Chapter -1
အဝင်ဝတစ်ခုလုံးသည် ညစ်ပတ်ပေရေလို့နေပြီး ကြမ်းပြင်ပေါ်မှာလည်း သွေးခြောက်တွေနဲ့ ညှော်စော်နံနေတဲ့ အသားစတွေ ပျံ့ကြဲနေခဲ့သည်။
အိမ်ရှင်က ရေပုံးတစ်လုံး၊ ကြမ်းတိုက်တံတစ်ခုနဲ့ သုတ်သီးသုတ်ပျာ ထွက်လာပြီး "စိတ်မရှိပါနဲ့ဗျာ... အခုချက်ချင်း ရှင်းပေးပါ့မယ် ဘာမှ အာရုံမထားပါနဲ့" လို့ မျက်နှာချိုသွေးရင်း အလောတကြီး တောင်းပန်ရှာသည်။
ကြမ်းတိုက်တံနဲ့ ဆွဲလိုက်တဲ့အခါ ကြမ်းပြင်ပေါ်မှာ သွေးတွေက ပေပွပြီး လိုင်းတွေ ထင်ကျန်ရစ်ခဲ့ကာ စိုစွတ်နေတဲ့ အဝတ်စနဲ့အတူ အသားစတွေပါ တရွတ်တိုက် ပါလာတော့သည်။ အသားတုံး အဖတ်ကြီးတွေကိုတော့ အမှိုက်ပုံးထဲ ဖြစ်သလိုပဲ ပစ်ထည့်လိုက်လေ၏။
မြင်ကွင်းက ရွံရှာစရာ ကောင်းလွန်းတာကြောင့် ဘေးမှာရှိနေတဲ့ မိန်းကလေးတွေဆိုရင် အော့အန်ကုန်ကြတော့သည်။ သွေးသံရဲရဲ မြင်ကွင်းတွေကို ကျင်လည်နေကျဖြစ်တဲ့ လူသန်ကြီးတွေတောင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး ရင်ထဲက အန်ချင်စိတ်ကို အောင့်ထားရလွန်းလို့ နံရံကို လက်နဲ့တွန်းပြီး မနည်း တောင့်ခံထားကြရသည်။
လက်ထဲမှာ ကြမ်းတိုက်တံနဲ့ အမှိုက်ပုံးကို ကိုင်ထားတဲ့ အိမ်ရှင်က လူအုပ်ကြီးရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာအမူအရာတွေကို လျစ်လျူရှုထားလိုက်ပြီး "မင်းတို့အားလုံးသာ ငါပြောတာကို သေချာနားထောင်ခဲ့ရင် ငါလည်း ဒီလို ကြမ်းပြင်ကြီးကို ပင်ပင်ပန်းပန်း လိုက်သုတ်နေရမှာ မဟုတ်ဘူး" လို့ ပြောလိုက်သည်။
သူ့နှုတ်က ဒီလိုပြောနေပေမဲ့ မျက်နှာပေးကတော့ လောဘဇောတွေ တက်နေပြီး အမှိုက်ပုံးထဲက အသားတုံးကြီးတွေကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ စကားပြောနေရင်းနဲ့လည်း တံတွေးကို ဂလုခနဲ မျိုချမိနေတော့၏။
"ဒီခေတ် လူငယ်တွေက ဘယ်တော့မှ နားမထောင်ကြဘူး မဟုတ်လား။ အခုတော့ သင်ခန်းစာရသွားကြပြီမလား ငါပြောသားပဲ လျှောက်မသွားပါနဲ့လို့... နားထောင်စမ်းပါ"
အိမ်ရှင်က 'နားထောင်' ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါတလဲလဲ ပြောနေသော်လည်း စိတ်ထဲကတော့ ကစားသမားအားလုံး စည်းကမ်းဖောက်ဖျက်ကြဖို့ကိုပဲ တိတ်တဆိတ် မျှော်လင့်နေမိသည်။
