Part 773
ဦးလေးဝမ်က သူ့ကိုသဘောကျသွားကာ ခေါင်းကိုပုတ်ပေးလိုက်သည်။
“ ဘာတွေပြောနေတာလဲ၊ စိတ်မပူပါနဲ့။ မင်းရေဒီယိုမှာပြောတာကို နားထောင်နေရတာ ငါဘယ်လောက်သဘောကျမိမှန်းတောင် မသိဘူး၊ ငါက မင်းရေကူးတာကိုလည်း ကြည့်ချင်သေးတယ်။ အဲ့ဒါကစိတ်လှုပ်ရှားဖို့ကောင်းတယ်”
သူတို့နှစ်ယောက်က ဦးလေးဝမ်ကိုနှုတ်ဆက်လိုက်ပြီး အဆောင်ဆီမပြန်ဘဲ ကန်တင်းမှထွက်လာလိုက်သည်။
စန်းဝမ်:“ အစ်ကိုကြီး မင်းအများကြီးစားထားတာ၊ အစာကြေအောင် လမ်းပတ်လျှောက်လိုက်”
တဝမ်က ကျောင်းဝင်းထဲတွင် သူနှင့်အတူ ခနလောက်ပတ်သွားလိုက်ကာ ပိုသိရန်အတွက် ရေကူးကန်သို့သွားလိုက်သည်။ ဒီလိုမှသာ သူပြန်သွားပါက ဒီနေရာတွင်စန်းဝမ်ကဘယ်လိုအခြေအနေရှိသည်ကို မိသားစုအားပြန်ပြောနိုင်မည်ဖြစ်သည်။ အမှာစကားက ပြီးခဲ့သည့်တစ်ကြိမ်နှင့် အတူတူပင်ဖြစ်ကာ သူတို့မိသားစုကလည်း စိတ်ပါဝင်စားစွာနားထောင်ကြသည်။ တဝမ်က အကြိမ်တိုင်းတွင် တူညီသောအရာများကို မြင်နေရသော်ငြား ဂရုတစိုက်လိုက်ကြည့်နေဆဲဖြစ်သည်။
စန်းဝမ်က သူ့ကိုယ်သူယုံကြည်ချက်ခိုင်မာစေလိုက်သည်။
“အစ်ကိုကြီး သားတကယ်ကို စီရင်စုကအားကစားကျောင်းဆီသွားချင်တယ်”
မူလတွင် သူကနောက်နှစ်ကျ ပြန်လာမည်ဟု အပြင်းအထန်ငြင်းဆိုချင်နေဆဲဖြစ်သည်။အကြောင်းမှာ အရင်အချိန်တုန်းက သူစီရင်စုအားကစားကျောင်းစီမသွားခင် ဤနေရာ၌2နှစ်ကြာနေမည်ဟု သဘောတူခဲ့သောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် သူက ကလေးတစ်ယောက်ဖြစ်နေဆဲပင်ဖြစ်သည်။
သို့သော်ဒီနှစ်တွင် အာရှအားကစားပြိုင်ပွဲရှိသောကြောင့် အမျိုးသားအသင်းက အရည်အချင်းရှိသူများကိုရွေးချယ်ရန် စီရင်စုအမျိုးမျိုးဆီသွားလာခဲ့ကြသည်။ သူတို့ပြောသည်ကတော့ ဒီခရိုင်တွင် ငါးပျံလေးဟုခေါ်သောအရည်အချင်းရှိသည့် လူငယ်တစ်ယောက်ရှိကာ သူ့ကိုကြိုးစားကြည့်စေချင်သည်ဟုဆို၏။ ထို့ကြောင့် စီရင်စုမှအားကစားကျောင်းက သူ့ကိုတစ်နှစ်ကြိုတင်ကာ အဖွဲ့သားအသစ်အဖြစ် သွင်းလိုခြင်းဖြစ်သည်။
သူတို့က ပိုက်ဆံပိုပေးသော်ငြား သူတကယ်မသွားချင်ပေ။ အကြောင်းမှာ သူသွားလိုက်ပါက အိမ်နှင့်အလွန်ဝေးသွားမည်ဖြစ်ကာ အစ်ကိုကြီးစစ်တပ်ဆီလာလျှင်လည်း သူ့ကိုတွေ့လို့ရမည်မဟုတ်ချေ။ထို့ပြင် သူ၏အခန်းဖော်များအပေါ်တွင်လည်း သံယောစဉ်တွယ်နေသောကြောင့် သူကတကယ်ကိုမသွားချင်ပေ။
