Ch 2
Viewers 8

🖼အခန်း (၂) 

- အမြှောက်စာအရံ‌ဇာတ်ကောင်လေး ဟယ်ယဲ့ချင်း 

 


ဟယ်ယဲ့ချင်းသည် မူလက ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ခဲ့ပေ။ 

 

သူမ၏ မူလဘဝက ၂၁ ရာစုနှစ်တွင် ဖြစ်ပြီး၊ ပြည်နယ်တစ်ခုလုံးတွင် အမှတ်အများဆုံးရကာ ပေကျင်းတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိခဲ့သည့် အသက် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ 

 

တက္ကသိုလ်ဝင်ခွင့်စာလွှာကို လက်ခံရရှိခဲ့သည့် ညက အပျော်လွန်ကာ အိပ်မပျော်နိုင်သဖြင့် ဝတ္ထုတစ်အုပ်ကို ကောက်ကိုင်ကာ ဖတ်ရှုနေစဉ် စာအုပ်မဆုံးမီမှာပင် အိပ်ပျော်သွားခဲ့သည်ကို သူမ ကောင်းကောင်းမှတ်မိနေသေးသည်။ သို့သော် ပြန်လည်နိုးထလာချိန်တွင်မူ သူမက မွေးကင်းစ ကလေးငယ်တစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ရလေပြီ။ 

 

ပြောရလျှင် ဆယ့်ရှစ်နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့သမျှအရာအားလုံးသည် လွတ်လပ်ရေးမရမီ ခေတ်ဟောင်းကာလထံသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။ 

 

ပို၍ စိတ်ပျက်စရာကောင်းသည်က သူမ ကူးပြောင်းရောက်ရှိလာသည့် နေရာသည် ၁၉၇၀ ပြည့်လွန်နှစ်များထံမှ အဝတ်အစားနှင့် အစားအစာ အလွန်တရာ ရှားပါးလှသည့် ကျေးလက်တောရွာတစ်ရွာ ဖြစ်နေခြင်းပင် ဖြစ်၏။ 

 

သို့သော်လည်း ဘဝက ကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ရာ သူမအနေဖြင့် မည်သို့မျှ မတတ်နိုင်တော့ချေ။ 

 

ရောက်ရာအရပ်တွင် အခြေအနေနှင့်အညီ အကောင်းဆုံးဖြစ်အောင် နေထိုင်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ 

 

ထို့ကြောင့် ဟယ်ယဲ့ချင်းသည် ကန်းရွှေရွာရှိ ဟယ်မိသားစု၏ ဒုတိယမြောက်သမီးအဖြစ် အသက် ဆယ့်ရှစ်နှစ်အရွယ်အထိ ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြင့်သာ ရှင်သန်နေထိုင်လာခဲ့သည်။ 

 

အခြားသော ခေတ်ကူးဝတ္ထုများထဲမှ ဇာတ်လိုက်များကဲ့သို့ပင် ဟယ်ယဲ့ချင်းသည်လည်း ခေတ်ကာလတစ်ခုသို့ ကူးပြောင်းလာပြီးနောက် လူထုကြားတွင် ထင်ပေါ်ကျော်ကြားပြီး အောင်မြင်မှုအကြီးအကျယ် ရရှိရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ 

 

အကြောင်းကမူ သူမသည် အရင်ဘဝ၌ ခေတ်ကာလနောက်ခံ ဝတ္ထုအချို့ကို ဖတ်ရှုဖူးသောကြောင့်ပင်။ 

 

ထိုဝတ္ထုများ၏ ယေဘုယျဇာတ်ကွက်များအရဆိုလျှင် ၁၉၇၀ ပြည့်လွန်နှစ်များတွင် စျေးကွက်စီးပွားရေး၌ ပါဝင်ပတ်သက်ပြီး သူမ၏ ပထမဆုံးသော ရွှေအိုးကြီးကို စတင်ရှာဖွေ စုဆောင်းနိုင်သည်။ 

 

ထို့နောက် ၁၉၈၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒများ စတင်လာချိန်၌ ချက်ချင်းဆိုသလို စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ကာ ပထမဆုံးသော သူဌေးကြီးများစာရင်းတွင် ပါဝင်နိုင်ရမည်။ 

 

သို့သော်လည်း စိတ်ကူးက လှပသလောက် လက်တွေ့ကမူ အလွန်ပင် ကြမ်းတမ်းလှပေသည်။ 

 

နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်သည့် ထိုနှစ်တွင် သူမက အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးမျှသာ ရှိသေးသည်။ ထိုကဲ့သို့ ခြေသေးသေး လက်သေးသေးနှင့် ကလေးဘဝဖြင့် သူမက မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ချေ။ 

