Chapter ( 4 )
စုကျန်း တစ်ယောက် နောက်ဆုံးတော့ သဘောပေါက်သွားပြီး “ဩော်... ဒါဆို ‘ငရဲပြည်သို့ ခရီးစဉ်’ လို့ခေါ်တဲ့ ဒီကစားကွင်းထဲမှာ ကွမ်ရင်မယ်တော်အစစ် မဟုတ်ဘဲ မိစ္ဆာတွေက မယ်တော်ကြီး အယောင်ဆောင်ထားကြတာပေါ့။ ပြီးတော့ သူတို့က ‘လက်တစ်ထောင်ကွမ်ရင်’ မယ်တော်ကြီးအပေါ်မှာလည်း ရန်ငြိုးထားနေကြတာပေါ့လေ”
ကောင်းယန်က “အဲဒီလိုမျိုး ပြောလို့ရတာပေါ့” ဟု ခေါင်းငြိမ့်လိုက်၏။
စုကျန်းက သူ့ခေါင်းကိုသူ ကုတ်လိုက်ရင်း “ဒါက တကယ့်ကို ရှုပ်ထွေးလွန်းတာဘဲ” ဟု ညည်းတွားရှာသည်။
ထို့နောက် ရန်မျန်က ကောင်းယန်ကို “နင် တခြား ဘာများ သတိထားမိသေးလဲ” ဟု မေးလိုက်သည်။ သူမ၏မေးခွန်းက ကောင်းယန်အား ဤအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် သိသိသာသာ အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်ပေသည်။
ကောင်းယန်က အကြည့်ကိုအောက်ချလိုက်ရင်း လက်မောင်းရှစ်ခုရှိသည့် လက်ပြတ်ကွမ်ရင်ရုပ်ထုကို အနီရောင်ပိတ်စဖြင့် ပြန်လည်ဖုံးအုပ်လိုက်၏။ ထို့နောက် စုတ်ပြတ်နေသောအိတ်တစ်လုံးကို အလွယ်တကူရှာကာ ရုပ်ထုကို ထည့်လိုက်ပြီး ဧည့်ကြိုကောင်တာမှ သယ်ဆောင်လာခဲ့သည်။
“စည်းမျဉ်းတွေ ရှင်းပြချက်ထဲမှာ အရေးကြီးတဲ့ အချက်အလက်နှစ်ခု ပါခဲ့တယ်။ တစ်ခုက ‘ငရဲပြည်သို့ ခရီးစဉ်’ ဖြစ်ပြီး နောက်တစ်ခုကတော့ ‘လက်တစ်ထောင်ကွမ်ရင်မှာ လက်မောင်း ကိုးရာ့ကိုးဆယ့်ရှစ်ခုပဲ ရှိတယ်’ ဆိုတဲ့ စာသားပဲ။ ဒါက လက်တစ်စုံ လိုအပ်နေတယ်ဆိုတဲ့ သဘောပဲပေါ့"
‘ငရဲပြည်သို့ ခရီးစဉ်’ ဆိုသည်မှာ ဖူကျန့်နှင့် ကွမ်တုန်းဒေသများရှိ တာအိုဘာသာ အလေ့အထများတွင် အသုံးပြုလေ့ရှိသည့် အသုံးအနှုန်းတစ်ခု ဖြစ်သည်။ မြောက်ပိုင်းဒေသများတွင်မူ ၎င်းကို ငရဲပြည်သို့ ဆင်းသက်ခြင်း သို့မဟုတ် ငရဲပြည်ကို ဖြတ်ကျော်ခြင်းဟု ခေါ်ဆိုကြသော်လည်း အနှစ်သာရမှာမူ အတူတူပင် ဖြစ်ပေသည်။
“လက်တစ်ထောင်ကွမ်ရင် မယ်တော်ကြီးက မဟာကရုဏာတော်ကို ကိုယ်စားပြုတာ။ လက်တစ်ထောင်ကွမ်ရင်ရဲ့ လက်ဖဝါးတိုင်းမှာ မျက်လုံးတစ်လုံးစီ ရှိတာမို့လို့ ၎င်းကို ‘လက်မျက်လုံးတစ်ထောင် ကွမ်ရင်မယ်တော်’ လို့လည်း ခေါ်ကြတယ်။ သာမန်ရုပ်ထုတွေကိုတော့ လက်မောင်းပေါင်း ကိုးရာ့ကိုးဆယ့်ရှစ်ခု ဒါမှမဟုတ် ၄၂ ခု ၁၆ ခု ဒါမှမဟုတ် ၈ ခုနဲ့ ထုလုပ်လေ့ရှိကြတာ။ အဲဒီအထဲက လက်မောင်းရှစ်ခုကတော့ အဓိကအကျဆုံးဖြစ်ပြီး လက်ပေါင်းတစ်ထောင် မျက်လုံးပေါင်းတစ်ထောင်နဲ့ အလားတူပဲ။ လက်တစ်စုံကို ဘာလို့ အမြဲတမ်း ချန်လှပ်ထားတတ်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့... ရိုးရာပုံပြင်တွေထဲမှာတော့ နောက်ဆုံးလက်တစ်စုံက မယ်တော်ကြီးကို ဒူးထောက်ရှိခိုးပူဇော်တဲ့ သက်ဝင်ယုံကြည်သူတွေရဲ့ လက်တွေဖြစ်တယ်လို့ ဆိုကြတယ်”