သို့သော်အခုကြည့်လိုက်သောအခါ အစ်ကိုကြီးကဆာလောင်နေပြီး မိသားစုကထမင်းအိုးတောင်မဖွင့်နိုင်ပေ။ သူသွားမှဖြစ်မည်။ ၎င်းက သူ့မိသားစုအတွက် စားစရာတံဆိပ်ခေါင်းများပို၍စုဆောင်းနိုင်ရန်မှန်ကန်သောနည်းလမ်းဖြစ်သည်။
သူက တကယ်ဘဲရေကူးရတာကြိုက်တယ်လေ။
တဝမ်ကခေါင်းညိတ်ပြလိုက်သည်။
“ စီရင်စုအားကစားကျောင်းက ပိုကောင်းတယ်”
“ အဲ့ဒီလိုဆို သားသွားလိုက်ရင် အစ်ကိုကြီးနဲ့တွေ့လို့မရတော့ဘူး”
တဝမ်:“ စာရေးပို့လေ”
“ သားသွားရင် ရေဒီယိုကစကားပြောလို့လဲမရတော့ဘူး”
“ မင်းလုပ်နိုင်ပါတယ်”
တဝမ်သည် စန်းဝမ်၏ပုံစံနှင့်ဆိုပါက အချိန်ရှိလျှင် စီရင်စုရေဒီယိုဌာနနှင့် ချိတ်ဆက်နိုင်မည်ဟု ခံစားနေမိသည်။
“ဟုတ်တယ်၊ တကယ်လို့သားကောင်းကောင်းပြိုင်နိုင်ရင် သူတို့ကသားကိုလာရှာကြလိမ့်မယ်”
ဟုတ်တယ် အဲ့ဒီလိုမျိုးပဲ။
ဖူကျန်းယွမ်က စန်းဝမ်သာစီရင်စုဆီရောက်သွားပါက အငယ်ဆုံးအားကစားသမားဖြစ်နေလိမ့်မည်ဟု ပြောခဲ့ဖူးသည်။
အကယ်၍ သူဆုမရနိုင်လျှင်တောင်မှ ပြိုင်ပွဲတွင်ဝင်ပြိုင်နေသရွေ့ တစ်နိုင်ငံလုံးမှ လူထု၏စိတ်ဝင်စားမှုကို ရရှိပေလိမ့်မည်။ ခေါင်းဆောင်ကြီးများ၏ စိတ်ဝင်စားမှုတောင် ရနိုင်သေးသည်။
အကယ်၍ လူတိုင်းသာသူ့ကိုအာရုံစိုက်လာပါက ရေဒီယိုမှာပါလို့ရပြီမလား။
ဟားဟားး
ဟုတ်တယ်၊ ငါတကယ်ဘဲ ရေကူးတာကိုကြိုက်တယ်။
သူတို့မိသားစုက ထမင်းအိုးတောင်မဖွင့်နိုင်မည်ကို စိုးရိမ်မိသောကြောင့် စန်းဝမ်က သူ့အစ်ကိုကြီးအား အဖေ၊မားမားနှင့် သူတို့မောင်နှမများနှင့် ရှန်ယွီတို့ဘယ်လိုနေလဲဆိုသည်ကို မမေးနေတော့ပေ။ သူဒီနေ့မေးလိုက်လျှင်တောင်မှ သူ့အကိုကြီးမဖြေမှာစိုးရ၏။သို့မဟုတ် သူ့ကိုလိမ်ပြောလာနိုင်သောကြောင့် မမေးနေတော့ချေ။
သူမမေးလျှင်တောင်မှ တဝမ်အရင်တုန်းကသူ့ကိုပြောပြခဲ့ဖူးသလိုပင် ပြောပြနေဆဲဖြစ်သည်။
“ အဖေနဲ့ မားမားတို့အားလုံးနေကောင်းကြတယ်၊ မားမားက မင်းကိုကောင်းကောင်းလေ့ကျင့်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့လဲ ပြောလိုက်တယ်”
