Ch 8
Viewers 33

🎨 Chapter 8



ချီလင်ချင်းက သူ၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် မူလအခန်းအတွင်းသို့ ပြန်လာခဲ့သည်။ သူအခန်းထဲသို့ ဝင်ဝင်ချင်းတွင် အတန်း(၁)မှ ကျောင်းသားများက သူ့ကို တိရစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြသည်။


သူတို့၏စိတ်ထဲတွင် လှောင်ပြောင်နေကြသော်လည်း ထုတ်မပြောကြချေ။ 


ချီလင်ချင်း အခန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အတန်းထဲတွင် ဆူညံပွက်လောရိုက်သွားတော့သည်။


"သူ ထွက်သွားတာကောင်းတာပဲ.... သူအတန်းထဲမှာရှိနေတာက ချီလဲ့လဲ့အတွက် ကံဆိုးစေတယ်လို့ ငါထင်တယ်...."

အတန်းဖော်တစ်ဦးက စာနာစိတ်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။


"ဟုတ်တယ်...နင်ပြောတာမှန်တယ်... အခုဆိုရင် ငါ့အမေလည်း အင်တာနက်တစ်ခုလုံးက ဝိုင်းပြောနေကြတဲ့ သူငယ်ချင်းနဲ့ ပေါင်းမှာကို စိုးရိမ်စရာမလိုတော့ဘူး...."


"......."


ချီလဲ့လဲ့က သူတို့နှင့်အတူ လိုက်ရယ်ချင်သော်လည်း အခြေအနေအရ စိတ်မကောင်းသော မျက်နှာပုံစံဖြင့် ပြောလိုက်သည်။

"ငါ့အစ်ကို အောက်ကိုရောက်သွားရင်တောင် ငါသူ့ကိုသတိရနေမှာပါ....."


[T/N : ချီလဲ့လဲ့က သူ့အစ်ကို သေသွားပြီလို့ပြောတဲ့ပုံစံမျိုး ဖြစ်နေတာပါ]


အတန်းဖော်များ : "?????"


တစ်ခုခုမှားနေသလိုပဲ......


ကျောင်းသားကော်မတီအဖွဲ့ဝင်တစ်ဦးက သူ၏မျက်မှန်ကိုပင့်တင်ကာ တီးတိုးပြောလိုက်သည်။

"လဲ့လဲ့.... အသက်ရှင်နေတဲ့လူတစ်ယောက်ကို မင်း ဒီလိုမျိုးမပြောသင့်ဘူး...."


ထိုအခါကျမှသာ ချီလဲ့လဲ့လည်း စကားမှားသွားမှန်းသတိပြုမိလိုက်ပြီး ပျာပျာသလဲဖြင့် ပြောလိုက်သည်။ 

"အောက်ကို မဟုတ်ဘူး.... အဟွတ်..အဟွတ်.... လျှာလိပ်သွားလို့ပါ.... ငါဆိုလိုတာက သူ အတန်း(၁၈)ကိုရောက်သွားရင်တောင် ငါ သူ့ကို သတိရနေမှာပါလို့ ပြောချင်တာပါ...."


ကျောင်းသားကော်မတီအဖွဲ့ဝင် : " အိုး... အိုး...."


အားလုံးကလည်း 'လူတိုင်း စကားမှားတတ်တာပဲ'ဟု နားလည်ပေးကာ ချီလဲ့လဲ့ကို ဝိုင်းဝန်းနှစ်သိမ့်ကြသည်။ 


ချီလဲ့လဲ့ : "အာ.. ငါ အဆင်ပြေပါတယ်..."


ချီလဲ့လဲ့က စိတ်ထဲတွင် အလွန်ပျော်နေသည်။ ရိုက်ကွင်းတွင် ချီလင်ချင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကျောင်းတွင်မူ သူ၏ ထူးချွန်သော စာမေးပွဲရလဒ်များဖြင့် အနိုင်ယူနိုင်သေးသည်ဟု သူယုံကြည်နေသည်။


၎င်းကို ထောင့်တစ်ထောင့်တွင် ကြည့်နေသော တုယွမ်ပိုင်က တွေးမိလိုက်သည်။ 


ချီလဲ့လဲ့ ဒီလောက်တောင် သရုပ်ဆောင်ကောင်းတာကို အရင်က ဘာလို့ သတိမထားမိတာပါလိမ့်....