 

ဒါမှမဟုတ် မိသားစုကို အားကိုးရမှာလား… 

 

သူမ၏ မိဘများကို ပြန်တွေးမိသည့်အခါတွင်မူ ဟယ်ယဲ့ချင်း တစ်ချက်မျှ ဆွံ့အသွားရပြန်သည်။ 

 

အချိန်ကြာလာသည်နှင့်အမျှ ဟယ်ယဲ့ချင်းသည် ဤစီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရလေသည်။ 

 

အရင်ဘဝတွင် သူမသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစ မိန်းကလေးတစ်ဦးသာဖြစ်ပြီး လူမှုပတ်ဝန်းကျင်လောကထဲသို့ တစ်ကြိမ်မျှ ခြေမချဖူးသေးသဖြင့် စီးပွားရေးလုပ်ရန်အတွက် မွေးရာပါပါရမီ လုံးဝမရှိပေ။ ထို့ကြောင့် ဘဝသစ်တွင် ပြန်လည်စတင်ရမည်ဆိုပါက စာကိုသာ ကြိုးစားပမ်းစားသင်ယူပြီး တက္ကသိုလ်တက်ရောက်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။ 

 

ဤခေတ်ကာလတွင် တက္ကသိုလ်ကျောင်းသားများ၏ တန်ဖိုးက အလွန်ပင် မြင့်မားလှသည်။ 

 

ထို့အပြင် ဟယ်ယဲ့ချင်းသည် အရင်ဘဝတွင် သူမ ရရှိခဲ့သည့်၊ အသစ်စက်စက်အတိုင်း ရှိနေဆဲဖြစ်သော ပေကျင်းတက္ကသိုလ်ဝင်ခွင့်စာလွှာကို စိတ်ထဲတွင် အမြဲတစေ စွဲလန်းနေခဲ့သည်။ 

 

ဤဘဝတွင်မူ သူမက ပေကျင်းတက္ကသိုလ်သို့ မဖြစ်မနေတက်ရောက်ရန် ခိုင်ခိုင်မာမာဆုံးဖြတ်ထားသည်။ 

 

ဤအကြောင်းအရာများက အနည်းငယ် ဝေးကွာသွားပြီဖြစ်၍ သူမ ခေတ်မကူးမီက ဖတ်ခဲ့ဖူးသည့် ဝတ္ထုအကြောင်းထံသို့ ပြန်သွားကြပါစို့။ 

 

အချိန်ကာလ ကြာမြင့်သွားခဲ့ပြီဖြစ်သည့်အပြင် အရောင်းရဆုံးစာရင်းဝင် ဝတ္ထုများ၏ နာမည်များကလည်း ဆင်တူရိုးမှားဖြစ်နေသဖြင့် ဟယ်ယဲ့ချင်းက ထိုဝတ္ထု၏ တိကျသော အမည်နာမကို မမှတ်မိတော့ပေ။ 

 

သူမ ဝေဝေဝါးဝါး မှတ်မိသည်က ထိုဇာတ်လမ်းသည် ၁၉၉၀ ပြည့်လွန်နှစ်များကို နောက်ခံပြုထားပြီး အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်နောက်သို့ တကောက်ကောက်လိုက်ကာ အချစ်ကို တောင်းခံရသည့် 'ဇနီးကို ပြန်လိုက်ရသော' ရိုမန့်စ်ဝတ္ထုအမျိုးအစားတစ်ခု ဟူ၍သာ ဖြစ်၏။ 

 

အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့သည် လူနေအိမ်ရာဝင်းတစ်ခုတည်းတွင် အတူတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်သည် ငယ်သူငယ်ချင်းဖြစ်သော အမျိုးသားဇာတ်လိုက်အပေါ် ငယ်စဉ်ကတည်းက တိတ်တခိုး ချစ်မြတ်နိုးခဲ့သော်လည်း အမျိုးသားဇာတ်လိုက်ကမူ သူမကို ညီမအရင်းတစ်ယောက်လိုသာ သဘောထားခဲ့သည်။


ထို့ကြောင့် အမျိုးသမီးဇာတ်လိုက်သည် အမျိုးသားဇာတ်လိုက်၏ ရည်းစားများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲနေသည်ကို ဘေးမှနေ၍ ရင်နာနာဖြင့်သာ စောင့်ကြည့်နေခဲ့ရရှာသည်။ 

 