စန်းဝမ်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏မိဘများက စားသောက်ရန်မတတ်နိုင်သောကြောင့် မျက်ရည်များလိမ့်ဆင်းလာတော့မည်ဖြစ်သည်။
သူ့ကိုစိတ်ပူနေကြသေးတယ်၊ ဒီမှာသူစားဖို့ ပေါက်စီတွေအပြည့်ရှိတယ်လို့။
သူ့အသံကနှာသံပေါက်နေသည်ကိုကြားလိုက်သောအခါ တဝမ်က သူအိမ်လွမ်းနေသည်ဟု ထင်လိုက်သည်။ တဝမ်ခနလောက်တွေဝေသွားပြီးနောက် သူ့ပုခုံးပေါ်လက်တင်လိုက်ကာ ပုတ်ပေးလိုက်သည်။
“ မင်းကိုတွေ့ဖို့ စီရင်စုဆီငါလာခဲ့မယ်”
“ မဟုတ်ဘူး၊ သားစာရေးလိုက်မယ် အစ်ကိုကြီးလည်း သားဆီစာများများရေးလိုက်လို့ရတယ်”
စန်းဝမ်က နှာခေါင်းရှုံ့လိုက်သည်။ စီရင်စုသို့သွားပါက အလွန်အကုန်ကျများပေသည်။ သူက သူ့မိသားစုကိုပိုက်ဆံမဖြုန်းစေချင်ပေ။ သူကလက်ဆန့်ကာ သူ့အကိုကြီးကိုဖက်လိုက်သည်။
“ အကိုကြီးကောင်းကောင်းစားရအောင် လုပ်ပေးဖို့ မားမားကိုပြောလိုက်နော်၊ သားအတွက်စိတ်မပူနဲ့၊ စိတ်ပူစရာမလိုဘူးသိလား။ အကိုကြီးမြင်တဲ့အတိုင်းဘဲ သားဒီမှာကောင်းကောင်းစားနေရတယ်၊ ဗိုက်ပြည့်နေတယ်နော်”
တဝမ်:“.....” တစ်ခုခုများ နားလည်မှုလွဲနေတာလား။
သူကစန်းဝမ်ကို ပြန်ဖက်လိုက်ဆဲပင်။
“ ...အင်းပါ”
စန်းဝမ်က မျက်ရည်သုတ်လိုက်သည်။
“ အစ်ကိုကြီး လမ်းတစ်ပတ်လျှောက်ပြီးရင် ပြန်အိပ်ကြမယ်လေ”
“မအိပ်တော့ဘူး”
တဝမ်က စစ်တပ်ထဲသို့တိုက်ရိုက်သွားကာ မနက်ဖြန်မနက်တွင်ပြုလုပ်မည့် လေ့ကျင့်ရေးတွင် တစ်ခါတည်းပါဝင်ချင်သည်။ အချိန်သိပ်မရှိတော့ပေ။။စက္ကန့်တိုင်းကရေတွက်နေသည်။
စန်းဝမ်ကဟမ်းခနဲ အသံလုပ်လိုက်ကာ တဝမ်ကိုလိုက်ပို့ပေးလိုက်သည်။ သူကစိတ်ဓာတ်ကျသလိုခံစားလိုက်ရသည်။
သူတို့တံခါးဆီသို့ ရောက်သောအခါ ဧည့်ကြိုဌာနမှဦးလေးက သူတို့ကိုနှုတ်ဆက်လာသည်။
တဝမ်က စန်းဝမ်စိတ်အခြေအနေမကောင်းသည်ကိုမြင်သောအခါမေးလိုက်သည်။
“ ဘာဖြစ်လို့လဲ”
စန်းဝမ်က ခေါင်းခါပြလိုက်သည်။
“ ဘာမှမဖြစ်ပါဘူး
တဝမ်:“ အိမ်မှာအရာအားလုံးအဆင်ပြေပါတယ်၊ မင်းစာများများရေးပို့ပေါ့”
သူက ကြက်ဥအရွယ်ရှိသော အပြာရောင်ကျောက်တုံးကို လွယ်အိတ်ထဲမှထုတ်လိုက်ကာ စန်းဝမ်လက်ထဲထည့်ပေးလိုက်သည်။
“ ယူလိုက်၊ မားမားအကြိုက်ဆုံးဟာပဲ”
