Ch 6
Viewers 32

🎨 Chapter 6



သူ့နေရာတွင် အခြား နာမည်ကြီး အနုပညာရှင်များသာဆိုလျှင် ယခုကဲ့သို့ ရိုက်ကွင်းကို ချက်ချင်းပြန်လာသည်မှာ အံ့ဩစရာကောင်းပေမည်။


အခြားတစ်ဖက်တွင်.…


ယခုတစ်ခေါက် ရိုက်မည့်အခန်းက တစ်ကိုယ်လုံး ပါသဖြင့် မိတ်ကပ်ဆရာမက ချီလင်ချင်းကို ဆံပင်တု စွပ်ပေးပြီး မိတ်ကပ် ဖွဖွလေး လိမ်းပေးလိုက်သည်။  မိတ်ကပ်ပြင်ပြီးနောက် မိတ်ကပ်ဆရာမက ချီလင်ချင်းဆီက ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ကာ သူ့သူငယ်ချင်းဆီ ပို့လိုက်သည်။


[ဝါး... သူ့အသားအရေက ကောင်းလိုက်တာ….!! မျက်ခုံးကလည်း သဘာဝအတိုင်း ဓားသွားပုံစံလေး…. ဘာမှ ပြင်ပေးစရာကို မလိုဘူး….]

 [မျက်ရည်ကျနေတဲ့ emoji]


သူငယ်ချင်း: [သူ့ကို ဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ…. ဘယ်ကမင်းသားသစ်လေးလဲ….]


မိတ်ကပ်ဆရာမ: [ချီလင်ချင်းလေ… "Metamorphosis Meter"အစီအစဉ်ကို မကြည့်ဖူးဘူးလား…. အရင်က အပြောခံရတဲ့သူလေ….]


သူငယ်ချင်း: [!!! ဟာ!]


သူငယ်ချင်း: [ချီလဲ့လဲ့နဲ့ ၁၈ နှစ်ကြာ ဘဝချင်း မှားခဲ့တဲ့ ချီမိသားစုရဲ့ သားအရင်းလား….?]


မိတ်ကပ်ဆရာမ: [အင်း.… ဟုတ်တယ်….]


သူငယ်ချင်း: [အိုး.… မိုင်ဂေါ့.... အရင်နဲ့ အခုက ကောင်းကင်နဲ့ မြေကြီးလိုပဲ…. တခြားလူ တစ်ယောက်ကျနေတာပဲ….! (ကြောင်အမ်းအမ်း ဖြစ်နေတဲ့ emoji)]


ဒါရိုက်တာရှန်း၊ ချီလဲ့လဲ့နှင့် အခြားသူများ ရိုက်ကွင်းကို ပြန်ရောက်ချိန်တွင် ချီလင်ချင်းက မိတ်ကပ်ပြင်ပြီး ရှေးဟောင်းဝတ်စုံနှင့်  အခန်းထဲက ထွက်လာသည်။


လူငယ်လေးက ငွေရောင်သန်းနေသော မီးခိုးရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ထားသည်။ သူ့မျက်နှာက အေးစက်စက်ရှိပြီး ဆံပင်ကို မြှင့်၍ စည်းထားသည်။ 


သူ့လှုပ်ရှားမှုတိုင်းက အချိန်နှင့်နေရာကို ခဏတာ ရပ်တန့်စေသည်ဟုထင်ရသည်။ အထက်တန်းလွှာ မျိုးရိုးက ဆင်းသက်လာသော ခန့်ညားထည်ဝါမှုနှင့်ယဉ်ကျေးသိမ်မွေ့သည့် အရှိန်အဝါက သူ့တွင် အထင်းသားပေါ်နေသည်။


ရှုပ်ပွနေသော ဆံပင်ရွှေဝါရောင်များ မရှိတော့သဖြင့် ချီလင်ချင်း၏ရုပ်ရည်က ပိုမိုခန့်ညားသွားသည်။


တုယွမ်ပိုင်မှာ အသက်ရှူရန်ပင် မေ့သွားရသည်။ 


ဒါ.... ဒါ.... ငါသိတဲ့ ချီလင်ချင်း ဟုတ်ရဲ့လား….