နောက်ပိုင်းတွင်မှ အမျိုးသမီးဇာတ်လိုက်က စိတ်ပျက်အားလျော့ကာ သူ့အနားမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည့်အခါမှသာ အမျိုးသားဇာတ်လိုက်သည် သူအမှန်တကယ် ချစ်မြတ်နိုးရသူက ငယ်သူငယ်ချင်းသာဖြစ်ကြောင်း သဘောပေါက်သွားပြီး နောင်တတရားများဖြင့် ဇနီးလောင်းနောက်သို့ အသည်းအသန် လိုက်လံချော့မြူရသည့် ဇာတ်ကွက် ဖြစ်သည်။ 

 

ဝတ္ထု၏ နိဂုံးပိုင်းတွင်မူ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်၏ အချစ်ကို ပြန်လည်ရရှိသွားပြီး ပျော်ရွှင်စွာဖြင့် ပေါင်းဖက်သွားကြသည်က ဓမ္မတာပင်။ 

 

အမှန်စင်စစ် ဟယ်ယဲ့ချင်းသည် ဝတ္ထုကို အဆုံးထိ မဖတ်ဖြစ်ခဲ့ပေ။ ယခုသူမ ပြောပြသည့် နိဂုံးက ဝတ္ထုများ၏ ရိုးရိုးစင်းစင်း ဇာတ်ကွက်များအပေါ် အခြေခံ၍ ခန့်မှန်းထားခြင်းသာ ဖြစ်သည်။ 

 

'ရှန်လီ' နှင့် ပတ်သက်၍မူ သူက ထိုစာအုပ်ထဲတွင် အလွန်ဩဇာအာဏာကြီးမားသော အဓိကဗီလိန်ဇာတ်ကောင် ဖြစ်သည်။ 

 

မူရင်းဝတ္ထုထဲတွင် ရှန်လီသည် အလွန်တရာ အောင်မြင်ကျော်ကြားသော စီးပွားရေးသမားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူက ကောက်ကျစ်ပြီး ပရိယာယ်များလှသူ၊ အမျိုးသမီးများကို ရှောင်ကြဉ်သူဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်ကာ သွေးအေးလွန်းသူဖြစ်သည်။ သူက အမျိုးသားဇာတ်လိုက်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သူလည်း ဖြစ်သည်။ 

 

သူသည် အစကတည်းက ဗီလိန်အစစ် ဖြစ်သော်လည်း မမျှော်လင့်ဘဲ မူရင်းဝတ္ထုထဲတွင် စာဖတ်သူများကို ဆွဲဆောင်နိုင်သည့် နက်နဲသော စရိုက်လက္ခဏာများ ရှိနေခဲ့သည်။ 

 

ထို့ကြောင့်ပင် စာဖတ်သူအများအပြားက မှတ်ချက်ကဏ္ဍတွင် ထိုဗီလိန်ကိုသာ အာဏာရရှိစေချင်ကြောင်း ဆူညံစွာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ 

 

ဟယ်ယဲ့ချင်းသည် ထိုဗီလိန်ကို အောင်မြင်စေချင်သည့် စာဖတ်သူများထဲတွင် မပါဝင်ခဲ့သော်လည်း ရှန်လီ၏ ဇာတ်ကောင်စရိုက်က အလွန်ပင် ပီပြင်ပြောင်မြောက်လှကြောင်း ဝန်ခံရမည်ဖြစ်ပြီး၊ ၎င်းသည် သူမ ဤဝတ္ထုထဲတွင် စိတ်ဝင်တစား နစ်မြောခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ခဲ့သည်။ 

 

ယခု ဟယ်ယဲ့ချင်း သူမဘာသာ ပြန်စဉ်းစားကြည့်သည့်အခါမှသာ တစ်စုံတစ်ခုကို ကောင်းကောင်း သတိရသွားတော့သည်။ 

 

သူမ၏ အရင်ဘဝမှ နာမည်နှင့် ယခုဘဝမှ နာမည် 'ဟယ်ယဲ့ချင်း' က တရုတ်စာလုံးချင်း ထပ်တူမကျသော်လည်း ၎င်းတို့နှစ်ခုလုံးတွင် “ချင်း [Qing/အစိမ်းရောင်]” ဆိုသည့် စာလုံး ပါဝင်နေသည်။ 

 

ဤသို့ “ချင်း” ဟူသော စာလုံး တူညီနေခြင်းကြောင့်ပင် မူရင်းဝတ္ထုထဲတွင် “ဟယ်ယဲ့ချင်း” ဟူသော နာမည် ပေါ်လာတိုင်း သူမက ပို၍ အာရုံစိုက်ကာ ဖတ်ရှုမိခဲ့ခြင်း ဖြစ်သည်။ 

 

