Ch 16
Viewers 96

Chapter 16

 

 

သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး သဘောကျတာခံခဲ့ရတယ်

 

ဝေ့ရှင်းက နံပါတ်တစ်နှင့် အခြားသူများကြောင့် ထိခိုက်ဒါဏ်ရမည်စိုးသဖြင့်  နောက်တစ်နေ့မနက်လေ့ကျင့်ခန်းလုပ်ဖို့အတွက် နှစ်နာရီစောထဖို့လုပ်ခဲ့၏။

 

သူစာဝါငှက်ကိုလည်း အတူခေါ်ဖို့ စိတ်ကူးထားလေသည်။

 

အစပိုင်းတွင် ဝေ့ရှင်းတစ်ယောက်တည်း သွားပြေးဖို့လုပ်ခဲ့ကာ စာဝါငှက်ကို အတူခေါ်သွားဖို့မရည်ရွယ်ခဲ့ပေ။

 

သို့ပေမဲ့ အတွေးလွန်နေခြင်းကြောင့်လားမသိ စာဝါငှက်က ပင်ပန်းပါသော်ငြား တစ်ညလုံးမအိပ်နိုင်ခဲ့ချေ။ အပြင်ဘက်က တံခါးဖွင့်သံသဲ့သဲ့ကြားလိုက်ရလျှင်ပင် သူရုတ်တရက်မျက်လုံးပွင့်လာကာ စစ်ဆေးဖို့ အပြင်ဘက်သို့ ထွက်လာလေသည်။

 

ထိုအရာကို တွေ့လိုက်ရသဖြင့် ဝေ့ရှင်း ထိုကောင်လေးကို သူနှင့်အတူခေါ်သွားဖို့ ဆုံးဖြတ်လိုက်၏။

 

ထိုအချိန်၌ ကောင်းကင်ကမှောင်နေဆဲဖြစ်ပြီး မြူတွေဆိုင်းနေလေသည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာမရှိသလောက်ဖြစ်ပြီး အလွန်တိတ်ဆိတ်နေ၏။

 

တစ်ခါတစ်ရံတွင် လမ်းတစ်ဖက်ခြမ်းရှိ အစောပိုင်းစျေးသည် တစ်ဦးနှစ်ဦး၏ လှည်းတွန်းသံကို ကြားရလေသည်။

 

ပန်းခြံထဲ၌ ဝေ့ရှင်းအရှိန်တင်လိုက်ကာ ပန်းတိုင်ရောက်သည်အထိ အားကုန်ပြေးသွား၏။

 

သူရပ်သွားချိန်တွင် ချွေးများရွှဲနေပြီး သူ့မျက်နှာပေါ်က ချွေးတွေကိုသုတ်ရင်း မေးလိုက်လေသည်။

 

“ဘယ်လောက်ကြာသွားလဲ”

 

အားကျိုက ဖုန်းပေါ်မှာ အချိန်မှတ်ထားသည်အား ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသည့်ပုံစံနှင့် ပြော၏။

 

“၁၁.၃၇ စက္ကန့်”

 

သာမန်လူသားတစ်ဦး၏ အမြန်နှုန်းမှာ မည်မျှဖြစ်သင့်သည်ကို သူမသိသော်ငြား မီတာငါးဆယ်ပြေးဖို့ ဆယ်စက္ကန့်ကြာခြင်းမှာ စခန်း၌သာဖြစ်ခဲ့လျှင် အရိုးပင်မကျန်အောင် ဝါးမြိုခံလိုက်ရလောက်ပြီပင်။

 

ဝေ့ရှင်းက အသက်ဝအောင်ရှုနေရင်း ထိုအမြန်နှုန်းမှာ အနည်းငယ်နှေးနေသည်ဟု ခံစားရပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

 

“ငါလေ့ကျင့်ခန်းမလုပ်ဖြစ်တာ အတော်ကြာနေပြီ”

 

စာဝါငှက်၏ မျက်နှာပေါ်ရှိ ဖော်ပြလို့မရနိုင်သည့် မျက်နှာအမူယာကို သတိပြုမိသွားချိန်တွင် သူရုတ်တရက်သိချင်သွား၏။

 

“အားကျို မင်းဘယ်လောက်မြန်မြန်ပြေးနိုင်လဲ”

