Chapter 3( ငရဲပြည်သို့ခရီးစဉ် )
Viewers 3

Chapter ( 3 )


ရန်မျန်က ကောင်တာပေါ်ကို လက်ထောက်လိုက်ပြီး စုကျန်းကို လက်ညှိုးထိုးပြကာ "ကျွန်မက...သူ့ထက် နှစ်အနည်းငယ် ပိုကြီးမှန်း ဘယ်လိုသိတာလဲ" လို့ မေးလိုက်သည်။


သူမက အမြဲတမ်း ရုပ်နုပျိုနေတတ်ပြီး အခုလို အထက်တန်းကျောင်းဝတ်စုံကို ဝတ်ထားတဲ့အချိန်မှာ ဘယ်သူကမှ သူမကို လူကြီးတစ်ယောက်လို့ ထင်မှာမဟုတ်ပေ။ ဒါပေမဲ့ ကောင်းယန်ကတော့ အကဲခတ်စူးရှပြီး သူမက စုကျန်းထက် အသက်ကြီးမှန်း ချက်ချင်း ရိပ်မိခဲ့သည်။


ကောင်းယန်က ကတ်ဆက်တိပ်စက်ရဲ့ အနောက်ကနေ ကျောင်းသားကတ်ပြားတစ်ခုကို ထုတ်ယူပြီး ရန်မျန်ဆီ ကမ်းပေးလိုက်သည်။ "မင်း ကတ်ဆက်စက်ရဲ့ ခလုတ်ကို မြန်မြန်ဆန်ဆန် နှိပ်လိုက်တဲ့အချိန်မှာ မင်းရဲ့ ကျောင်းသားကတ်က အိတ်ကပ်ထဲကနေ လွင့်ထွက်သွားတာ။ ငါ စက်ကို ဖွင့်တဲ့အချိန်မှာ အဲဒါကို ခေတ္တလှမ်းမြင်လိုက်လို့ မင်းရဲ့အခြေခံ အချက်အလက်တွေကို သိသွားတာ"


ရန်မျန်က ပခုံးတွန့်လိုက်ရင်း "ကောင်းပါပြီ အောင်မြင်ပါတယ် ကျွန်မ လူမမှားခဲ့ဘူးပဲ" ဟု ဆိုသည်။


ကောင်းယန်က စားပွဲကို ခေါက်လိုက်ပြီး စုကျန်းကို လှမ်းခေါ်လိုက်သည်။ "စားပွဲပေါ်က နေကြာစေ့တွေနဲ့ လက်ဖက်စိမ်းခြောက်ဘူးကို အိတ်ထဲထည့်ပြီး ယူခဲ့" ထို့နောက် ရန်မျန်ဘက် လှည့်ကာ "ငါတို့ အဖွဲ့ဖွဲ့ကြမလား" လို့ မေးလိုက်သည်။


ရန်မျန်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြပြီး "အဖွဲ့ဖွဲ့ကြတာပေါ့"


ဉာဏ်ကောင်းတဲ့ နတ်ဘုရားအဆင့် အဖွဲ့ဝင်တစ်ယောက်က ဉာဏ်တုံးတဲ့ အဖွဲ့ဝင်တစ်အုပ်စုလုံးထက် အဆပေါင်းများစွာ ပိုပြီး နှိုင်းယှဉ်လို့မရအောင် သာလွန်သည်မဟုတ်လား။


စုကျန်းကတော့ စကားနားထောင်စွာနဲ့ပဲ နေကြာစေ့တွေနဲ့ လက်ဖက်စိမ်းခြောက်ဘူးကို ကောက်ယူလိုက်ပြီး သူတို့နှစ်ယောက်ကို ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ သူ့ရဲ့ IQ ဉာဏ်ရည်က အကန့်အသတ် ရှိနေပေမဲ့ အနည်းဆုံးတော့ စကားနားထောင်တတ်ပြီး တစ်ခုခုကို နားမလည်ရင်တောင် ပြဿနာအိုးတော့ မလုပ်တတ်ပေ။


ကောင်းယန်က ပြုံးလိုက်ပြီး စားပွဲကို တောက်ကာ စတင် ရှင်းပြလိုက်သည်။ "စောစောက စည်းကမ်းချက်တွေကို ကနဦး ရှင်းပြသွားတဲ့အရာက ဒီကတ်ဆက်တိပ်စက် မဟုတ်ဘူး။ ဒီကတ်ဆက်စက်ထဲမှာ စည်းကမ်းချက်တွေ အသံဖမ်းမိသွားတာက အဲဒီအရာကြီး စကားမပြောခင်ကတည်းက ရန်မျန်က အသံဖမ်းခလုတ်ကို ကြိုနှိပ်ထားခဲ့လို့ပဲ"