ဧည့်ခန်းမထဲမှာတော့ လူကိုးယောက်ရှိနေပြီး အိမ်ရှင်ရဲ့ ဟန်ဆောင်ပန်ဆောင် ဆုံးမစကားတွေပြီးလို့ အသားတွေအပြည့်နဲ့ အမှိုက်ပုံးကို သယ်ကာ အပေါ်ထပ်ကို အလောတကြီး တက်သွားသည်အထိ အားလုံးက အေးစက်စက် အကြည့်တွေနဲ့ပဲ စိုက်ကြည့်နေကြတော့သည်။
ဧည့်ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားစဉ်မှာပဲ လူငယ်တစ်ယောက်က "အိမ်ရှင်က အဲ့ဒီအသားတုံးကြီးတွေကို ဘာလုပ်မလို့လဲမသိဘူး သူကိုယ်တိုင် စားမလို့တော့ မဟုတ်ပါဘူးနော်" ဟု သိချင်စိတ်ဖြင့် ရုတ်တရက် ဝင်မေးလိုက်သည်။
ထိုအရေးကို တွေးမိရုံမျှဖြင့်တင် အားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြပြီး အိမ်ရှင်တစ်ယောက် စောစောက တံတွေးတွေ ခဏခဏ မျိုချနေခဲ့ပုံကို ပြန်သတိရသွားကြသည်။ သူသည် ထိုအသားပုံကြီးကို စားရန် ကြံစည်နေသည်မှာ လုံးဝနီးပါး သေချာနေပြီဖြစ်သည်။
ဒါပေမဲ့ ဒါက လူသားတွေလေ။ အပိုင်းပိုင်း အဖတ်ဖတ်ဖြစ်အောင် နုပ်နုပ်စင်းထားရင်တောင် လူသားဖြစ်နေတုန်းပဲ မဟုတ်ပါလား။
ထိုစဉ် ပျင်းရိပျင်းတွဲနိုင်လှသော အသံတစ်သံ ဝင်ပါလာပြီး "မင်းတို့လည်း သူ့လိုမျိုး လိုက်လုပ်ပြီး ညစ်ပတ်စုတ်ပဲ့မနေကြနဲ့ဦး။ ဟင်းချက်စရာ ပစ္စည်းတွေကို အမှိုက်ပုံးထဲ ထည့်သုံးတာကိုသာ ငါတွေ့လို့ကတော့ မင်းတို့ကို အလယ်ကနေ နှစ်ခြမ်းခွဲပစ်မယ်" ဟု ဆိုလာသည်။
"..."
ဘယ်လိုလူစားမျိုးကများ ဒီလိုစကားမျိုး ပြောရတာလဲ။ အခုက တကယ်ပဲ သန့်ရှင်းရေးအကြောင်း ပြောရမယ့်အချိန် ဟုတ်လို့လား။
စောစောက စကားပြောခဲ့တဲ့ လူငယ်နှစ်ယောက်ကို လှမ်းကြည့်ရင်း အားလုံးရဲ့ နှုတ်ခမ်းအစုံက မသိမသာ တွန့်ကွေးသွားကြသည်။ သူတို့နှစ်ယောက်လုံးက အသက် ၂၁ နှစ်ဝန်းကျင်လောက်သာ ရှိဦးမည့်ပုံစံဖြစ်ပြီး ရုပ်ရည်ကတော့ ခေတ်ပေါ်မင်းသားချောလေးတွေလို သန့်ပြန့်နေကြတာ ဖြစ်သည်။
ပထမဆုံး ဝင်ပြောခဲ့တာက ခေတ်ပေါ်ဖက်ရှင်တွေ ဝတ်ဆင်ထားတဲ့ ရွှေအိုရောင်ဆံပင်နဲ့ လူငယ်လေးဖြစ်ပြီး ရုပ်ရည်သန့်ပြန့်လွန်းလို့ နာမည်ကြီး အနုပညာရှင်တစ်ယောက်လို့တောင် ထင်မှတ်ရသည်။