သူ့ဘေးနားတွင်ထိုင်သော သူငယ်ချင်းက မေးလိုက်သည်။

"ပိတ်ရက်တုန်းက ချီလင်ချင်း ပန်းချီဆွဲတာကို မင်းသွားကြည့်တယ်မဟုတ်လား.... ဘယ်လိုနေလဲ..."


တုယွမ်ပိုင်၏ မျက်နှာမှာ တောင့်ခဲသွားတော့သည်။ ထိုနေ့က ချီလင်ချင်း၏ အတင်းများကို သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်မက သူပြောခဲ့သည်။


"ဟားဟား... ရုပ်ရှင်ထွက်လာရင် မင်းတို့သိရမှာပေါ့..."


တုယွမ်ပိုင်က ဇာတ်လမ်းကို လျှို့ဝှက်ထားကာ ပြောလိုက်သည်။ 


ငါတစ်ယောက်တည်းတော့ အရှက်ကွဲလို့မဖြစ်ဘူး... သူတို့ပါ အံ့ဩသွားအောင်စောင့်ရမယ်...


တုယွမ်ပိုင်က ယုတ်မာစွာဖြင့် တွေးလိုက်သည်။


"What the hell...."

သူ၏ ဘေးနားကသူငယ်ချင်းက ထအော်လေသည်။

"ငါတော့ မခန့်မှန်းနိုင်တော့ဘူး... ချီလင်ချင်းဆွဲရင် သရဲရုပ်ပဲထွက်လာမှာပါကွာ..."


တုယွမ်ပိုင် : "သူ ရုတ်တရက်တော်လာရင်ရော..."


သူ့သူငယ်ချင်းက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"အဲဒါဆိုရင် ငါ ဘာမှမဝတ်ဘဲ ကစားကွင်းကို ပတ်ပြေးပြမယ်...."


တူယွမ်ပိုင်က “မင်းရဲ့ ကတိကလည်း မကြာခင် ပျက်တော့မှာပဲ” ဟု သနားကရုဏာသက်စွာဖြင့် ခေါင်းခါလိုက်လေသည်။


သူက သူ့သူငယ်ချင်း၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

"မင်းစိုက်ထားတဲ့အလံတော့ လဲတော့မှာပဲ..."


သူငယ်ချင်း : "????"


^^^^^


တစ်ချိန်တည်းမှာပင် အတန်း(၁၈) ၌.....


ကျင်းပိုင်က ဖင်မီးလောင်နေသကဲ့သို့ အော်ကာ အခန်းထဲသို့ ပြေးလာသည်။

"သတင်းထူးဟေ့... သတင်းထူး... ချီလင်ချင်းက ငါတို့အတန်းကို ပြောင်းလာတော့မယ်တဲ့...."


အတန်းတစ်ခုလုံး ခဏမျှတိတ်ဆိတ်သွားပြီးနောက် အသံများ ဆူညံသွားတော့သည်။


"ဖာ့ခ် ဖာ့ခ်… ချီလင်ချင်းဆိုတာ 'Metamorphosis Meter'မှာပါတဲ့ တစ်ယောက်မဟုတ်လား... အင်တာနက်တစ်ခုလုံးက ဝိုင်းပြောနေကြတာလေ...."


"ဒီသတင်းက မှန်ရောမှန်ရဲ့လား..."


ကျင်းပိုင်က ပြောလိုက်သည်။ 

"အခုပဲ လောင်ဇန့်ကိုယ်တိုင် သူ့ကိုခေါ်လာတာကို မြင်ခဲ့တာ...."


လူအုပ်ကြီးက သက်ပြင်းချမိလိုက်သည်။


အတန်းခေါင်းဆောင် လျိုရှင်းက ဘုရင်တစ်ဦးကဲ့သို့ ခြေချိတ်ထိုင်နေပြီး ပြောလိုက်သည်။ 

"ဒါပေမဲ့ ငါတို့အတန်းမှာ ခုံအပိုမရှိဘူးလေ..."


အမှန်တွင် ပြတင်းပေါက်နားက နောက်ဆုံးတန်း၌ ထိုင်ခုံလွတ် တစ်လုံးရှိနေသည်။ ယင်းမှာ ကျောင်း၏ ‘လူမိုက်’ အဖြစ် နာမည်ကြီးသည့် ‘ကျုံးချန်’ ၏ ဘေးက ခုံဖြစ်သည်။ မည်သူမျှ ကျုံးချန်ဘေးတွင် မထိုင်ရဲကြပေ။


"ငါသိပြီ..."

