Chapter ( 2 )
တာအိုဝတ်စုံနဲ့ အသက်လတ်ပိုင်း အမျိုးသားက အေးစက်စက် ပြောလိုက်သည်။ "နတ်ဘုရားတွေက လိမ္မာပြီး စကားနားထောင်တဲ့ ကလေးတွေကို သဘောကျတယ်"
ကောင်းယန်က "နတ်ဘုရားတွေက လူတွေကို စည်းမဲ့ကမ်းမဲ့ သတ်တာလား"
"အဲ့ဒါ သေသင့်သေထိုက်တဲ့ လူတွေမလို့ သေတာ" တာအိုဝတ်စုံနဲ့ လူက လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ပြောသည်။
"ငါ ဒီဂိမ်းမှာ ပါဝင်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ခေါက်လုံး ဘေးကင်းကင်းနဲ့ အောင်မြင်ခဲ့ဖူးတယ်"
ပြီးနောက် သူက "ငါကတော့ ဘာပြဿနာမှမရှိဘဲ လွတ်မြောက်ခဲ့ပေမဲ့ ငါ့အဖွဲ့ထဲက တခြားလူတွေကတော့ 'မနာခံ' ကြလို့ အကုန်သေကုန်ကြတာ" ဟု ထပ်လောင်းပြောလိုက်သည်။
ဒီစကားကို ကြားတော့ အခြားလူတွေက ထိုတာအိုဝတ်စုံနဲ့လူကို အားကိုးရာ တိုင်ပြတ်ကြီးတစ်ခုလို ချက်ချင်း ကြည့်လိုက်ကြပြီး ဒီ "ဝါရင့်" စီနီယာကြီးရဲ့ အကြံဉာဏ်ကို နားထောင်ရင် ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ထားလိုက်ကြတော့သည်။
တာအိုဝတ်စုံနဲ့ လူကလည်း အုပ်စုရဲ့ ခေါင်းဆောင်နေရာကို မသိမသာ ရယူလိုက်သည်။ သူ့အကြည့်တွေက ကောင်းယန်နဲ့ သူ့ရဲ့ ရွှေရောင်ဆံပင်နဲ့ သူငယ်ချင်းဆီကို ခေတ္တဝေ့ကြည့်သွားပြီးနောက် "ကံကောင်းတာက ဒါက အစပျိုးအဆင့် တစ်ခုပဲ။ အချိန်လည်း အများကြီးရသလို သရဲတစ္ဆေတွေလည်း သိပ်မရှိဘူး။ အားလုံးသာ နာခံမယ်ဆိုရင် ငါတို့ထဲက အများစုကတော့ အသက်ရှင်နိုင်မှာပါ" ဟု ဆိုသည်။
" 'နတ်ဘုရားများရဲ့ဂိမ်း' က လူသစ်တွေကို တော်တော်လေး သဘောကောင်းတတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ပုံမှန်အားဖြင့် တော်တော်လေး နာခံမှုရှိကြလို့ပဲ။ အရင်ဆုံး ဂိမ်းရဲ့ အဓိကသော့ချက်တွေကို ငါ ရှင်းပြမယ် — ဘုရားကျောင်းတွေ ရုပ်ပွားတော်တွေနဲ့ နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဘယ်နေရာမဆို ဂိမ်းကို စတင်စေနိုင်တယ်။ မင်းတို့ ဒီထဲကို မရောက်ခင်ကလည်း နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ အရာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရလို့ပဲ ဖြစ်ရမယ်"
"ဂိမ်းရဲ့ ခက်ခဲမှုက ကစားသမားတွေရဲ့ ဝါရင့်မှုပေါ်မှာ မူတည်တယ်။ ငါကတော့ နှစ်ပွဲလုံးကို စည်းကမ်းအတိုင်း ဖြတ်ကျော်ခဲ့တာ။ ဒါ့အပြင် ဝါရင့်ကစားသမားတွေက အဆင့်နိမ့်တဲ့ ဂိမ်းတွေထဲကိုဝင်ပြီး အတွေ့အကြုံလာရှာလို့ရတယ်။ ဒါကြောင့် ငါက ဒီဂိမ်းထဲကို ကိုယ့်သဘောနဲ့ကိုယ် ဝင်လာခဲ့တာ"
"မင်းတို့အားလုံးက လူသစ်တွေမလို့ ဒီပွဲက လူမသေနိုင်တဲ့ အခြေအနေမျိုး ဖြစ်သင့်တာ"