"သူတို့နာမည်တွေက ဘယ်သူတွေလဲ တော်တော်လေး တည်ငြိမ်နေကြတာပဲ"
"ဘယ်သူက သိမှာလဲဗျာ"
"စောစောက သူတို့ကိုယ်သူတို့ မိတ်ဆက်မသွားကြဘူးလား။ ဘာလို့ ဘယ်သူမှ မမှတ်မိကြတာလဲ"
အော်ဟစ်လိုက်သူမှာ ကြွက်သားအမြောင်းမြောင်းနဲ့ လူသန်ကြီးတစ်ယောက် ဖြစ်သည်။ သက်ကြီးရွယ်အိုတွေ၊ အထက်တန်းကျောင်းသူတွေ၊ အမျိုးသမီးတွေနဲ့ မင်းသားချောလေးတွေသာ ပါဝင်တဲ့ ဒီလူအုပ်စုထဲမှာ သူက အသန်မာဆုံးမို့ ခေါင်းဆောင်နေရာကို ရယူဖို့ အခွင့်အရေးရတိုင်း အမြဲတမ်း ကြိုးစားလေ့ရှိသည်။
ကျန်တဲ့လူတွေကတော့ သူ့ကို လျစ်လျူရှုထားလိုက်ကြသည်။ လူနှစ်ယောက်လုံး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာ ဘယ်သူကများ သူ့ကို လိုက်ဖော်လိုက်ဖက် လုပ်နေချင်တော့မှာလဲ။
အုပ်စုထဲက အထက်တန်းကျောင်းသူလေးတစ်ယောက်က မအောင့်နိုင်တော့ဘဲ "အခု... အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲဟင်" လို့ ဝင်မေးရှာသည်။
"ဘာလုပ်ရမလဲ ဟုတ်လား"
တာအိုဝတ်စုံ ဝတ်ထားတဲ့ အသက်လတ်ပိုင်း အမျိုးသားက ပြန်ပြောသည်။ "အိမ်ရှင်ပြောသွားတာ မကြားလိုက်ဘူးလား။ ခိုင်းတဲ့အတိုင်း နားထောင်ရင် အသက်ရှင်မယ်။ နားမထောင်ရင်တော့ မင်းတို့လည်း အသားစတွေ ဖြစ်သွားပြီး ဒီက မိစ္ဆာတွေရဲ့ အစာဖြစ်သွားလိမ့်မယ်"
ဒီစကားကို ကြားတော့ ရွှေရောင်ဆံပင်နဲ့ လူငယ်လေးနှစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး ရင်ထဲမှာ ဖော်ပြရခက်တဲ့ အကြောက်တရားတွေ စိုးမိုးသွားကြတော့သည်။
လွန်ခဲ့တဲ့ နာရီဝက်ခန့်က သူတို့ ၁၁ ယောက်လုံး ဒီတိုက်ဟောင်းကြီးရဲ့ ဧည့်ခန်းမထဲကို ရုတ်တရက် ရောက်ရှိလာခဲ့ကြတာ ဖြစ်သည်။ အားလုံးက တစ်ယောက်ယောက်က နောက်ပြောင်နေတာ စနောက်နေတာလို့ ထင်ပြီး ဝေခွဲမရဖြစ်နေတုန်းမှာပဲ စက်ရုပ်သံလို အီလက်ထရွန်နစ် အသံကြီးတစ်ခုက ခန်းမထဲမှာ ဟိန်းထွက်လာခဲ့သည်။
"နတ်ဘုရားများရဲ့ ဂိမ်းမှ ကြိုဆိုပါတယ်"
အဲဒီနောက်မှာတော့ ထိုအီလက်ထရွန်နစ်အသံက နားမလည်နိုင်တဲ့ စည်းကမ်းချက်အချို့ကို ကြေညာပြီး ငြိမ်သက်သွားခဲ့သည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတဲ့အချိန်မှာ အုပ်စုထဲက ပန့်ခ် စတိုင်နဲ့ ချစ်သူစုံတွဲက ခန်းမထဲကို လက်ခလယ်ထောင်၊ တံတွေးထွေးပြီး လက်ချင်းချိတ်ကာ ထွက်သွားခဲ့ကြသည်။