ကျင်းပိုင်က ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။ 

"ချီလင်ချင်းက ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲဖြစ်ရမယ်.... သူက ကျုံးကောကို ကြိုက်နေတာမဟုတ်လား... ကျုံးကောရဲ့ ဘေးမှာထိုင်ချင်လို့ ဘာသာတိုင်းကို သုညပဲရအောင် ဖြေခဲ့တာဖြစ်မယ်..."


ချီလင်ချင်းက ကျေးလက်မှ လာသည်ဖြစ်သော်လည်း ၉ဘာသာလုံးကို သုညရအောင် ဖြေသည်မှာ မဖြစ်နိုင်ဟု လူတိုင်းကတွေးလိုက်ကြသည်။ 


ထို့ကြောင့် ၎င်းကို ယုတ္တိမရှိဟု လူတိုင်းက ထင်ကြသည်။


အခန်းအတွင်းရှိလူများ ကြောင်အသွားရတော့သည်။


"တော်သေးလို့ပေါ့... ကျုံးကော ဒီမှာမရှိတာ..."

လျိုရှင်းက ဟန်မဆောင်နိုင်တော့ဘဲ ဘုရင်တစ်ယောက်ကဲ့သို့ မတ်မတ်ထိုင်ကာ ပြောလိုက်သည်။ 

"ချီလင်ချင်းသာ သူ့ဘေးမှာထိုင်တာသိရင် စားပွဲတွေကို ရိုက်ခွဲပစ်တော့မှာပဲ..."


ကျုံးချန်က ချီလင်ချင်းနှင့် ထိုင်ချင်မည်

မဟုတ်ပေ။ 

တကယ်လို့ သူသာ အတန်းတစ်ခုလုံးကို နေရာပြောင်းဖို့ ပြောခိုင်းရင်....


အတန်းထဲရှိလူတိုင်းက ထိုအချိန်တွင် အန္တရာယ်တစ်ခု ကျရောက်လာတော့မည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။


"မြန်မြန်လုပ်.... ငါတို့ ချီလင်ချင်းကို ဒီမှာမနေရဲအောင်လုပ်ရမယ်..."


"ဟုတ်တယ်.. ဟုတ်တယ်... သူ ငါတို့အတန်းကို ရောက်လာတာက ကူးစက်ရောဂါကြီးလိုပဲ..."


'Metamorphosis Meter'ကို ကြည့်ဖူးသူတစ်ဦးက အင်တာဗျူးတွင် ချီလင်ချင်းက မြွေကြောက်သည်ဟု ပြောဖူးသည်ကို သတိရသွားသည်။ ထို့ကြောင့် အတန်းဖော်တစ်ဦးက သူတို့မိသားစု၏ လုံခြုံရေးကို မြွေအတုတစ်ကောင်ရှာ၍ အခုချက်ချင်းပို့ပေးရန် ဖုန်းဆက်လိုက်သည်။


သူတို့က ထိုမြွေအတုကို ကျုံးချန်ဘေးနားက ထိုင်ခုံ၏ အောက်ဘက်တွင် ထားထားလိုက်သည်။ ချီလင်ချင်း အလန့်တကြား ဖြစ်သွားမည့်မြင်ကွင်းကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြသည်။


ကလင်... ကလင်.....


အတန်းတက်ခေါင်းလောင်းသံ မြည်လာသည်။


ခေါင်းလောင်းထိုးသောအခါ ကျုံးချန်က တစ်လှမ်းချင်းစီ လျှောက်လာကာ သူ့ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ၏ခုံကို ဆွဲထုတ်လိုက်သောအခါ ခဏရပ်သွားပြီးနောက် အသံမထွက်အောင် မ,လိုက်သည်။


ထိုမြင်ကွင်းကို ဘေးမှမြင်လိုက်ရသူအချို့မှာ အံ့အားသင့်သွားကြသည်။ အကြောင်းမှာ သူတို့အားလုံးက ကျုံးချန် ထိုင်ခုံကို အကြမ်းပတမ်း ဆွဲထုတ်လိုက်တိုင်း ထွက်ပေါ်လာလေ့ရှိသည့် "ဂျိန်း... ဂျိန်း..." ဆိုသော အသံကို နားယဉ်နေကြပြီဖြစ်သောကြောင့်ပင်။


"ကျုံးကော ပြောင်းလဲသွားပြိီဟ..."