"ဒါပေမဲ့ ဒီလို အစပျိုးအဆင့်မှာတင် လူနှစ်ယောက်က အစကတည်းက သေသွားပြီဆိုတော့ စည်းကမ်းလိုက်နာဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြနေတာပဲ"
ခန်းမထဲက အချို့လူတွေက တာအိုဝတ်စုံနဲ့ အသက်လတ်ပိုင်း အမျိုးသားကို တဖြည်းဖြည်း ယုံကြည်လာကြပြီး သူ့အနားကို တိုးကပ်သွားကြသည်။
ဒါကို မြင်တော့ တာအိုဝတ်စုံနဲ့ လူက အတိုင်းအတာတစ်ခုအထိ ကျေနပ်သွားပုံရသည်။ "သတ်မှတ်ချက်တွေအရ ငါတို့မှာ နောက်ဆုံး လက်တစ်စုံကိုရှာဖို့ ခြောက်ရက် အချိန်ရတယ်။ နတ်ဘုရားရဲ့ ကရုဏာတော်က ငါတို့ကို ပေးထားတဲ့ အရိပ်အမြွက်ပဲ။ လက်တစ်ထောင် ကွမ်ရင်မယ်တော်ရဲ့ နောက်ဆုံး လက်တစ်စုံကို ရှာတွေ့ရင် ဒီဂိမ်းကို ဖြတ်ကျော်နိုင်မယ်လို့ ပြောတာပဲ"
ကြွက်သားအမြောင်းမြောင်းနဲ့ လူသန်ကြီးက "အဲ့ဒီ ကွမ်ရင်မယ်တော်ရဲ့ လက်တွေကို ဘယ်မှာသွားရှာရမလဲ" လို့ မေးလိုက်သည်။
တာအိုဝတ်စုံနဲ့ လူက "ငါတို့ ဒီကို ရောက်နေမှတော့ ဒီတိုက်ကြီးရဲ့ တစ်နေရာရာမှာပဲ ရှိရမယ်။ ငါတို့မှာ ခြောက်ရက်တောင် အချိန်ရတာပဲ။ အေးအေးဆေးဆေးပဲ လိုက်ရှာကြတာပေါ့" လို့ ပြန်ဖြေသည်။
အုပ်စုထဲက အမျိုးသမီးတစ်ယောက်က "အခုပဲ စရှာကြမလား" ဟု ဝင်မေးလိုက်လေ၏။
တာအိုဝတ်စုံနဲ့ အသက်လတ်ပိုင်း အမျိုးသားက "မှောင်မလာခင် ပတ်ဝန်းကျင်ကို အရင်အခြေအနေ လေ့လာပြီး အခြေအနေကို သုံးသပ်ထားကြရအောင်။ ဒီပွဲစဉ်ရဲ့ နာမည်က 'ငရဲပြည်သို့ ခရီးစဉ်' တဲ့။ ဒါက မင်နန်းဒေသရဲ့ ဝိညာဉ်ခေါ်ယူတဲ့အတတ် သရဲမြင်အောင်လုပ်တဲ့ အတတ်ပညာတစ်ခုပဲ။ ဒါကြောင့် 'ငရဲပြည်သို့ ခရီးစဉ်' ဆိုတာ ကွမ်ရင်မယ်တော်ကို ကိုးကွယ်ပူဇော်တာနဲ့ သေချာပေါက် ဆက်စပ်နေလိမ့်မယ်" လို့ ပြောလိုက်သည်။
ကျန်တဲ့လူတွေကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ကြပြီး တာအိုဝတ်စုံနဲ့ လူကိုပဲ သူတို့ရဲ့ ခေါင်းဆောင်လို သတ်မှတ်ကာ အပေါ်ထပ် တက်ရောက်စစ်ဆေးဖို့ သူ့ညွှန်ကြားချက်အတိုင်း နောက်ကနေ လိုက်သွားကြတော့သည်။
ကောင်းယန်၊ ရွှေဝါရောင်ဆံပင်နဲ့ မင်းသားချောလေးနှင့် အထက်တန်းကျောင်းသူလေး ထိုသုံးယောက်ကလွဲလို့ပေါ့။ သူတို့ကတော့ မူလနေရာမှာပဲ ကျန်ရစ်နေခဲ့ကြသည်။
တာအိုဝတ်စုံနဲ့ လူက လှည့်ကြည့်ပြီး "မင်းတို့ မလိုက်ဘူးလား" ဟု လှမ်းမေးလိုက်သည်။
ကောင်းယန်က ကောင်တာကို မှီရပ်ရင်း ကတ်ဆက်တိပ်စက်ကို စိုက်ကြည့်နေခဲ့သည်။ ထိုမေးခွန်းကို ကြားတော့မှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့လိုက်ကာ "ကျွန်တော် ခန်းမထဲကိုပဲ အရင် လေ့လာလိုက်ပါဦးမယ်" လို့ ပြန်ဖြေလိုက်သည်။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးကလည်း ချက်ချင်း ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း "ကျွန်တော်လည်း သူ့နောက်ပဲ လိုက်မှာ" ဟု ဆိုသည်။
