Ch 7
Viewers 27

🎨 Chapter 7



လိုင်ဇယ်က ထိုစာကို မြင်ပြီး ဆွံ့အသွားသည်။ 

[စီနီယာ…. ကျွန်တော်ကို မနောက်ပါနဲ့….]


လီပင်းဟုန် : [မင်းက ငါ့ကို ပြန်နောက်နေတာလေ….?]


လိုင်ဇယ် : [….]


လီပင်းဟုန် : [ဒီရှေးဟောင်းပန်းချီကို မင်း ဘယ်ကရတာလဲ….? ကြည့်ရတာ သစ်လွင်နေတုန်းပဲ….]


လိုင်ဇယ်: [??? ဒါ ရှေးဟောင်းပန်းချီ မဟုတ်ပါဘူးဆို….!!!]


လီပင်းဟုန် : [ငါ့ကို မျက်စိကန်းနေတယ် ထင်နေလား…..?] [နှာခေါင်းရှုံ့သည့်ပုံ]


[မင်းကို ရှင်းပြရဦးမလား…. ဒါက ထန်မင်းဆက်ကတည်းက ပျောက်သွားတဲ့ 'မှန်ပြောင်းနည်းစနစ်' ကို သုံးထားမှန်း သိသာတယ်…. ဒီခေတ်မှာ အဲ့ဒီပညာကို တတ်တဲ့ ပန်းချီဆရာက ခပ်ရှားရှားပဲ…. ပန်းချီလောကရဲ့နာမည်ကြီး ဖုယီ လက်ရာလား…. လက်ရာပြောင်မြောက်တဲ့ ရှန်အန်းကျစ်လား…. ဒါမှမဟုတ် နိုင်ငံကျော် လျန်လျို့သွမ်လား…. သူက ဖုယီဆီမှာပညာသင်ဖူးတော့ မူလပညာရပ်တွေကိုလည်း တတ်လောက်တယ်….]


လိုင်ဇယ် : [......]


လီပင်းဟုန် : [မင်းတို့ ရိုက်ကူးရေးအဖွဲ့က ဒီလောက် ချမ်းသာမယ် မထင်ထားဘူး…. ငါ့ကို ဖိတ်တုန်းကကျ ယွမ် ၁၅၀၀ ပဲ ပေးတယ်….  ဒီပန်းချီကားက အနည်းဆုံး သန်းနဲ့ချီ တန်တယ်…. မြန်မြန်ပြော…. တကယ်လို့ ဒါက ဖုယီ လက်ရာဆိုရင် မူရင်း ငါ့ကိုပေး…. ငါ့ဆရာက အခုတလော ဖုယီအကြောင်း စာတမ်းပြုစုဖို့ လေ့လာနေတာ…. ဖုယီက အရမ်းနာမည်ကျော်ပေမဲ့ သူထားခဲ့တဲ့ လက်ရာဆိုတာ မရှိသလောက်ပဲ.....]


လိုင်ဇယ် မျက်နှာ ပျက်သွားသည်။ 

[စီနီယာ…. ကျွန်တော် ကိုဘာလို့ နောက်နေတာလဲ…. စနောက်တာကလည်း အတိုင်းအတာတော့ ရှိသင့်တယ် မလား….? ကျွန်တော် အလုပ်လုပ်နေတာပါ…. ကျွန်တော့်မေးခွန်းကို သေချာ ဖြေပေးလို့ မရဘူးလား….?]


လီပင်ဟုန်: [ငါ အတည်ပြောနေတာ….]


လိုင်ဇယ် "........"


သူ မှားသွားလေပြိီ။ ထိုစီနီယာက ဘာမှ အားမကိုးရပေ။


"ဟို.…" 

ဒါရိုက်တာရှန်းက လိုင်ဇယ်မျက်နှာပျက်နေသည်ကိုကြည့်ပြီး မေးလိုက်သည်။

"မင်း စီနီယာ ဘာပြောလဲ…."


လိုင်ဇယ်က လက်ခါပြပြီး ပြောလိုက်သည်။  

"သူ့ကို ဂရုမစိုက်နဲ့…. သူ နေ့တိုင်းကို April Fool's Day လို့ ထင်နေတာ…. ရူးနေပြီ…."


ဒါရိုက်တာရှန်းတွင် မေးခွန်းများစွာဖြင့် ပြည့်နှက်သွားသည်။


ချီလင်ချင်း၏ ပန်းချီတန်ဖိုးကို နားမလည်သော်လည်း ဒါရိုက်တာလိုင်ဇယ်ကိုယ်တိုင်ပင် အပြစ်ရှာမရသဖြင့် အင်တာနက်အသုံးပြုသူများကို လှည့်စားရန် လုံလောက်ပေသည်။


^^^^^^^


နောက်တစ်နေ့ တနင်္လာနေ့တွင်….