သူတို့ ခန်းမအပြင်ဘက် ခြေတစ်လှမ်းအထွက်မှာပဲ ဘယ်ကမှန်းမသိတဲ့ လေပြင်းရိုင်းတစ်ခုက သူတို့ကို ချက်ချင်းပဲ အသားစတွေဖြစ်အောင် ပိုင်းဖြတ်ပစ်လိုက်တော့၏။ သွေးတွေနဲ့ အသားစတွေက အဝင်ဝတစ်ခုလုံး ပန်းထွက်ပေပွသွားပေမဲ့ ထူးဆန်းတာက ခန်းမထဲကိုတော့ သွေးတစ်စက်မှ စင်မလာခဲ့တာပင်။
တံခါးခုံက အပိုင်းအခြားတစ်ခုလို ထင်ထင်ရှားရှား ရှိနေခဲ့သည်။ အပြင်ဘက်က သွေးသံရဲရဲနဲ့ ရစရာမရှိအောင် ပျက်စီးနေပေမဲ့ အတွင်းဘက်ကတော့ ဖုန်တစ်စက်မရှိ သန့်ရှင်းနေဆဲဖြစ်သည်။
အားလုံး သွေးပျက်သွားကြပြီး ဒါကို နောက်ပြောင်မှုတစ်ခုလို့ မတွေးရဲကြတော့ပေ။
"စောစောက ကြေညာသွားတဲ့ စည်းကမ်းတွေကို ဘယ်သူမှတ်မိလဲ"
အားလုံးက ဆံပင်နက်နဲ့ မျက်နှာဖြူဖြူ လူငယ်လေးဆီကို လှည့်ကြည့်လိုက်ကြသည်။
ဘယ်သူမှ စကားမပြောနိုင်ကြချင်း ဖြစ်သည်။ အားလုံးက ပထမဆုံးရလိုက်တဲ့ ဒေါသ၊ တုန်လှုပ်မှုနဲ့ ထိတ်လန့်မှုတွေအပြင် အခုလို ရက်ရက်စက်စက် ခြောက်လှန့်ခံလိုက်ရတာကြောင့် ကြားခဲ့ရသမျှတွေကို လုံးဝမေ့ကုန်ကြပြီ ဖြစ်သည်။
ရွှေရောင်ဆံပင်နဲ့ လူငယ်လေးက "ကောင်းယန်" လို့ လှမ်းခေါ်လိုက်သည်။ သူက ဆံပင်နက်နဲ့ လူငယ်လေးကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
ကောင်းယန်က အဖြူရောင် လက်တိုရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့ သွယ်လျတဲ့ ခါးအလှက မသိမသာ ပေါ်လွင်နေပေသည်။ ရှည်လျားဖြောင့်စင်းတဲ့ ခြေတံတွေကို စနီကာဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ သူ့မျက်နှာက လူတွေရဲ့ ဒူးတွေကိုတောင် တုန်ယင်သွားစေနိုင်တဲ့အထိ ချောမောလှသည်။
ကြွက်သားအမြောင်းမြောင်းနဲ့ လူသန်ကြီးက "မင်း ဘာလုပ်မလို့လဲ" လို့ မေးလိုက်သည်။
ကောင်းယန်က သူ့ကို လုံးဝဥပေက္ခာပြုထားပြီး လူသန်ကြီးဘေးကနေ ဖြတ်ကာ ကောင်တာဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ပြီးနောက် ကောင်တာပေါ်မှာ တင်ထားတဲ့ ကတ်ဆက်တိပ် အသံဖမ်းစက်ရဲ့ ပါဝါခလုတ်ကို နှိပ်လိုက်တော့၏။