ဇာတ်ကွက်တစ်ခုတွင် အမျိုးသမီးဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်တို့ ရန်ဖြစ်နေကြစဉ် အမျိုးသမီးဇာတ်လိုက်က ငိုယိုကာ အမျိုးသားဇာတ်လိုက်ကို မေးမြန်းခဲ့သည့် အခန်းတစ်ခု ရှိခဲ့ဖူးသည်။  


“ရှင် အခုထိ ဟယ်ယဲ့ချင်းကို မေ့လို့မရသေးဘူး မဟုတ်လား…” 

 

ထိုအချိန်တွင် အမျိုးသားဇာတ်လိုက်က အခြားအလုပ်တစ်ခုဖြင့် ရှုပ်နေသဖြင့် ဝတ်ကျေတန်းကျေပင် ပြန်လည်ဖြေကြားခဲ့သည်။  


“ပြဿနာရှာမနေနဲ့တော့... သူ သေသွားတာ ကြာပြီ…” 

 

ဤစကားနှစ်ခွန်းမှလွဲ၍ တစ်အုပ်လုံးတွင် “ဟယ်ယဲ့ချင်း” နှင့် ပတ်သက်သော အခြားမည်သည့် ဇာတ်ကွက်မျှ ပါဝင်ခြင်း မရှိတော့ပေ။ 

 

ထိုဇာတ်ကွက်ကို ယခုအချိန်တွင် ပြန်တွေးမိသောအခါ ဟယ်ယဲ့ချင်း တစ်ယောက် ဆွံ့အသွားမိတော့သည်။ 

 

ဤစကားဝိုင်းကို အခြေခံ၍ ကြည့်ရလျှင် စာအုပ်ထဲမှ ဟယ်ယဲ့ချင်းသည် အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့ရသည့် အမျိုးသားဇာတ်လိုက်၏ ရည်းစားဟောင်းများထဲမှ တစ်ယောက် ဖြစ်ဟန်တူသည်။ အတိုချုပ်ပြောရလျှင် သူမက ဇာတ်လမ်းအစောပိုင်းတွင်တင် ပျောက်ကွယ်သွားရမည့် 'အမြှောက်စာအရံ‌ဇာတ်ကောင်' သက်သက်မျှသာ ဖြစ်သည်။ 

 

သို့သော်လည်း “ဟယ်ယဲ့ချင်း” ဟူသော နာမည်တူသူများစွာ ရှိနေနိုင်သည့်အပြင် စာအုပ်ထဲမှ ဇာတ်ကောင်ကလည်း သူမနှင့် အလွန်ဝေးကွာလှသဖြင့် သူမက လက်ရှိရင်ဆိုင်နေရသော အခြေအနေကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ 

 

တက္ကသိုလ်ဝင်စာမေးပွဲအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် မတော်တဆမှု နှစ်ခုကို တွေးမိသောအခါ ဟယ်ယဲ့ချင်း၏ စိတ်အခြေအနေက လေးလံထိုင်းမှိုင်းသွားရပြန်သည်။ 

 

မြို့ထဲမှ ရွာသို့ ဆယ်မိုင်ကျော်ခရီးကို ခြေကျင်လျှောက်လျှင် တစ်နာရီကျော်ခန့် ကြာမြင့်မည်ဖြစ်သည်။ 

 

ကံကောင်းထောက်မစွာဖြင့် လမ်းခုလတ်တွင် ရွာမှ မြည်းလှည်းတစ်စီးနှင့် ဆုံသဖြင့် ဟယ်ယဲ့ချင်းလည်း လိုက်ပါစီးနင်းခွင့် ရခဲ့သည်။ 

 

ဟယ်ယဲ့ချင်းက ရုပ်ရည်ချောမောလှပသည့်အပြင် နှုတ်ချိုသူလည်း ဖြစ်သည်။ သူမက လူတိုင်းကို အမြဲပြုံးရွှင်စွာ ဆက်ဆံတတ်သဖြင့် ရွာထဲတွင် အတော်လေး လူချစ်လူခင် ပေါများသူ ဖြစ်သည်။ 

 

လှည်းပေါ်တွင် ရွာမှ အမျိုးသမီးအချို့လည်း ပါလာကြပြီး သူမကို ပြုံးရွှင်စွာဖြင့် လှမ်းမေးကြသည်။


“ချင်းချင်း... စာမေးပွဲ ဖြေပြီးပြီလား… ဘယ်လိုလဲ... အဆင်ပြေရဲ့လား…” 

 

ဟယ်ယဲ့ချင်းက ပြုံးလိုက်ပြီး ဆိုသည်။ 

“ပုံမှန်ပါပဲ အဒေါ်…” 

 