"ကျုံးကောက အခုတလော ပိုပြီး ယဥ်ကျေးလာသလိုပဲ..."


"ဖြစ်နိုင်တာကတော့ အခုတလော အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေး စီမံချက်တွေကြောင့်နေမှာ..."


လူအချို့က ခေါင်းချင်းဆိုင်ကာ တီးတိုးပြောနေကြသည်။


ထို့နောက် ဇန့်ဖုန်ဟိုင်က ချီလင်ချင်းကိုခေါ်၍ အတန်းထဲသို့ ဝင်လာခဲ့သည်။ 


အခန်းထဲတွင် pauseခလုတ်ကို နှိပ်လိုက်သကဲ့သို့ ရပ်တန့်သွားတော့သည်။ 


ဇန့်ဖုန်ဟိုင် : "ဒါက မင်းတို့ရဲ့အတန်းဖော်အသစ်ပဲ.... အားလုံး လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင်..."


"......."


ကျီးကန်းတစ်အုပ် ပျံသန်းသွားသကဲ့သို့ တိတ်ဆိတ်နေသည်။


ဇန့်ဖုန်ဟိုင်က ဤကျောင်းသားတစ်စုမှာ မည်သူ့ကိုမျှ မျက်နှာသာပေးလေ့မရှိသည်ကို ယဉ်ပါးနေပြီဖြစ်သဖြင့် စိတ်မဆိုးတော့ပေ။ သူက နောက်ဆုံးတန်း ပြတင်းပေါက်နားက ခုံလွတ်ကို ညွှန်ပြကာ ချီလင်ချင်းကို ပြောလိုက်သည်။ 

"အဲ့ဒီမှာ သွားထိုင်လိုက်...."


"ဟုတ်ကဲ့..... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ချီလင်ချင်းက သူ့အိတ်ကို သယ်သွားပြီး ထိုင်ခုံတွင် သွားထိုင်လိုက်သည်။ သူက ပုံနှိပ်စာအုပ်များကိုထုတ်ကာ သူ့၏ စားပွဲအောက်က အံဆွဲထဲသို့ ထည့်လိုက်သည်။


ကျင်းပိုင်နှင့် အခြားသူများက သူ၏ လှုပ်ရှားမှုများကို အသက်ရှုရပ်မတတ် စောင့်ကြည့်နေကြသည်။ သူတို့က ချီလင်ချင်း မြွေအတုကိုမြင်ကာ ကြောက်လန့်တကြား အော်ဟစ်မည်ဟု ထင်နေကြသည်။ 


ထိုမြင်ကွင်းကို ကြည့်ရှုရန် ကျောင်းသားများမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ မကြာခင်မှာပင် ချီလင်ချင်းက စားပွဲအံဆွဲထဲ၌ ရှည်လျားပြီး ပျော့အိနေသော အရာတစ်ခုကို စမ်းမိလိုက်သည်။


သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ တည်ငြိမ်စွာပင် ထိုအရာကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ အစစ်နှင့်တူလှသော မြွေအတုတစ်ကောင် ဖြစ်နေသည်။ ချီလင်ချင်းမှာမူ အံ့သြခြင်းမရှိပေ။ ဤမြင်ကွင်းကို ဝတ္ထုထဲတွင် ဖတ်ဖူးပြီးသား ဖြစ်သည်။ မူလပိုင်ရှင်က အတန်းပြောင်းလာပြီးချင်း မြွေအတုကို ထိမိကာ အသည်းအသန် လန့်ဖျပ်သွားခဲ့သည်။ ထိုဗီဒီယိုကို အတန်းဖော်များက ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လိုက်ရာ ဝေဖန်သူများ၏ လှောင်ပြောင်မှုကို အကြီးအကျယ် ခံခဲ့ရဖူးသည်။


သို့သော် ချီလင်ချင်းက မြွေမကြောက်တတ်ချေ။ သူက မြွေအတုကို တည်ငြိမ်စွာဖြင့် ဆွဲထုတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ မေးလိုက်သည်။

"ကျေးဇူးပြုပြီးတော့...  ဒါ ဘယ်သူ့ဟာလဲ..."


ကျင်းပိုင်နှင့် အခြားလူများ : "....."


