Ch 19
Viewers 100

Chapter 19

 

 

 

အစပိုင်း၌ လူအနည်းစုလောက်သာ H မြို့တော်တွင် ဗီဇပြောင်းရောဂါများ ပျံနှံ့နေကြောင်း ကောလာဟလများကို သတိပြုမိခဲ့ကြ၏။

 

 

သတင်းဖြန့်သူများမှာ ကိစ္စအမျိုးမျိုးကို တင်ဆက်ပေးနေသည့် စျေးကွက်ရှာဖွေရေး အကောင့်များ ဖြစ်လေသည်။

 

 

အသားနံ့ရလိုက်သည့် ခွေးရူးများကဲ့သို့ အလုံးအရင်းဖြင့် ဝင်လာကြပြီး သူတို့ရှာတွေ့ထားသည့် လက်တွေ့ အချက်အလက်များကို စုစည်းကာ မှန်မမှန်ကို ဂရုမစိုက်ဘဲ မှုန်ဝါးဝါးပုံများနှင့်အတူ ကြီးမားသည့် ကွန်ရက်များပေါ်တွင် တင်နေ၏။

 

 

#ကြားဖြတ်သတင်း H မြို့တော်မှာ ဆောင်းဦးရောဂါ ဖြစ်ပွားနေပြီး ထိတွေ့မှုကတစ်ဆင့် ကူးစက်နိုင်ချေမြင့်။

 

 

#ကူးစက်ရောဂါ အသစ်ဖြစ်ကြောင်း အတည်ပြု၊ သေဆုံးမှမှုမှာ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနိုင်။

 

 

#မလန့်ကြပါနဲ့၊ သင့်မိသားစုနဲ့ သင်ကိုယ်တိုင်ကို ကူးစက်ရောဂါမရအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ မမေ့ပါနဲ့။

 

 

#သတင်းမှား: ဆေးဝါးအတုတွေကိုရောင်းတဲ့ သူတွေက ဗိုင်းရစ်အသစ်တွေကို ဖန်တီးတတ်ကြတယ်၊ ဒါက လူသားသဘာဝ လှည့်ဖြားတာလား၊ ကိုယ်ကျင့်တရားမဲ့တာလား။

 

 

ယနေ့ခေတ်၌ သတင်းအချက်အလက်များမှာ အလွန်အကျွံ များပြားလာသဖြင့် အင်တာနက်ပေါ်တွင် သတင်းမှားနှင့် သတင်းမှန်များ နှစ်မျိုးလုံး ရှိနေလေသည်။

 

 

အတင်းတစ်ခုကို နားလည်အောင် လုပ်ရန် ကြိုးစားနေချိန်တွင် နောက်တစ်ခုက ဝင်လာကာ ဇဝေဇဝါနှင့်ပင် အသစ်တစ်ခုကို တစ်ဖန် နားလည်အောင် လုပ်နေရမည် ဖြစ်၏။

 

 

ရလဒ်အနေနှင့် သတင်းတုများနှင့် လိမ်လည်ခံရဖူးသည့် အင်တာနက်သုံးစွဲသူများက ထိုသတင်းကို ကြည့်ကာ မျက်လုံးပင် လှန်လိုက်ကြလေသည်။

 

 

“တကယ်ကြီးလား၊ သတင်းတင်ဆက်ဖို့ တခြားကောင်းတာလေးတွေ မရှိတော့ဘူးလား၊ နှစ်တိုင်းနှစ်တိုင်း အဖျားရောဂါတွေကြီးပဲ၊ မင်းတို့အသစ်တစ်ခုခု မရှာနိုင်ဘူးလား”

 

 

“နောက်ဆုံးတစ်ယောက် ငါတွေ့တုန်းက ဗီဇပြောင်းကူးစက်ရောဂါတဲ့”

 

 

