Ch 20
Viewers 106

Chapter 20

 

 

တစ်စုံတစ်ယောက်က နေ့ခင်းဘက်၌ ကုန်စုံဆိုင်တစ်ဆိုင်ကို ဓါးပြတိုက်သွား၏။

 

 

ဓါးပြသွားသည့်နေရာမှာ အိမ်ရာဝန်းနှင့် နှစ်လမ်းလောက်သာ ခြားသဖြင့် အနီးနားရှိ နေထိုင်သူများမှာ ဆူညံနေလေသည်။

 

 

ထိုကုန်စုံဆိုင်ကို အသက်ကြီးကြီး လူကြီးနှစ်ဦးမှ ဖွင့်ထားခြင်း ဖြစ်သည်ဟု ပြောနေကြ၏။ ဓါးပြတိုက်ခံရချိန်တွင် လူအိုကြီးက ဓါးပြများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့ခေါင်းကို တုတ်ဖြင့် အရိုက်ခံလိုက်ရပြီး ဆေးရုံခေါ်သွားချိန်တွင် အသက်မျှင်မျှင်သာ ရှိတော့၏။

 

 

အဘွားအိုလည်း ထိခိုက်ဒါဏ်ရာရသွားကာ နှလုံးအခြေအနေမကောင်း ဖြစ်နေလေသည်။ လူအိုကြီးနှင့်အတူ ဆေးရုံလိုက်လာပေးပြီးနောက် သူမမျက်ရည်များကို မထိန်းနိုင်တော့ဘဲ ငိုယိုရင်း ထိုနေရာ၌ပင် မူးလဲသွားကာ အရေးပေါ်ခန်းသို့ ရောက်သွားသည်။

 

 

ထိုမတော်တဆမှုအား လူတိုင်းက အာရုံစိုက်နေကြလေသည်။ ရဲဝန်ထမ်းများမှ အမြန် စုံစမ်းစစ်ဆေးမှုကို စတင်‌သောကြောင့် သံသယရှိသူသုံးဦးအား ဖမ်းမိ၏။

 

 

သံသယရှိသူများ၏ ပြောစကားမှာ သူတို့တွင် ပစ္စည်းဝယ်ယူကာ သိုလှောင်ရန် ပိုက်ဆံမရှိ၍ ယခုဖြစ်နေသည့် အခြေအနေအား စိုးရိမ်ကြောင်း အဓိပ္ပါယ်မရှိစွာ ပြော၏။ ထို့ကြောင့်သူတို့က အခြားသူများနည်းတူ ပိုက်ဆံတစ်ပြားမှမကုန်သည့် စျေးဝယ်ခြင်းအား လိုက်လုပ်ခဲ့လေသည်။ (T/N တစ်နည်းအားဖြင့် ခိုးခြင်း)

 

 

အဘယ်ကြောင့်ဆိုသော် သူတို့မှ ထိုစုံတွဲကိုသိကာ သူတို့ကလေးက အခြားထောက်ပံ့မှုမပါဘဲ အခြားမြို့နယ်၌ အလုပ်လုပ်နေခြင်းအား သိသဖြင့် သူတို့ကို ဓါးပြတိုက်ရန် နှစ်ခါပင်ပြန်မစဥ်းစားတော့ချေ။

 

 

သတင်းပျံ့လာချိန်တွင် အိမ်၌ အသက်ကြီးနေပြီဖြစ်သော မိဘရှိနေသည့် ထန်ချီက စိတ်ပူကာ ထိုည၌ သူ့မိဘအား အကြိမ်ပေါင်းများစွာ ဆက်သွယ်၏။

 

 

ထိုအချိန်တွင် ဝေ့ရှင်းမှာတော့ ဝေ့ကျင်းဖုန့်၏ ဖုန်းလိုင်းမှာ မအားဖြစ်နေသဖြင့် သူ့အတွင်းရေးမှူးကို ဖုန်းခေါ်နေရလေသည်။