ရန်မျန်ရဲ့ ကျောင်းသားကတ်ပြား လွတ်ကျသွားတာကလည်း အဲဒီအချိန်တုန်းကပင် ဖြစ်သည်။ ထိုမြင်ကွင်းကို ကောင်းယန်က တိုက်တိုက်ဆိုင်ဆိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။


ဒါကို ကောင်းယန် မြင်လိုက်တယ်ဆိုကတည်းက ထိုစက္ကန့်ပိုင်းအတွင်းမှာပဲ သူက အခြေအနေကို အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး မသန့်ရှင်းတဲ့ အရာတစ်ခုခုကို သတိထားမိသွားခဲ့လို့ပင် ဖြစ်သည်။


စုကျန်းက ရုတ်တရက် သဘောပေါက်သွားသော်လည်း နောက်ထပ် မေးခွန်းအသစ်တစ်ခု ချက်ချင်း ပေါ်လာပြန်သည်။ "ဒါဆို... အဲဒီစည်းကမ်းတွေကို ရှင်းပြသွားတာက ဘာကြီးလဲ"


ကောင်းယန်က နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်ပြီး သူ့အနောက်က အနီရောင်ပိတ်စကို ဆွဲဖယ်လိုက်သည်။


"အဲဒါပေါ့"


အနီရောင်ပိတ်စကို ဖယ်ရှားလိုက်တဲ့အခါ အောက်မှာ ပေါ်လာတာကတော့ လက်မပါတဲ့ လက်ရှစ်ဖက် ကွမ်ရင်မယ်တော်ရဲ့ သစ်သားရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်ရဲ့ ပုံသဏ္ဌာန်က တည်ငြိမ်ပြီး ခန့်ညားထည်ဝါလှသော်လည်း ထူးဆန်းသည်မှာ သူမရဲ့ လက်မောင်းရှစ်ဖက်လုံးက လက်ကောက်ဝတ်ကနေစပြီး ဘာလက်မှမရှိဘဲ ဗလာဖြစ်နေတာပင်။ လက်တွေအားလုံးက ဖြတ်တောက်ခံထားရသလိုဖြစ်ပြီး ဖြတ်တောက်ကြောင်းတွေက ညီညာချောမွေ့နေကာ ကြည့်ရတာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။


ကွမ်ရင်မယ်တော် ဆိုတာကတော့ ရှေးအစဉ်အဆက်ကတည်းက တည်ငြိမ်ခြင်းနှင့် ကရုဏာတော်ရဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုဂိမ်းထဲမှာတော့ သူမက ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါး၊ Boss အဆင့်ရှိတဲ့ သတ္တဝါကြီးတစ်ကောင် ဖြစ်နေခဲ့ပေပြီ။


ဘာကြောင့်ရယ်တော့မသိ... ကြည်ညိုဖွယ်ကောင်းလှတဲ့ နတ်ဘုရားတစ်ပါးက အခုလို ကြောက်မက်ဖွယ်ကောင်းတဲ့ အဝန်းအဝိုင်းတစ်ခုနဲ့ ဖုံးလွှမ်းခံထားရတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုမိုအေးစက်ပြီး ထိတ်လန့်စရာ အတိဖြစ်အောင် ဖန်တီးပေးနေတော့သည်။


..........


စုကျန်း တစ်ယောက် လန့်ဖျပ်သွားခဲ့ပြီး “... လက်ပြတ် ကွမ်ရင်မယ်တော်ကြီးလား ကြောက်စရာကြီးဗျာ” ဟု ရေရွတ်လိုက်မိသည်။


ရန်မျန့်မျက်နှာလည်း ပျက်သွား၏။အနီရောင်ပိတ်စအောက်တွင် ဤမျှ ထူးဆန်းကျောချမ်းဖွယ်ကောင်းသော ကွမ်ရင်ရုပ်ထု ရှိနေလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။


ထိုမျှမက အရာရာထဲကမှ သူတို့ သွားပတ်သက်မိသည်က တန်ခိုးကြီးနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့၏။