“မင်းပဲ၊ ကောလာဟလတွေ ဖြန့်ပြီးတော့ ဗီဒီယာတစ်ခုထဲမှာ မင်းပဲ ဖော်ထုတ်ပြီး သတင်းမှားလုပ်ပစ်လိုက်တာလေ၊ မထုတ်လွှင့်ခင်မှာ မင်းရဲ့ဇာတ်လမ်းကို တိတိကျကျ မလုပ်နိုင်ဘူးလား”

 

 

“မကြိုက်ဘူး၊ သေဆုံးနိုင်မှု ၁၀၀ ရာခိုင်နှုန်းတဲ့လား၊ အရူးတွေပဲ အဲဒါတွေကို ယုံလိမ့်မယ်”

 

 

“ငါက H မြို့တော်ကပါ အခုငါသွေးတွေနဲ့ စာရေးနေတာပါ၊ မင်းတို့တွေ အခု အပြင်မှာ လျှောက်ပြေးနေတဲ့ တိရစ္ဆာန်တွေကို အရင်ဖြေရှင်းပေးလို့ရမလား၊ တော်တော်ကြာနေပြီး အပြင်ဘက်မှာ အခုထိ ကျားတွေ ခြင်္သေ့တွေဟိန်းနေတုန်းပဲ၊ ငါ့ကို လာနောက်နေတာလား”

 

 

“ခဏလောက် ငါ့ကိုယ်ငါ တောထဲမှာ နေနေတယ်လို့ ထင်သွားတာ”

 

 

“ငါလည်း H မြို့တော်ကပဲ၊ အခုဆို ငါအလုပ်ကို သွားရတာ စိတ်လှုပ်ရှားမိတယ်၊ ရုတ်တရက် ကျားတစ်ကောင်ပေါ်လာပြီး ငါ့ကိုကိုက်သွားမှာ ကြောက်လို့လေ”

 

 

“အမှန်အတိုင်းပြောရရင် အဲဒီတိရစ္ဆာန်ကြီးတွေက ထင်သာမြင်သာ ဒီလောက်ရှိတာကို ဘာလို့ အခုထိ မဖမ်းမိကြသေးတာလဲ”

 

 

“လူခုန​စ်ယောက် အကိုက်ခံလိုက်ရပြီးတော့ ဆေးရုံတက်နေရတယ်၊ သုံးယောက်ဆို အသက်ပါပါသွားတယ်တဲ့၊ ငါတို့တွေ ဒီကိစ္စကို အလေးအနက်ထားပေးလို့ မရဘူးလား”

 

 

“ကယ်ကြပါဦး၊ အဲဒီမတော်တဆက ငါ့အိမ်နဲ့ သိပ်မဝေးဘူး”

 

 

အဖျားကူးစက်မှုနှင့် ယှဥ်လျှင် တိရစ္ဆာန်များမှ လူများကို ကိုက်ခြင်းက အစစ်ဖြစ်ကာ ထင်သာမြင်သာရှိသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လေသည်။

 

 

ဝါးထားသည့် သွေးသံတရဲရဲပုံများ အင်တာနက်ပေါ်သို့ ပျံ့နှံ့လာချိန်တွင် လူထုမှာ ထိတ်လန့်နေပြီး ဒေါသလည်း ထွက်နေကြ၏။

 

 

အသက်ရှင်လျက် အကိုက်ခံရခြင်းကို မည်သူမှ မကြုံချင်ကြပေ။ H မြို့သူမြို့သားများက ပြင်းထန်စွာ ညည်းညူးနေကြပြီး အများသူငှာ လုံခြုံရေးအဖွဲ့၏ အကောင့်များအောက်၌ ကာကွယ်ကူညီပေးရန် မှတ်ချက်များစွာ သွားရေးကြလေသည်။

 

 