 

စာဝါငှက်က ပါးနပ်စွာ ပြန်ဖြေလေသည်။

 

“ဒီထက်နည်းနည်းပိုမြန်ရုံလောက်ပေါ့”

 

ဝေ့ရှင်းက သင်ယူဖို့စိတ်အားထက်သန်နေကာ စာဝါငှက်ကို စမ်းကြည့်ဖို့ တိုက်တွန်းလိုက်၏။

 

သူ့ကို စိတ်ဓါတ်မကျစေချင်သဖြင့် စာဝါငှက်က တမင်တကာအရှိန်လျှော့ပြေးလိုက်သောကြောင့် ၇စက္ကန့်ကြာသွားခဲ့လေသည်။

 

လူငယ်လေးက ပြုံးကာ ပြောလိုက်လေသည်။

 

“အထင်ကြီးစရာပဲ”

 

အဲဒါကို အထင်ကြီးစရာကောင်းတယ်လို့ သတ်မှတ်နိုင်တာလား။

 

စာဝါငှက်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခုနက သူမြန်မြန်ပြေးမိသွားသည်ဟု တွေးနေကာ သူပို၍ပင် အရှိန်လျှော့ပြေးခဲ့သင့်၏။

 

သို့ပေမဲ့ ဝေ့ရှင်းက စာဝါငှက်ထင်ထားသကဲ့သို့ စိတ်ဓါတ်မကျသွားခဲ့ပေ။ ပုံမှန်အမူအယာနှင့် ရိုးရိုးရှင်းရှင်း အကျောဆန့်လိုက်ပြီး သူ့လေ့ကျင့်ရေးအား ဆက်လုပ်၏။

 

ရှောင်ဟေးနှင့် သူ့ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ကြိုးစားမည်ဟု သဘောတူပြီးကတည်းက ဝေ့ရှင်းက လေ့ကျင့်ရေးသင်တန်းချိန်အတွက် ငွေပေးချေခဲ့ပြီး ယနေ့တွင် စတင်လေ့ကျင့်မည်ဖြစ်၏။

 

သူ၏ရည်မှန်းချက်မှာ မတော်တဆထိခိုက်ဒါဏ်ရာရမှုမှ ရှောင်ရှားဖို့ ဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးမနက်ခင်းလေ့ကျင့်ခန်းလုပ်ရုံလောက်နှင့် မရချေ။ သူ့ကိုယ်သူ အပြင်းအထန်လေ့ကျင့်ခိုင်းမည်ဟု သူစီစဥ်ထား၏။

 

အလွန်အကျွံပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့အတွက် ညနေခင်းအလုပ်ဆင်းချိန်တွင် အားကစားရုံ၌ ဝေ့ရှင်း ကိုယ်ပိုင်ထရိန်နာငှားဖို့စီစဥ်ထားလေသည်။

 

စာဝါငှက်က ဝေ့ရှင်း၏ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးဖြစ်သည်ဟု ခံစားနေရ၏။

 

သာမန်လူသားများ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းပြီး သူ့ကဲ့သို့ C အဆင့်ဗီဇပြောင်းအကောင်ထက်ပင် အားနည်း၏။ နံပါတ်တစ်တို့ အခြားသူတို့နှင့် နှိုင်းယှဥ်ပါက ကွာခြားချက်မှာ မိုးနှင့်မြေလောက်ရှိလေသည်။

 

လမ်းလျှောက်တာကနေ ပြေးတတ်သွားသည့် ကိစ္စမျိုးမဟုတ်ပဲ တွားသွားပဲ သွားတတ်သေးချိန်တွင် ပျံသန်းဖို့ ကြိုးစားနေသလိုဖြစ်၏။

 

ဝေ့ရှင်းက ထိုအကျိုးမရှိသည့် ကြိုးစားအားထုတ်မှုကို တစ်ပတ်တိတိဇွဲမလျှော့ဘဲ ဆက်လုပ်သွားခဲ့၏။

 

အိပ်ရာထဖို့ ခက်ခဲနေခြင်းနှင့် ဆက်တိုက်လေ့ကျင့်ပြီးနောက် သူမည်မျှပင်ပန်းနေသည်ကို စာဝါငှက်နှင့် အခြားဗီဇပြောင်းအကောင်များက တွေ့နေရလေသည်။