စန်းဝမ်:“...အကိုကြီး သားမှာ မိသားစုဓာတ်ပုံရှိပါတယ်၊ ကျောက်တုံးတွေကို သုံးစရာမလိုဘူးလေ”
တဝမ်:“ ယူထားလိုက်ပါ”
စန်းဝမ်က သူ့ဆီတွင် ဓာတ်ပုံရှိတာကြောင့် ဘာလို့ကျောက်တုံးကိုသုံးနေရမလဲဆိုသည်ကို တွေးနေဆဲဖြစ်သည်။ သို့သော် မားမားကကြိုက်သည်ဆိုမှတော့ သိမ်းထားလိုက်မည်။ သူမားမားကိုပျော်အောင်လုပ်ရန်အတွက် ယွမ်အနည်းငယ်သုံးကာ ဒီလိုကျောက်တုံးမျိုးရှာရမည်။
တဝမ်က သူ့ကိုပုတ်ပေးလိုက်သည်။
“ အထဲဝင်တော့၊ ငါသွားတော့မယ်”
စန်းဝမ်က ခေါင်းညိတ်လိုက်သည်။
“ အစ်ကိုကြီးလမ်းမှာ ဂရုစိုက်နော်”
တဝမ်က ပြန်လှည့်မကြည့်ဘဲ လက်သာရမ်းပြလိုက်ကာ ညအမှောင်ထဲ လျင်မြန်စွာပင် ပျောက်ကွယ်သွား၏။
Xxxxxx
Part 774
တဝမ်မြင်ကွင်းထဲမှ ပျောက်သွားသောအခါ စန်းဝမ်က ချူယွင်ဖုန်းအဆောင်သို့ အလျင်အမြန်ပြေးသွားကာ တံခါးခေါက်လိုက်သည်။
“လောင်ရှီး၊ လောင်ရှီး”
ချူယွင်ဖုန်းက ရေချိုးပြီး၍ ကုတင်ပေါ်လှဲကာ အခြားဆရာတစ်ယောက်နှင့် ကိစ္စများကိုဆွေးနွေးနေခြင်းဖြစ်သည်။ စန်းဝမ်၏အသံကိုကြားသောအခါ စိုးရိမ်သွားပြီး အလျင်အမြန်ပင် တံခါးဖွင့်ပေးလိုက်သည်။
“စန်းဝမ် ဘာဖြစ်လို့လဲ ”
သူကတစ်ခုခုအရေးတကြီးဖြစ်သွားသည်ဟု ထင်သွား၏။
စန်းဝမ်၏မျက်လုံးများက အံ့အားဖွယ်ကောင်းလောက်အောင် တောက်ပနေလေသည်။
“ လောင်ရှီး သားအာရှအားကစားပြိုင်ပွဲမှာ ဝင်ပါချင်တယ်”
ချူယွင်ဖုန်းက ခနလောက်ဆွံ့အသွားသည်။
“ စန်းဝမ် မင်းကိုဘာကလှုံ့ဆော်လိုက်တာလဲ”
စန်းဝမ်:“ လောင်ရှီး သားရေကူးရတာကြိုက်တယ်၊ တိုင်းပြည်အတွက်ဂုဏ်ဆောင်ပေးချင်တယ်”
သူ့မားမားစားသောက်ရန်အတွက် ပိုက်ဆံရှာဖို့ဟုပြော၍မရပေ။ ၎င်းကစည်းကမ်းနှင့်မညီပေ။ လောင်ရှီးက စည်းကမ်းများကို နေ့တိုင်းသင်ပေးနေခဲ့၏။ ထို့ကြောင့် သူကကောင်းကောင်းပြောမှရမည်ဖြစ်သည်။
ချူယွင်ဖုန်းက ရယ်လိုက်မိကာ အခန်းထဲရှိဆရာကလည်း ထွက်ကြည့်လာ၏။
“ ဟန်ဝမ်မင် မင်းကရည်မှန်းချက်ရှိတာဘဲ”
စန်း၀မ်“ ဒါပေမယ့် အာရှအားကစားပြိုင်ပွဲကို သွားမယ့်သူတွေကို ရွေးပြီးသွားပြီမဟုတ်ဘူးလား၊ လျှောက်လွှာတွေအားလုံးကိုလည်း တင်ပြီးသွားပြီမလား”
သူက ထိုအရာနှင့်ပတ်သက်ပြီး သိပ်နားမလည်သောကြောင့် ဆရာကိုသာမေးလိုက်သည်။