တစ်ခဏတော့ လူတိုင်း၏ အာရုံစူးစိုက်မှုမှာ တိရစ္ဆာန်များ လွတ်လာပြီး လူများကို ထိခိုက်ဒါဏ်ရာစေသည့် မတော်တဆမှုတွင်သာ ရှိနေကြပြီး လူအနည်းငယ်ကသာ အဖျားကူးစက်ပိုးအကြောင်း အာရုံစိုက်ကြ၏။

 

 

တရားဝင်းသတိပေးချက်နှင့် အကြံပြုချက်များပင် များပြားလှသည့် စကားပြောဆိုမှုများအောက်တွင် နှစ်မြုပ်သွားခဲ့သည်။

 

 

လူများအကိုက်ခံရသည့် ဖြစ်ရပ်က မကြာခဏ မဖြစ်ပွားလာခင်အထိ ထိုကဲ့သို့ပင်။

 

 

ပထမဆုံးဖြစ်ရပ်မှာ အသီးအရွက်စျေးအနီး၌ ဖြစ်ခဲ့ခြင်း ဖြစ်၏။ တိုက်ခိုက်သူက ကြည့်ရှူစောင့်ရှောက်ပေးသည့် သူမရှိသော စိတ်ကျန်းမာရေး လူနာတစ်ဦးဖြစ်ကာ စျေးသည်များနှင့် ကူညီရန် ကြိုးစားခဲ့သည့် လမ်းသွားလမ်းလာများအား ဒါဏ်ရာရစေခဲ့သည်။

 

 

ဒုတိယဖြစ်ရပ်က စားသောက်ဆိုင်တစ်ဆိုင်နှင့် မီတာသုံးရာအကွာလောက်တွင် ဖြစ်သွားခဲ့ပြီး အနည်းဆုံး လူသုံးယောက်လောက် ထိခိုက်ဒါဏ်ရာ ရသွား၏။

 

 

တတိယဖြစ်ရပ်က ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  လူနာတစ်ဦးက ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆရာဝန်၏လည်ပင်းကို ကိုက်လိုက်၏။ သွေးများမှာ အိပ်ရာပေါ်နှင့် ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။ တိုက်ခိုက်သူများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ကူးစက်ရောဂါ ဖြစ်နေကြောင်း အတည်ပြုလိုက်နိုင်သည်။

 

 

….

 

 

လမ်းပေါ်တွင် လူများကို လိုက်ကိုက်နေသည့် လူနာများ များသထက် များလာလေသည်။ သူတို့၏ ရူးသွပ်မှုများကို မြင်ခဲ့ကြသည့် မြို့သူမြို့သားအရေအတွက်ကလည်း တိုးလာ၏။

 

 

ထိုလူနာများက စိတ်လွတ်ကာ မည်သူကိုမှ မမှတ်မိတော့ရုံတင်မက သူတို့၏ ရုပ်ရည်များမှာလည်း သိသိသာသာ ပြောင်းလဲသွားသဖြင့် လူတိုင်းအံ့အားသင့်နေကြလေသည်။

 

 

တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ သိသိသာသာ စိတ်ပူပင်နေသည့် စာနှင့်အတူ ဗီဒီယိုတစ်ပုဒ် တင်လာ၏။

 

 

“ငါ့အဖေကို လမ်းဘေးကနေ ခုန်ထွက်လာတဲ့ အရူးတစ်ယောက် ကိုက်သွားပြီးတော့ အခု ရုတ်တရက်ကြီး သူက ဒီလိုဖြစ်သွားတယ်၊ သူ့ရဲ့ပါးစပ်ကို လုံးဝပိတ်လို့မရဘူး၊ ပြီးတော့ သူသွားရည်တွေ အဆက်အပြတ်စီးကျနေတယ် ငါဘာလုပ်ရမလဲ”

 

 

