြင်း ဖြစ်သည်။ ​သို့သော်လည်း တစ်ခုခုက ထူးဆန်းနေသကဲ့သို့ စာဝါငှက် ခံစားလိုက်ရပြန်၏။

 

‘ဝေ့ရှင်းက နံပါတ်တစ်တို့နဲ့ ပုံမှန်အတိုင်း ဆက်သွယ်နိုင်တယ် မြေခွေးလေးကလည်း သူ့စကားတွေကို နားလည်တယ်လို့ ယူဆထားတယ် သူ တကယ်ပဲ ဘာမှမသိတာလား’

 

စာဝါငှက်က ဤမေးခွန်းအပေါ် သံသယဝင်ခြင်းနှင့် စဉ်းစားခြင်းများကို ​မကြာမီတွင် ရပ်တန့်လိုက်သည်။ အကြောင်းမှာ ဝေ့ရှင်းက အမှန်တကယ်ပင် သာမန်နှင့်မတူသော ထူးခြားသည့် လူသားတစ်ဦး ဖြစ်နေသောကြောင့်ပင်။