ကောင်းယန်ကလည်း “ဒါကတော့ တကယ့်ကို ပြဿနာပဲ” ဟု တိုးတိုးလေး ညည်းတွားလိုက်မိသည်။


ထို့နောက် ရန်မျန်က “စောစောက လူလိမ်ကြီးပြောတော့ ဒါက အခြေခံအဆင့် ကစားကွင်းပဲဆို ‘မယ်တော်ကြီးရဲ့ နောက်ဆုံးလက်တစ်စုံကို ရှာဖွေဖို့’ ဆိုတဲ့ သတ်မှတ်ချက်ကို ပြီးအောင်လုပ်နိုင်ရင် ငါတို့ ဒီနေရာကနေ လွတ်မြောက်နိုင်လိမ့်မယ် ထင်တယ်။ အခက်အခဲကလည်း သိပ်တော့ ကြီးမားမှာ မဟုတ်ပါဘူး” ဟု ဆို၏။


ကောင်းယန်က “သူပြောတာကတော့ အဲဒီအတိုင်းပဲလေ။ ဒါပေမဲ့ ခြောက်ရက်ဆိုတဲ့ အချိန်ကန့်သတ်ချက်လည်း ရှိနေသေးတယ်မဟုတ်လား။ တကယ်လို့ ငါတို့သာ ခြောက်ရက်အတွင်း မလွတ်မြောက်နိုင်ခဲ့ရင် အားလုံး ဘာဖြစ်သွားကြမလဲ” ဟု ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။


သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက် ကျော်လွန်သွားပါက ကစားကွင်း အတွင်းရှိ ကစားသမားအားလုံး ဘာဖြစ်သွားမည်ကို မည်သူမျှ မသိကြပေ။


ရန်မျန်က “ယုတ္တိဗေဒအရ ပြောရရင်တော့ ဒါက အခြေခံအဆင့်ပဲမို့လို့ ခက်ခဲမှုက သိပ်တော့ မကြီးမားလှပါဘူး”


ကောင်းယန်က “ဒီ ‘လက်ပြတ် ကွမ်ရင်မယ်တော်’ ရုပ်ထုကို မမြင်ခင်အထိတော့ ငါလည်း အဲဒီလိုပဲ တွေးခဲ့တာပေါ့” ဟု တုံ့ပြန်ပြောကြားလိုက်သည်။


စုကျန်းက “အစ်ကိုကြီး... ဘာကိုဆိုလိုတာလဲဟင်” ဟု မေးလိုက်၏။


ကောင်းယန်က မော့ကြည့်လိုက်ပြီး “နတ်ဘုရားတစ်ပါးကို ပစ်မှတ်ထားရဲလောက်တဲ့ မိစ္ဆာ ဒါမှမဟုတ် သရဲတစ္ဆေမျိုးကို မင်း တစ်ခါလောက်ဖြစ်ဖြစ် မြင်ဖူးလို့လား”


စုကျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် လက်ဝါးချင်းရိုက်ကာ ရေရွတ်လိုက်သည်။ “နတ်ဘုရားတွေရဲ့ ကစားပွဲပေါ့။ ပြီးတော့ ဒီဗောဓိသတ်ရုပ်ထုက... တကယ့်ဘော့စ် နတ်ဘုရားတစ်ပါး ဖြစ်နေတာပဲ။ ဒါဆို ငါတို့က ထိုင်ပြီး အသေခံဖို့ပဲ စောင့်နေရတော့မှာလား”


ကောင်းယန်က သက်ပြင်းချလိုက်ပြီး ရန်မျန့်မျက်နှာတွင်မူ ရှုပ်ထွေးနောက်ကျိနေသော အရိပ်အယောင်များ ယှက်သန်းသွား၏။


စုကျန်းကတော့ မိမိဘာသာ စကားမှားသွားပြန်ပြီမှန်း သိသဖြင့် ကိုယ်လေးကို ကျုံ့နိုင်သမျှကျုံ့ကာ ကွေးကွေးလေး ထိုင်နေရှာသည်။