နောက်တစ်စက္ကန့်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ စက်ရုပ်သံကြီးက ခန်းမထဲမှာ ထပ်မံ ပဲ့တင်ထွက်လာပြန်သည်။
ဒီတစ်ကြိမ်မှာတော့ အားလုံး သေချာ ကြားလိုက်ရ၏။
"နတ်ဘုရားများရဲ့ ဂိမ်းမှ ကြိုဆိုပါတယ်"
"အစပျိုးအဆင့် - ငရဲပြည်သို့ ခရီးစဉ်"
"ကျေးဇူးပြု၍ ခြောက်ရက်အတွင်း နတ်ဘုရားရဲ့ နောက်ဆုံး လက်တစ်စုံကို ရှာဖွေပေးပါ"
"ကရုဏာကြီးမားလှတဲ့ လက်တစ်ထောင် ကွမ်ရင် မယ်တော်မှာ လက်ပေါင်း ကိုးရာ့ ကိုးဆယ့်ရှစ်ဖက်ပဲ ရှိတာ ထင်ရှားနေတာကို... ဘာလို့ ဒီလို လှည့်စားမှုတွေကို လုပ်နေရတာလဲ"
"စည်းကမ်းချက်တွေအတွက် နတ်ဘုရားတွေရဲ့ စကားကို နားထောင်ပါ"
"ဥပဒေတွေအတွက် နတ်ဘုရားတွေရဲ့ စကားကို နားထောင်ပါ!"
"ပြီးတော့ အရေးကြီးဆုံးကတော့ နတ်ဘုရားတွေရဲ့ စကားကို အမြဲတမ်း နာခံပါ"
"ဂိမ်းကို အမြန်ဆုံး အောင်မြင်ပြီး စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ အော်...မေ့လို့ သေမသွားအောင်လည်း သတိထားကြဦးနော်"
"အကြံပြုချက်ပေးပါမယ်။ ညစ်ပတ်တဲ့အရာတွေနဲ့ နီးနီးကပ်ကပ် မနေမိအောင် သတိထားပါ။ မင်းတို့ သေသွားရင် နတ်ဘုရားတွေက တာဝန်ယူမှာ မဟုတ်ပါဘူး"
နောက်ဆုံး စာကြောင်းနှစ်ကြောင်းက ပိုပြီး ပြတ်သားနေကာ ခန်းမထဲကလူတွေ အမြန်ဆုံး သေသွားပါစေတော့ဆိုတဲ့ လှောင်ပြောင် သရော်တဲ့ လေသံမျိုး ပေါက်နေလေသည်။
စောစောက အိမ်ရှင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြုအမူကို ပြန်တွေးကြည့်ရင် ကစားသမား အချင်းချင်းကလွဲလို့ နတ်ဘုရားတွေအပါအဝင် အခြားသော သက်ရှိတွေက သူတို့ သေဆုံးသွားမှာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာ ထင်ရှားလှသည်။
စည်းကမ်းချက်တွေထဲမှာ "နတ်ဘုရားတွေရဲ့ စကားကို နာခံဖို့" အလေးအနက် ပြောသွားသလို အိမ်ရှင်ကလည်း "နာခံမှု" ဆိုတဲ့ စကားကိုပဲ ထပ်ခါတလဲလဲ ပြောသွားခဲ့သည်။
ပန့်ခ်စတိုင်နဲ့ စုံတွဲကတော့ နတ်ဘုရားတွေကို မနာခံဘဲ ခွင့်ပြုချက်မရှိဘဲ ထွက်သွားတာကြောင့် အသားစတွေ ဖြစ်သွားခဲ့ရတာပင်ဖြစ်သည်။