ဒီစကားကို ကြားရတော့ တာအိုဝတ်စုံနဲ့ လူက သူတို့နှစ်ယောက်အပေါ် စိတ်မရှည်တော့တာ သိသာလာသည်။
သူတို့နှစ်ယောက်က သူ့ကို ပြီးစလွယ် တုံ့ပြန်နေပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် လှုပ်ရှားဖို့ ကြံစည်နေကြတာကို သူ ရိပ်မိလိုက်၏။
သူက ဒါမျိုးတွေကို အကြိမ်ကြိမ် မြင်ဖူးနေကျ ဖြစ်သည်။ ဉာဏ်နည်းနည်း ရှိတာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဇာတ်လိုက်ထင်ပြီး ဂိမ်းကို ကိုယ်ပိုင်ဇာတ်ခုံလို သဘောထားကာ စည်းကမ်းတွေကို လျစ်လျူရှုတတ်တဲ့ လူမျိုးတွေပေါ့။ သူတို့ရဲ့ နိဂုံးကတော့ အစောပိုင်းက ချက်ချင်း သေသွားခဲ့တဲ့ ပန့်ခ်စတိုင် စုံတွဲနဲ့ ထူးမခြားနား ဖြစ်သွားကြမှာပင်။
ဒီလို အသက်လုရတဲ့ ဂိမ်းမျိုးထဲမှာ တာအိုဝတ်စုံနဲ့ လူအနေနဲ့ ဒီလိုလူငယ်တွေကို အလိုလိုက်၊ အကြိုက်ဆောင်ပြီး အချိန်ဖြုန်းမနေချင်တော့ချေ။ သူတို့ တစ်နေ့ သင်ခန်းစာရပြီး ကြောက်တတ်လာလိမ့်မည်။
စိတ်မကောင်းစရာကတော့... သူတို့ သင်ခန်းစာရသွားတဲ့အချိန်မှာ နောင်တရဖို့တောင် အခွင့်အရေး ရှိတော့မှာ မဟုတ်တာပင်။
တာအိုဝတ်စုံနဲ့ လူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူတို့ကို ဆက်ပြီး ဖျောင်းဖျမနေတော့ဘဲ ထိုမင်းသားချောလေး နှစ်ယောက်ကို လူသေတွေလို သဘောထားကာ လက်လျှော့လိုက်တော့သည်။
ထို့နောက် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေးကို ကြည့်ကာ "ညီမလေးကော ဘယ်လိုလဲ စောစောက စုံတွဲ ဘာဖြစ်သွားလဲ မြင်တယ်မလား။ စည်းကမ်းဖောက်ဖျက်ရင် ချက်ချင်း အကွပ်မျက်ခံရမှာ အယူခံဝင်ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"
အထက်တန်းကျောင်းသူလေးက ဝေခွဲမရဖြစ်ရင်း "အစပျိုးအဆင့် ဂိမ်းမှာ လူမသေနိုင်ဘူးလို့ အစ်ကိုကြီးပဲ ပြောခဲ့တာ မဟုတ်ဘူးလား" လို့ ပြန်မေးရှာသည်။
တာအိုဝတ်စုံနဲ့ လူက ချက်ချင်းပဲ စိတ်မရှည်တော့ဘဲ သူ့ဝတ်ရုံလက်အင်္ကျီကို ခါထုတ်ကာ အပေါ်ထပ်ကို တန်းတန်းမတ်မတ် တက်သွားရင်း "သေချင်တဲ့လူကိုတော့ တားလို့မရဘူးပေါ့" ဟု ခပ်ပြတ်ပြတ် ပြောသွားခဲ့သည်။
သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ခုန်ဆင်းချင်နေတဲ့ အဖွဲ့ဝင်မျိုးတွေနဲ့ မပတ်သက်ချင်တော့ပေ။ သေချင်ရင် သူတို့ဘာသာ သေကြပါစေ၊ တခြားလူတွေကိုတော့ ဆွဲမချသင့်ဘူး မဟုတ်လား။ စေတနာနဲ့မို့လို့သာ နှစ်ခါ၊ သုံးခါ သတိပေးခဲ့တာဖြစ်ပြီး သူတို့က တန်ဖိုးမထားမှတော့ သူ့အနေနဲ့ အဖွဲ့ထဲကနေပဲ ထုတ်ပစ်လိုက်ရုံသာ ရှိတော့သည်။