 

အမှန်တကယ်မှာ ပထမဆုံးသုံးရက်၌ ဝေ့ရှင်း လေ့ကျင့်ရေး၏ ပြင်းထန်မှုအား လိုက်လျောညီထွေ ဖြစ်အောင်မလုပ်နိုင်ချေ။ သူလမ်းလျှောက်လိုက်တိုင်း ခြေသလုံးတွေက တုန်ယင်နေကာ နံရံကို ကိုင်ထားဖို့လိုအပ်၏။

 

ရှောင်ဟေးပင် ဆက်မခံစားနိုင်တော့ချေ။ သူအိပ်ရာပေါ်သို့ ခုန်တက်ကာ ဝေ့ရှင်း၏ ဖြူဖျော့နေသည့် မျက်နှာကို ကြည့်လိုက်ရင်း သူ့လက်ဖဝါးလေးကို စိုးရိမ်စွာဖြင့် ပွတ်သပ်ပေးလိုက်လေသည်။

 

“မြောင်”

 

လက်လျော့လိုက်ကြရင်ကော။

 

သို့ပေမဲ့ ဝေ့ရှင်းခေါင်းခါကာ အံကြိတ်ပြီး ခေါင်းမာမာနှင့် အိပ်ရာထဲက ထလာ၏။ ရှောင်ဟေးကော အားလွီကော သူ့ကိုမဖျောင်းဖျနိုင်ကြချေ။

 

ရက်ပေါင်းများစွာ စောင့်ကြည့်ပြီးနောက် ဝေ့ရှင်းဟု အမည်ရသည့် လူသားမှာ အရှုံးကို လက်မခံတတ်ကာ ဇွဲလုံ့လရှိသည့် သူဖြစ်ကြောင်း စာဝါငှက် အတည်ပြုနိုင်ခဲ့သည်။

 

သို့ပေမဲ့ သူအရာတစ်ခုကို ဇွဲလုံ့လရှိရှိလုပ်မည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် ထိုဇွဲလုံ့လရှိမှုမှာ ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားတတ်၏။

 

​ရက်အနည်းငယ်ကြာကြီးနောက် သူ့ကို အဖော်ပြုပေးနေရင်း စာဝါငှက်က မေးလိုက်မိ၏။

 

 “ဒီလိုနေ့တိုင်း လေ့ကျင့်ခန်းတွေလုပ်နေတာက အဓိပ္ပါယ်ကောရှိလို့လား”

 

ဆယ်ရက်လောက်နီးပါး အတူရှိလာပြီးနောက် စာဝါငှက်နှင့် အခြားသူများက ဝေ့ရှင်းနှင့် သိပ်မရင်းနှီးသေးသကဲ့သို့ တစ်ယောက်ကိုတစ်ယောက်လည်း မယုံကြည်ကြသေးသော်ငြား ပထမဆုံးအကြိမ်တွေ့တုန်းကလောက် အခွန်းတိုင်းဆရာထည့်ခေါ်ပြီး လေးလေးစားစားဆက်ဆံရလောက်သည်အထိတော့ မဟုတ်တော့ချေ။

 

“ဘာဖြစ်လို့ အဓိပ္ပါယ်မရှိရမှာလဲ”

 

မေးခွန်းထုတ်ခံလိုက်ရခြင်းအား ဝေ့ရှင်းစိတ်မဆိုးပေ။ သူက စာဝါငှက်ကို သူ့မီတာငါးဆယ်ပြေးချိန်ကို ထပ်မှတ်ထားပေးဖို့ ပြောလိုက်၏။

 

“ပြေးတော့”

 

ဆိုသည့်အသံကို ကြားလိုက်သည်နှင့် လူငယ်လေးက လေးမှပစ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ တဟုန်ထိုးပြေးထွက်သွားလေသည်။

 

သူပိုပြီးမြန်လာသည်ကို စာဝါငှက်သတိပြုမိလိုက်၏။

 

ဝေ့ရှင်း၏ ခြေလှမ်းများမှာ လွန်ခဲ့သောဆယ်ရက်တုန်းကလောက် လေးလံပြီး နှေးကွေးမနေတော့ပေ။ အသက်ရှူမဝတာမျိုးမဖြစ်ဘဲ အသက်လည်းသေချာရှူသွင်းနိုင်သွားပြီဖြစ်၏။ သူ၏လက်လှုပ်ရှားမှုများကိုလည်း ပြေလျော့ကာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး အမြန်ပြေးပြီးသွားတာတောင်မှ ဖြေးဖြေးမှန်မှန်လေးဆက်ပြေးနိုင်သေးလေသည်။