ဒါရိုက်တာရှန်းက မအံ့ဩပေ။ ရှေးဟောင်းဝတ်စုံနှင့် သူလိုက်ဖက်သည်ကို အစကတည်းက သိနေသည်။ သို့သော် ထိုမျှလောက်အထိ လိုက်ဖက်

လိမ့်မည်ဟုသာ သူ မထင်ထားခဲ့မိပေ။


ချီလဲ့လဲ့လည်း မှင်တက်သွားသည်။ 


ချီလင်ချင်းကို မတွေ့ရတာ ရက်ပိုင်းပဲ ရှိသေးတာကို သူ့ရဲ့ တောသားရုပ်က ဘယ်ပျောက်သွားတာလဲ….


သူက အညစ်အကြေးများ ဆေးကြောလိုက်သော ပုလဲတစ်လုံးကဲ့သို့ ဖြစ်နေသည်။ 


ထိုအချိန်တွင် ရိုက်ကွင်းမန်နေဂျာက 

ပြေးလာပြီး ဒါရိုက်တာရှန်းကို ပြောလိုက်သည်။

"ကျုံးချန် ပြန်သွားပြီ…."


ဒါရိုက်တာရှန်းက သခင်လေးတွင် သည်းခံနိုင်စွမ်း သိပ်မရှိကြောင်း ကြိုသိထားသည်။


ရိုက်ကူးရေးကိုတော့ တခြားနေ့မှ လုပ်လို့ရတယ်.... အဆိုးဆုံးဖြစ်လာရင်လည်း အဖွဲ့သားတွေ နစ်နာမှုကို ကျုံးမိသားစုဆီ ပို့လိုက်ရုံပါပဲ... ကျုံးချန်က ငြင်းမှာမဟုတ်ပါဘူး...


“ရိုက်ကူးရေးကို ရွှေ့ဆိုင်းလို့ရတာပဲ…. ဆုံးရှုံးမှုရှိရင်လည်း ကျုံးမိသားစုက တာဝန်ယူလိမ့်မယ်…. ကျုံးချန် ဒါကိုငြင်းမှာမဟုတ်ဘူး….”


သူ လက်ခုပ်တီးပြီး အော်ပြောလိုက်သည်။

"အားလုံး ကိုယ့်နေရာကိုယ်ယူကြ…. ကောင်းလန်ရှီးရဲ့ ပန်းချီဆွဲတဲ့ အခန်း စရိုက်မယ်…."


ဝန်ထမ်းများ အလုပ်ရှုပ်ကုန်သည်။


ချီလဲ့လဲ့ သတိပြန်ဝင်လာပြီး မိတ်ကပ်အခန်းထဲကိုပြေးဝင်သွားသည်။

"အစ်မ...." 


သူက မိတ်ကပ်ဆရာမကို ချိုသာစွာ ပြုံးပြလိုက်သည်။

"ဒီနေ့ ကျွန်တော့်ကို အရင်ကထက် ပိုကြည့်

ကောင်းအောင် ပြင်ပေးလို့ ရမလား..…."


×××××


ချီလင်ချင်း လမ်းလျှောက်လာစဉ် ရိုက်ကူးရေးအဖွဲ့သားများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ အချို့က သူ့ရုပ်ရည်ကို ချီးကျူးနေပြီး အချို့ကမူ လှောင်ပြောင်နေကြသည်။


"လူကသာ ချောတာ…. စိတ်ဓာတ်က အောက်တန်းစားဆိုတော့ ဘာထူးမှာလဲ…."