 

 

အတွင်းရေးမှူးက သူမ၏နံပါတ်အား ပေးထားသည်မှာ နှစ်အတော်ကြာနေပြီ ဖြစ်သော်ငြား ဝေ့ရှင်းဆီမှာ အကူအညီတောင်းသည့် ဖုန်းကောလ်မျိုးတစ်ခါမှ လက်ခံမရရှိဖူးချေ။ ဤသည်မှာ ဝေ့မိသားစု၏ ဒဏ္ဍာရီလာသခင်လေးနှင့် သူမ ပထမဆုံးအကြိမ် ဖုန်းပြောဖူးခြင်း ဖြစ်၏။

 

 

ဝေ့ကျင်းဖုန့်ဘေးကင်းမကင်းကို မေးရန်အတွက် ဆက်သွယ်လာခြင်း ဖြစ်သည်ကို သိလိုက်ရချိန်တွင် သူမသိလိုက်ရချိန်၌ အနည်းငယ် အံ့အားသင့်သော်လည်း ယဥ်ယဥ်ကျေးကျေးနှင့် စောင့်ပေးရန် ပြောလေသည်။

 

 

ဝေ့ရှင်းမှ တိတ်တဆိတ်သာ စောင့်ဆိုင်းနေ၏။

 

 

သူက ဖုန်းခေါ်လိုက်ချိန်တွင် စိတ်လှုပ်ရှားကာ စိတ်ပူပင်နေလေသည်။ သို့ပေမဲ့ အတွင်းရေးမှူး၏ စိတ်အေးလက်အေးအသံကို ကြားလိုက်ရ၍ ချက်ချင်းစိတ်အေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

 

 

အကယ်၍ ဝေ့ကျင်းဖုန့် တစ်ခုခုဖြစ်နေပါက သူ့အတွင်းရေးမှူးက ထိုမျှ တည်ငြိမ်နေမည် မဟုတ်ချေ။

 

 

သိပ်မကြာခင်မှာပင် အတွင်းရေးမှူးက သူ့သူဌေးကို မေးပြီးနောက် ပြန်လာခဲ့ကာ မစ္စတာဝေ့က အဆင်ပြေသဖြင့် မစိုးရိမ်နေရန် ပြော၏။

 

 

ဝေ့ရှင်းမှ ပြန်ဖြေလိုက်လေသည်။

 

 

 “အွန်း”

 

 

နှစ်ဆယ်စက္ကန့်ကျော်လောက် စောင့်ဆိုင်းပြီးနောက် အတွင်းရေးမှူးဘက်က မည်သည်ကိုမှ ဆက်မပြောတော့ပေ။

 

 

သူ့လက်ချောင်းများအား လှုပ်လိုက်ရင်း တိုးတိုးလေးနှင့် ယဥ်ကျေးစွာ ပြောလိုက်၏။

 

 

“ကျွန်တော်အစ်ကို အဆင်ပြေနေတယ်ဆိုတော့ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်”

 

 

သူမှ စကားပြော၍ မပြီးသေးချိန်တွင် အမျိုးသားတစ်ဦး၏ အေးစက်ကာ ခပ်ဩဩရှိသည့်အသံက ဖြတ်ပြောလာလေသည်။

 

 

 “ငါ့ကိုဖုန်းပေး”

 

 

ဖုန်းကို လွှဲယူပြီးနောက် ဝေ့ကျင်းဖုန့်က စကားတစ်ခွန်းတည်းပြောကာ ပြန်တိတ်သွား၏။

 

 

“မင်း”

 

 

လေထုက ချက်ချင်းပင် အေးစက်စက် ဖြစ်သွားလေသည်။

 

 

တိတ်ဆိတ်နေသဖြင့် ဝေ့ရှင်းမှ ဝေ့ကျင်းဖုန့်၏ အသက်ရှူသံကိုပင် ကြားနေရ၏။

 

 