ဆရာကလည်း သိပ်နားမလည်ပေ။
“ ငါတို့မေးကြည့်လိုက်သင့်လား”
အကယ်၍စန်းဝမ်သာ အာရှအားကစားပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်ပါက ထိုအရာသည် သူတို့ဒေသနှင့် စီရင်စု၏ဂုဏ်ပင်ဖြစ်သည်။ စန်းဝမ်က ရွှေတံဆိပ်ဆု မရခဲ့လျှင်တောင်မှ သူတို့က ပျားရည်လေးစန်းဝမ်အပေါ် ခံစားချက်များကောင်းနေဆဲဖြစ်သည်။
မီတာ100တွင် ဆုယူနိုင်မည်ကို ယုံကြည်ချက်ရှိသည်ဟု တွေးမိသည်။
သူတို့က ဤကလေးစန်းဝမ်တွင် ထူးခြားသောကိုယ်ပိုင်လက္ခဏာများရှိသည်ဟု တွေးမိသည်။ တစ်စုံတစ်ခုက သူ့ကိုအားတက်အောင်လှုံ့ဆော်လိုက်သည်နှင့် သူ၏သာမာန်ထူးချွန်သောလုပ်ဆောင်မှုကို ချိုးဖျက်လိုက်မည်ဖြစ်သည်။ ထို့နောက် သူ၏လုပ်ဆောင်မှုအဆင့်ကို ခန္ဓာကိုယ်က မှတ်တမ်းတင်ထားပြီး နောက်တစ်ကြိမ်မှတ်တမ်းကို မချိုးဖျက်သရွေ့ ဤအဆင့်အတိုင်းဘဲ ရှိနေလိမ့်မည်။
သူတို့အရင်ကပြောခဲ့ဖူးသော်လည်း စန်းဝမ်က စီရင်စုအားကစားကျောင်းသို့ မသွားချင်ဟုသာပြောခဲ့နေ၏။ ထို့ကြောင့် သူတို့က သူ့ကိုဖိအားမပေးတော့ချေ။ သို့သော်အခုတွင်မူ စန်းဝမ်ကပျော်နေကာ ထိုအရာကိုကြိုးစားလိုစိတ်ရှိလာ၏။
ထို့အပြင် စီရင်စုအားကစားကျောင်းကလည်း အမျိုးသားအသင်းအတွက် အတော်ဆုံးအားကစားသမားရွေးချယ်ရန် ဆန္ဒရှိနေခဲ့၏။ သူတို့ကအာရှအားကစားပြိုင်ပွဲအတွက် အစားထိုးသမားရှာချင်နေခြင်းဖြစ်သည်။
ဤအရာက ကျေးလက်ဒေသမှထိုးဖောက်ကာ တိုင်းပြည်အတွက်ဂုဏ်ဆောင်ပေးနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ အနာဂတ်တွင် သမိုင်းတွင်မည့် နာမည်တစ်ခုချန်ခဲ့နိုင်မည်ဖြစ်သည်။
ဆရာများက အလွန်စိတ်လှုပ်ရှားလာကြကာ ကျောင်းခေါင်းဆောင်များအား အလျင်အမြန်သွားရှာလိုက်ကြသည်။ ထို့နောက် ကျောင်းမှအကြီးအကဲခေါင်းဆောင်များက စီရင်စုအားကစားကျောင်းကို တစ်ဖန်ခေါ်လိုက်သည်။ စီရင်စုအားကစားကျောင်း၏အကြီးအကဲများသည် အိပ်ပျော်ရာမှ နှိုးခံလိုက်ရပြန်သည်။ အရင်ဆုံးက သူတို့က မပျော်မရွှင်ဖြစ်လာကြသည်။ ထိုအချိန်တွင် ခေါင်းဆောင်ငါးပျံလေးက အားကစားကျောင်းသို့လာကာ အာရှအားကစားပြိုင်ပွဲတွင် အစားထိုးအဖြစ်ဝင်ချင်ကြောင့် ကြားလိုက်ရသည်။ စန်းဝမ်နှင့်ချူယွင်ဖုန်းတို့က စီရင်စုအားကစားကျောင်းဆီသွားကာ စန်းဝမ်ကိုမပို့ခင် အမျိုးသားအသင်း၏နည်းပြက ခေါင်းညိတ်လာမှာကို စောင့်လိုက်ကြသည်။