ထိုအခါ ရိုက်ကွင်းမန်နေဂျာက ပြန်လည်ချေပလိုက်သည်။ 

"မင်းမှာ ဘာသက်သေရှိလို့ သူ့ကိုစိတ်ဓာတ်မကောင်းဘူးပြောနေတာလဲ…. "


ထိုသူက တုံ့ဆိုင်းသွားပြီး ပြန်ပြောလိုက်သည်။ 

"ဟို အစီအစဉ်ထဲမှာလေ…. သူ ချီလဲ့လဲ့ ဆီက အိပ်ခန်းကို လုယူခဲ့တာ.... ပြီးတော့ ချီလဲ့လဲ့ကိုလည်း အေးတိအေးစက် ဆက်ဆံတယ်လေ…."


ရိုက်ကွင်းမန်နေဂျာ၏ မျက်နှာတွင် မကျေနပ်

သည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။

"မင်းသာ ချမ်းသာတဲ့ မိသားစုမှာ မွေးခဲ့ပြီးမှ မှားယွင်းပြီး တောရွာမှာ ဆင်းရဲဒုက္ခခံခဲ့ရတယ်ဆိုပါစို့…. အသက် ၁၈ နှစ်မှ မိဘအရင်းတွေဆီ ပြန်ရောက်လာတဲ့အခါ မင်း ရသင့်တဲ့ ဘဝမျိုးမှာ ဇိမ်နဲ့နေနေတဲ့ 'ကျီးကန်းအသိုက်ထဲက ဥက္ကလာငှက်' လို လူမျိုးကို မင်း ပြုံးပြုံးရွှင်ရွှင် ကြိုဆိုနိုင်လား…. အဲ့လိုညီမျိုးကို မင်းက မျက်နှာသာ ပေးနိုင်မလား…."


ထိုသူ ဆွံ့အသွားသည်။ သေချာစဉ်းစားလျှင် မန်နေဂျာပြောသည်မှာ မှန်ပေသည်။ ချီလင်ချင်း၏ အပြုအမူက သဘာဝကျသည်။ အကယ်၍ ချီလင်ချင်းက ဘာအငြှိုးမှမရှိဘဲ ချီလဲ့လဲ့ကို ညီအရင်းကဲ့သို့ အလိုလိုက်နေပါက သူက 'နုံအသော သူတော်စင်' ဖြစ်နေပေလိမ့်မည်။ 


လူများက အင်တာနက်ပေါ်မှ ဝေဖန်မှုများကိုသာမြင်ပြီး အမှန်တရားကို သတိမထားမိကြပေ။


ရိုက်ကွင်းတွင်….


တုယွမ်ပိုင်က ခုံတန်းလေးတစ်ခုကို ဆွဲယူကာ ဘေးတွင်ထိုင်၍ ကွာစေ့စားရင်း ရိုက်ကွင်းကို အကဲခတ်နေသည်။ တစ်ဖက်တွင်လည်း သူ့သူငယ်ချင်းနှင့် WeChat မှ စကားပြောနေသည်။


[ဟင်…. ငါက ချီလင်ချင်း ပန်းချီဆွဲတာကို စောင့်ကြည့်နေတာ…. ဟားဟားဟား.. မရယ်ရဘူးလား…. သူ ဘာတွေများ လျှောက်ဆွဲမလဲ သိချင်လှပြီ….]


[ခဏနေရင် ဗီဒီယိုရိုက်ပြီး ပို့ပေးမယ်…. တော်တော် ရယ်ရမှာပဲ….]


သူငယ်ချင်း - [အေးအေး…. စောင့်နေမယ်]

[ရယ်လျက်]


ယခုတစ်ခေါက် ရှုခင်းပန်းချီအတွက် စက္ကူနှင့် မင်များအပြင် ဆေးရောင်စုံနှင့် ပန်းကန်အချို့ကိုပါ စားပွဲပေါ်တွင် တင်ထားသည်။ ချီလင်ချင်းက ဆေးများကို ကြည့်ရုံ၊ အနံ့ခံရုံဖြင့် ၎င်းတို့မှာ အသုံးပြုရခက်သည့် 'Mali' အမှတ်တံဆိပ်မှ ဆေးဘူးများဖြစ်ကြောင်း သိလိုက်သည်။


"ကူးရေးဖို့ ပုံစံကားချပ်တစ်ခုခု လိုလား…." 