ရှူသွင်းရှူထုတ်မှန်မှန်လုပ်နေသံက ဖုန်းထဲမှ တစ်ဆင့် ထွက်လာကာ တိတ်တဆိတ် ဖိအားဖြစ်လာစေ၏။

 

 

ဝေ့ရှင်းက သူ့လက်ချောင်းများကို မသိလိုက်ဘဲ ညှစ်လိုက်မိကာ ဖုန်းချလိုက်ရန် စဥ်းစားနေလေသည်။

 

 

သူမှ နှစ်မိနစ်ခန့်စောင့်ပြီးနောက် စကားဝိုင်းကို အဆုံးသတ်ရန် လုပ်နေချိန်တွင် တစ်ခုခု ပြုတ်ကျသွားသကဲ့သို့ ဘုန်း ဆိုသည့် အသံကြီးထွက်လာ၏။

 

 

ဝေ့ရှင်းမှာ လန့်ဖျပ်သွားကာ ဘေးဘီကို ချက်ချင်း လှည့်ကြည့်မိလိုက်လေသည်။

 

 

သူ့အိပ်ခန်းအပြင်ဘက်၌ ဆူညံသံများ ထွက်​ပေါ်နေသောကြောင့် တစ်ခုခုဖြစ်နေသည်မှာ အသေအချာပင်။ သူက ဝေ့ကျင်းဖုန့်နှင့် ဖုန်းပြောနေဆဲဖြစ်ကြောင်းကို သူမေ့သွားကာ မည်သည့်အရာများ ဖြစ်နေသည်ကို အမြန် သွားကြည့်လိုက်၏။

 

 

သူက တံခါးဖွင့်လိုက်ချိန်တွင် ခရမ်းရောင်အမွှေးနှင့်ရှဥ့်လေးမှ တံမြက်စည်းကိုင်ထားကာ ဒေါသတကြီး အော်လိုက်လေသည်။

 

 

 “ကွိ”

 

 

“မင်းတို့တွေ ရန်ဖြစ်နေတာ မရပ်ကြသေးဘူးလား”

 

 

ဧည့်ခန်းမှာ အလွန်ရှုပ်ပွနေ၏။

 

 

ဖောက်ထားသော မုန့်ထုပ်များက ဆိုဖာပေါ်တွင် ပြန့်ကျဲနေကာ ကွတ်ကီးအစအနများမှာ နူးညံ့သည့် ကူရှင်များပေါ်၌ ပေကျံနေပြီး ကော်ဖီစားပွဲပေါ်ရှိ အလှဆင်ပစ္စည်းများအားလုံး လဲကျနေလေသည်။

 

 

တရားခံများ ဖြစ်ကြသည့် အားလွီ(မြွေစိမ်းလေး) နှင့် မြေခွေးလေးက ရီမုဒ်လုနေကြဆဲ ဖြစ်ပြီး တစ်ဦးက အချစ်ဇာတ်လမ်းကြည့်ချင်နေကာ တစ်ဦးက ကာတွန်းကား ကြည့်ချင်နေ၏။

 

 

အားလွီမှ သူ့အစွယ်များကို ဖြဲပြလိုက်လေသည်။

 

 

“တော်လိုက်ပြီ၊ မြေခွေးလေး ငါမင်းကို သည်းခံနေတာ တော်တော်ကြာပြီ၊ မင်း မထိခိုက်ချင်ဘူးဆိုရင် အခုသွားလိုက်တော့”

 

 

မြေခွေးလေးက ကြောက်ရွံ့မှုကြောင့် အနောက်ဆုတ်သွားသော်ငြား သူမ၏လက်အား မလွတ်လိုက်ပေ။

 

 

“အားလုံးတစ်ယောက်တစ်လှည့်ကြည့်ရမယ်လို့ ဝေ့ရှင်းပြောတယ်လေ၊ နင် တစ်နာရီ ကြည့်ပြီးသွားပြီ”

 

 