သူမ စာမေးပွဲတစ်ခု ပျက်ကွက်ခဲ့သည့်အကြောင်းကို ထည့်မပြောခဲ့ပေ။ ထိုကဲ့သို့သော အကြောင်းအရာများကို ပြောပြနေခြင်းက အပိုသာဖြစ်ပြီး ရွာထဲတွင် အတင်းအဖျင်းစကားများ တိုးပွားလာစေရန် ဖန်တီးပေးသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ 

 

လှည်းဖြင့် သွားရခြင်းက ခြေကျင်လျှောက်ရသည်ထက် များစွာ မြန်ဆန်လှသည်။ စကားစမြည် ပြောဆိုနေကြရင်းဖြင့်ပင် မကြာမီ ရွာအဝင်ဝသို့ ရောက်ရှိလာလေသည်။ 

 

ဟယ်ယဲ့ချင်းသည် လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အခြားသူများကို ပြုံး၍ နှုတ်ဆက်လိုက်သည်။ လှည်းပေါ်မှ လူများက လှည့်ထွက်သွားသော ဟယ်ယဲ့ချင်း၏ ကျောပြင်ကို ကြည့်ကာ အမျိုးသမီးတစ်ဦးက မချင့်မရဲဖြင့် သက်ပြင်းချလိုက်၏။  


“အာ့ရွှမ်းတို့ မိသားစုကတော့ သူတို့ ဘိုးဘွားတွေရဲ့ ကုသိုလ်ကံကြောင့် ဒီလို သမီးချောလေး ရထားတာပဲ…” 

 

“နှမြောစရာပဲ... ဒါလေးသာ ယောက်ျားလေး ဖြစ်ခဲ့ရင်...” 

 

“ဟင်း... အဲဒီလင်မယား နှစ်ယောက်ကတော့ တကယ်ကို ပြောရခက်တဲ့ လူတွေပဲ…” 

 

“ဟုတ်ပ... ဒါပေမဲ့ မိန်းကလေး ဖြစ်နေရင်တောင် ဒီရွှေရောင်ဖီးနစ်လေးကတော့ ငါတို့တောင်ပေါ်ရွာကနေ တစ်နေ့ ပျံထွက်သွားမှာ သေချာပါတယ်…” 

 

“ဒါပေမဲ့ အဲဒါကလည်း သေချာလှတာ မဟုတ်ဘူး… အာ့ရွှမ်းနဲ့ သူ့မိန်းမကရော ခွင့်ပြုပါ့မလား…” 

 

ရွာသားများ မည်သည့်အကြောင်း ပြောနေကြသည်ကို ဟယ်ယဲ့ချင်းက မသိရှိဘဲ ဤအချိန်တွင် သူမက သူမအိမ်၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

 

ဟယ်မိသားစု၏ အိမ်က ရွာထဲရှိ သာမန်လယ်သမားအိမ်များအတိုင်း ဟောင်းနွမ်းကာ ယိုယွင်းပျက်စီးနေသော ပုံစံရှိသည်။ 

 

ကျေးလက်တောရွာများတွင် အိမ်တိုင်း၏ တံခါးများကို အမြဲ ဖွင့်လှစ်ထားလေ့ရှိသည်က ဓမ္မတာပင် ဖြစ်သည်။ 

 

ဟယ်မိသားစု၏ အိမ်တံခါးကလည်း ဖွင့်ထားပြီး အတော်လေး သန့်ရှင်းသပ်ရပ်သော အိမ်ဝင်းလေးကို မြင်တွေ့နေရသည်။ 

 

ဖခင်ဖြစ်သူ 'ဟယ်အာ့ရွှမ်း' က လယ်ကွင်းထဲမှ ပြန်လာခါစ ဖြစ်ဟန်တူသည်။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် အင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ သစ်ခေါက်ကဲ့သို့ ညိုမည်းခြောက်သွေ့သော အသားအရေက ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ 

 

သူက အိမ်ဝင်းအလယ်ရှိ ကုလားထိုင်အသေးလေးတစ်ခုပေါ်တွင် ထိုင်ကာ လက်လိပ်ဆေးလိပ်ကို သောက်နေလေသည်။ 

 

တံခါးဝတွင် လူရိပ်လူခြေ မြင်လိုက်သဖြင့် သူက လှမ်းကြည့်လိုက်ရာ ဟယ်ယဲ့ချင်း ဖြစ်နေသည်ကို မြင်သောအခါ အေးစက်စွာဖြင့် အကြည့်ကို ချက်ချင်း လွှဲဖယ်သွားလေသည်။ ထို့နောက် အိမ်ဝင်း၏ အခြားတစ်ဖက်တွင် ဆော့ကစားပြေးလွှားနေသော အသက်ခြောက်နှစ်အရွယ် 'ဟယ်ကျားဝမ်' ထံသို့ အကြည့်ကို ပို့လိုက်ပြီးမှသာ သူ့မျက်ဝန်းတွင် အပြုံးအရိပ်အယောင်အချို့ ပေါ်လာတော့သည်။ 