ဗီဒီယိုထဲရှိ အမျိုးသားမှာ အိပ်ရာပေါ်တွင် အချုပ်ခံထားရပြီး ထူးဆန်းကာ ပွယောင်းနေသည့် အသားအရေရှိကာ မျက်လုံးများက သွေးများကဲ့သို့ နီရဲနေပြီး ပါးစပ်ထောင့်မှ အဝါရောင် တံတွေးများစီးကျနေကာ သူ့မူရင်းပုံစံကို မှတ်မိဖို့ခက်နေ၏။ သူ့ပါးစပ်ကိုလည်း ဖွင့်ထားကာ သားရဲတစ်ကောင်ကဲ့သို့ အော်သံများ ပြုလုပ်နေလေသည်။

 

 

ထိုဗီဒီယိုကို မြင်လိုက်သူများမှာ သူတို့နှလုံးရပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

 

 

သူတို့ထိုဗီဒီယိုအား ဒေါင်းလုဒ်ဆွဲရန် ကြိုးစားနေရင်း တုန်ယင်နေလေသည်။

 

 

နောက်တစ်စက္ကန့်၌ ​ထိုစာမျက်နှာမှာ အသစ်ပြန်ဖြစ်သွားပြီး ထို့အကောင့်မှာ သတင်းမှားဖြန့်မှုကြောင့် အပိတ်ခံလိုက်ကြောင်း ပြသနေ၏။

 

 

မသိလျှင် H မြို့သူမြို့သားများအပေါ် ကံကြမ္မာက ရယ်စရာကောင်းသည့် နောင်ပြောင်မှုတစ်ခု လုပ်နေသကဲ့သို့ပင် ဖြစ်သည်။

 

 

နောက်ရက်များ၌ ဒဏ်ရာရသူအရေအတွက် မြင့်တက်လာ၏။ ဆေးရုံကြီးများတွင် လူများပြည့်လျှံနေကာ ဆေးခန်းတွင်ပင် ကုတင်များ ကုန်စပြုလာလေသည်။

 

 

စားကုန်စျေးနှုန်း တက်လာကာ စူပါမားကတ်များတွင်လည်း ပစ္စည်းမရှိတော့ချေ။ ဆေးဆိုင်များ လုယက်ခံရကာ ဆေးရောင်းသူများက ဆေးစျေးများအား အဆမတန် တင်လာ၏။

 

 

မြို့ပြင်ဘက်သို့ ထွက်သည့်လမ်းများကို ပိတ်ထားကာ နေထိုင်သူများကို ထွက်သွားခွင့်မပြုပေ။

 

 

အခြားမြို့များ၌လည်း ဆင်တူသည့် ကပ်ဘေးများ ဖြစ်ပွားနေလေသည်။

 

 

တစ်ချိန်တည်းမှာပင် ဝေ့ရှင်း နေထိုင်ရာအနီးက G မြို့တော်၌လည်း ဖြစ်ပွားနေ၏။

 

 

ထန်ချီက ဖုန်းပွတ်နေရင်း ခပ်သွက်သွက် လျှောက်နေလေသည်။

 

 

သို့ပေမဲ့ သူ မည်မျှ refresh လုပ်လုပ် ဒေတာကဒ်အား ထည့်လိုက်ထုတ်လိုက် မည်မျှပင် လုပ်စေကာမူ စာမျက်နှာပေါ်တွင် 404 network error ဟုသာ ပြနေ၏။

 

 

သူက မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

 

 

“ဒါတွေက သတင်းအစစ်အမှန်တွေလား၊ ပုံပြင်ထားတာတွေလား၊ အစိုးရက ဘာတွေလုပ်နေတာလဲ၊ ကောလာဟလတွေကိုတောင် လာပြီးမဖြေရှင်းပေးကြဘူး”

 

 

ဝေ့ရှင်းက အရှေ့ကို ကျော်ကြည့်နေ၏။ မျက်လုံးထောင့်လေး မှတစ်ဆင့် သူတို့အနောက်မှ တစ်စုံတစ်ဦးက ကမူးကရှုး ပြေးလာသည်ကို မြင်လိုက်သဖြင့် ထန်ချီကို ဘေးသို့အမြန် ဆွဲခေါ်လိုက်သည်။