“ငါ မိနစ်လေးဆယ်ပဲ ကြည့်ရသေးတာ”

 

 

ငြင်းခုံနေကြရင်း သူတို့အနောက်၌ မည်သို့ ဖြစ်နေသည်ကို နှစ်ကောင်လုံး သတိမမူမိကြချေ။

 

 

အားလွီက မြေခွေးလေးကို ကော်ဖီစားပွဲပေါ်တွင် ဖိထားလိုက်သောကြောင့် သူမ၏အမြီးကြီးမှာ သွားကြားထိုးတံဗူးကို ကြမ်းပြင်ပေါ်သို့ တိုက်ချမိသွားလေသည်။

 

 

ခရမ်းရောင်ရှ့ဥ်လေး၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်လာရင်း သွားကြားထိုးတံဗူးက ကြမ်းပြင်ပေါ်ကျသွားကာ သွားကြားထိုးတံများနေရာအနှံ့ ပြန့်ကျဲသွား၏။

 

 

ကောင်းမွန်နေသည့် စိတ်ခံစားချက်လေးမှာ သူ့ကြိုးစားအားထုတ်မှုများ ပျက်စီးသွားချိန်တွင် ပြိုကွဲစပြုလာလေသည်။ ခရမ်းရောင်ရှဥ့်လေးက အလွန် ဒေါသထွက်သွားသဖြင့် ဆဲဆိုလိုက်၏။

 

 

 “ကွိ”

 

 

“သေစမ်း”

 

 

သူက တံမြက်စည်းကို ဒေါသတကြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ သူ၏ သွယ်လျသော လက်မောင်းများရှိ ကြွက်သားများ ဖောင်းလာကာ အမွှေးများပိုထူထဲလာပြီး မျက်စိထဲ၌ အနီရောင်အလင်းတန်းတစ်ခု လင်းလက်သွား၏။

 

 

သို့ပေမဲ့ သူဒေါသမထွက်လိုက်ခင်မှာပင် ဝေ့ရှင်းအခန်းထဲမှ ထွက်လာသည်ကို ကြားသဖြင့် ရှောင်ဟေး (ကြောင်နက်) က ရုတ်တရက် မျက်လုံးဖွင့်လာလေသည်။

 

 

တွန်းလှန်၍ မရနိုင်သည် ဖိအားတစ်ခု ပေါ်ထွက်လာကာ ဆိုဖာပေါ်ရှိ အားလွီနှင့် မြေခွေးလေးအား ကြမ်းပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားစေခဲ့၏။

 

 

ခရမ်းရောင်ရှ့ဥ်လေး၏ ဒေါသပင် အတင်းအကြပ် ဖိနှိပ်ခံလိုက်ရလေသည်။

 

 

အကောင်လေးသုံးကောင်မှာ ဝေ့ရှင်းအနားသို့ လာနေသည်ကို မမြင်ခင်အထိ ဇဝေဇဝါ ဖြစ်နေဆဲဖြစ်၏။

 

 

အားလွီမှာ ချက်ချင်းပင် မြေခွေးလေးကို ရစ်ပတ်ထားသည့် သူ့အမြီးအား လွတ်ပေးလိုက်ကာ မြေခွေးလေးကလည်း အားလွီကို ဆက်မကိုက်တော့ချေ။

 

 

ခရမ်းရောင်ရှ့ဥ်လေးက တံမြက်စည်းကို ကောက်ကိုင်ကာ စိတ်တိုနေဆဲ ဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် ဆက်တိုက်ခြေဆောင့်နေ၏။

 

 

 

“ကွိ ကွိ ကွိ”

 

 

 

အားကျစ်ဟုခေါ်သည့် ခရမ်းရောင်ရှဥ့်လေးက ဝေ့ရှင်း၏ မိသားစုဝင်အသစ် ဖြစ်လေသည်။ သူ့အရှေ့၌ အပြာရောင်ကြောင်တစ်ကောင်မှာ ဝေ့ရှင်းအိမ်တံခါးရှေ့ရောက်လာသဖြင့် ဝေ့ရှင်းမှ မွေးစားကာ လန်လန်နှင့် အားကျစ်ဟု နာမည်ပေးလိုက်ခြင်း ဖြစ်၏။

