Ch 1
Viewers 7

🖼အခန်း (၁)

 - ဝတ္ထုထဲမှ ဗီလိန် 


 

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။ ရှီနန်ခရိုင် အမှတ် (၁) အထက်တန်းကျောင်း၏ အဝင်ဝ။ 

 

ဟောင်းနွမ်းစုတ်ပြတ်နေသော ကျောင်းဂိတ်တံခါးဝတွင် “အမျိုးသားတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန၊ ရှီလင်ပြည်နယ်၊ ရှီနန်အမှတ် (၁) အထက်တန်းကျောင်း” ဟု စာလုံးအဖြူရောင်များဖြင့် ရေးသားထားသည့် နောက်ခံအနီရောင် ဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ 

 

နံနက်ကိုးနာရီကျော်ပြီဖြစ်၍ နေရောင်က စူးရှတောက်ပနေပြီဖြစ်ပြီး လေထုထဲတွင် အပူရှိန်များ လှိုက်တက်ကာ အပူချိန်ကလည်း တရိပ်ရိပ် မြင့်တက်နေလေသည်။ 

 

ကျောင်းဝင်းအတွင်းနှင့် အပြင်နှစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ စာသင်ခန်းများထဲရှိ စာမေးပွဲဖြေဆိုသူများက နဖူးမှ ချွေးများ တဒီးဒီးကျနေသော်လည်း ၎င်းတို့၏ စာမေးပွဲမေးခွန်းလွှာများပေါ်တွင်သာ အာရုံစိုက်ထားကြသည်။ စာမေးပွဲစောင့်ဆရာ အချို့ကမူ စာသင်ခန်းအပူချိန် လျော့ကျသွားစေရန် ဘိလပ်မြေကြမ်းပြင်ပေါ်သို့ ရေအေးများ လိုက်လောင်းနေလျက် လျှောက်လှမ်းနေကြသည်။ 

 

ထိုစဉ် ကျောင်းဂိတ်ဝသို့ မိန်းကလေးတစ်ယောက် ထိတ်လန့်တကြား ပျာပျာသလဲလဲ ပြေးဝင်လာခဲ့သည်။ 

 

ထိုမိန်းကလေး၏ ဝတ်စားဆင်ယင်မှုက ထူးခြားမှုမရှိဘဲ နေရာတိုင်းတွင် မြင်တွေ့နိုင်သည့် ရိုးရှင်းသော အင်္ကျီအဖြူနှင့် ဝါဂွမ်းသား ဘောင်းဘီအမည်းကိုသာ ဝတ်ဆင်ထားလေသည်။ သို့သော်လည်း သူမ၏မျက်နှာကမူ ဝင်းပစိုပြေသော အသားအရေနှင့် ပြစ်မျိုးမှဲ့မထင်သော ရုပ်ရည်အလှကြောင့် သိသိသာသာ ထင်ရှားပေါ်လွင်နေပြီး ဤခရိုင်မြို့ငယ်လေးနှင့် လုံးဝမလိုက်ဖက်အောင်ပင် လှပလွန်းနေ၏။ 

 

သို့သော်လည်း သူမက မည်မျှပင် ရုပ်ရည်ချောမောလှပပါစေ၊ ကျောင်းထဲသို့ ဝင်ရန်ပြုချိန်တွင် တားဆီးခြင်းကို ခံလိုက်ရသည်။ 

 

“လောင်ရှီး... သမီး စာမေးပွဲဖြေဖို့ လာတာပါ… သမီးကို ပေးဝင်လို့ရမလား…”  


ဟယ်ယဲ့ချင်းသည် စာမေးပွဲခန်းမဘက်သို့ ပူပန်သောကရောက်စွာ လှမ်းကြည့်လျက် သူမ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို အမြန်ထုတ်ကာ တားဆီးထားသည့် ဆရာ့ထံသို့ ကမ်းပေးလိုက်သည်။ 

 

အသားညိုညိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဆရာက ချွေးများစီးကျနေသော သူမ၏မျက်နှာကို ကြည့်ကာ လက်ပတ်နာရီကို တစ်ချက်ငဲ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။  


“အခု ကိုးနာရီ နှစ်ဆယ့်ငါးတောင် ရှိနေပြီ… စည်းကမ်းအရဆိုရင် မင်းကို ပေးဝင်လို့မရတော့ဘူး…” 