နွေးထွေးသော နေရောင်ခြည်က ချီမိသားစု ဗီလာအတွင်းသို့ ဖြာကျနေသည်။


"ဒုတိယသခင်လေး…. ဂေါ့ဂျီသီးနဲ့ ဂန္ဓမာပန်းလက်ဖက်ရည် ရပါပြီ…." 


အိမ်တော်ထိန်းက ရေနွေးထည့်ထားသော ဘူးကို ကမ်းပေးသည်။


ချီလင်ချင်းက ယူပြီး လွယ်အိတ်ထဲ ထည့်လိုက်ကာ ကျေးဇူးတင်စကားပြောပြီး ကျောင်းသွားရန် ကားပေါ်သို့ တက်လိုက်သည်။


သူက ယခုခေတ်၏ နို့လက်ဖက်ရည်ကို စိတ်မဝင်စားပေ။ ဂေါ့ဂျီသီး လက်ဖက်ရည်ကိုသာ သူ နှစ်သက်သည်။


ပြန်မွေးဖွားလာပြီးနောက် ဤခန္ဓာကိုယ်၏ ကျန်းမာရေးမှာ ဆ်ိုးရွားနေသေးသော်လည်း စားဝတ်နေရေးအတွက် ပူစရာမလိုတော့ပေ။ ချီမိဘများက မူလပိုင်ရှင်၏ ကတ်ကို ပိတ်ထားသဖြင့် ငွေကို ဖြစ်သလို သုံးစွဲခွင့် မရှိသော်လည်း အစားအသောက်၊ အဝတ်အစားနှင့် နေထိုင် သွားလာရေးတို့တွင်မူ ပိတ်ပင်ထားခြင်း မရှိပေ။ မူလပိုင်ရှင် ရရှိသော အခွင့်အရေးက ချီလဲ့လဲ့နှင့် အတူတူပင် ဖြစ်သည်။


သူတို့တွင် ကိုယ်ပိုင်ယာဉ်မောင်းနှင့် ဈေးကြီးသော ဇိမ်ခံကားကိုယ်စီ ရှိကြသည်။ အရာရာ အဆင်သင့်ရသော ဇိမ်ခံဗီလာတွင် နေထိုင်နေသည်။


ချီလင်ချင်း ထွက်သွားပြီးနောက် အိမ်တော်ထိန်းက အိမ်ထဲသို့ ပြန်ဝင်ရင်း ခေါင်းခါကာ ရေရွတ်နေသည်။

"ဒီကလေး ဘာဖြစ်နေလဲမသိဘူး…. သူ့ကိုကြည့်ရတာ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ....."


နေ့တိုင်း စောစောထပြီး ပြေးသည်။ နောက်ဖေးဥယျာဉ်ထဲတွင် ပန်းစိုက်၊ ပေါင်းသင်သည်။ ကျန်းမာရေး လက်ဖက်ရည်ကိုလည်း သောက်နေပြီဖြစ်သည်။


ယနေ့က ဒုတိယနှစ်အတွက် စာမေးပွဲရလဒ်များ ထွက်မည့်နေ့ ဖြစ်သည်။


မူလက ချီလင်ချင်းက ချီလဲ့လဲ့နှင့်အတူ အထက်တန်းဒုတိယနှစ် အတော်ဆုံးအတန်းဖြစ်သော အတန်း(၁) တွင် တက်ရန် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။


ကျောင်းသားများက အလွန်မကျေမနပ် ဖြစ်နေကြသည်။ သူတို့အမြင်တွင် တောသားတစ်

ယောက်က အတန်း(၁)တွင် တက်ရန် မဖြစ်နိုင်ပေ။ ၎င်းက နံပါတ် "၁" ဂုဏ်ကို စော်ကားခြင်းပင်။


ထို့ကြောင့် လူတိုင်းက သူကိုဝိုင်း၍ လှောင်ပြောင်ရန် ရမှတ်များ ထွက်လာမည့်အချိန်ကို စောင့်နေကြသည်။

ရမှတ်များ တရားဝင် ကြေညာသောအခါ ကျရုံသာမကဘဲ အစပါပျောက်သွားသည်။


ချီလင်ချင်း၏ ဘာသာရပ်အားလုံး စုစုပေါင်းရမှတ် : သုည။

 

လူတိုင်း : "...."


နံနက်ခင်း  ရုံးခန်းထဲတွင်….