 

 

အမွှေးလုံး အသစ်လေးနှစ်လုံးမှာ အခြားသူများနှင့် အကျင့်စရိုက်မတူချေ။ အပြာရောင်ကြောင်လေးက အေးဆေးကာ အပျင်းကြီးပြီး ဝေ့ရှင်းဝယ်ထားသည့် ရေကန်ကြီးထဲ၌ လဲလျောင်းနေတတ်ကာ တစ်ခါတစ်ရံတွင် ဝရန်တာဘက်၌ နေပူဆာလှုံပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်လေသည်။

 

 

အားကျစ်ကတော့ အငြိမ်မနေနိုင်ပေ။ သူမက သန့်ရှင်းရေးလုပ်ခြင်း၊ ရက်ကန်းယက်ခြင်းနှင့် ပစ္စည်းများစုဆောင်းရခြင်းကို သဘောကျကာ ရှုပ်ပွနေခြင်းအား သည်းမခံနိုင်ချေ။

 

 

ထို့ကြောင့် စားသောက်ပြီးနောက် လျှောက်ပစ်တတ်သည့် အားလွီနှင့် ခဏခဏပင် ပဋိပက္ခ ဖြစ်ရလေသည်။

 

 

နောက်ပိုင်းတွင် တီဗီကို စိတ်ဝင်စားသွားသည့် မြေခွေးလေးတစ်ကောင် ထပ်တိုးလာသဖြင့် ကပ်ဘေးကြီးတစ်ခုကဲ့သို့ ဖြစ်လာ၏။

 

 

မြေခွေးလေး၏ ရှက်ရွံ့တတ်သည့် အသွင်အပြင်ကြောင့် အရူးလုပ်မခံသင့်ချေ။ သူမတစ်ခုခုကို ကြိုက်နှစ်သက်သွားသည်နှင့် သူမက အလွယ်တကူ လက်လွတ်ပေးမည် မဟုတ်ပေ။

 

 

ထိုအချိန်မှစ၍ ဝေ့ရှင်းအိမ်ရှိ နေ့ရက်တိုင်းမှာ ရန်ပွဲများ ရန်ဖြစ်ပွားမှုများနှင့် ပြည့်နှက်သွားလေသည်။ သူတို့ကို စောင့်ကြည့်ရန် သူရှိနေမှသာလျှင် ခဏလောက် ငြိမ်းချမ်းသွားနိုင်ခြင်း ဖြစ်၏။

 

 

အားကျစ်၏ ဒေါသတကြီးအော်သံကို နားထောင်ပြီးနောက် ဖြစ်ပျက်သွားသမျှကို ဝေ့ရှင်းက နားလည်သွားလေသည်။

 

 

ဆူပုတ်နေသည့် အမွှေးလုံးလေးအား သူမှ ပွေ့ချီလိုက်ပြီး ပွတ်သပ်ပေး၍ နှစ်သိမ့်ပေးလိုက်ကာ အခြားအမွှေးလုံးနှစ်လုံးထံသို့ ခက်ထန်စွာ ကြည့်လိုက်သဖြင့် သူတို့နှစ်ဦးက ရှက်ရွံ့စွာ အကြည့်လွဲသွားကြ၏။

 

 

ရှောင်ဟေးက ဗီရိုပေါ်မှ ခုန်ဆင်းလာကာ တစ်ချက်အော်လိုက်ပြီး ဝေ့ရှင်းကို အိပ်ခန်းဘက်သို့ ပြန်ကြည့်ရန် အချက်ပြလိုက်လေသည်။

 

 