 

“ဒီလောက် အရေးကြီးတဲ့ စာမေးပွဲကို ဘယ်လိုဖြစ်လို့ နောက်ကျရတာလဲ…”  


ဟယ်ယဲ့ချင်းကို ဆူပူကြိမ်းမောင်းပြီးနောက် ထိုဆရာက လက်ယမ်းပြကာ ဆိုလိုက်သည်။ 


“နောက်နှစ်မှပဲ ပြန်လာခဲ့တော့…” 

 

ဟယ်ယဲ့ချင်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။ 

 

သူမက စာမေးပွဲခန်းမဘက်သို့ မချင့်မရဲ လှမ်းကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ဆန့်ကျင်ဘက်လမ်းအတိုင်း လှည့်ထွက်ခဲ့လိုက်သည်။ သူမ လှည့်ထွက်လာစဉ်မှာပင် နောက်ကွယ်မှ ဆရာဖြစ်သူက နှမြောတသစွာ သက်ပြင်းချကျန်ရစ်သည့် အသံကို ကြားနေရသေးသည်။ 

 

ဒါက ဒုတိယအကြိမ်မြောက်ပဲ… 

 

ယခု သူမ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့ရသည်က ဒုတိယအကြိမ်မြောက် ဖြစ်သည်။ 

 

ယမန်နှစ်ကလည်း ယခုလို အချိန်မျိုး၌ပင် ဖြစ်ခဲ့သည်။ 

 

သို့သော် ယမန်နှစ်က သူမ နောက်မကျခဲ့ပေ။ သူမ စာမေးပွဲခန်းထဲ ဝင်ခါနီးမှ သူမ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပျောက်ဆုံးနေမှန်း သိခဲ့ရခြင်း ဖြစ်သည်။ 

 

ပထမတစ်ကြိမ်ကို တိုက်ဆိုင်မှုဟု ပြောနိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဟယ်ယဲ့ချင်းက သူမကိုယ်သူမပင် လှည့်ဖြား၍မရတော့ပေ။ 

 

ယနေ့နံနက်က သူမကို အပြင်မှနေ၍ အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ထားခဲ့သည်ကို ပြန်တွေးမိပြီး ဟယ်ယဲ့ချင်း၏ လှပသောမျက်နှာလေးက ဒေါသနှင့်စိတ်ပျက်မှုတို့ကြောင့် ရှုံ့မဲ့သွားရသည်။ 

 

ဟယ်ယဲ့ချင်းသည် သစ်ရိပ်ကောင်းကောင်းနေရာတစ်ခုကို ရှာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမက စာမေးပွဲခန်းမဘက်သို့ နောက်ထပ်တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းငုံ့ကာ ခြေရင်းနားရှိ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးကို တုတ်နှင့် ထိုးဆွနေမိသည်။ 

 

မကြာမီပင် ဟယ်ယဲ့ချင်းသည် သူမအပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို သတိပြုမိလိုက်သည်။ 

 

သူမ ခေါင်းမော့ကြည့်လိုက်သောအခါ သစ်ရွက်စိပ်စိပ်များကြားမှတစ်ဆင့် ခန္ဓာကိုယ်ထွားကျိုင်းပြီး အသားညိုညိုနှင့် ဒေါသကြောင့် တုန်ယင်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ 

 

လေးထောင့်ကျကျ မျက်နှာပုံစံနှင့် ထိုအမျိုးသားက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကြေးခေါင်းလောင်းထက်ပင် ကျယ်ပြောလှသော မျက်လုံးကြီးများဖြင့် ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။  


“ဟယ်ယဲ့ချင်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ…” 

 

ဟယ်ယဲ့ချင်းသည် ငိုမဲ့မဲ့မျက်နှာဖြင့် အတင်းအကျပ် ပြုံးပြလိုက်ပြီး ခေါ်လိုက်သည်။

 

“ကျန်းလောင်ရှီး...” 