လိုင်ဇယ်က ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။


ချီလင်ချင်းက ခေါင်းခါပြကာ ပြန်ပြောသည်။

 "မလိုပါဘူး...."


သူ့ အတိတ်ဘဝတွင် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ဘာသာရေးဆိုင်ရာ နံရံဆေးရေးပန်းချီများသာမက ပန်းများ၊ ငှက်များ၊ တံတားများ၊ အိမ်များနှင့် လူပုံများအထိ အကုန်လုံးကို ကျွမ်းကျင်စွာ ဆွဲနိုင်ခဲ့သူဖြစ်သည်။ 


ထိုထဲတွင် ရှုခင်းပန်းချီမှာ သူအကျွမ်းကျင်ဆုံး ဖြစ်သည်။ ရိုးရှင်းသော တောတောင်ရေမြေ အခင်းအကျင်းတစ်ခုကို  မျက်စိမှိတ်လျက်ပင် အလွယ်တကူ ဆွဲနိုင်သည်။


တစ်ဖက်တွင် ချီလဲ့လဲ့က ရှေးဟောင်းဝတ်စုံကို  ပြင်ဆင်ပြီးနောက် ချီလင်ချင်းအနားသို့ လျှောက်သွားကာ ဝိုင်ခွက်ကို ကိုင်လိုက်သည်။


ဤအခန်းတွင် ကောင်းလန်ရှီးက စကားတစ်လုံးမှ မပြောဘဲ ပန်းချီဆွဲခြင်းကိုသာ အာရုံစိုက်နေရမည်ဖြစ်ပြီး၊ သူ့ဘေးတွင် 'လီထျန်းယွီ' အဖြစ် သရုပ်ဆောင်သော ချီလဲ့လဲ့က မကြာခဏ ချီးကျူးစကားများ ပြောရမည် ဖြစ်သည်။


"အက်ရှင်…."


ဝန်ထမ်းများအားလုံး လှည့်ကြည့်လိုက်ကြသည်။


ချီလင်ချင်းက ယခုတစ်ကြိမ်တွင် တုံ့ဆိုင်းမနေဘဲ စုတ်တံကို မြှောက်ကာ စတင်ဆွဲတော့သည်။ သူ အလုပ်တစ်ခုကို အာရုံစိုက်လုပ်ဆောင်သည့်အခါ ဆန်းကြယ်သော နယ်ပယ်တစ်ခုထဲသို့ ရောက်ရှိသွားလေ့ရှိသည်။ သူ၏ ဖြောင့်မတ်သော ကျောပြင်နှင့် တည်ကြည်သော မျက်နှာထား၊ အထူးသဖြင့် သူ၏ နက်မှောင်နေသော မျက်ဝန်းများမှာ လှုပ်ခတ်နေသော ကြယ်စင်ပင်လယ်ပြင်ကဲ့သို့ပင်။


သူ့ အတိတ်ဘဝတွင် ချီလင်ချင်းက  လှပသော တောင်တန်း ရေမြေများကြား မိုင်ပေါင်းထောင်ချီ တစ်ကိုယ်တည်း လှည့်လည်ခဲ့ဖူးသဖြင့် မြင်တွေ့ခဲ့သမျှ တောင်ကုန်း တောင်တန်းများကို စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေသည်။ 