ဒီလို အသက်လုရတဲ့ ဂိမ်းထဲမှာ လူသစ်တွေကို အဖွဲ့ထဲကနေ အလွယ်တကူ ကန်ထုတ်လိုက်တဲ့ သူ့ရဲ့ သွေးအေးတဲ့ လုပ်ရပ်အပေါ် တာအိုဝတ်စုံနဲ့လူက ဘာနောင်တမှ မရခဲ့ပေ။
အခုဆို ခန်းမကျယ်ကြီးထဲမှာ ကောင်းယန်၊ ရွှေရောင်ဆံပင်နဲ့ ကောင်လေးနဲ့ အထက်တန်းကျောင်းသူလေး သုံးယောက်ပဲ ကျန်ရစ်တော့သည်။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးက "မကြောက်ပါနဲ့ ညီမလေးရဲ့ အစ်ကိုကြီး ရှိပါတယ်။ အစ်ကိုကြီး ကာကွယ်ပေးမယ်" ဟု ပြောရင်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်လေးကို ဆွဲဆောင်ဖို့ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြလိုက်သေးသည်။
အထက်တန်းကျောင်းသူလေးက မချိပြုံး ပြုံးလိုက်ပြီး "ညီမလေးလည်း လုပ်မနေနဲ့ လာပြီး ဂေးမနေနဲ့ဦး။ ငါ့ရှေ့မှာ လာပြီး စိတ်ကစားပြနေတာ။ မင်းရဲ့ယောက်ျားကော ဒါကို သိရဲ့လား" လို့ ပြန်ပြောလိုက်တော့သည်။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးက လန့်သွားပြီး နောက်ကို နှစ်လှမ်းလောက် ဆုတ်ကာ ကောင်းယန်ရဲ့ ဘေးနားကို ကပ်သွားပြီး "အစ်ကိုယန်... သူ... သူက..." ဟု တိုင်တောရှာသည်။
"မင်းကိုယ်မင်းကော အမှားမရှိဘူး ထင်လို့လား" ကောင်းယန်က သူ့ကို တစ်ချက်လှမ်းကြည့်ပြီး မေးခွန်းဟောင်းနဲ့ပဲ စကားဖြတ်ချလိုက်သည်။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးမှာ စကားအသွားအလာ ပျောက်ဆုံးသွားပြီး ချက်ချင်းပဲ သနားစရာ သတ္တဝါလေးတစ်ကောင်လို ငြိမ်ကျသွားတော့သည်။
ကောင်းယန်က စကားပြောရင်းနဲ့ ကောင်တာဘက်ကို ပတ်လျှောက်သွားပြီး "မင်း သူ့ကို 'အစ်မကြီး' လို့ ခေါ်သင့်တာ။ ဒါ့အပြင် မင်းမှာ လူရှိပြီးသား ဖြစ်နေတာကို တခြားလူတွေရှေ့မှာ လာပြီး မျက်စိပစ်ပြနေတာ မင်းကိုယ်မင်း အမှားမရှိဘူး ထင်လို့လား"
သူက ကောင်တာအံဆွဲတွေကို အမြန်ပဲ မွှေနှောက်ရှာဖွေလိုက်ပြီး အသုံးဝင်မယ့်အရာအချို့ကို စားပွဲပေါ် တင်လိုက်သည်။ အဲဒါတွေကတော့ ကာရမေလ်နံ့ မက္ကဒေးမီးယား နေကြာစေ့ နှစ်ထုပ်နဲ့ လက်ဖက်စိမ်းခြောက်ဘူး တစ်ဘူး ဖြစ်သည်။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးက "သူက ကျွန်တော့်မှာ အဖော်ရှိတာကို ဘယ်လိုသိတာလဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ကောင်းယန်က မျက်လုံးပင့်ကြည့်လိုက်ပြီး ကောင်လေးရဲ့ လည်ပင်းပေါ်က အနီကွက်တွေကို စိုက်ကြည့်လိုက်သည်။ အဲဒီအမှတ်အသားတွေက အမျိုးသမီးတစ်ယောက် လုပ်ထားတာ ဖြစ်ဖို့ထက် ပိုပြီး ပြင်းပြလွန်းလှသည်။ ဒါ့အပြင် သူ့ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာလည်း မသိမသာ လက်စွပ်ရာလေး ရှိနေတာကို အကဲခတ်ကောင်းတဲ့လူဆိုရင် သတိထားမိမှာပင် ဖြစ်သည်။