အတန်းပိုင်ဆရာမက ရှေ့တွင် ရပ်နေသော ရွှေရောင်

ဆံပင်နှင့် လူငယ်လေးကို ကြည့်ကာ တည်တည်တံ့တံ့ ပြောလိုက်သည်။

"လင်ချင်း…. မင်း အခုတလော အခက်အခဲတွေ ကြုံနေရတာ ဆရာမ သိပါတယ်…. ဆိုးမိုက်တဲ့ အရွယ် ရောက်နေတာကိုလည်း နားလည်ပေးလို့ ရတယ်…. ဒါပေမဲ့ စာမေးပွဲမှာ စာတစ်လုံးမှ မရေးခဲ့တာကတော့...."


ချီလင်ချင်း: "ကျွန်တော် မရေးတတ်လို့ပါ….."


ချီလင်ချင်း စရောက်စဥ်က သိပ္ပံဘာသာရပ် မေးခွန်းများကို ကြည့်လိုက်သောအခါ ဖတ်မရသည့် စာအုပ်ကို ဖတ်နေရသကဲ့သို့ ခံစားရသည်။  တရုတ်စာ၊ သမိုင်းနှင့် ပထဝီတို့ကို အနည်းငယ်သာ နားလည်ပေသည်။ ယခုခေတ် ဘောပင်များကို သူ မသုံးတတ်ပေ။ စာလုံးပုံစံသစ်များကိုလည်း မရေးတတ်သဖြင့် စာရွက်အလွတ်သာ အပ်ခဲ့ရခြင်း ဖြစ်သည်။ 


ထိုလူငယ်လေး၏အဖြေက အတန်းပိုင်ဆရာမအတွက် ရိုက်ခတ်မှုတစ်ခု ဖြစ်သွားသည်။


ဆရာမ၏ မျက်နှာမှာ လည်ပင်းတွင် ပေါင်မုန့်တစ်နေသကဲ့သို့ ဖြစ်သွားပြီး အံဆွဲကို ဖွင့်ကာ နှလုံးဆေးကို အမြန် သောက်လိုက်ရသည်။ ရင်ဘတ်ကို ခပ်ဖွဖွပုတ်ပြီးမှ အနည်းငယ် သက်သာသွားတော့သည်။


"ဆိုးမိုက်နေလို့ မင်းအတွက် ဘာကောင်းလဲ လင်ချင်း…. မင်းဘဝက မင်းဘဝပဲ…. ဘယ်သူမှ မင်းအတွက် ရွေးချယ်ပေးလို့ မရဘူး…. မင်း စာမေးပွဲမှာ သုညရခဲ့တယ်…. စည်းကမ်းအရဆိုရင် အတန်း(၁) ကနေ အတန်း(၁၈) ကို ပြောင်းရတော့မယ်…. နတ်ပြည်ကနေ ငရဲပြည်ကို ကျသွားသလိုပဲ…. မင်းမိဘတွေ စိတ်ဆိုးအောင် လုပ်ရတာ ပျော်ဖို့ကောင်းလား…."


ဆရာမက ထိုလူငယ်လေးအား လမ်းမှန်ပေါ်သို့ပြန်

ရောက်ရန် ထပ်မံဖျောင်းဖျကြည့်သည်။


ချီလင်ချင်း : "ကျွန်တော်လည်း အဲ့လိုမဖြစ်ချင်ပါဘူး…. ဒါပေမဲ့ ကျွန်တော် တကယ် မရေးတတ်လို့ပါ…."


အတန်းပိုင်ဆရာမမှာ ဒေါသထွက်သွားပြီး မေးလိုက်သည်။ 

"စာတစ်လုံးတောင် မရေးတတ်ဘူး ဟုတ်လား…."


ချီလင်ချင်းက ခေါင်းညိတ်ပြကာ ပြန်ဖြေသည်။

"ဟုတ်ကဲ့…."


ဆရာမ: "...."


ဆရာမအလုပ်က အသက်အန္တရာယ်ရှိသည့် အလုပ်ဟု ဆိုလျှင် မမှားနိုင်ပေ။ ချီလင်ချင်းကဲ့သ်ို့ ကျောင်းသားမျိုး အနည်းငယ်သာ ထပ်ရှိပါက သူမ စောစောစီးစီး ဒေါသထွက်ပြီး သေသွားနိုင်သည်။


သူမက တုန်ယင်နေသော အသံဖြင့် ဇန့်ဖုန်ဟိုင်ကို ဖုန်းဆက်လိုက်သည်။ 

"ကျွန်မတော့ မတတ်နိုင်တော့ဘူး…. သူ့ကို လာခေါ်သွားတော့....."