မြောက်ပိုင်းက မြင်ခဲ့ရသည့် တောင်တန်းများနှင့် ကျောက်ဆောင်များကို သူ မှတ်မိနေသည်။ ဝါးတောင်းကို ကျောပိုးကာ ကျောက်ဆောင်များနှင့် မြက်ခင်းများကြား လျှောက်သွားရင်း ထူးဆန်းသော တောအုပ်ထဲမှ မြင့်မားသော သစ်ပင်ကြီးများကို ကြည့်ခဲ့ရသည့် မြင်ကွင်းများကိုလည်း သူ မြင်ယောင်နေသည်။ 


တောင်ခြေက တဲအိမ်လေးများမှ ထွက်လာသော မီးခိုးငွေ့များ၊ တောင်ပေါ်တွင် နွားကျောင်းနေသော နွားကျောင်းသူလေးများ.…


တောင်တန်းနှင့် တောအုပ်အလှတရားများ အားလုံးက စက္ကူပေါ်တွင် အသက်ဝင်လာတော့သည်။ ဇာတ်ညွှန်းအရ ချီလဲ့လဲ့က ဤသို့ ချီးကျူးစကားပြောရမည် ဖြစ်သည်။


"ကောင်းသာ့ကောရဲ့ ပန်းချီလက်ရာက တကယ့်ကို အားပါပြီး သက်ဝင်လှတာပဲ…. အရောင်အသွေးတွေကလည်း ရိုးရှင်းပြီး ကြည့်လို့ကောင်းလိုက်တာ…. ဒီလိုလက်ရာကို ယှဉ်နိုင်သူ ရှိမှာမဟုတ်ဘူး...."


သို့သော် ယခုအခါတွင် ချီလဲ့လဲ့မှာ ချီလင်ချင်း၏ ပန်းချီဆွဲနေသော ဟန်ပန်ကြောင့် ထိတ်လန့်သွားကာ စကားလုံးများကိုပင် မေ့သွားတော့သည်။ မျက်နှာအမူအရာကိုလည်းမထိန်းနိုင်တော့ဘဲ လက်ထဲက ဝိုင်ခွက်မှာ လွတ်ကျသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ပန်းချီက…. ပန်းချီက တကယ်လှတာပဲ…."


ဝန်ထမ်းများ၊ ထုတ်လုပ်သူနှင့် ဒါရိုက်တာရှန်းတို့အားလုံး ဆွံ့အသွားကြပြီး "Cut" ဟု အော်ရန်ပင် မေ့သွားကြသည်။ 


တုယွမ်ပိုင်မှာလည်း ဘာတွေးရမှန်း မသိတော့ပေ။ ယနေ့ ကျုံးချန် မြင်းစီးသည့် အခန်းတွင် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြီးဖြစ်သည်။ ယခုတစ်ခေါက် ချီလင်ချင်းက တရုတ်ရိုးရာပန်းချီကိုပါ တကယ်ဆွဲနိုင်နေပြန်သည်။


ဘာတွေဖြစ်ကုန်တာလဲ…. ငါက လှောင်ပြောင်ဖို့လာခဲ့တာလေ…. အခု ငါကိုယ်တိုင်က လှောင်စရာ ဖြစ်နေတာလား….


WeChat ပေါ်တွင် သူငယ်ချင်းဖြစ်သူက လာမေးနေသည်။ 


[ဗီဒီယို ဘယ်မှာလဲ….? ရိုက်လို့ မပြီးသေးဘူးလား….?] 


တုယွမ်ပိုင် - [မရိုက်တော့ဘူး…. ငါ့အမေ ထမင်းစားဖို့ ခေါ်နေလို့ အိမ်ပြန်နေပြီ….]


[နှုတ်ဆက်ပါတယ်] 


သူငယ်ချင်း - [???]


