Ch 9
Viewers 29

🎨 Chapter 9



အတန်း(၁၈)က နာမည်ဆိုးနှင့် ကျော်ကြားသော အတန်းမှန်း လူတိုင်းသိသည်။ အတန်းထဲတွင် အိပ်နေသူကအိပ်၊ စကားပြောသူကပြော၊ ဖုန်းကစားသူကကစားနှင့် စာသင်ကြားမှုကို လုံးဝ ဂရုမစိုက်ကြပေ။


ထိုပတ်ဝန်းကျင်တွင် ချီလင်ချင်း တစ်ယောက်တည်းကသာ မတ်မတ်ထိုင်ပြီး စာကိုဂရုတစိုက် နားထောင်ကာ မှတ်စုများလည်း လိုက်ရေးသည်။ အမှန်က သူ လက်ရေးလေ့ကျင့်နေခြင်း ဖြစ်သည်။ ဤကမ္ဘာသို့ ပြောင်းလာကတည်းက အခြားသူများ၏ ရေးသားနည်းနှင့် ဟန်ပန်များကို တိတ်တဆိတ် လေ့လာပြီး ကြိုးစားနေသည်။


သူ၏ အတုယူနိုင်စွမ်းမှာ အလွန်ကောင်းသော်လည်း ယခင်ဘဝက အခက်အခဲများကြောင့် စုတ်တံဖြင့်သာ အသားကျခဲ့ပြီး ယခုကဲ့သို့ မာကျောသော ဘောပင်ဖြင့် စာလုံးအနည်းငယ် ရေးရန်ကိုပင် သူ့အတွက် ခက်ခဲနေသည်။ သူရေးထားသော စာလုံးများက တွန့်လိမ်ကောက်ကွေးနေပြီး ထူးဆန်းသော သင်္ကေတများသဖွယ် ဖြစ်နေသည်။


သင်ခန်းစာများကို နားထောင်သည့် ကျောင်းသားတစ်ယောက်ရှိသည်ကို မြင်ရသဖြင့် ဆရာမမှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ဆရာမက ချီလင်ချင်းကို ခဏခဏ နာမည်ခေါ်ကာ မေးခွန်းများ မေးလေသည်။


သို့သော် ချီလင်ချင်းက များသောအားဖြင့် "ကျွန်တော် မသိပါဘူး" ဟုသာ ပြန်ဖြေလေ့ရှိသည်။


မဟုတ်လျှင်လည်း ဓာတုဗေဒအချိန်ကကဲ့သို့ "နို့လက်ဖက်ရည်သောက်ဖို့ ပြွန်ကိုသုံးပါတယ်" ဟူသောအဖြေမျိုးများကိုသာ ဖြေတတ်သည်။


ကျောင်းသားများ : "ဟားဟားဟားဟား..."


ဆရာမ : "ငါ့အတွက် တော်တော်လေး ခက်ခဲတာပဲ…."


ကျုံးချန်က ဤကျောင်းသားသစ်ကို စိတ်ဝင်စားသွားသည်။ သူ ခေါင်းကို အသာလေးစောင်းကာ မျက်လုံးထောင့်မှတစ်ဆင့် ချီလင်ချင်း စားပွဲပေါ်ရှိ လေ့ကျင့်ခန်းစာအုပ်ကို လှမ်းကြည့်လိုက်သည်။


သူမြင်လိုက်သည်က ချီလင်ချင်း၏မှတ်စုမှာ ဗလာ သာ ဖြစ်နေလေသည်။


ကျုံးချန်: "......"


×××××


တရုတ်စာချိန်၌….


တရုတ်စာဆရာမက စိတ်ဝင်တစားနားထောင်နေသည့် တစ်ဦးတည်းသော ကျောင်းသားကို မခေါ်ဘဲ မနေနိုင်ပေ။

"ကျောင်းသား ချီလင်ချင်း…. ဟဲဝမ်ဟောင်ရဲ့ 'လပြည့်ညလွမ်းချင်း' ကဗျာတစ်ပုဒ်လုံး ဖတ်ပြပေးပါ…. အလွတ်မရရင် ကြည့်ဖတ်လို့ရတယ်…."