 

'ကျန်းကော်ဝမ်' သည် ဟယ်ယဲ့ချင်း၏ အတန်းပိုင်ဆရာ ဖြစ်သည်။ သူ့အမည်က ပညာတတ်ဆန်လှသော်လည်း အမှန်စင်စစ်တွင်မူ သူက ဗလတောင့်တောင့်နှင့် လူကောင်ကြီးကြီး ဖြစ်သည်။ ယခုအချိန်တွင် ခက်ထန်သော မျက်နှာထားနှင့် ဖြစ်ခြင်းကြောင့် ကလေးများ မြင်လျှင်ပင် ကြောက်လန့်တကြား ငိုယိုသွားလောက်သည်။


“မင်းရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပြန်ပျောက်သွားပြန်ပြီလား…”  


ကျန်းကော်ဝမ်က အံကြိတ်ကာ ပြောလိုက်သည်။ ဟယ်ယဲ့ချင်းတစ်ယောက် စာမေးပွဲခန်းထဲသို့ ထပ်မံဝင်ခွင့်မရတော့သည်ကို မြင်လိုက်ရသဖြင့် သူ မည်မျှပင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ 

 

“ဒီမှာ ရှိပါတယ် လောင်ရှီး…”  

ဟယ်ယဲ့ချင်းက ခေါင်းငုံ့ကာ ပြောရှာသည်။ 

 

“ဒါဆို မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ…”  

ကျန်းကော်ဝမ်က သူမကို စိုက်ကြည့်လိုက်သည်။ 

 

“သမီး နောက်ကျသွားလို့ တံခါးဝက လောင်ရှီးက ပေးမဝင်တော့ဘူး...”  


ဟယ်ယဲ့ချင်း၏ ခေါင်းက ပို၍ပင် ငုံ့သွားတော့သည်။ 

 

“ဘာ...”  

ကျန်းကော်ဝမ်က ဒေါသအိုးပေါက်ကွဲသွားသည်။  


“မင်း... မင်း... ငါ မင်းကို ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး…” 

 

“ဒီလောက် အရေးကြီးတဲ့ စာမေးပွဲကို ဘယ်လိုဖြစ်လို့ နောက်ကျရတာလဲ…”  


အစပိုင်းတွင် ဒေါသတကြီး ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် ကျန်းကော်ဝမ်က တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူက ဟယ်ယဲ့ချင်း၏ စိတ်နေသဘောထားကို သိထားပြီး ယမန်နှစ်က အတွေ့အကြုံလည်း ရှိထားရာ ယခုကဲ့သို့ အခြေခံအမှားမျိုးကို သူမ လုပ်လိမ့်မည်မဟုတ်ကြောင်း နားလည်ထားသည်။ 

 

“အမှန်အတိုင်းပြောစမ်း… ဘာဖြစ်ခဲ့တာလဲ…” 

 

ကျန်းကော်ဝမ်၏ မျက်လုံးများက စူးစမ်းမှုများဖြင့် ပြည့်နှက်နေသဖြင့် ဟယ်ယဲ့ချင်းလည်း ယနေ့နံနက်က သူမကို အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ထားခဲ့၍ အပြင်ထွက်မရခဲ့သည့် အကြောင်းစုံကို အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။ 

 

နားထောင်ပြီးနောက် ကျန်းကော်ဝမ်၏ နဖူးပေါ်ရှိ အရေးအကြောင်းများက ယင်ကောင်တစ်ကောင်ကိုပင် ညှပ်သတ်နိုင်လောက်အောင် တွန့်ရှုံ့သွားသည်။  


“မင်းတို့ မိသားစုကတော့...” 

 

“ထားလိုက်ပါတော့... နောက် ဘာဆက်လုပ်မလဲ…”  


ကျန်းကော်ဝမ်က သက်ပြင်းချလိုက်သည်။ 

 

“ကျန်တဲ့ စာမေးပွဲတွေကို ဆက်ဖြေပါ့မယ်…”  

ဟယ်ယဲ့ချင်းက စာမေးပွဲခန်းမဘက်သို့ လှမ်းကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။ 

 

ကျန်းကော်ဝမ်က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ 

 

“အေး... အဲဒါ အမှန်ကန်ဆုံးပဲ…”  


ကျန်းကော်ဝမ်က သဘောတူညီစွာဖြင့် ဟယ်ယဲ့ချင်းကို ချီးကျူးသလို ကြည့်လိုက်ပြီးနောက် သူမ၏ ပုခုံးကို သူ၏ လက်ဖဝါးကြီးဖြင့် ပုတ်ပေးလိုက်သည်။  