 

ဟယ်ကျားဝမ်သည်လည်း ဟယ်ယဲ့ချင်း ပြန်လာသည်ကို မြင်လိုက်သည်။ သူ၏ သိပ်မကြီးလှသော မျက်လုံးလေးများက ကလယ်ကလယ်ဖြစ်သွားပြီး သူမထံသို့ ချက်ချင်း ပြေးလာကာ ချိုသာစွာဖြင့် လှမ်းအော်လိုက်သည်။  


“ဒုတိယအစ်မ... သားအတွက် မုန့်ဝယ်လာပေးလား…” 

 

“မဝယ်လာဘူး…”  

ဟယ်ယဲ့ချင်းက အေးစက်စွာ ပြောလိုက်သည်။ 

 

“မုန့်လည်း ဝယ်မလာပေးဘူး... သား ဒုတိယအစ်မကို မချစ်တော့ဘူး…”  


ဟယ်ကျားဝမ်က စိတ်ကောက်ကာ နှုတ်ခမ်းစူလျက် ဒေါသတကြီး ပြေးထွက်သွားလေသည်။ 

 

ဟယ်ယဲ့ချင်းကမူ သူ့ကို အရေးမစိုက်ဘဲ ထားလိုက်၏။ 

 

ထိုစဉ် မီးဖိုချောင်ထဲမှ လူတစ်ယောက် ထွက်လာခဲ့ရာ သူမက အခြားသူမဟုတ်ဘဲ ဟယ်ယဲ့ချင်း၏ မိခင်ဖြစ်သူ ‘နျိုချွန်းဟုန်’ ပင် ဖြစ်သည်။ 

 

နျိုချွန်းဟုန်သည် အသက်လေးဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း ပင်ပန်းဆင်းရဲမှုများကြောင့် အမှန်တကယ်အသက်ထက် ဆယ်နှစ်ခန့် ပို၍ အိုမင်းရင့်ရော်နေပုံရသည်။ သူမက အရပ်အမောင်း အနည်းငယ် ပုပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဦးခေါင်းနောက်တွင် စုစည်း၍ ထုံးဖွဲ့ထားကာ လက်ထဲတွင်လည်း ယောင်းမတစ်ချောင်းကို ကိုင်ထားသည်။ 

 

ဟယ်ယဲ့ချင်းကို မြင်လိုက်ရသောအခါ နျိုချွန်းဟုန်၏ နှုတ်ခမ်းများက တုန်ရီသွားပြီး အသံတိုးတိုးဖြင့် ခေါ်ရှာသည်။ 


“ချင်းချင်း...” 

 

မိခင်ဖြစ်သူ၏ ထိုကဲ့သို့သော ပုံစံကို မြင်လိုက်ရသည့်အခါ ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရသည်။ မိမိနှင့် အနီးကပ်ဆုံး ဖြစ်ရမည့် မိသားစုအရင်းအချာများထံမှ ယခုကဲ့သို့ စိမ်းကားရက်စက်သော ဆက်ဆံမှုမျိုးကို ခံရသည့်အခါ မည်သူမဆို ခံစားရခက်မည်က အမှန်ပင်ဖြစ်သည်။ 

 

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟယ်ယဲ့ချင်း၏ စိတ်အစဉ်တွင် မကျေနပ်မှုနှင့် နာကျည်းမှုများ အတိုင်းအဆမရှိ ပြည့်နှက်နေခဲ့သော်လည်း ယခုကဲ့သို့ မိဘနှစ်ပါးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူတို့ကို မည်သို့သော မျက်နှာထားဖြင့် ရင်ဆိုင်ရမည်ကိုပင် သူမ ဝေခွဲမရတော့ချေ။ 

 

ငါ အိမ်သားတွေကို အကြီးအကျယ် ရန်ထောင်၊ အသံကုန်အော်ဟစ်ပြီး စကားများရမှာလား…


သူမ၏မိဘများ၏ ခေါင်းမာပြီး ရှေးရိုးစွဲဆန်လှသော စရိုက်သဘာဝကို ပြန်လည်တွေးတောမိသည့်အခါ ဟယ်ယဲ့ချင်းက ထိုစိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။ သူမက တင်းမာခက်ထန်သော မျက်နှာထားဖြင့် အိမ်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်ကာ သူမ၏ အခန်းငယ်လေးထံသို့သာ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။ 