ဇန့်ဖုန်ဟိုင်က အတန်း(၁၈) ၏ အတန်းပိုင်ဖြစ်ကာ အရပ်ပုပြီး စကားနည်းသူဖြစ်သည်။ ဦးခေါင်းကို မလုံတလုံ ဖုံးထားသောဆံပင်များ ရှိပြီး သူ၏ မျက်လုံးများက အမြဲတစေ နိုးကြားနေတတ်သည်။


ဤအပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်းတွင် ပညာမတတ်၊ အရည်အချင်းမရှိသော ချမ်းသာသည့် ဒုတိယမျိုးဆက် သားသမီးများစွာ ရှိကြပြီး၊ သူတို့ကို အမှိုက်ပုံကဲ့သို့ အတန်း(၁၈) တွင် စုထည့်ထားခြင်း ဖြစ်သည်။


ယခုကဲ့သို့ တင်းကျပ်ပြီး ပြတ်သားသော ခေါင်းဆောင်တစ်ယောက်သာ မရှိလျှင် အတန်း(၁၈) က ကျောင်းကို မဖျက်ဆီးရုံတမယ် ဆိုးကြလိမ့်မည်။


ချီလင်ချင်းက ချီမိသားစုဝင်တစ်ဦး ဖြစ်သောကြောင့် ဇန့်ဖုန်ဟိုင်က အတန်း(၁)တွင် ဆက်ထားချင်သော်လည်း တစ်ဖက်လူက အရေးမပါသည်များကိုသာ လုပ်နေသဖြင့် သူလည်း အားမနာတော့ပေ။


"ကောင်းပြီ…. ကျွန်တော် ခုချက်ချင်း လာခဲ့မယ်…." 

ဇန့်ဖုန်ဟိုင်က ဖုန်းချလိုက်ပြီး ဒေါသတကြီးဖြင့် ရုံးခန်းဆီလျှောက်လာသည်။


ချီလင်ချင်းကို မြင်မြင်ချင်း ဇန့်ဖုန်ဟိုင်၏ မျက်ခုံးများမှာ ပေါက်ဖတ်တစ်ကောင်ကဲ့သို့ တွန့်ချိုးသွားသည်။ 

"ကျောင်းစည်းကမ်းကို ချိုးဖောက်ပြီး ဆံပင်ဆိုးရဲတယ်ပေါ့…. အဲဒီလောက် အရောင်တောက်နေတဲ့ ရွှေရောင်ကြီး ဆိုးထားတာ မရှက်ဘူးလား…. အရှက်မရှိလိုက်တာ…."


"မင်းကို အခု ၂ နာရီ အချိန်ပေးမယ်…." 

ဇန့်ဖုန်ဟိုင်က မညှာမတာ ပြောလိုက်သည်။ 

"အခုချက်ချင်း အပြင်ထွက်ပြီး ဆံပင်ကို အနက်ရောင် ပြန်ဆိုးပြီး ပြန်လာခဲ့…."


ချီလင်ချင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်။ "ကျွန်တော်လည်း အနက်ပြန်ဆိုးချင်ပါတယ်…. ဒါပေမဲ့ ဆံပင်ညှပ်ဆိုင်က ပြောတယ်…. ဆံပင်က အရောင်ချွတ်တာ အရမ်းများသွားလို့တဲ့…. ဆံပင်ကလည်း ကြမ်းနေတော့ အရောင်ပြန်တင်လို့ မရသေးဘူးတဲ့…."


အမှန်တွင် ချီလင်ချင်းမှာ ၎င်းက ဘာကိုဆိုလိုမှန်း သေချာနားမလည်ပေ။ ထိုနေ့က ဆံပင်ညှပ်ဆရာ ပြောခဲ့သည်ကိုသာ သူ ပြန်ပြောပြနေခြင်း ဖြစ်သည်။


ဇန့်ဖုန်ဟိုင်က ဆင်ခြေပေးနေသည်ဟု ထင်

သည်။ သူက အေးစက်သော အသံဖြင့် ဆက်ပြောသည်။ 

"အဲ့ဒါဆို မင်းပစ္စည်းတွေကို အခုသိမ်းပြီး ငါနဲ့ အတန်း(၁၈)ကို ပြောင်းတော့…."


"ဟုတ်ကဲ့…."


ထို့နောက် ချီလင်ချင်းက လှည့်ထွက်သွားကာ သူ့ပစ္စည်းများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်သည်။ သူက အလွန်မြန်ဆန်ပြီး စာအုပ်များကိုလည်း စနစ်တကျ စီထားလိုက်သည်။


ဇန့်ဖုန်ဟိုင် : "....."


သူ့စိတ်ထဲ ဂွမ်းကို ထိုးလိုက်ရသကဲ့သို့ ခံစားချက်မျိုး ဖြစ်သွားသည်။ 


အင်း.… စိတ်ထင်တာပဲ နေမှာပါ….


🎨🎨🎨