အတန်း (၁၈)မှ ကျောင်းသားများမှာ ဤစကားကြောင့် ရယ်စရာကောင်းသော အဖြေကို မျှော်လင့်ရင်း ချီလင်ချင်းကို ဝိုင်းကြည့်နေသည်။


"ချီလင်ချင်းက ငါ့ပျော်ရွှင်မှုရဲ့ အဓိကရင်းမြစ်ဖြစ်လာပြီ…"

ကျင်းပိုင်က ပုခုံးတွန့်ကာ ရယ်မောလိုက်သည်။


လျိုရှင်းက ထောက်ခံသည်။

"ဘယ်သူ့အတွက်ရော မဟုတ်လို့လဲ…." 


ချီလင်ချင်းက စာအုပ်ကို လှန်လိုက်ရာ ထိုကဗျာကို သူသိနေသဖြင့် အံ့ဩသွားသည်။ ထိုကဗျာရေးသူမှာ တစ်ချိန်က သူ့ကို ဤကဗျာနှင့်သက်ဆိုင်သော ပန်းချီကားတစ်ချပ် ဆွဲပေးရန် တောင်းဆိုခဲ့ဖူးသည်။


ဟဲဝမ်ဟောင်က သူ၏ ယခင်ဘဝက နန်းတော်ရှိ ဌာနတစ်ခုတွင် အလုပ်လုပ်ခဲ့ချိန်က ပရိသတ်ဟောင်းတစ်ဦးဖြစ်သည်။ သူက ကဗျာရေးခြင်းကို ဝါသနာပါပြီး သူ၏ကဗျာများနှင့် လိုက်ဖက်သော ပန်းချီကားများကို စုဆောင်းတတ်သူဖြစ်သည်။


သို့သော် ဟဲဝမ်ဟောင်၏ ရာထူးမှာ နိမ့်သဖြင့် မြို့တော်၏ ကုန်ဈေးနှုန်းနှင့်ယျဉ်လျှင် မလောက်ငှပေ။ 


ထို့ကြောင့် သူက နာမည်ကြီး ပန်းချီဆရာများကို မငှားရမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူက ချီလင်ချင်းနှင့် သိကျွမ်းခဲ့ပြီး ချီလင်ချင်း၏ လက်ရာကောင်းမွန်ကာ ဈေးနှုန်းချိုသာမှုကြောင့် သဘောကျသွားခဲ့သည်။ 


ထိုအချိန်မှစပြီး ချီလင်ချင်း၏ ဖောက်သည်တစ်ဦး ဖြစ်လာသည်။


ဤအကြောင်းကို တွေးရင်း ချီလင်ချင်း သက်ပြင်းမချဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ချီ ကြာသွားပြီး အရာအားလုံးလည်း ပြောင်းလဲသွားပြီ ဖြစ်သည်။


ချီလင်ချင်းက ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး တည်ငြိမ်စွာ ဖတ်ပြသည်။

"ညဘက်တွင် ဆိုက်ကပ်ထားသော လှေများကဲ့သို့ စာပေများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်…. ခံစားချက်များ နိုးကြားလာကာ မိမိကိုယ်ကိုယ် သနားမိသည်….  ကြည်လင်တောက်ပသော လမင်းသည် ဖုန်မှုန့်နှင့် မီးခိုးငွေ့များကို ဝန်းရံထားသည်…. လေပြေကိုသာ ကြည့်ပါ.… တောင်ဘက်သို့ အသာအယာ တိုက်ခတ်နေသည်…."


သူ့အသံဆုံးသည်နှင့် တရုတ်စာဆရာမက စတင်

လက်ခုပ်တီးလိုက်သည်။

"ကောင်းတယ်…. အရမ်းကောင်းတယ်…. ကျောင်းသားချီက အနုပညာဆန်ဆန် ဖတ်နိုင်တာပဲ…."


ချီလင်ချင်းက ပြန်ထိုင်လိုက်ပြီး သူ၏လက်ရေးကို ဆက်လက် လေ့ကျင့်နေသည်။


ဘေးနားမှ ကျောင်းသားများမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားကြသည်။


ခဏအကြာတွင်.…


ကျင်းပိုင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

"ဒီကဗျာက... ငါမှတ်မိသလောက်ဆို ဒီတစ်

ခေါက် စာမေးပွဲမှာ ပါတယ်မလား…."


လျိုရှင်းက ထောက်ခံလေသည်။

"ဟုတ်တယ် ဟုတ်တယ်…. ငါလည်း မှတ်မိတယ်…."  