“မင်းရဲ့ အမှတ်နဲ့ဆိုရင် စာမေးပွဲတစ်ခု လွတ်သွားရင်တောင် ဆရာအတတ်သင်ကောလိပ်ကို တက်ခွင့်ရဖို့က ပြဿနာမရှိပါဘူး…” 

 

ဟယ်ယဲ့ချင်းသည် ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုသာ မဆိုစလောက် လှုပ်ရှားပြလိုက်သည်။ 

 

“ကဲ... စိတ်မကောင်းဖြစ်မနေနဲ့တော့…”  

ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းကို နှစ်သိမ့်ပေးပြီးနောက် ပြောလိုက်သည်။ 


“လာမယ့် စာမေးပွဲရက်တွေမှာ မင်း ငါ့အိမ်မှာပဲ တည်းခိုပြီး ကျန်တဲ့ စာမေးပွဲတွေကို စိတ်အေးလက်အေး ဖြေဖို့ပဲ အာရုံစိုက်ပါ…” 

 

“အဆင်ပြေပါ့မလား လောင်ရှီး…”  

ဟယ်ယဲ့ချင်းက တွန့်ဆုတ်နေမိသည်။ 

 

“ဘာလို့ အဆင်မပြေရမှာလဲ…”  

ကျန်းကော်ဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။  


“မင်း အိမ်ပြန်သွားရင် မနက်ဖြန် တခြား မတော်တဆမှုတွေ ထပ်မဖြစ်စေရဘူးလို့ မင်း အာမခံနိုင်လို့လား…” 

 

ဟယ်ယဲ့ချင်း : “...ဒါဆိုရင်တော့ ဆရာ့ကို အားနာရတော့မှာပဲ…” 

 

ကျန်းကော်ဝမ် ပြောသည်က မှန်ပေသည်။ အကယ်၍ သူမ အိမ်ပြန်သွားလျှင် နောက်ထပ် မည်သည့်ပြဿနာမှ ထပ်မတက်တော့ဟု သူမ မပြောနိုင်ပေ။ 

 

ဤအချက်ကို သဘောပေါက်သွားပြီးနောက် ဟယ်ယဲ့ချင်းသည် ဆက်လက်၍ ပူပန်မနေတော့ဘဲ ရှေ့မှဦးဆောင်သွားသော ကျန်းကော်ဝမ်၏ နောက်သို့ လိုက်ပါသွားခဲ့တော့သည်။ 

 

ရှီနန်အမှတ် (၁) အထက်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သော်လည်း ကျန်းကော်ဝမ်သည် ဆရာများမိသားစုလိုင်းခန်းတွင် မနေဘဲ ကျောင်းနှင့်နီးသော အိမ်ဝိုင်းလေးတစ်ခုတွင် နေထိုင်သည်။ ထိုအိမ်က လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုကိုယ်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

 

ကျန်းကော်ဝမ်၏ မိသားစုက ရိုးရှင်းပြီး သူနှင့် သူ့ဇနီး၊ ပြီးလျှင် ပေကျင်းတွင် တက္ကသိုလ်တက်နေသော သားတစ်ယောက်သာရှိရာ ယခုအချိန်တွင် အိမ်၌ ကျန်းကော်ဝမ်နှင့် သူ့ဇနီးသည်တို့ နှစ်ယောက်တည်းသာ ရှိ၏။ 

 

ကျန်းကော်ဝမ်၏ ဇနီးသည်က အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဟယ်ယဲ့ချင်း ရောက်ရှိလာခြင်းအပေါ် စိတ်ကွက်ခြင်းမရှိသည့်အပြင် ပြုံးရွှင်စွာဖြင့် ကြိုဆိုနှုတ်ဆက်လေသည်။ 

 

နောက်ထပ် နှစ်ရက်အတွင်းတွင် ဟယ်ယဲ့ချင်းသည် ကျန်ရှိနေသော ဘာသာရပ်ခြောက်ခုလုံးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။ 

 

တက္ကသိုလ်ဝင်စာမေးပွဲခန်းမမှ ထွက်လာပြီးနောက် ဟယ်ယဲ့ချင်းသည် ကျန်းကော်ဝမ်နှင့် သူ့ဇနီးဖြစ်သူတို့ကို နှုတ်ဆက်ကာ အိမ်အပြန်လမ်းသို့ ထွက်ခွာခဲ့လိုက်သည်။ 

 