 

 

ထန်ချီမှာ ယိုင်နဲ့စွာ ဖယ်ပေးလိုက်ရပြီး သူတို့ဘေးက ဖြတ်ထားသည့်လူမှာ စူပါမားကတ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်ကို တွေ့လိုက်ရ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

 

 

“ဒီလောက်ကြီးထိ အမြန်ပြေးနေတာ၊ မင်း ပြန်ဝင်စားဖို့ အလျင်လိုနေလို့လား”

 

 

သို့ပေမဲ့ ယခု သူတို့တွင် ငြင်းခုံရန် အချိန်မရှိချေ။

 

 

G မြို့တော်က H မြို့တော်နှင့် ဝေးကာ သတင်းများစွာနှင့် တင်ပြချက်များစွာအား အမည်မသိ အင်အားကြီးတစ်ခုက ပိတ်ဆို့ထား၏။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် မြို့အတွင်း၌ ရောဂါကူးစက်သူ လူနာပေါင်းဒါဇင်နှင့်ချီ ရှိလာပြီ ဖြစ်လေသည်။

 

 

ပြီးလျှင် G မြို့တော်ဆေးရုံဘက်က တရားဝင် သတိပေးချက်ထုတ်ပြန်လိုက်သဖြင့် လျစ်လျူရှုထား၍ မရနိုင်တော့ပေ။

 

 

ထိုအချိန်၌ စူပါမားကတ် အထဲနှင့်အပြင်၌ သတင်းကို မြင်၍ ပစ္စည်းလာဝယ်ကြသူများနှင့် ပြည့်နှက်နေ၏။

 

 

အချို့က ပူးပေါင်းလိုက်ကြပြီး ဗင်ကားမောင်းလာကာ ကုန်ပစ္စည်းများကို ဖာလိုက် သယ်ယူသွားကြလေသည်။

 

 

အရေးကြီးနေသဖြင့် ထန်ချီက ဝေ့ရှင်း၏ လက်ကောက်ဝတ်ကိုဆွဲကာ အထဲသို့ တိုးဝင်နေ၏။

 

 

ဝေ့ရှင်းက ကူညီရန်လာသည့် စာဝါငှက်လေးကို လူအုပ်ကြားထဲ၌ လူမကွဲသွားစေရန် ဆွဲထားလိုက်လေသည်။

 

 

ထိရောက်စွာ ဝယ်ယူနိုင်ရန်အတွက် စူပါမားကတ်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သုံးဦး လူစုခွဲလိုက်ကြသည်။ ထန်ချီက မုန့်ဝယ်သွားလိုက်ပြီး ဝေ့ရှင်းက စာဝါငှက်လေးကို ​ခေါ်ကာ ဆန်နှင့်ဂျုံမှုန့်ဝယ်ရန် ထွက်လာ၏။

 

 

ကုန်ပစ္စည်များကို ဆွဲယူနေကြသည့် မြင်ကွင်းမှာ ရှုပ်ထွေးလွန်းလှသည်။

 

 

တစ်စုံတစ်ဦးက စင်ပေါ်ရှိ ပစ္စည်းအား ယူရန် လုပ်လိုက်ချိန်တွင် အသင့်စားခေါက်ဆွဲ တန်းတစ်တန်းလုံးကို တစ်စုံတစ်ဦးမှ စျေးဝယ်ခြင်းထဲ ထည့်ပစ်လိုက်သည်ကိုသာ တွေ့လိုက်ရလေသည်။ သူတို့စိတ်တိုသွားသဖြင့် အသံကျယ်ကျယ်နှင့် အော်လိုက်၏။

 

 

“ဒီလောက်အများကြီးဝယ်နေတာ၊ နောက်ဘဝအထိ စားဖို့လုပ်နေတာလား”

 

 