မျက်မှန်နှင့် ကျောင်းသားတစ်ဦးကဖြည်းညှင်းစွာ ပြောလိုက်သည်၊

"ဒါဆို အမှန်တရားက တစ်ခုပဲရှိတယ်…."


"ချီလင်ချင်းက အဖြေကို သိသိကြီးနဲ့ တမင်မရေးခဲ့တာပဲ…. သူက ကျုံးကောဆီကို တကယ်ကြီး ရည်ရွယ်ချက်ရှိရှိ လာခဲ့တာပဲ…."


လူတိုင်းက ပြတင်းပေါက်နားရှိ နောက်ဆုံးတန်းတွင် ထိုင်နေသော လူနှစ်ယောက်ကို မသိမသာ လှမ်းကြည့်လိုက်သည်။


ပြတင်းပေါက်မှာ အနည်းငယ် ပွင့်နေပြီး လေပြေက အသာအယာ တိုက်ခတ်နေသည်။ ဆံပင်ရွှေရောင်နှင့် လူငယ်လေးမှာ ခေါင်းငုံ့ကာ လေ့ကျင့်ခန်းစာအုပ်ပေါ်တွင် စာရေးနေပြီး သူ၏ဘေးမှ ဆံပင်နက်နှင့် လူငယ်လေးမှာ ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းများပေါ်တွင် ခုန်ပေါက်နေသော ရှဉ့်လေးကို ငေးကြည့်နေသည်။


ဤမြင်ကွင်းမှာ တစ်မျိုးလေး ကြည့်ကောင်းနေပြီး သဟဇာတဖြစ်နေသကဲ့သို့ပင်။


ဘာတွေဖြစ်နေတာလဲ….


လူတိုင်း : "မဟုတ်ဘူး.... ငါတို့ မျက်စိမှားတာ ဖြစ်ရမယ်…."


နံနက်ခင်း နောက်ဆုံးအတန်းအချိန် ခေါင်းလောင်းသံ မြည်သည်နှင့် ဆရာက "အတန်းဆင်းပြီ" ဟုပင် မပြောရသေးခင် အတန်း (၁၈)မှ ကျောင်းသားများမှာ ဝုန်းဒိုင်းကြဲ ထွက်သွားကြသည်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်တိုက်သွားသကဲ့သို့ ခဏအတွင်း အတန်းထဲတွင် လူအနည်းငယ်သာ ကျန်တော့သည်။


ချီလင်ချင်းမှာ အံ့သြသွားပြီး နေရာတွင် ထိုင်နေဆဲဖြစ်သော ကျုံးချန်ကို မေးလိုက်သည်။ 

"သူတို့ ဘာသွားလုပ်ကြတာလဲ…."


ကျုံးချန် : "ဘာရှိရမှာလဲ…. ထမင်းစားဖို့လေ…."


ချီလင်ချင်း : "သူတို့ ကြည့်ရတာ အရမ်းလောနေသလိုပဲ…." 


ငတ်နေတဲ့ ပြိတ္တာတွေ ဝင်စားသလားပဲ….


ကျုံးချန်က သူ့ကို တစ်ချက်ကြည့်ကာ မကြာသေးမီက သင်ထားသော စကားတစ်ခုကို အသုံးပြုလိုက်သည်။

"မင်း ထမင်းစားဖို့ မလောဘူးဆိုရင် မင်းဦးနှောက်မှာ ပြဿနာရှိနေလို့ပဲ…."


ချီလင်ချင်း ဆွံ့အသွားသည်။ 


နောင်တစ်ချိန်မှာ ငါ ထမင်းစားဖို့မလောရင် တခြားသူတွေရဲ့မျက်စိထဲမှာ ဥာဏ်မမီတဲ့လူလိုဖြစ်နေမှာလား....


သူက ရေနွေးဘူးကို ဖွင့်လိုက်ပြီး တုန်လှုပ်မှုကို ဖြေဖျောက်ရန် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်မှာ အေးစက်နေသဖြင့်  နောက်မှ ရေနွေးသွားခပ်ရန် သူ တွေးလိုက်သည်။


ချီလင်ချင်း ရုတ်တရက်မေးလိုက်သည်။

"ဒါဆို မင်းကရော... ဘာလို့ မစားသေးတာလဲ…."


ကျုံးချန်ကပြန်ပြောသည်။ 

"တစ်ယောက်ယောက်က ငါ့အတွက် ထမင်းလာပို့ပေးမှာမို့ စောင့်နေတာ…." 