ရွေးချယ်မှုက သူ၏နေ့စဉ်ပြိုင်ပွဲအမှတ်များ၊ ပျှမ်းမျှလေ့ကျင့်ရေးအမှတ်နှင့် နောက်ဆုံးရွေးချယ်ပွဲရလဒ်များကို အစီရင်ခံရခြင်းဖြစ်သည်။ ထိုအရာများကို စံအတိုင်းအတာများအဖြစ် အသုံးပြု၏။
စန်းဝမ်၏ မီတာ200အထက် ရလဒ်များက မလုံလောက်သော်ငြား မီတာ50နှင့်မီတာ100မှ ရလဒ်များနှင့်ပင် လုံလောက်နေပြီဖြစ်သောကြောင့် စီရင်စုအားကစားကျောင်းမှ ခေါင်းဆောင်များသည် စိတ်လှုပ်ရှားလာကြသည်။
ဟန်ချင်စုန့်၊ လင်းလန်နှင့်တို့ကတော့ သူတို့သားတဝမ်ကို လေ့ကျင့်ရေးဆင်းရာတွင် အစာခြောက်ယူသွားခွင့်မပြုလိုက်ခြင်းက ရေကူးခြင်းနယ်ပယ်တွင် ဤမျှကြီးမားသည့်အဖြစ်အပျက်ကို ယူဆောင်ပေးလာသည်ကို သိကြမည်မဟုတ်ပေ။
အသက်11နှစ်အရွယ် ရေကူးအားကစားသမား ဟန်ဝမ်မင်က အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်။ ဤပြိုင်ပွဲသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်လိုက်ကတည်းက ပထမဆုံးသောအာရှအားကစားပြိုင်ပွဲဖြစ်ကာ အကြီးအကျယ်ပြုလုပ်သည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုလည်းဖြစ်နေလေသည်။
သို့သော် ဒီနှစ်ဧပြီလတွင် ရက်ထပ်နှစ်တစ်ခုဖြစ်နေကာ လူနာပြက္ခဒိန်၏ငါးလမြောက်တွင် နွေရာသီအသေးစားလေးဖြတ်သွားမည်ဖြစ်သည်။ ရာသီဥတုက ပူပြီးရင်းပူလာကာ မနက်အိပ်ရာထလာပါက အော်ငိုရလောက်တဲ့အထိပင်ဖြစ်သည်။
ဤရက်များတွင် လင်းလန်က ကွန်မြူနတီသို့မသွားရပေ။ ထိုအစား အသင်းအဖွဲ့မျိုးစုံတွင် ပတ်သွားနေရသည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် အထူးထုတ်စက်ဘီးနှင့် ကောက်ရိုးဦးထုပ်ရှိနေသောကြောင့် အလုပ်ရှုပ်နေလျှင်တောင်မှ အရမ်းပူသည်ဟု မခံစားရပေ။
ညနေ5နာရီတွင် သူမပြန်ရောက်လာသောအခါ အိမ်တံခါးပွင့်နေပြီး တစ်စုံတစ်ယောက်က ချက်ပြုတ်နေသည်ကို တွေ့လိုက်ရသည်။
တဝမ်က ပြန်မရောက်သေးသလို မိုင်စွေ့နှင့်အားဝမ်တို့ကလည်း ကျောင်းကစောစောပြန်ရောက်လာကြမည်မဟုတ်ပေ။ ဟန်ချင်စုန့်ကလည်း ထမင်းပြန်မချက်နိုင်ပေ။ ဒီရက်ပိုင်းအတွင်းတွင် အလွန်အလုပ်များနေ၏။