ဟယ်ယဲ့ချင်း၏ အိမ်သည် ခရိုင်မြို့ထဲတွင်မဟုတ်ဘဲ မြို့နှင့် ဆယ်မိုင်ခန့် ကွာဝေးသော ကန်းရွှေရွာတွင် ရှိသည်။ 

 

အိမ်အပြန်လမ်းက ဟယ်ယဲ့ချင်းအတွက် စိမ်းသက်မနေပေ။


၁၉၈၉ ခုနှစ်တွင် ရှီနန်ခရိုင်မြို့ငယ်လေးက ဝေးလံခေါင်သီသော တည်နေရာကြောင့် ဖွံ့ဖြိုးတိုးတက်မှု အရိပ်အယောင် သိပ်မရှိသေးပေ။ 

 

မြို့လယ်ရှိ အဓိကလမ်းမကြီးက ဘိလပ်မြေလမ်းဖြစ်သော်လည်း အမြဲတမ်း ဖုန်တထောင်းထောင်း ထနေသဖြင့် မှိုင်းညို့ညို့ အရောင်သာ ရှိသည်။ 

 

မော်တော်ကားများကို တွေ့ရခဲပြီး စက်ဘီးများက လမ်းပေါ်တွင် အသုံးအများဆုံး သွားလာရေးယာဉ် ဖြစ်သည်။ 

 

လမ်းဘေးဝဲယာရှိ အိမ်များနှင့် အဆောက်အအုံများက သုံးထပ်ထက်မပိုဘဲ အများစုက ကိုယ်တိုင်ဆောက်လုပ်ထားသော ခပ်နိမ်နိမ့် အုတ်ကြွပ်မိုးအိမ်များသာ ဖြစ်ကြသည်။ 

 

ထူးခြားချက်တစ်ခုအနေဖြင့် ပြောရလျှင် မြို့ထဲတွင် ပုဂ္ဂလိကပိုင် ဆိုင်ခန်းများ တိုးပွားလာပြီး လမ်းဘေးတွင် ဈေးသည်ငယ်လေးများစွာ ရှိနေခြင်းဖြစ်သည်။ 

 

ထို့အပြင် မြို့ထဲတွင် လေလွင့်နေသော လူမိုက်များ၊ အထူးသဖြင့် ဆန်းပြားဆန်းကြယ်စွာ ဝတ်ဆင်ထားပြီး ဝေးဝေးမှ ရှောင်ရမည့် လူငယ်အုပ်စုများကိုလည်း အများအပြား တွေ့ရတတ်သည်။ 

 

မြို့ထဲမှ ကန်းရွှေရွာသို့ ပြန်ရန်အတွက် 'အန္တရာယ်ရှိသော' လမ်းတစ်ခုကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ 

 

ထိုလမ်း၏ 'အန္တရာယ်' က လမ်းဆုံလမ်းခွမှစတင်၍ လောင်းကစားဒိုင်များ၊ ကာရာအိုကေဆိုင်များနှင့် အကခန်းမများကဲ့သို့သော ဖျော်ဖြေရေးကလပ်များစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် ခရိုင်မြို့ရှိ အလုပ်လက်မဲ့ လူမိုက်များ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။ 

 

ဤလမ်းကို ဖြတ်သန်းသွားသည့်အခါ လူမိုက်လူငယ်အချို့ စုဝေးကာ ဆေးလိပ်သောက်နေသည်ကို မကြာခဏ တွေ့ရတတ်သည်။ 

 

'လူမိုက်' ဟု အခေါ်ခံရသည့်အတိုင်း ထိုလူငယ်များ၏ နှုတ်ထွက်စကားများက မသန့်ရှင်းကြပေ။ ၎င်းတို့သည် အပျိုအရွယ် မိန်းကလေးများကို မြင်လျှင် လေချွန်ခြင်းနှင့် ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြောင်လှောင်ခြင်းတို့ကို မလုပ်ဘဲမနေကြချေ။ 

 

လမ်းသွားလမ်းလာများက ဒေါသထွက်ကြသော်လည်း သူတို့ကို ဘာမှမလုပ်နိုင်ကြသောကြောင့် ရင်ဆိုင်ခြင်းမပြုဘဲသာ ဖြတ်သန်းသွားကြရရှာသည်။ 

 