ဝေ့ရှင်း၏ ဖုန်းထဲမှ အော်သံတိုးတိုးကို ကြားလိုက်ရကာ ဝေ့ကျင်းဖုန့်နှင့် ဖုန်းပြောနေဆဲဖြစ်ကြောင်း သတိပြုမိသွား၏။

 

 

 

သူက အမြန်ပြန်ဝင်သွားလေသည်။

 

 

“တောင်းပန်ပါတယ် ကိစ္စလေးတစ်ခုဖြစ်သွားလို့ပါ”

 

 

လွန်ခဲ့သော အခိုက်အတန့်လေးတွင် အခြားတစ်ဖက်၌ တစ်စုံတစ်ဦးက အော်ဟစ်နေ၏။

 

 

 “ဘာဖြစ်သွားတာလဲ၊ ဝေ့ရှင်း ဝေ့ရှင်း ပြန်ဖြေဦးလေ”

 

 

နောက်တစ်စက္ကန့်၌ အသံက ပြန်လည်အေးစက်သွားကာ ပြောလိုက်သည်။

 

 

“မင်းက ငတုံးလား”

 

 

ဝေ့ရှင်းမှာလည်း ဖုန်းပြောနေရင်း တစ်ဖက်လူကို ဤအတိုင်းထားခဲ့ခြင်းက ရိုင်းသည်ဟု ထင်သဖြင့် သူနှင့် မငြင်းတော့ပေ။

 

 

သို့သော်ငြား ဝေ့ကျင်းဖုန့်၏ အလွန် ကျယ်လောက်သည့် အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူ့အမူအယာက ပြောင်းလဲသွားကာ တုံ့ဆိုင်းသွားခဲ့သည်။

 

 

“ကျွန်တော်တစ်ခုခုဖြစ်သွားပြီ ထင်လို့ စိတ်ပူနေတာလားဟင်”

 

 

တစ်ဖက်လူက ချက်ချင်း တိတ်ဆိတ်သွား၏။

 

 

“....”

 

 

ဝေ့ရှင်းက အချက်ကျကျ ခန့်မှန်းလိုက်လေသည်။

 

 

“အဲဒါဆိုရင် အစ်ကိုကျွန်တော်ကို စိုးရိမ်နေတာပေါ့နော်”

 

 

အမွှေးလုံးလေးများနှင့် ချစ်ခင်ကြင်နာစွာ ဆက်ဆံခြင်းအား ကျင့်သားရသွားသဖြင့် သူ ယခင်က မပြောဖူးသည့် အရာများကိုလည်း သူက ပြောလာနိုင်ပြီ ဖြစ်၏။

 

 

မဟုတ်ပါက သူက အစ်ကိုဆိုသည့် ယဥ်ကျေးသည့် စကားအသုံးအနှုန်းအား သုံးမည်မဟုတ်ပေ။

 

 

ဝေ့ကျင်းဖုန့်: “....”

 

 

ထူးဆန်သည့် တိတ်ဆိတ်သွားမှုမှာ တိတ်တဆိတ် သဘောတူလိုက်သကဲ့သို့ပင်။

 

 

ဝေ့ရှင်းမှ အံ့ဩသွားလေသည်။ ဝေ့ကျင်းဖုန့်က သူ့ကို ဂရုမစိုက်ဘဲ သဘောမကျဟုသာ သူက အမြဲထင်ခဲ့သောကြောင့် ဖြစ်၏။

 

 

ဝေ့ကျင်းဖုန့်သည် တခဏမျှ တန့်သွားပြီးနောက် လှောင်ပြလိုက်လေသည်။

 

 

 

 “မင်းအတွေးလွန်နေပြီ”

 

 

ယခင်က သူ၏ တည်ငြိမ်မှုမရှိတော့ခြင်းကို ရှောင်ရှားကာ အမြန်ပြောလိုက်၏။

 

 

“မင်းရဲ့အိမ်ရာက အတော်လေးလုံခြုံတယ်၊ ငါ မင်းကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်၊ မင်းဖုန်းကို ခဏနေကျရင် သူတို့ရဲ့အချက်အလက်တွေ ပို့ပေးလိုက်မယ်”