ချီလင်ချင်း : "ဪ…."


ကျုံးချန် : "......"


စကားဝိုင်းက ထိုနေရာမှာပင် အဆုံးသတ်သွားသည်။

ကျုံးချန်က သူဘေးမှ လူမှာ ဝတ္ထုထဲကနှင့် မတူဘဲ ပြောင်းလဲနေသည်ဟု ခံစားမိသည်။ ရက်စက်ကြမ်းကြုတ်မှုများ မရှိတော့ဘဲ ထုံအနေသော သစ်တုံးတစ်တုံးနှင့် တူနေသည်။


တုယွမ်ပိုင်က အတန်းဆင်းပြီးနောက် ချီလင်

ချင်းကို ထမင်းအတူစားရန်အတွက်ခေါ်ရန် အတန်း (၁၈)သို့ ပြေးလာသည်။


သူ တံခါးဝသို့ ရောက်ရောက်ချင်း မြင်လိုက်ရသည်မှာ ချီလင်ချင်းနှင့် ကျုံးချန်တို့က ကျောင်းဝတ်စုံဆင်တူ ကိုယ်စီ ဝတ်ထားကြကာ နောက်ဆုံးတန်းတွင် ဘေးချင်းယှဉ်ထိုင်နေကြသည်။ 


ဤမြင်ကွင်းမှာ ချိုမြိန်သော ကျောင်းသားဘဝ အချစ်ဇာတ်လမ်းတစ်ပုဒ်နှင့်ပင် တူနေတော့သည်။


ကျုံးချန်ရှေ့တွင် တုယွမ်ပိုင်က ဘာမှမပြောရဲသော်လည်း ထမင်းစားဆောင်သို့ သွားရာ လမ်းတစ်လျှောက်တွင် အလွန်စိတ်လှုပ်ရှားနေသည်။

"ငါ တကယ် ခန့်မှန်းလို့မရဘူး…. မင်းက တကယ့် ရည်ရွယ်ချက်ကြီးတာပဲ…. ကျုံးကောနဲ့ တစ်ခုံတည်း ထိုင်ရတာ ဘယ်လိုလဲ…."


ဝတ္ထုထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်က ကျုံးချန်ကိုရည်းစားစာပေးခဲ့ပြီး ထိုစာမှာ အသံလွှင့်ရုံမှ မှားဖတ်မိသဖြင့် တစ်ကျောင်းလုံးက သူ ကျုံးချန်ကို ကြိုက်နေကြောင်း သိသွားကြသည်။


"အင်း…. အင်း…. မဆိုးပါဘူး...." 

သူ မကြိုက်ကြောင်း ရှင်းပြသော်လည်း မရသဖြင့် စိတ်မပါဟန်ဖြင့်သာ ပြန်ပြောလိုက်ရသည်။


တုယွမ်ပိုင် : "ဟန်ဆောင်မနေပါနဲ့…. မင်း စိတ်ထဲမှာ အရမ်းပျော်နေတယ် မလား…."


ချီလင်ချင်း : "အင်း…."


တုယွမ်ပိုင် : "ဘာလို့ ဒီလိုကြီး ပြန်ပြောနေတာလဲ…."


ချီလင်ချင်းက သိပ်အာရုံမထားဘဲ ပြန်ဖြေနေသည်။

" အင်း-အင်း…."


တုယွမ်ပိုင် : "......"


တစ်ဖက်လူ၏ စိတ်ထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် မတွေ့ရသဖြင့် ဖြစ်သလို ပြန်ပြောနေမှန်း သူ နားလည်လိုက်သည်။


ထမင်းစားဆောင်ကို သုံးထပ် ခွဲထားကာ အထပ်မြင့်လေ ဈေးကြီးလေဖြစ်ပြီး အစားအစာမှာလည်း ပိုကောင်းလေဖြစ်သည်။ တုယွမ်ပိုင်နှင့် ချီလင်ချင်းတို့က တတိယထပ်သို့ သွားကာ ဟင်းအနည်းငယ်မှာလိုက်သည်။


တုယွမ်ပိုင်မှာ မနက်က မုန့်စားထားသဖြင့် ဗိုက်မဆာသောကြောင့် အနည်းငယ်သာ စားလေသည်၊။


သို့သော် ချီလင်ချင်းက ပန်းကန်ထဲတွင် ဘာမှမကျန်အောင် အကုန်စားပြီး တုယွမ်ပိုင်ကို မေးလိုက်သည်။

"မင်းရဲ့ ပန်းကန်ထဲက အသားတွေကို မစားရသေးဘူးပဲ…. ငါ စားလို့ရမလား…."