အချို့ကမူ ထိုလူငယ်များကို မကျေမနပ်ဖြင့် တံတွေးထွေး စိန်ခေါ်သွားကြသော်လည်း လမ်းသွားလမ်းလာ အများစုကမူ ပြဿနာမဖြစ်လိုသဖြင့် မသိကျိုးကျွံပြုကာ ခြေလှမ်းသွက်သွက်ဖြင့်သာ ဖြတ်သန်းသွားကြသည်။ 

 

ဟယ်ယဲ့ချင်းသည် ဤလမ်းကို ဖြတ်သန်းရတိုင်း အမြဲတမ်း ကြောက်ဒူးတုန်နေမိသည်။ 

 

သူမက ရုပ်ရည်ချောမောလှပမှန်း သူမကိုယ်သူမ သိသော်လည်း ယခုလို ခရိုင်မြို့ငယ်လေးတွင် လူအများအာရုံစိုက်မှုကို ခံရလွန်းခြင်းက ကောင်းသည့်အချက် မဟုတ်မှန်းလည်း သူမက နားလည်ထားသည်။ 

 

ထို့ကြောင့် မလှမ်းမကမ်းတွင် ခေါင်းလောင်းဘောင်းဘီများကို ဝတ်ဆင်ကာ နေကာမျက်မှန်များ တပ်ထားသည့် လေလွင့်လူငယ်အချို့ကို မြင်လိုက်ရသောအခါ ဟယ်ယဲ့ချင်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ 

 

သူမက မည်သည့်ပြဿနာမျှမဖြစ်လိုသဖြင့် ခေါင်းငုံ့ကာ ဤလမ်းကို အမြန်ဆုံး ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။ 

 

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...  

 

အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ထိုလူမိုက်များ၏ စကားပြောသံကို ဟယ်ယဲ့ချင်း ကြားနေရပြီဖြစ်သည်။ 

 

ဟယ်ယဲ့ချင်းက ခြေလှမ်းကို ပို၍ သွက်လိုက်သည်။ 

 

ထိုစဉ် အလုပ်လက်မဲ့ လူငယ်အုပ်စု၏ စကားပြောသံက ရုတ်ချည်း ရပ်တန့်သွားပြီး ဟယ်ယဲ့ချင်းအပေါ်သို့ စူးစိုက်ကြည့်လာသည့် မသက်မသာဖြစ်ဖွယ် အကြည့်အချို့ကို သူမက ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။ 

 

ထို့နောက် ကျယ်လောင်သော လေချွန်သံတစ်ခုနှင့်အတူ မနှစ်မြို့ဖွယ်နိုင်လှသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။  


“ဟေး... ညီမလေး… တစ်ယောက်တည်းလား… အစ်ကိုတို့နဲ့…” 

 

ထိုလူက စကားပင် မဆုံးသေးဘဲ တစ်ဝက်တစ်ပျက်တွင် ကျိန်ဆဲကာ ရပ်တန့်သွားသည်။ 


“တောက်... သောက်ကျိုးနည်းပဲကွာ…” 

 

ဤရုတ်တရက် ပြောင်းလဲမှုကြောင့် ဟယ်ယဲ့ချင်းက အံ့အားသင့်သွားရသည်။ 

 

သူမက ထိုအသံလာရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားလေသည်။ 

 

ထိုအမျိုးသားတွင် အလွန်ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံ ရှိသည်။ 

 

မျက်ဝန်းပုံစံက အနည်းငယ် ရှည်လျားပြီး မျက်ခွံအပေါ်ပိုင်းက ပြားကာ မျက်လုံးအိမ်အဖျားက အနည်းငယ် ပင့်တက်နေသည်။ သို့သော် ထင်ရှားသော မျက်ခုံးရိုးနှင့် မြင့်မားသော နှာတံကြောင့် မျက်လုံးနှစ်လုံးကြား အကွာအဝေးကို ကျဉ်းမြောင်းသွားစေပြီး သူ့ကို ကြည့်ရသည်က အနည်းငယ် ခက်ထန်ကြမ်းတမ်းသော ပုံစံ ပေါက်စေသည်။ 

 

ယခုလေးတင် ဤအမျိုးသားနှင့် ဟယ်ယဲ့ချင်းကို နှောက်ယှက်ရန် ကြိုးစားခဲ့သည့် လူမိုက်များအကြား တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းက သိသာလှသည်။ 