 

ဟယ်ယဲ့ချင်း၏ အခန်းက အလွန်အမင်း မကျယ်ဝန်းလှပေ။ ယခင်ကမူ ဤအခန်းငယ်လေးကို သူမနှင့် သူမ၏ အစ်မဖြစ်သူ ‘ဟယ်ဟွာဟွာ’ တို့ နှစ်ယောက် အတူတကွ မျှဝေအသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ 

 

လွန်ခဲ့သော နှစ်နှစ်ခန့်က အစ်မဖြစ်သူ ဟယ်ဟွာဟွာက အိမ်ထောင်ပြုပြီး အခြားသို့ပြောင်းရွှေ့သွားခဲ့သည်။ ယခုအခါတွင်မူ ဟယ်ယဲ့ချင်းတစ်ယောက်တည်း သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်ရရှိနေခြင်းဖြစ်ရာ ဤအခန်းလေးက သူမအတွက် အတော်လေး ကျယ်ဝန်းသည်ဟု ဆိုနိုင်ပေသည်။ 

 

ဟယ်မိသားစု၏ နောက်ခံအခြေအနေနှင့် အတွင်းရေးကိစ္စရပ်များက အလွန်အမင်း မရှုပ်ထွေးလှသော်လည်း ရိုးရှင်းလှခြင်းလည်း မဟုတ်ချေ။ 

 

အိမ်ထောင်ကျပြီး အပြင်သို့ ရောက်ရှိသွားသော အစ်မဖြစ်သူ ဟယ်ဟွာဟွာကို ဖယ်ထုတ်လိုက်လျှင် ယခုအခါ ဟယ်မိသားစုတွင် အိမ်ထောင်ဦးစီး ဖခင်၊ မိခင်၊ ဟယ်ယဲ့ချင်းနှင့် မောင်ငယ်လေး ဟယ်ကျားဝမ်ဟူ၍ လူဦးရေ လေးယောက်သာ ကျန်ရှိတော့သည်။ 

 

ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့သည် ကျေးလက်တောရွာမှ သာမန်ရိုးသားဖြောင့်မတ်သော လယ်သမားဇနီးမောင်နှံများ ဖြစ်ကြသော်လည်း သူတို့တွင် ကိုယ်စီကိုယ်စီ ထူးခြားသော စရိုက်ဆိုးများ ရှိကြသည်။ 

 

အတိအကျ ပြောရလျှင် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် အပြင်တွင် သူတစ်ပါးခိုင်းသမျှကို ခေါင်းငုံ့ခံကာ အလိုလိုက် အကြိုက်ဆောင်တတ်သော်လည်း မိမိအိမ်တွင်းသို့ ရောက်ရှိလာသည့်အခါတွင်မူ အာဏာရှင်ဆန်လှသော အိမ်ထောင်ဦးစီးကြီးအလား ပြုမူတတ်သူဖြစ်သည်။ ထို့အပြင် သူ့တွင် အလွန်ထင်ရှားပြီး ပြင်မရသော စရိုက်လက္ခဏာကြီးတစ်ခု ရှိနေသေးသည်။ ၎င်းက သမီးများကို အရေးမထားဘဲ သားသမီးရတနာတွင် ယောက်ျားလေးကိုသာ အလွန်အမင်း အသားပေးလိုလားခြင်းပင် ဖြစ်သည်။ 

 

ကျေးလက်တောရွာများတွင် သမီးများထက် သားများကို ပိုမိုမျက်နှာသာပေးခြင်းက ဆန်းပြားသောအရာတစ်ခု မဟုတ်ချေ။ ကန်းရွှေရွာတစ်ရွာလုံးတွင် သားကို ပို၍မချစ်သော မိသားစုဟူ၍ မရှိသလောက် ရှားပါးလှသော်လည်း သူတို့၏ မျက်နှာလိုက်မှု အတိုင်းအဆချင်းကမူ တစ်အိမ်နှင့်တစ်အိမ် မတူညီကြပေ။ 

 

ဟယ်အာ့ရွှမ်း၏ သားကိုအသားပေးမှုနှင့် သမီးများအပေါ် ခွဲခြားဆက်ဆံမှုကမူ အစွန်းရောက်လောက်အောင် ပြင်းထန်လွန်းလှသည်ဟု ဆိုရမည်။ 

 

ဟယ်ယဲ့ချင်း၏ ငယ်စဉ်က‌လေးဘဝ မှတ်ဉာဏ်များအရပင် လွန်ကဲလှသော ဖြစ်ရပ်အချို့ကို ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ 

 