ချီလင်ချင်းမှာ ယခင်ဘဝက ဆင်းရဲစွာ နေထိုင်ခဲ့ရပြီး ရှေးခေတ်က ပစ္စည်းရှားပါးမှုကြောင့် ဤကဲ့သို့ အရသာရှိသော အစားအစာများကို မစားခဲ့ဖူးပေ။


တုယွမ်ပိုင် : "...... ရတယ်  မင်းစားလိုက်လေ…."


ဒါက ဘယ်လိုဖြစ်ရတာလဲ….


ဖြစ်နိုင်သည်မှာ တစ်ဖက်လူက စည်းစိမ်

ချမ်းသာ၏ အနှစ်သာရမရှိခြင်းကို နားလည်သွားသဖြင့် ရိုးရှင်းသွားခြင်း ဖြစ်ပေလိမ့်မည်။ 

တုယွမ်ပိုင်က ယခုကဲ့သို့သော ချီလင်ချင်းကို ပို၍ သဘောကျသည်။


သူ နောက်လှည့်ကြည့်လိုက်သောအခါ ထမင်းစားဆောင် နံရံတွင် ကပ်ထားသော စာတိုလေးကို တွေ့လိုက်ရသည်။


မင်း ပန်းကန်ထဲက အစားအစာတွေက ဘယ်ကလာတယ်ဆိုတာ ဘယ်သူသိမှာလဲ…. ဆန်တစ်စေ့တိုင်းက ပင်ပန်းဆင်းရဲမှုတွေရဲ့ ရလဒ်ပဲ….


ချီလင်ချင်းက နယ်ဘက်၌ လယ်ယာလုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ကိုယ်ချင်းစာစိတ်ရှိခြင်းဖြစ်နိုင်သည်။


တုယွမ်ပိုင်  ရှက်သွားသည်။ 


နောက်တစ်ခါကျရင် ငါ အစားအသောက်တွေကို အလဟဿ မဖြုန်းတီးတော့ဘူး....


မွန်းလွဲပိုင်းတွင် ကာယအချိန်ဖြစ်သည်။

အထက်တန်းကျောင်းမှာ နိုင်ငံတကာစံနှုန်းအတိုင်း သွားသဖြင့် ကာယအချိန်အတွက် ရွေးချယ်စရာ အားကစား အမျိုးအစား ရှိပေသည်။


အတန်း (၁၈)မှ ကျောင်းသားများ ကွင်းထဲသို့ ရောက်သောအခါ ကာယဆရာက အားကစားအသီးသီးအတွက် စာရင်းပေးထားသော ကျောင်းသားစာရင်းကို ဖတ်ပြနေသည်။


"ကျင်းပိုင်- ဘတ်စကတ်ဘော…

ဖုန်ဇီနမ်- ဘတ်စကတ်ဘော…

လျိုရှင်း- ဘတ်စကတ်ဘော…

လုတုတု - ဘော်လီဘော..."


ကျင်းပိုင်၊ လျိုရှင်းနှင့် အခြားသူများမှာ ကျုံးချန်၏ နောက်လိုက်များဖြစ်သည်။ 


ကျုံးချန်၏ ဘတ်စကတ်ဘော ကျွမ်းကျင်မှုမှာ ထိပ်တန်းအဆင့်ဖြစ်သဖြင့် သူတို့အားလုံး ကျုံးချန် ဘတ်စကတ်ဘော ကစားမည်ဟု ထင်ကာ လိုက်၍ စာရင်းပေးထားခြင်း ဖြစ်သည်။


သို့သော် မျှော်လင့်မထားဘဲ ကာယဆရာက ကြေညာလိုက်သည်မှာ- "ကျုံးချန်- မြှားပစ်။"


ကျင်းပိုင်နှင့် အခြားသူများမှာ စိတ်ထဲတွင် အော်ဟစ်နေကြသည်။

"အားးးးးးးးးးးးး…."


သူတို့ အစ်ကိုကြီးက သူတို့ကို ပစ်သွားသဖြင့် စိတ်ပျက်နေစဉ် ဆရာက ဆက်ပြောလေသည်။ 

"ချီလင်ချင်း -  ထိုက်ချိီ"


လူတိုင်း: "......"