သူ... မြွေမကြောက်ဘူးလား..... အရင်က ကြောက်ချင်ယောင် ဆောင်နေတာလား....


သူတို့က ကိုယ့်အကြံနှင့်ကိုယ် အရှက်ရသွားကြသည်။


ထိုစဉ် သူတို့အားလုံး အကြည့်လွှဲမည်အပြုမှာပင် ကျုံးချန်က ထိုင်ခုံမှ ဆတ်ခနဲ ထရပ်ကာ နောက်သို့ အလန့်တကြား ဆုတ်သွားသည်ကို မြင်လိုက်ရသည်။ သူ၏ အသံမှာလည်း တုန်ယင်နေပြီး အော်ပြောလိုက်သည်။ 

"မြွေ... မြွေကြီး... ဘယ်သူက မြွေကို အတန်းထဲလာထားထားတာလဲ...."


"ဘာမှမဖြစ်ပါဘူး... ဒါက အတုကြီးပါ..."

ချီလင်ချင်းက မြွေအတုကို မြှောက်ပြကာ လက်ဖြင့် ညှစ်လိုက်သည်။


ကျုံးချန်၏မျက်နှာမှာ ဖြူဖျော့သွားရတော့သည်။

"ဒါဆိုလည်း အဝေးကို ယူသွားလိုက်ပါ..."


မည်သူမျှ ပိုင်ရှင်အဖြစ် ဝန်မခံသဖြင့် ချီလင်ချင်းက မြွေကို အမှိုက်ပုံးထဲ သွားပစ်လိုက်သည်။


ကျုံးချန်၏ လက်ချောင်းများမှာ သူ၏ ဘောင်းဘီဘေးတွင်ချထားကာ တုန်ယင်နေဆဲ ဖြစ်သည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ကာ ထိုင်ခုံတွင် ထိုင်ချလိုက်သည်။


ဇန့်ဖုန်ဟိုင်က စားပွဲကိုခေါက်လိုက်ပြီး အသံမာမာဖြင့် မေးလိုက်သည်။

"ဘယ်ကျောင်းသားက ဒီလို နောက်ပြောင်နေတာလဲ.... CCTVကို စစ်ရအောင် မလုပ်နဲ့နော်..."


အခန်းတစ်ခုလုံး တိတိဆိတ်သွားတော့သည်။


ကျင်းပိုင်နှင့် အဖွဲ့သားများမှာမူ ထိုနေရာမှာတင် မြေကြီးထဲဝင်သွားချင်စိတ် ပေါက်နေကြသည်။ 


ချီလင်ချင်းက မြွေမကြောက်ဘဲ အမြဲတမ်း ခက်ထန်လှသည့် ကျောင်းလူမိုက်ကြီး ကျုံးချန်ကမှ မြွေကြောက်နေလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။


^^^^^^


"မကြောက်ပါနဲ့..."

ချီလင်ချင်းသည် ဘေးမှ မျက်မှောင်ကြုတ်ကာ နဖူးတွင် ချွေးစေးများ ထွက်နေသည့် ကောင်လေးကို ကြည့်ပြီး အသာအယာ နှစ်သိမ့်လိုက်သည်။ 


ကျုံးချန်က သွေးမရှိတော့သည့် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ 

"ငါ… ငါ မကြောက်ပါဘူး… ငါက... ဒီတိုင်း..."


သူ စကားကို ဆက်မပြောနိုင်တော့ပေ။


မြွေကို မြင်လိုက်ရသည့် ခဏ၌ သူ၏ ခွန်အားများ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရပြီး အတိတ်က နာကျင်စရာ အမှတ်ရစရာများ ပြန်ပေါ်လာလေသည်။ 


ချီလင်ချင်းမှာ ယခင်ဘဝက သူသင်ကြားပေးခဲ့ဖူးသော တပည့်ငယ်လေးတစ်ဦးကို သတိရသွားသည်။ ထိုတပည့်လေးမှာလည်း ကျုံးချန်ကဲ့သို့ပင် ငယ်စဉ်က မြွေကိုက်ခံရဖူးသဖြင့် ရေတွင်းက ကြိုးကိုမြင်လျှင်ပင် ဆယ်နှစ်တိုင်တိုင် ကြောက်နေခဲ့သူဖြစ်သည်။ သို့သော် သူတစ်ပါးကိုမူ ‘ကြောက်တယ်’ ဟု လုံးဝဝန်မခံပေ။


"အင်း... မင်း မကြောက်ပါဘူး..."