ပထမဆုံးဖြစ်ရပ်က ရွာသားများအကြား ယနေ့တိုင် အတင်းအဖျင်း ပြောဆိုနေကြဆဲ ကိစ္စတစ်ခု ဖြစ်သည်။ ယခင်က မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ခရိုင်ဆေးရုံတွင် ဟယ်ယဲ့ချင်းကို မွေးဖွားခဲ့စဉ်က ဖြစ်သည်။ ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် မွေးဖွားလာသော ကလေးငယ်က ဒုတိယမြောက် သမီးမိန်းကလေးဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ ဒေါသတကြီးဖြင့် ဆေးရုံသို့ သွားရောက်၍ သားအမိနှစ်ယောက်ကို အိမ်ပြန်ရန် လိုက်လံခေါ်ဆောင်ခြင်း လုံးဝမပြုခဲ့ပေ။ နောက်ဆုံးတွင် ရွာမှ စိတ်နှလုံးကောင်းရှိသော လမ်းကြုံလှည်းသမားတစ်ဦးက သနားသဖြင့် ခေါ်ဆောင်ပေးခဲ့၍သာ သူတို့ သားအမိနှစ်ဦး အိမ်သို့ အဆင်ပြေပြေ ပြန်လည်ရောက်ရှိခဲ့ကြရခြင်း ဖြစ်သည်။ 

 

ဒုတိယမြောက် ဖြစ်ရပ်ကမူ ဟယ်ယဲ့ချင်းကိုယ်တိုင် ခါးသီးစွာ ခံစားခဲ့ရသော လက်တွေ့ဘဝ အတွေ့အကြုံတစ်ခုပင် ဖြစ်၏။ 

 

မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ဟယ်ယဲ့ချင်းကို ခဲယဉ်းစွာ မွေးဖွားခဲ့ရသဖြင့် မီးတွင်းထဲတွင်ပင် သူမ၏ ကျန်းမာရေးက အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရသည်။ ထို့နောက် ဆရာဝန်များက သူမက နောင်တွင် ကလေး ထပ်မံရရှိရန် မဖြစ်နိုင်တော့ကြောင်း အတည်ပြုပေးခဲ့ကြသည်။ ဤရောဂါအခြေအနေက ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းအတွက် မိမိ၏ သွေးသားရင်းဖြစ်သော သားယောက်ျားလေးတစ်ယောက် ရရှိနိုင်မည့် မျှော်လင့်ချက်မီးတောက်ကို အပြီးတိုင် ငြှိမ်းသတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ 

 

ထို့ကြောင့် ဟယ်ယဲ့ချင်း၏ မှတ်ဉာဏ်ထဲတွင် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် အမြဲတမ်း ခက်ထန်တင်းမာသော မျက်နှာထား ရှိခဲ့ပြီး သူမနှင့် သူမ၏အစ်မ ဟယ်ဟွာဟွာတို့အပေါ် တစ်ကြိမ်တစ်ခါမျှ ကြင်နာတတ်သော မျက်ဝန်းများဖြင့် ကြည့်ရှုခဲ့ခြင်း မရှိခဲ့ချေ။ 

 

ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ ဇနီးမောင်နှံနှစ်ဦးလုံးသည် ကျန်းမာသန်စွမ်းပြီး လယ်ယာလုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ကိုင်နိုင်ကြသူများ ဖြစ်ကြသော်လည်း ဟယ်ယဲ့ချင်း၏ ကလေးဘဝကမူ စိုပြည်လှပခြင်းမရှိခဲ့ဘဲ ငတ်မွတ်ခေါင်းပါးမှုနှင့်သာ အမြဲတစေ ရင်ဆိုင်ခဲ့ရရှာသည်။ 

 

အကြောင်းကမူ ဟယ်မိသားစု၏ လုပ်အားမှ ရရှိသမျှသော သီးနှံနှင့် ငွေကြေးဓန အားလုံးကို ဟော်ယဲ့ချင်း၏ အကြီးဆုံးဦးလေးဖြစ်သူ ‘ဟယ်သာ့ရွှမ်း’ နှင့် အငယ်ဆုံးဦးလေးဖြစ်သူ ‘ဟယ်စန်းရွှမ်း’ တို့က အိမ်သို့ လာရောက်ကာ နည်းမျိုးစုံဖြင့် လုယက်ယူငင်သွားကြသောကြောင့်ပင်။


၎င်းကလည်း အခြားသောအကြောင်းပြချက်ကြောင့် မဟုတ်ပေ။ ထိုဦးလေးနှစ်ယောက်စလုံးတွင် သားယောက်ျားလေးများ ကိုယ်စီ ထွန်းကားထားကြသောကြောင့်သာ ဖြစ်လေသည်။ 



🖼🖼🖼