ဘဝမှာ ဒီလောက်အထိ စွန့်အရလောက်တဲ့ အဖြစ်မျိုး တစ်ခုမှမဖြစ်ဖူးဘူး.....


ကျင်းပိုင်က အံ့သြနေသည်။

"ငါတို့ကျောင်းမှာ ထိုက်ချိီလိုမျိုး လူကြီးတွေလုပ်တဲ့ အားကစားတောင် ရှိတာလား…."


ကာယဆရာက စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ပြောသည်။ 

"ကျောင်းမှာ မလုပ်နိုင်တာ ဘာမှမရှိဘူး….မင်းတို့ မတွေးမိတာပဲ ရှိမယ်…."


ယနေ့သည် အလွန်ပူအိုက်သဖြင့် ကျောင်းသားအားလုံး အင်္ကျီလက်တိုများ လဲရန် အဝတ်လဲခန်းသို့ သွားကြသည်။ သို့သော် ချီလင်ချင်းမှာ လက်မောင်း ပေါ်သော အင်္ကျီ မဝတ်ဖူးသဖြင့် လက်ရှည်ကိုသာ ဝတ်ရန် ဆုံးဖြတ်လိုက်သည်။


သူ သင်တန်းနေရာ ရောက်သောအခါ ထိုက်ချိီအတွက် စာရင်းပေးထားသူမှာ သူအပါအဝင် လူအနည်းငယ်သာ ရှိကြောင်း တွေ့လိုက်ရသည်။ ထို့ပြင် မိမိသဘောအရ ပါလာသူများသာမက အခြားအတန်းများတွင် လူပြည့်သွားသဖြင့် ရွှေ့ပြောင်းခံရသူများလည်း ပါဝင်သည်။


"ချီလင်ချင်းက ဘာလို့ ဒီမှာရှိနေတာလဲ…."


"သူ ထိုက်ချိီကို တကယ်ပဲ စာရင်းပေးခဲ့တာလား...."


ပြောင်းလာသော မိန်းကလေးအချို့မှာ အုပ်စုဖွဲ့ကာ တိုးတိုးတိုးတိုး ပြောနေကြသည်။

 

လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်သော ချီလဲ့လဲ့မှာ အရုပ်လေးကဲ့သို့ နုနယ်ပျော့ပျောင်းကာ မြင့်မြတ်သော အသွင်ရှိသဖြင့် မိန်းကလေးများအကြား ရေပန်းစားသည်။ သူနှင့် သွေးသားမတော်စပ်ဘဲ "တကယ့် သခင်လေးအစစ်" ဖြစ်သော ချီလင်ချင်းမှာ ဆန့်ကျင်ဘက်ဖြစ်နေပြီး လူတိုင်း၏ ငြင်းပယ်မှုကို ခံနေရသည်။


ထိုအချိန်  ချီလင်ချင်းက သစ်ပင်အောက်၌ ရပ်နေသည်။ သူ၏ မျက်ဝန်းနက်များမှာ ရေခဲသေတ္တာထဲမှ ထုတ်ခါစ စပျစ်သီးများကဲ့သို့ အေးမြသော အရိပ်အယောင်များ ယှက်သန်းနေသည်။ 


အင်္ကျီကြယ်သီးများကို လည်ပင်းအထိ တပ်ထားသဖြင့် အေးဆေးတည်ငြိမ်သော အငွေ့အသက်များကို ပေးစွမ်းနေသည်။


ဆံပင်ကောက်ကောက်နှင့် မိန်းကလေးတစ်ဦးက ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ့အထင် ချီလင်ချင်းက 'Metamorphosis Meter' ထဲကထက် အပြင်မှာ ပိုကြည့်ကောင်းသလိုပဲ..."


မိန်းကလေး (B): "အမှန်တော့ ငါလည်း...."


မိန်းကလေး (C): "ငါလည်းပဲ.…"


မိန်းကလေး (D)က သူမ၏ ဖုန်းကို ထုတ်ကာ ချီလင်ချင်းကို  ဓာတ်ပုံခိုးရိုက်လိုက်သည်။


ထာဝရ ရန်သူဟူသည် မရှိ၊ ရုပ်ချောသည်ကို သဘောကျသော ပရိသတ်များသာ ရှိပေသည်။


🎨🎨🎨