 

သူ့၏လုပ်ဆောင်ချက်ကို သူသိနေသလိုပင် ထိုလူငယ်လေးက ပြုံးကာ မေးလိုက်၏။

 

“ဒီတစ်ခေါက်ကော ဘယ်လောက်ကြာသွားလဲ”

 

စာဝါငှက်က ငုံ့ကြည့်လိုက်ပြီး သူ့မျက်ဝန်းများက အနည်းငယ်ပြူးကျယ်သွားခဲ့သည်။

 

၈.၉၂ စက္ကန့်

 

သုံးစက္ကန့် နီးနီးလောက် တိုးတက်လာခဲ့၏။

 

ဝေ့ရှင်းအတွက် ထိုသို့တိုးလာခြင်းမှာ သူ့ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအားနည်းသည့် တစ်ကိုယ်တော်သမားအဆင့်မှ အရွယ်ရောက်လူကြီးတစ်ယောက် ရှိသင့်သည့် အမြန်နှုန်းမျိုး ပြန်လည်ရရှိသွားခြင်းဖြစ်လေသည်။

 

ယခုအချိန်မှစ၍ စက္ကန့်တိုးတက်လာမှုတိုင်းဟာ အလွန်ခက်ခဲမည်ကို သူသိ၏။ လူသားများတွင် မီတာငါးဆယ်အပြေးပြိုင်ပွဲ၌ ငယ်စဥ်ကတည်းကစ၍ ဆယ်စုနှစ်ကျော် လေ့ကျင့်ခဲ့သည့် အရည်အချင်းရှိသူများ ရရှိခဲ့သည် ငါးစက္ကန့်ကျော်မှတ်တမ်းရှိ၏။

 

သို့ပေမဲ့ စာဝါငှက်က ထိုကိစ္စများကို မသိချေ။

 

ဝေ့ရှင်း၏ မြန်ဆန်သည့် တိုးတက်မှုအား သူ့ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး ထိုအတွေ့အကြုံတစ်ခုလုံးက သူ့ကို တုန်လှုပ်ခဲ့သည်။ အထူးသဖြင့် ညနေညစာစားနေချိန်၌ ဝေ့ရှင်းစနောက်လိုက်ချိန်ဖြစ်၏။

 

“အားကျိုက ခုနစ်စက္ကန့်ကျော်ကျော်လောက်လေ အခုငါ့ဟာက ကိုးစက္ကန့်နီးနီးလောက် ရှိနေပြီ ထပ်ပြီးတော့ လေ့ကျင့်လိုက်ရင် ငါအားကျိုကိုမီသွားလောက်မယ်ထင်တယ်”

 

ဗီဇပြောင်းအကောင်တွေအားလုံး၏ အကြည့်မှာ စာဝါငှက်အပေါ်သို့ ဒိုင်းခနဲကျရောက်သွားခဲ့ကြသည်။ မြေခွေးလေးပင်သူ့ကို ထူးဆန်းစွာမကြည့်ဘဲ မနေနိုင်ပေ။

 

ဗီဇပြောင်းတစ်ကောင်အနေနှင့် စာဝါငှက်တစ်ကောင်ဖြစ်နေလျှင်တောင်မှ အားနည်းသည့် လူသားက သူ့ထက်သာလွန်သွားပါက သူဘယ်လောက်တောင်အသုံးမကျဖြစ်သွားမည်နည်း။

 

စာဝါငှက်: “....”