တစ်ခန်းတည်းနှင့် ရိုက်ကူးရေးပြီးသွားသဖြင့် အားလုံး အလွန်ကျေနပ်သွားကြသည်။ ချီလင်

ချင်းလည်း ကျေနပ်နေမိသည်။ နောက်ဆုံးတွင် သူ ဆေးဝယ်ရန် ငွေလုံလောက်သွားသောကြောင့်ပင်။ တစ်ဦးတည်းသော မကျေနပ်သူက ချီလဲ့လဲ့ဖြစ်သည်။ သူက ဒါရိုက်တာရှန်းထံ သွားပြီး ထိုအခန်းကို ပြန်ရိုက်ရန် အကြိမ်ကြိမ် တောင်းဆိုနေသည်။ 


"ဒါရိုက်တာရှန်း.. ကျွန်တော် အဲဒီတုန်းက သရုပ်ဆောင်တာကို မကျေနပ်လို့ပါ...."


ယခင်ကဆိုလျှင် ဒါရိုက်တာရှန်းက လိုက်လျောပေလိမ့်မည်။ သို့သော် ယခုမူ အခြေအနေက မတူတော့ပေ။


ဒါရိုက်တာရှန်းက နှစ်သိမ့်လိုက်သည်။

"သည်းခံလိုက်ပါ…. နောက်မှ တည်းဖြတ်လိုက်လို့ ရတာပဲ…. မင်းရဲ့ သရုပ်ဆောင်ချက်ကလည်း မဆိုးဘူး…." 


ချီလဲ့လဲ့က မနာလိုမှုများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်ပြီး လက်သည်းများဖြင့် လက်ဖဝါးကို နာကျင်အောင် ဆုပ်ကိုင်ထားလေသည်။

"ဟုတ်ကဲ့ပါ ဒါရိုက်တာရှန်း…."


နောက်ပိုင်းတွင် ဒါရိုက်တာရှန်းက လိုင်ဇယ်ကို မေးလိုက်သည်။ 

"ချီလင်ချင်းရဲ့ ပန်းချီလက်ရာကို မင်း ဘယ်လိုထင်သလဲ…."


သူကိုယ်တိုင် တရုတ်ပန်းချီအကြောင်း ဘာမှမသိသောကြောင့် ကျွမ်းကျင်သူကို မေးခြင်းဖြစ်သည်။ သို့သော် ရှေ့တွင်ရှိနေသော တောတောင်ရေမြေပန်းချီကား၏ ထူးခြားမှုနှင့် အသက်ဝင်မှုကို ခံစားနေရသည်။


လိုင်ဇယ် : "ခဏလေးစောင့်ပါ…. ကျွန်တော် တခြားတစ်ယောက်ကို မေးကြည့်လိုက်ဦးမယ်…."


အနောက်တိုင်းပန်းချီနှင့် တရုတ်ပန်းချီက သဘာဝချင်း ကွဲပြားသည်။ လိုင်ဇယ်အနေဖြင့် အတည်မပြုရဲပေ။ သူ ပန်းချီကားကို ဓာတ်ပုံရိုက်ကာ တရုတ်ရိုးရာပန်းချီမေဂျာအဓိကယူထားသည့် သူ့စီနီယာထံ ပို့လိုက်သည်။ 


[စီနီယာလီ…. ဒါက ဒီနေ့ ကျွန်တော်တို့သရုပ်‌ဆောင်တစ်ယောက် ဆွဲထားတာပါ…. ဘယ်လိုမြင်လဲ….?]


လီပင်းဟုန် အလုပ်ရှုပ်နေချိန် သူ့ဂျူနီယာညီလေးဆီမှ မက်ဆေ့ခ်ျတက်လာသည်ကို မြင်လိုက်ရသည်။ သူ ဓာတ်ပုံကို ချဲ့ကြည့်လိုက်ပြီးနောက် အလွန် အံ့ဩသွားသည်။ 


ဒီကလေးက ငါ့ကို နောက်နေတာလား….


လီပင်းဟုန် : [ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ…. ဒါ ဘယ်ပန်းချီဆရာကြီးရဲ့ လက်ရာလဲ….?]


🎨🎨🎨