“ယေဘုယျအားဖြင့်တော့ ဗောဓိသတ်တွေနဲ့ နတ်ဘုရားတွေမှာ သရဲတစ္ဆေတွေကို နှိမ်နင်းသတ်ဖြတ်နိုင်တဲ့ တန်ခိုးအာဏာ ရှိကြတာပဲ။ သူတို့ရဲ့ ဘွဲ့တော်ကို ကြားရရုံနဲ့တင် မိစ္ဆာတွေက ကြောက်ဒူးတုန်နေရမှာ။ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပြီ။ မိစ္ဆာတွေနဲ့ သရဲတစ္ဆေတွေက ကစားသမားတွေကို လှောင်ပြောင်ဖို့အတွက် ဗောဓိသတ်တွေ နတ်ဘုရားတွေအယောင်ဆောင်ပြီး အောက်လမ်းနည်းနဲ့ နတ်ဘုရားတွေကိုတောင် စော်ကားပုတ်ခတ်နေကြတာ—” ကောင်းယန်က လက်ပြတ်ပြီး လက်မောင်းရှစ်ခုရှိသည့် ကွမ်ရင်ရုပ်ထုကို ညွှန်ပြရင်း ဆက်ပြောလေသည်။


" ရုပ်ထုတွေဆိုတာ နတ်ဘုရားတွေရဲ့ ကိုယ်ပွားအဖြစ် အမြဲတမ်း သတ်မှတ်ခံရတာလေ။ စောစောက စည်းမျဉ်းထဲမှာပါတဲ့ ‘ကွမ်ရင်မယ်တော်က ကမ္ဘာကြီးကို လှည့်ဖြားတယ်’ ဆိုတဲ့ စကားလုံးက တကယ့်ကို မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာ သိသာလွန်းတယ်”


“ငါတို့အနေနဲ့ ဒီဂိမ်းလို့ခေါ်တဲ့အရာရဲ့ ဖြစ်တည်မှုအစစ်အမှန်ကို အပြည့်အဝ နားမလည်သေးပေမဲ့ ဂိမ်းထဲက ‘နတ်ဘုရားတွေ’ ဆိုတာ ငါတို့သိထားတဲ့ ကရုဏာကြီးမားပြီး သပ္ပာယ်ကြည်ညိုဖို့ကောင်းတဲ့ နတ်ဘုရားမျိုးတွေ မဟုတ်ဘူးဆိုတာကိုတော့ အလွယ်တကူပဲ ခန့်မှန်းလို့ ရနိုင်တယ်”


ရန်မျန်က ကောင်းယန်၏ အတွေးစကို ဆက်စပ်ပေးရင်း “ရိုးရာပုံပြင်တွေထဲမှာတော့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြားက ဆက်ဆံရေးက အဖြူအမည်း ပြတ်သားပြီးသားပဲ။ ဒါပေမဲ့ မိစ္ဆာတွေက နတ်ဘုရားတွေနေရာမှာ အစားထိုးဝင်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ နတ်ဘုရားတွေအယောင်ဆောင်ပြီး လူတွေကို လှည့်ဖြားစော်ကားတာ အမွှေးတိုင်အလှူခံတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်” ဟု ဆို၏။


တောင်ပေါ်က ဘုရားကျောင်းအိုလေးတွေထဲမှာ စွန့်ပစ်ခံထားရတဲ့ ရုပ်ထုတွေကို မိစ္ဆာတွေနဲ့ သရဲသရဲတစ္ဆေတွေက ဝင်ရောက်စီးနင်းပြီး အောက်လမ်းပညာတွေနဲ့ သက်ဝင်ယုံကြည်သူတွေကို လှည့်ဖြားကာ အမွှေးတိုင်ပူဇော်မှုတွေ ရယူလေ့ရှိသည့် ‘နတ်မိစ္ဆာ’ ဆိုင်ရာ ရိုးရာအယူအဆတစ်ခု ရှိခဲ့ပေသည်။


အချိန်ကြာလာသည်နှင့်အမျှ ထိုရုပ်ထုများသည် ၎င်းတို့  ခိုလှုံရာဗိမာန်များ ဖြစ်လာကြပြီး ဤနတ်ရုပ်တုများသည် တဖြည်းဖြည်းနှင့် ဒေသတွင်း နတ်ငယ်လေးများအဖြစ်သို့ ကူးပြောင်းသွားကြတော့၏။


တကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော နတ်မိစ္ဆာတစ်ပါးနှင့် သွားရောက်တိုးမိပါက မိသားစုအတွင်း မငြိမ်မသက်ဖြစ်ကာ တစ်ဆွေတစ်မျိုးလုံး ပျက်စီးခြင်းသို့ပင် ရောက်ရှိသွားနိုင်ချေ ရှိပေမည်။