“ချီးပဲ၊ ငါဘာသာ အကုန်စားနိုင်နိုင် မစားနိုင်နိုင်၊ မင်းကိစ္စမင်းသာ စိတ်ပူစမ်းပါ”

 

 

“အဲဒီလိုင်းပေါ်က သတင်းတွေက မှန်ချင်မှ မှန်မှာ၊ အစိုးရက ဘာမှမပြောလာသေးဘူး၊ မင်းစိတ်အေးအေးထားလို့ရမလား၊ ငါအိမ်မှာချက်ဖို့ အသားနည်းနည်းနဲ့ အသီးအရွက်နည်းနည်း ဝယ်ချင်ရုံပါ”

 

 

ဝန်ထမ်းများက လူအုပ်ကြီးကို ထိန်းချုပ်နိုင်ရန် အလျင်အမြန် ကြိုးစားနေကြ၏။

 

 

 “မဆွဲကြပါနဲ့ မဆွဲကြပါနဲ့၊ ကျွန်တော်တို့ စူပါမားကတ်က နေ့တိုင်းအသစ်ဝင်ပါတယ်၊ ကျေးဇူးပြုပြီး မတိုးကြပါနဲ့၊ အနောက်ကလူတွေ သေချာတန်းစီကြပါ၊ မတိုးကြပါနဲ့”

 

 

“အနောက်မှာရပ်လေ၊ မင်းတစ်ယောက်ယောက်ကို တက်နင်းမိတော့မယ်”

 

 

ဝေ့ရှင်းက စာဝါငှက်ကို သူ့လက်ဖြင့် အုပ်မိုးပေးထားပြီး ဟူဒီဝတ်ထားသည့် ကောင်မလေးတစ်ယောက်နှင့် ယှဥ်ရပ်နေ၏။

 

 

ဟူဒီဝတ်ထားသည့် ကောင်မလေး အတွန်းခံလိုက်ရကာ သံစင်နှင့်တိုက်တော့မည်ကို မြင်လိုက်ရချိန်တွင် သူပြောလိုက်လေသည်။

 

 

“သတိထားဦး”

 

 

တစ်ချိန်တည်းမှာပင် သူက အမြန်လက်လှမ်းလိုက်ပြီး သူမကို ကာပေးလိုက်၏၊

 

 

ကောင်မလေးမှ ဟန်ချက်ထိန်းနိုင်သွားပြီးနောက် ချက်ချင်းပင် သူမ၏ တံတောင်ဆစ်ကိုသုံးကာ သူမကို တိုက်ခဲ့သူအား တွန်းပစ်လိုက်သည်။

 

 

ပြီးနောက် သူမနောက်ဆုံးကျန်သည့် ဆန်အိတ်နှစ်အိတ်ကိုယူကာ တစ်အိတ်ကို သူမစျေးဝယ်ခြင်းထဲထည့်လိုက်ပြီး တစ်အိတ်ကို ဝေ့ရှင်းထဲသို့ ထည့်ပေးလိုက်သည်။

 

 

ထိုသို့ လုပ်လိုက်သောကြောင့် သူတို့အနောက်က ကြားဖြတ်ဝင်ရန် ကြိုးစားနေသည့် လူအား ဒေါသထွက်မတတ် ဖြစ်စေ၏။

 

 

သို့ပေမဲ့ လူများစွာ စုပြုံနေသဖြင့် သူ ရပ်လိုက်လျှင် အခြားတစ်ယောက်က သူ့နေရာကို လုယူသွားမည် ဖြစ်သည်။ သူက စိတ်လျှော့လိုက်ကာ အခြားသူများနှင့် ဆန်အိတ်ကြီးကိုသာ သွားဝယ်ရန် တတ်နိုင်၏။ 

 

 

“လမ်းဖယ်ပေးကြပါ၊ အားလုံးပဲ လမ်းဖယ်ပေးကြပါ၊ ထွက်ခွင့်ပေးကြပါဦး”