 

 

“ငါဒီမှာလုပ်နေတဲ့ ကိစ္စတွေကို တစ်လလောက်အတွင်း ကိုင်တွယ်လို့ ပြီးလောက်တယ်၊ ပြီးသွားရင် မင်းအဲဒီလူတွေနဲ့ A မြို့တော်ကို ပြန်လာရမယ်”

 

 

ဝေ့ရှင်းမှာ မျက်မှောင်ကြုတ်သွား၏။

 

 

“ဘာလို့လဲ”

 

 

“မင်းစိတ်ရှုပ်ထွေးသွားတာကို ငါသိပေမဲ့ ငါတို့ရဲ့ ဖုန်းခေါ်ဆိုမှုက လုံခြုံတယ်လို့ ငါမမခံနိုင်ဘူး၊ ငါတို့နှစ်ယောက်​အပြင်မှာ တွေ့မှ ပြောကြတာပေါ့”

 

 

ထိုစကားအားပြောပြီးနောက် တစ်ဖက်မှ သက်ပြင်းတိုလေး ချလိုက်လေသည်။

 

 

ထိုအသံမှာ ညီလေး ဟု ခေါ်နေသံပေါက်ကာ ဝေ့ရှင်းမှ နားကြားမှားလိုက်သည်ဟု ထင်မိမတတ်ပင် ဖြစ်၏။

 

 

နောက်ထပ်စကားတစ်ခွန်း၌ ဝေ့ကျင်းဖုန့်၏ အသံက အေးစက်နေဆဲ ဖြစ်ပြီး လှောင်ပြောင်နေသံ အနည်းငယ်ပင် ပါလေသည်။

 

 

“ထက်ထက်မြက်မြက်နေ၊ အိမ်ကနေမထွက်သွားနဲ့၊ ပြီးတော့ တခြားသူတွေနဲ့အတူ ရူးပြီး လိုက်မသွားနဲ့”

 

 

စကားပြောပြီးနောက် သူ့ကို မေးခွန်းပင် မေးခွင့်မ‌ပေးဘဲ ဝေ့ကျင်းဖုန့်မှ ဖုန်းချသွားခဲ့၏။

 

 

ဝေ့ရှင်းက ပြန်ခေါ်လိုက်ချိန်တွင် ယခင်ကကဲ့သို့ အဆက်သွယ်မရ ဖြစ်သွားလေသည်။

 

 

သူက ဖုန်းကိုကိုင်ထားရင်း အချိန်အတော်ကြာသည်အထိ စိတ်ငြိမ်ငြိမ် မထားနိုင်ခဲ့ချေ။

 

 

ယခင်ကနှင့်ယှဥ်လျှင့် ဝေ့ကျင်းဖုန့်၏ ယခုလေးသံက ပိုနူးညံ့သည်ဟု ပြော၍ရ၏။

 

 

ဝေ့ရှင်းက ထိုအချက်ကြောင့် တစ်ခုခု ပုံမှန်မဟုတ်ဟု ခံစားမိနေခြင်း ဖြစ်လေသည်။

 

 

ဝေ့ကျင်းဖုန့်သည် အန္တရာယ်များသည့် အရာတစ်ခုခု လုပ်နေသည့်ပုံပေါက်ကာ အန္တရာယ်များလွန်းသဖြင့် အတွင်းရေးမှူး၏ဖုန်းအား စောင့်နေကြည့်နေမည်ကိုပင် သတိထားနေရ၏။

 

 

အမွှေးလုံးလေးများက မသိဘဲ ဆူညံသံများ ကြားလိုက်ရချိန်တွင် သူတို့အားလုံး အိပ်ခန်းဝ၌ စုကာ မျက်မှောင်အကြီးအကျယ် ကြုတ်ထားသည့် ဝေ့ရှင်းအား