 

ယခုသူခေါင်းမော့လိုက်ချိန်တိုင်း အားလွီ၏ မဖုံးကွယ်ထားသည့် အထင်သေးမှု၊ ရှောင်ဟေး၏ ဇဝေဇဝါဖြစ်နေမှုနှင့် မြေခွေးလေး၏ သနားကာ နှစ်သိမ့်ပေးနေပုံအား မြင်နိုင်လေသည်။

 

လွန်ခဲ့သောဆယ်ရက်က ဝေ့ရှင်းကိုလည်း သူထိုကဲ့သို့ တစ်ပုံစံတည်းကြည့်ခဲ့ဖူး၏။

 

စာဝါငှက်က ခေါင်းငုံ့ချလိုက်ပြီး သူ့မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ပူလောင်လာလေသည်။

 

နောက်တစ်နေ့မနက်ခင်း၌။

 

ဝေ့ရှင်းလေ့ကျင့်ရေးပြီးဖို့ စောင့်ဆိုင်းပြီးနောက် စာဝါငှက်က သူမီတာငါးဆယ်နောက်တစ်ခါပြေးချင်ကြောင်း သတ္တိစုစည်းကာ ပြောလိုက်၏။

 

ထိုအပြုအမူမှာ အဓိပ္ပါယ်မရှိရုံတင်မက ကလေးဆန်သည်ကို သူသိသော်ငြား လူတိုင်းကသူ့ကို လူသားတစ်ဦးထက်တောင် နိမ့်ကျသည် ဗီဇပြောင်းအကောင်ဟု မထင်စေချင်ပေ။

 

ဝေ့ရှင်းက ချက်ချင်းသဘောတူလိုက်ကာ သူအဘယ်ကြောင့် ထပ်လုပ်ချင်ရသည်ကိုပင် မမေးချေ။

 

စမပြေးခင်တွင် စာဝါငှက်က အသက်ရှူအောင့်ထားလိုက်သည်။

 

သူစိတ်လှုပ်ရှားနေပြီး သူ့နှလုံးခုန်နှုန်းက ပုံမှန်ထက်မြန်နေ၏။ ထိုစိတ်လှုပ်ရှားမှုမှာ အခြားသူတွေ၏ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရသည့် အချိန်တုန်းက စိတ်လှုပ်ရှားမှုနှင့် မတူပေ။ ဤသည်မှာ စိတ်လှုပ်ရှားမှုနှင့် စိတ်ပိုင်းဖြတ်ထားမှု နှစ်ခုရောနှောနေသည့် စိတ်လှုပ်ရှားမှုမျိုးဖြစ်ပြီး သူ့လက်ဖဝါးများက ချွေးထွက်နေ​၏။

 

ဝေ့ရှင်းက ပြေးတော့ဟု အော်လိုက်ချိန်တွင် သူက လျှပ်စီးတစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သူ၏သွယ်လျသည့် ခန္ဓာကိုယ်က လေထဲ၌ မျဥ်းတစ်ကြောင်းဖြစ်ပေါ်စေခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပန်းဝင်သွား၏။

 

“ဘယ်လိုလဲ အခုတစ်ခေါက်ကော ဘယ်လောက်ကြာသွားလဲ”

 

စာဝါငှက်က အသက်ရှုဖို့တောင် မရပ်လိုက်ချေ။ သူပြန်ပြေးလာပြီးသည်နှင့် သူချက်ချင်းမေးလိုက်ပြီး ဝေ့ရှင်းသူ့ကို မပြောပြရသေးခင်မှာပင် ဖုန်းကိုကြည့်ဖို့ သူ့လည်ပင်းကို ဆန့်ထုတ်လိုက်လေသည်။

 

၅.၇၇ စက္ကန့်။

 

ဒါက လူသားတွေ မပြေးနိုင်လောက်တဲ့ အမြန်နှုန်းပဲ။

 

စာဝါငှက်က ချက်ချင်းသက်ပြင်းတစ်ချက်ချလိုက်ကာ သူ့မျက်နှာပေါ်ရှိ အပြုံးအား မဖုံးကွယ်ထားနိုင်ချေ။

 

နောက်တစ်စက္ကန့်၌ တစ်ခုခုမှားနေသည်ကို သူသတိထားမိသွားပြီး​ ဝေ့ရှင်းကို ထိတ်လန့်တကြားကြည့်လိုက်မိသည်။

 

“ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး”

 

ငါ့ရဲ့ခွန်အားကို ဖုံးကွယ်ထားပြီးတော့ မင်းကို လှည့်စားဖို့ မရည်ရွယ်ပါဘူး။

 

သို့ပေမဲ့ ဝေ့ရှင်းက သူ့နဖူးကို သာသာလေးတောက်လိုက်ကာ မထိန်းနိုင်ဘဲ ရယ်မိသွား၏။

 