 

 

ဝေ့ရှင်းက စာဝါငှက်ကို သူ့အနောက်တွင် ကာထားပေး၏။ နောက်ဆုံးတွင်တော့ သူတို့သုံးဦး ထွက်လာနိုင်ခဲ့ပြီး လူရှင်းသည့်နေရာသို့ ရောက်လာလေသည်။

 

 

ကောင်မလေးက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်ကာ ကြမ်းပြင်ပေါ်သို့ ထိုင်ချလုမတတ်ပင်။

 

 

တစ်လမျှ လေ့ကျင့်ခန်းလုပ်ရခဲ့ခြင်းမှာ အကျိုးရှိသွားပြီ ဖြစ်၏။ သူမနှင့်ယှဥ်လျှင် ဝေ့ရှင်းက တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်သေးသော်ငြား လူများ၏ ရူးသွပ်မှုများကိုတော့ ကြောက်ရွံ့နေမိဆဲ ဖြစ်သည်။

 

 

သူ့စျေးဝယ်ခြင်းထဲရှိ ဆန်အိတ်အား ကြည့်လိုက်ရင်း ကောင်မလေးကို ပြောလိုက်၏။

 

 

 “ကျေးဇူးပါ”

 

 

ဟူဒီဝတ်ထားသည့် ကောင်မလေးက အသက်ဝဝ ရှူလိုက်ပြီး ခေါင်းညိတ်ပြလေသည်။

 

 

“ခုနတုန်းက ကျွန်မကိုကူညီပေးခဲ့လို့ ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်”

 

 

သူမတွင် အခြားပစ္စည်းများ ဝယ်စရာရှိသေးသဖြင့် ကျေးဇူးတင်စကားပြောပြီးနောက် စည်သွပ်ဗူးများ ရောင်းသည့်ဘက်သို့ အလျင်အမြန် ပြေးသွား၏။

 

 

ဝေ့ရှင်းလည်း နားမနေနိုင်ချေ။ သူ့လက်ထဲရှိ စျေးဝယ်စာရင်းကို ကြည့်လိုက်ပြီး သူတစ်နေရာပြီး တစ်နေရာ ဆက်သွားခဲ့သည်။

 

 

စာရင်းထဲတွင် ပစ္စည်းတော်တော်များများက ကျန်နေသေးသော်ငြား ကံကောင်းထောက်မစွာဖြင့် သူ့ဘေးတွင် စာဝါငှက်လေး ရှိသေး၏။

 

 

ဗီဇပြောင်းအကောင်တစ်ကောင်အနေနှင့် စာဝါငှက်က သာမန်လူများထက် များစွာ ပိုသန်မာလေသည်။ တစ်စုံတစ်ယောက်က ဝေ့ရှင်းကို တွန်းရန် လုပ်လိုက်ချိန်တွင် သူက သူတို့ကို ကန်ထုတ်ပစ်လိုက်သည်။

 

 

“ချီးပဲ ဘယ်သူငါ့ကိုကန်တာလဲ၊ အား မတိုးပါနဲ့”

 

 

ပုံမှန်အားဖြင့် နာရီဝက်လောက်သာ ကြာသည့်  စျေးဝယ်ယူခြင်းက လူများနေခြင်းနှင့် တန်းစီနေရခြင်းကြောင့် နှစ်နာရီခန့် ကြာသွားလေသည်။

 

 

စူပါးမားကတ်ထဲမှ ထွက်လာချိန်တွင် သူတို့သုံးဦးစလုံးမှာ လေက အလွန် လတ်ဆတ်နေသကဲ့သို့ ခံစားရကာ နေ့အလင်းရောင်ကို ထပ်တွေ့ရ၍ ကျေးဇူးတင်နေမိသည်။

 

 

သူတို့၏ နေ့စဥ်ဘဝက ရုတ်တရက် အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရသည်ကို ထန်ချီမှာ နားမလည်နိုင်ချေ။