လည်ပင်းဆန့်ကြည့်နေကြလေသည်။

 

 

ရှောင်ဟေးက ပထမဆုံးဝင်လာပြီး ဝေ့ရှင်း၏ ခြေထောက်ကို သူ့ခေါင်းလေးနှင့် ပွတ်သပ်ပေးနေ၏။

 

 

သူ၏ နှစ်သိမ့်ပေးနေ၏ အမူအယာအား ဝေ့ရှင်းမှ ခံစားမိသဖြင့် ပြုံးကာ အမွှေးလုံးလေးကို ပွေ့ချီလိုက်ပြီး နမ်းလိုက်လေသည်။

 

 

“ငါအဆင်ပြေပါတယ်”

 

 

ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးမိသွားကာ အိမ်နီးနားချင်း စကားပြောဂရုအား စစ်ဆေးလိုက်၏။

 

 

အဖွဲ့မှာ ဓါးပြတိုက်ခံလိုက်ရသည့် လူအိုစုံတွဲအကြောင်း ဆွေးနွေးလိုက် ဗီဇပြောင်းကူးစက်ရောဂါအကြောင်း စိတ်ပူလိုက်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။

 

 

“ငါဘာလုပ်ရမလဲ၊ ငါ့မိဘတွေက အိမ်မှာဆိုတော့ ငါသူတို့ကို သွားတွေ့လို့မရဘူး”

 

 

“ဒါက ဘာကူးစက်ပိုးမျိုးလဲ၊ ဘာဖြစ်လို့ အဲဒီရောဂါက အသက်ရှင်နေတဲ့လူတွေကို သားရဲတွေအဖြစ် ပြောင်းပစ်နေရတာလဲ၊ ကြောက်စရာကောင်းလိုက်တာ”

 

 

“လူအိုစုံတွဲ ဘာဖြစ်သွားကြတယ်ဆိုတာကို တစ်ယောက်ယောက်သိကြလား၊ သတင်းသစ်လေးဘာလေးရှိကြလား”

 

 

“မနေ့ညက အလုပ်လုပ်နေရလို့ ငါအရမ်းပင်ပန်းပြီး အခုမှနိုးလာတာ ငါလည်းနိုးလာတော့ စူပါမားကတ်တစ်ခုလုံး ပြောင်ရှင်းသွားပြီ၊ ချီးပဲ”

 

 

“ငါလည်း စျေးထဲမှာ ဘာဟင်းသီးဟင်းရွက်မှ မဝယ်နိုင်ခဲ့ဘူး၊ သူတို့တွေ တကယ်ပဲ မြို့ကို လော့ဒေါင်းချပြီးတော့ လမ်းတွေ ပိတ်လိုက်တော့မှာလား၊ အဲဒါဆိုရင် ငါတို့တွေက ဘာ စားပြီးနေရမှာလဲ”

 

 

စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်မှု၊ ဒေါသ၊ စိတ်ဆင်းရဲမှု…

 

 

မရေတွက်နိုင်သည့် အပျက်သဘောဆောင်သော စကားလုံးများက လူတိုင်း၏ စကားများထဲမှ ထွက်လာကာ ဝေ့ရှင်း၏ နှလုံးသားအား တဖြေးဖြေး နှစ်မြုပ်စေခဲ့သည်။

 

 

ထို့နောက် သူက စာအသစ်တစ်စောင်အား တွေ့လိုက်ရကာ သူ့အကြည့်မှာ ထိုစာပေါ်တွင် အေးခဲသွား၏။

 

 

အဆောက်အအုံ နံပါတ် ၅ ပိုင်ရှင် ယူနစ် ၃: ငါဒါကိုပြောချင်နေတာကြာပြီ၊ အဲဒီဗီဇပြောင်းကူးစက်ရောဂါ ဖြစ်နေတဲ့လူတွေကလေ ဖုတ်ကောင်တွေနဲ့ မဆင်နေဘူးလား။