“မင်းအရင်တစ်ခေါက် ပြေးတုန်းက အကြောတွေဘာတွေတောင် သေချာမလျှော့သွားဘူးလေ ငါ့ကို အဲလောက်တုံးတယ်လို့ မင်းထင်နေတာလား”

 

သူက ဒေါသမထွက်ရုံမတင်ကဘဲ သူ့အတွက်ပင်ပျော်ပေးနေသေး၏။

 

“ဒီအမြန်နှုန်းကတော့ တကယ်အထင်ကြီးစရာပဲ အားကျို မင်းကတကယ့်ကို အံ့ဩစရာပဲ”

 

တစ်ခဏမျှ အံအားသင့်သွားပြီးနောက် စာဝါငှက်၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့ကာ သူတိုးတိုးလေးမေးလိုက်လေသည်။

 

“မင်းသိတော့ သိတယ်မလား”

 

“ဘာကိုသိရမှာလဲ”

 

“အဲ အဲဒီကြောင်နှစ်ကောင်က ကျွန်တော်ထက်ပိုပြီး သန်မာတယ်ဆိုတာကိုလေ”

 

“နည်းနည်းပိုသန်မာတာလား များများလား”

 

စကားပြောနေရင်း ဝေ့ရှင်းသက်ပြင်းချလိုက်မိ၏။

 

“အားယွီတစ်ခါတုန်းက ကော်ဖီစားပွဲကို ကိုက်ပစ်ဖူးတယ်”

 

သူတစ်လျှောက်လုံးသိနေခဲ့ခြင်းဖြစ်သည်။

 

အစက ဝေ့ရှင်းသည် ဗီဇပြောင်းအကောင်များနှင့် လူသားများ၏ ကွာခြားချက်ကို နားမလည်တာကြောင့် ထိုကဲ့သို့ ရယ်စရာကောင်းသည့် အရာများလုပ်ခဲ့သည်ဟု စာဝါငှက်ထင်ခဲ့ဖူး၏။

 

ဒါပေမဲ့ သူသိနေတာတောင်မှ ဘာလို့ဇွဲမလျော့ခဲ့တာလဲ။

 

မင်းရဲ့ လေ့ကျင့်မှုတွေက အဓိပ္ပါယ်မရှိသလို မင်းရဲ့ကြိုးစားအားထုတ်မှုများတွေကလည်း အဓိပ္ပါယ်မရှိဘူး။ အဲလိုလုပ်ရုံနဲ့ ယုန်သေးသေးလေးကနေ ယုန်အကြီးကြီးဖြစ်လာရင် ကျားသွားကို ခံနိုင်ရည်ရှိလာမယ်လို့ ထင်လို့လား။

 

သူဝေ့ရှင်းကို သတိဝင်ဖို့ ပြောမိမတတ်ဖြစ်သွား၏။

 

ဝေ့ရှင်းက စာဝါငှက်ဘက်ကို မလှည့်နေသဖြင့် ကောင်လေး၏ ရှုပ်ထွေးနေသည့် အမူအယာကို မမြင်လိုက်ချေ။

 

ကိုယ့်ကြောင်တွေ ကိုယ့်ကို မတော်တဆတက်ကြိတ်မိမှာ စိုးရိမ်နေရသည့် လူတစ်ယောက်အနေနှင့် အမှန်အတိုင်းပြောရရင် သူအမှန်တကယ် အကူအညီမဲ့နေသလို ခံစားရလေသည်။

 

ကံကောင်းထောက်မစွာဖြင့် ဝေ့ရှင်းက အကောင်းမြင်သမားဖြစ်၏။

 

“တကယ်တော့ ငါဒီလိုမျိုး ဆက်လေ့ကျင့်နေမယ်ဆိုရင်တောင်မှ ရှောင်ဟေးတစ်ချက်ချတာကို ခံနိုင်မယ်မဟုတ်ဘူးဆိုတာကို ငါသိတယ် ဒါပေမဲ့ အရင်ကထက် နည်းနည်းပိုပြီး သန်မာလာရင်ကို လုံလောက်ပါပြီ”

 