 

 

“ငါမင်းနဲ့အတူ စူပါမားကတ်ကို သွားတုန်းက စားစရာတွေ မဝယ်ထားမိတာ ငါ တကယ်နောင်တရတယ်”

 

 

သူတို့နောက်က လူအုပ်ကြီးကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့ဦးရေပြားပင် တုန်လာ၏။

 

 

 “ဒါကြီးက ကြောက်စရာကောင်းတာကွာ”

 

 

သူက သတင်းများကို မြင်လိုက်ချိန်တွင် ထန်ချီအမြင်မှားသလားဟု ထင်မိခဲ့သည်။ အင်တာနက် သုံးစွဲသူများ၏ မှတ်ချက်ဆယ်ခုကျော်လောက်ကို ဖတ်ပြီးနောက် သူဖတ်လေလေ သူ့ဆံပင်များ ပိုထောင်လာလေလေ ဖြစ်လာ၏။ ထိုကြောင့် သူ့သူငယ်ချင်းကောင်း ဝေ့ရှင်းကို သတင်းပေးရန် အမြန်ထွက်လာခြင်း ဖြစ်လေသည်။

 

 

ထိုအချိန်၌ သူပ လန့်လွန်းနေသဖြင့် အစားအစာစုဆောင်းရန် အတွေးမဝင်လာခဲ့ချေ။ ဝေ့ရှင်းက အမြန် တည်ငြိမ်အောင်လုပ်ပြီး သူ့ကို သတိပေးခဲ့သောကြောင့် သူတို့သုံးဦးအတူ စူပါမားကတ်သို့ အမြန်လာခြင်း ဖြစ်၏။

 

 

ယခုတွင် သူတို့တစ်ပတ်လောက်အထိ လုံလုံလောက်လောက် စားနိုင်မည့် ပမာဏခန့် ဝယ်လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ရှင်းမှ သိုလှောင်ခန်းထဲ ထည့်ထားသည့် အစားအသောက်များနှင့် ပေါင်းလိုက်လျှင် သူတို့အနည်းဆုံး တစ်လစာခန့် လုံလုံလောက်လောက် ရှိသွားပြီပင်။

 

 

ဝေ့ရှင်းမှ သူ့နဖူးသူ ပွတ်လိုက်မိသည်။

 

 

အမွှေးလုံးများ ရှိနေခဲ့သဖြင့် ထိုကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်သည့် သတင်းအား သူက အခြားသူများလောက်တော့ မထိတ်လန့်သွားခဲ့ပေ။

 

 

ထန်ချီမျှဝေလာသည့် ပုံများကို  သူကြည့်လိုက်ချိန်တွင် အခြေအနေက အစားအသောက်များ ဆေးများကိုသာ သိုလှောင်ထားရန် လိုအပ်သလောက်လေးသာ ရိုးရှင်းသည်ဟု မထင်ချေ။

 

 

‘ဘာဖြစ်လို့ ဝေ့ကျင်းဖုန့်က သူ့ကို တစ်လကြိုစုဆောင်းထားဖို့ ပြောတာလဲ၊ ဘာဖြစ်လို့ ကူးစက်မှုကို အခုထိ မထိန်းချုပ်နိုင်ရသေးတာလဲ၊ ဘာဖြစ်လို့ အဲဒီလူနာတွေက လူတွေနဲ့မတူဘဲ ဗီဇပြောင်းသားရဲတွေနဲ့ တူနေရတာလဲ’

 

 

ဤသည်မှာ G မြို့တော်၌ ဗီဇပြောင်းကူးစက်ပိုး ပေါ်လာခြင်းကို တင်ပြသည့် ပထမဆုံးရက် ဖြစ်၏။

 

 

ဒုတိယနေ့၌ ပိုထူးဆန်းသည့် ကိစ္စများ ဖြစ်ပျက်လာလေသည်။