သူက ကလေးတစ်ယောက်ကို ပြောသကဲ့သို့ ချော့ပြောလိုက်သည်။


ကျုံးချန် : "......"


ရှေ့ခုံမှ ထိုစကားကို ကြားလိုက်ရသည့် ကျောင်းသားမှာမူ ‘သတိထားစမ်း အပြင်ပန်း ခက်ထန်ပြီး အတွင်းစိတ်နုနယ်တဲ့ ကျောင်းလူမိုက်နဲ့ ဉာဏ်နီဉာဏ်နက်များတဲ့သခင်လေး... ဒါကတော့ သင်္ဘောမှောက်မယ့် အတွဲပဲ’ ဟု စိတ်ထဲက ကြုံးဝါးနေတော့သည်။


နောက်ဆုံးတွင် ဇန့်ဖုန်ဟိုင်က CCTVကို စစ်ဆေးကာ မြွေအတုဝယ်ခဲ့သည့် ကျောင်းသားကို ရှာဖွေတွေ့ရှိပြီး ချီလင်ချင်းကို တောင်းပန်ခိုင်းကာ ဆုံးမစကားပေးလိုက်ခြင်းဖြင့် ဤပြဿနာ ပြီးဆုံးသွားသည်။


ထို့နောက်တွင် ပထမဆုံး ဓာတုဗေဒအတန်း စတင်ခဲ့သည်။ ချီလင်ချင်းသည် ဓာတုဗေဒ ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကိုပင် နားမလည်သေးပေ။ 


ဆရာမက သူ့ကို ထခိုင်းကာ မေးခွန်းမေးသည်။ 

“ဒီပုံထဲက ကိရိယာမှာပါတဲ့ ပြွန်ရှည်နဲ့ ပြွန်တိုရဲ့ လုပ်ဆောင်ချက်က ဘာလဲ....”


ချီလင်ချင်းက စခရင်ကို မော့ကြည့်လိုက်ရာ ဖန်ခွက်တစ်ခုပေါ်တွင် အပိတ်တစ်ခု ပါရှိပြီး ဘယ်ဘက်မှ ပြွန်ရှည်မှာ ခွက်အောက်ခြေအထိ ရောက်နေကာ ညာဘက်မှ ပြွန်တိုမှာ အပေါ်နားတွင်သာ ရှိနေသည်ကို တွေ့ရသည်။ 


သူက အစပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း ချီလဲ့လဲ့ အိမ်ကို ဝယ်လာဖူးသည့် Panda milk foam နို့လက်ဖက်ရည်ဘူး၏ တည်ဆောက်ပုံနှင့် ဆင်တူနေသည်ဟု တွေးမိသွားသည်။


ချီလင်ချင်းက ယုံကြည်မှုအပြည့်ဖြင့် ထရပ်ကာ မေးခွန်းကို ဖြေလိုက်သည်။

"ပြွန်ရှည်က နို့လက်ဖက်ရည်သောက်ဖို့ သုံးတာပါ.... ပြွန်တိုကတော့ အပေါ်က Milk foamကို သောက်ဖို့ သုံးတာပါ..."


ကျောင်းသားများ : "....."


ဓာတုဗေဒဆရာမ၏ နှုတ်ခမ်းများမှာ မသိမသာ တုန်ယင်သွားပြီး ပြောလိုက်သည်။ 

"အို... ဒီကျောင်းသားက တကယ်ကို ဟာသပြောရတာ ဝါသနာပါတာပဲ..... မြန်မြန် ပြန်ထိုင်ပါ...."


ချီလင်ချင်း စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။


ငါဖြေတာ မမှန်ဘူးလား....


ကျုံးချန် : "....."


ရှေးခေတ်ကမ္ဘာက လာတဲ့ ငါတောင်မှ ဓာတုဗေဒအတန်းထဲက ဖန်ပြွန်တွေကို နို့လက်ဖက်ရည်သောက်ဖို့ မသုံးဘူးဆိုတာ သိသေးတယ်....


ငါ့ဘေးမှာ ထိုင်နေတဲ့ ဒီအူကြောင်ကြောင်ကောင်ကတော့ တကယ့်ကို မျက်နှာသေနဲ့ ဟာသလုပ်တတ်တဲ့လူပဲ ဖြစ်ရမယ်...


🎨🎨🎨