 

ထိုလူမိုက်များသည် ထိုအမျိုးသားကို မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကြည့်နေကြသော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် သူ့ရှေ့တွင် အတော်လေး မလုံမခြုံ ဖြစ်နေကြပုံရသည်။ 

 

အမျိုးသားက သူတို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာတွင် စိန်ခေါ်မှုအပြည့်ရှိသော အပြုံးတစ်ခုကို ဖော်ပြကာ  မေးလိုက်သည်။


“ချမလို့လား…” 

 

ထိုအခါ သူတို့၏ မျက်နှာထားများက ချက်ချင်း ပျက်ယွင်းသွားကြပြီး “မင်း...” ဟုသာ ဆိုနိုင်သည်။ 

 

နောက်ဆုံးတွင်မူ ထိုလူမိုက်များသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ မျက်နှာပျက်ပျက်ဖြင့် လှည့်ထွက်သွားကြတော့သည်။ 

 

ဟယ်ယဲ့ချင်းကမူ သူတို့ ဒေါသတကြီး လှည့်ပြန်သွားကြသည့် ကျောပြင်များကိုသာ မြင်တွေ့လိုက်ရ၏။ 

 

ထိုလူငယ်များ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်း၏ အကြည့်သည် ထိုအမျိုးသား၏ အကြည့်နှင့် ထပ်မံဆုံတွေ့ပြန်သည်။ 

 

သူမက နှုတ်ဆက်ရန် လက်မြှောက်လိုက်သော်လည်း တစ်ဖက်လူကမူ သူမထံမှ အကြည့်ကို တိုက်ရိုက် လွှဲဖယ်သွားလေသည်။ 

 

“ရှန်လီ... သွားစို့…”  

တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။ 

 

ထိုအမျိုးသားက သူမကို မနှုတ်ဆက်လိုသည်ကို မြင်သောအခါ ဟယ်ယဲ့ချင်းလည်း အလိုက်သိစွာဖြင့် ထွက်ခွာလာခဲ့သည်။ 

 

ရွာဘက်သို့ လမ်းလျှောက်ပြန်လာစဉ် ဟယ်ယဲ့ချင်းသည် အစောပိုင်းမှ အမျိုးသားအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ 

 

မှန်ပေသည်။ ဟယ်ယဲ့ချင်းက ထိုအမျိုးသားကို သိသည်။ သူတို့နှစ်ယောက်လုံးက ကန်းရွှေရွာသားများ ဖြစ်ကြသည်။ 

 

သို့သော်လည်း ငယ်စဉ်ကတည်းက စကားအနည်းငယ်သာ ပြောဖူးကြပြီး အပြန်အလှန် အနည်းငယ် ရင်းနှီးကြခြင်းသာ ဖြစ်သည်။ 

 

ဟယ်ယဲ့ချင်းသည် ထိုအမျိုးသား၏ အမည်ကို 'ရှန်ကုန်းဇီ' ဟုသာ အမြဲတမ်း ထင်မှတ်ထားခဲ့ပြီး ယခုမှသာ သူ၏ နာမည်အရင်းကို ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်း ဖြစ်သည်။ 

 

ဪ... သူ့နာမည်က 'ရှန်လီ' တဲ့လား… 

 

အသံထွက်ချင်း ဆင်တူနေသဖြင့် မည်သည့် “လီ” စာလုံး ဖြစ်မည်ကို ဟယ်ယဲ့ချင်းက သေသေချာချာ မသိရသော်လည်း စိတ်ထဲတွင် ထိုနာမည်ကို အကြိမ်ကြိမ် ရွတ်ဆိုနေမိသည်။ 

 

ထပ်ခါတလဲလဲ ရွတ်ဆိုလေလေ၊ ထိုနာမည်က ပို၍ ရင်းနှီးနေလေလေ ဖြစ်လာပြီး... 

 

ထို့နောက်တွင်မူ လျှပ်စီးလက်သွားသကဲ့သို့ ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် တစ်ခုခုကို ရုတ်ချည်း သတိရသွားမိသည်။ 

 

နေပါဦး... ရှန်လီ ဟုတ်လား… ရှန်လီ တဲ့… 

 

သူက ဟိုဝတ္ထုထဲက အဓိက ဗီလိန်ကြီး မဟုတ်ဘူးလား…




🖼🖼🖼