အထက်တန်းကျောင်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးက ဂျပန်စတိုင် အထက်တန်းကျောင်းသူ ဝတ်စုံကို ဝတ်ထားတာဖြစ်ပေမဲ့ တကယ်တော့ သူမက အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ လူကြီးတစ်ယောက် ဖြစ်လေသည်။
"ကျွန်မနာမည်က ရန်မျန်ပါ စွေ့ဟိုင်မြို့ကပါ။ အသက်မွေးဝမ်းကျောင်းကတော့ ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်သူတစ်ယောက်ဖြစ်ပြီး ဝါသနာကတော့ S&M ပါ"
ရန်မျန်က ဆံပင်တစ်စကို နားရွက်နောက် သပ်တင်ရင်း ရင်းရင်းနှီးနှီးနဲ့ စတင်မိတ်ဆက်လိုက်သည်။ "ဒီကို ရုတ်တရက် ရောက်မလာခင်တုန်းက စွေ့ဟိုင်မြို့က ကွမ်ရင်ဘုရားကျောင်းမှာ အမွှေးတိုင် သွားထွန်းနေခဲ့တာ"
ရွှေရောင်ဆံပင်နဲ့ ကောင်လေးက ရန်မျန်ကို အကဲခတ်ကြည့်ပြီး သူမရဲ့ အသက်ကြောင့် အံ့သြသွားရသည်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က အသက် ၁၉ နှစ်ပဲ ရှိသေးတာကြောင့် ကောင်းယန် ပြောသလိုပဲ သူမကို "အစ်မကြီး" လို့ ခေါ်ရမှာ အမှန်ပင် ဖြစ်သည်။
"ကျွန်တော့်နာမည်က စုကျန်းပါ ရှန်ချန်ကပါ။ စွေ့ဟိုင်မြို့မှာ သရုပ်ဆောင်အဓိကနဲ့ ကျောင်းတက်နေတာ အနုပညာလောကထဲ ရောက်တာမကြာသေးတဲ့ ဖော်လိုဝါ တစ်ထောင်တောင်မပြည့်တဲ့ ၃၈ ဆင့်လောက်က အနုပညာရှင်အဆင့်ပါပဲ"
စုကျန်းက သူ့လက်မကို ကောင်းယန်ဘက် ထောင်ပြရင်း "သူကတော့ ကျွန်တော့်ရဲ့ အိမ်ရှင်ပေါ့။ ဒီကို မရောက်ခင်က ကျွန်တော်တို့လည်း စွေ့ဟိုင်မြို့က ကွမ်ရင်ဘုရားကျောင်းမှာ အမွှေးတိုင် သွားထွန်းနေခဲ့တာ"
ဒါဆို တာအိုဝတ်စုံနဲ့ အသက်လတ်ပိုင်း အမျိုးသား ပြောခဲ့တာက လုံးဝကြီး မမှားဘူးပေါ့ — ဂိမ်းကို စတင်စေတဲ့ အဓိက သော့ချက်က ဘုရားကျောင်းတွေ၊ ရုပ်ပွားတော်တွေနဲ့ ဆက်စပ်နေတာ အမှန်ပင်။
လောလောဆယ်မှာတော့ သူတို့ သုံးယောက်လုံးက ကွမ်ရင်ဘုရားကျောင်းမှာ အမွှေးတိုင် ထွန်းခဲ့ကြတာချင်း တူနေပေမဲ့ နမူနာပြလူဦးရေက နည်းလွန်းတာကြောင့် အမွှေးတိုင်ထွန်းခဲ့တဲ့ လူတွေချည်းပဲ ဂိမ်းထဲ ဆွဲသွင်းခံရတာလားဆိုတာကိုတော့ အသေအချာ ကောက်ချက်ချဖို့ စောပါသေးသည်။
"ကောင်းယန် အသက် ၂၂ နှစ် စွေ့ဟိုင်မြို့ကပဲ"
သူက စွေ့ဟိုင်မြို့မှာ နေတာဖြစ်ပေမဲ့ သူ့ရဲ့ ဇာတိကတော့ ထိုနေရာ မဟုတ်ပေ။
"အသက်မွေးဝမ်းကျောင်းကတော့ စျေးကွက်ရှာဖွေရေး မဟာဗျူဟာမှူး"