လင်းလန်က ခြံထဲဝင်လာပြီး နံရံကိုကျော်လာသောအခါ ရှောင်ဝမ်တစ်ယောက် ဖားဖိုကို တဘူးဘူးအသံထွက်ကာ ဗိုင်းခနဲမြည်အောင် ဆွဲလိုက်၊ရိုက်လိုက်လုပ်နေသည်ကို တွေ့လိုက်ရ၏။ သူ့ဆံပင်ကရှုပ်ပွနေပြီး မြက်စများတင်နေကာ သူ့မျက်နှာလေးက မီးခိုးရောင်ကွက်ကျားကွက်ကျားဖြစ်နေ၏။
အို့။
လင်းလန်၏နှလုံးသားက ရင်ထဲပြန်ကျသွားလေသည်။
“မားမား ပြန်ရောက်လာပြီလား”
ရှောင်ဝမ်က သူမအားပျော်ရွှင်စွာနှုတ်ဆက်လာ၏။
“ ခဏလောက်နေရင် စားစရာရတော့မယ်နော်”
လင်းလန်က အိမ်ထဲသို့ မြန်မြန်ဝင်လာပြီး ဒူးကွေးကာ ရှောင်ဝမ်ကိုဖက်လိုက်သည်။
“ သားလေး ဘာတွေလုပ်နေတာလဲ”
တစ်လက်စတည်း သူမက ရှောင်ဝမ်လက်များကို ဓားထိရာရှိမရှိ စစ်ဆေးလိုက်သည်။ ဘာဓားထိရာမှ မရှိနေပေ။
ရှောင်ဝမ်က ပြုံးကာပြန်ဖြေ၏။
“ အာ့ဟယ်ခေါက်ဆွဲကို ပန်ကိတ်လုပ်ထားတယ်၊ ပဲစေ့ကြော်၊ ဆော့စ်နဲ့ ကြက်ဥစတူး အားလုံးက မားမားလုပ်ထားတာတွေဘဲ”
လင်းလန်က သူ၏ညစ်ပတ်နေသောမျက်နှာလေးကို နမ်းလိုက်သည်။
“ မားမားသားလေးက အရွယ်ရောက်လာပြီဘဲ”
ရှောင်ဝမ်က မားမားသားလေးဟု အခေါ်ခံလိုက်ရသောအခါ အလွန်ပျော်သွား၏။
“ မားမားက အလုပ်မှာပင်ပန်းလာတာလေ၊ မားမားကအနားယူနေ သားပဲချက်လိုက်မယ်”
သူက စတင်ကာ ဖားဖိုကိုဖိလိုက်ပြန်သည်။
လင်းလန်က ၎င်းကိုတည်ငြိမ်စွာကြည့်လိုက်သည်။ ကလေးတစ်ယောက်ပထမဆုံးအကြိမ်ချက်ပြုတ်ခြင်းဖြစ်ပါက မီးဖိုချောင်ကို ရှင်းလင်းနေရန် မမျှော်လင့်ပါနှင့်။ လူသတ်မှုဖြစ်ပွားနေသလိုပင်ဖြစ်သည်။ အလှီးပြားပေါ်တွင်ရော၊ ကြမ်းပြင်ပေါ်မှာပါ ကြက်သွန်စိမ်း၊ ဂျင်း၊ ပဲစေ့နှင့် တရုတ်ဂေါ်ဖီအစရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံပြုတ်ကျနေ၏။ ကျန်နေသောဟင်းသီးဟင်းရွက်များကို ကြည့်လိုက်ပါက သူ၏ဓားကိုင်စွမ်းရည်က အနည်းငယ်ယုံကြည်အားထားရလောက်သည့် အနေအထားမရှိသည်ကို တွေ့နိုင်သည်။
ထို့အပြင် ဂျုံမှုန့်တင်ထားသော စားပွဲကိုလည်း မရှင်းရသေးကာ ဂျုံများကပ်ကျန်နေ၏။ ကြည့်ရသည်မှာ နယ်လိုက်သောဂျုံက အနည်းငယ်ပျော့သွား၍ ဂျုံမှုန့်ထပ်ထည့်ထားသည့်ပုံပင်။
Xxxxx