“ဒီနေ့နည်းနည်း ပိုတိုးတက်အောင်လုပ်ပြီး မနက်ဖြန်နည်းနည်းပိုတိုးတက်အောင်လုပ်မယ် တဖြေးဖြေးချင်း ပိုတိုးတက်လာမယ် နောက်ဆုံးကျရင်တော့ ငါပိုသန်မာလာလိမ့်မယ်”

 

“ပိုသန်မာလာမယ်”

 

သူဘာတွေစဥ်းစားနေသည်ကို စာဝါငှက်မသိသော်ငြား မသိစိတ်ကနေပြီး ထိုစကားလုံးကို လိုက်ပြောမိသွားလေသည်။

 

သူထိုစကားလုံး၏ အဓိပ္ပါယ်ကို မသိသော်ငြား သုံးလေးခါပြောကြည့်ပြီးနောက် ရယ်မောမိသွား၏။

 

“အားနည်းတဲ့သူတွေက သန်မာလာနိုင်လား”

 

အဲဒါက အချည်းနှီးရုန်းကန်မှုတစ်ခု မဟုတ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။

 

သူထိုစကားကို ပြောလိုက်ချိန်တွင် စာဝါငှက်၏ စကားသံမှာ ပုံမှန်မဟုတ်နေသည်ကို ဝေ့ရှင်းသတိပြုမိလိုက်သည်။

 

သူလျင်မြန်စွာလှည့်လိုက်ပြီး ပိန်ပါးသည့် ကောင်လေးက သူ့ကိုမော့ကြည့်နေသည်ကို တွေ့လိုက်ရကာ ကောင်လေး၏မျက်လုံးများကနီရဲနေ၏။ အလွန်အမင်းမလိုလားမှုနှင့် နိမ့်ကျမှုတွေက သူ့မျက်လုံးထဲတွင် ရောယှက်နေကာ ပြင်းထန်သည့် မုန်တိုင်းတစ်ခုအဖြစ် ဖိနှိပ်ထားလေသည်။

 

“အဲဒါဆိုရင် ဆရာ ကျွန်တော်လည်း သန်မာလာနိုင်မှာလားဟင် ဆရာမွေးထားတဲ့ ကြောင်နက်ထက် ကျွန်တော်ပိုသန်မာလာမှာလား”

 

ထိုမေးခွန်းမှာ ကြိုတင်သတ်မှတ်ထားသည့် အဖြေရှိပြီးသားဖြစ်၏။ သူဘယ်သူ့ကိုပဲ မေးလိုက်ပါစေ အဖြေ မသန်မာလာနိုင်ဘူး ဟုသာဖြစ်နိုင်လေသည်။

 

သို့ပေမဲ့ ဝေ့ရှင်း၏ ရှောင်ဟေးအပေါ် ချစ်ခင်မှုမှာ ထင်ရှားသဖြင့် ဝေ့ရှင်းထံမှ ထိုစကားကို ထပ်ကြားရမည်ကို စာဝါငှက်စိတ်ထဲမထားပေ။

 

ထိုနည်းလမ်းနှင့် ငြင်းပယ်ခံလိုက်ရလျှင်တောင်မှ သူကစွမ်းဆောင်ရည်မရှိ၍ မဟုတ်ဘဲ လူသားများက ဘက်လိုက် တစ်ကိုယ်ကောင်းဆန်တတ်ကြသောကြောင့်ဟု သူ့ကိုယ်သူ နှစ်သိမ့်၍ ရနိုင်လေသည်။

 

သူ့ရည်မှန်းချက်မှာ ထိုမျှလောက်လေးသာဖြစ်၏။

 

သို့ပေမဲ့ တစ်ခဏတာ အံ့ဩပြီးနောက် ဝေ့ရှင်း သူနှင့်တိုက်ရိုက်အကြည့်ချင်းဆုံလိုက်ကာ မျက်မှောင်ကြုတ်ပြီး စကားလုံးတစ်လုံးစီတိုင်းကို ရှင်းရှင်းလင်းလင်းပြောလိုက်လေသည်။

 

“ဘာလို့မဖြစ်နိုင်ရမှာလဲ”

 

သူ့ရင်ဘတ်ထဲ၌ မိုးကြီးပစ်သံတစ်ခု ပေါက်ကွဲထွက်သွားသလိုမျိုး စာဝါငှက်က မယုံကြည်နိုင်စွာ မော့ကြည့်လိုက်၏။