“တောက်... ကျက်သရေကို မရှိဘူး” စုကျန်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထသွား၏။ ပုံမှန်ဆိုလျှင် သူ ဤအကြောင်းကို သိပ်တွေးမိမည်မဟုတ်သော်လည်း ယခုလို ကြားလိုက်ရသည့်အခါတွင်မူ စိတ်ထဲ၌ တကယ်ပင် ကျောချမ်းဖွယ်ကောင်းနေတော့သည်။
ကောင်းယန်က စုတ်ပြတ်နေသောအိတ်ကို ပုခုံးပေါ်လွယ်လိုက်ရင်း သူမကို အံ့ဩတကြီး ကြည့်လိုက်၏။ “မင်းက နတ်ဘုရားတစ်ပါးနဲ့ ညားချင်လို့လား။ လူပျိုပဲဖြစ်ဖြစ် အပျိုပဲဖြစ်ဖြစ် လူဆိုတာ သိက္ခာတော့ ရှိရမယ်လေ”
စုကျန်း : ' သူ စဉ်းစားလိုက်တဲ့ အဓိပ္ပာယ်က အဲဒါမျိုးလား '
" .... မဟုတ်ပါဘူး ကျွန်တော် အဲဒီလို မဆိုလိုပါဘူး”
ကောင်းယန် : “ဒါဆိုရင် ငါကကော ဘာလို့ အဲဒီလိုလုပ်ချင်ရမှာလဲ”
ရန်မျန် : “...” တို့အဖွဲ့သားက နည်းနည်းတော့ လွန်သွားပြီမလား
ကောင်းယန်က ပြုံးလိုက်၏။ သူ၏ အမူအရာက နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်နေဆဲပင်။ သူတစ်ပါးက မိမိအပေါ် မည်မျှပင် စော်ကားမော်ကား ပြုမူပါစေ ဒေါသမထွက်တတ်သည့် လူစားမျိုး ဖြစ်ပေသည်။
သို့သော် ဤသည်က အပေါ်ယံ သရုပ်ဆောင်မှု သက်သက်မျှသာပင်။
စုကျန်းက ဤအကြောင်းကို အကောင်းဆုံး သိထားပြီးဖြစ်သလို၊ ရန်မျန်ကလည်း ကောင်းယန်သည် အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ နူးညံ့ပြီး အန္တရာယ်ကင်းမည့်သူတစ်ဦး မဟုတ်နိုင်ကြောင်း တဖြည်းဖြည်း သတိပြုမိလာခဲ့ပြီ ဖြစ်သည်။
ထိုနောက် သူတို့သုံးယောက် အပေါ်ထပ်သို့ တက်လာခဲ့ကြ၏။ ၎င်းက ရှေးဟောင်းပုံစံ ကိုးထပ်တိုက် လူနေအဆောက်အအုံတစ်ခု ဖြစ်ပြီး လှေကားထစ်များမှာ လူနှစ်ယောက် ယှဉ်လျှောက်ရုံမျှဖြင့် ကျဉ်းမြောင်းလွန်းလှသည်။
နံရံများမှာ ဆေးရောင်စုံ ကွက်တိကွက်ကြား ဖြစ်နေပြီး ဆေးသားများ ကွာကျနေကာ လူသွားစင်္ကြံရှိ တံခါးတိုင်းမှာလည်း ကြောက်မက်ဖွယ်ရာ အစိမ်းပုပ်ရောင်များ သုတ်ထားကြ၏။ စင်္ကြံလမ်းတစ်ခုလုံး ခြောက်ကပ်နေပြီး လူရိပ်လူယောင်မျှပင် မမြင်ရချေ။
စောစောက အိမ်ရှင်ဖြစ်သူက ကစားသမားများအတွက် ငါးထပ်မြောက်တွင် အခန်းများ ကြိုတင်ငှားရမ်းပေးထားကြောင်း အလွယ်တကူ ပြောခဲ့သဖြင့် သူတို့သုံးဦး အပေါ်သို့ ဆက်လက်တက်လာခဲ့ကြသည်။ တိတ်ဆိတ်ခြောက်ကပ်နေသော စင်္ကြံလမ်းမထက်တွင် သူတို့၏ ခြေသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်နေပြီး ၎င်းခြေသံများက ၎င်းတို့၏ ရင်ဘတ်ကို တိုက်ရိုက် လာရောက်နင်းခြေနေသကဲ့သို့ ခံစားရစေကာ စိတ်မသက်မသာ ဖြစ်မှုကို ပိုမိုတိုးပွားစေခဲ့ပေသည်။
စုကျန်းနှင့် ရန်မျန်က ရှေ့ကနေ လျှောက်လှမ်းခဲ့ကြပြီး လက်ပြတ်နေသော မိစ္ဆာကွမ်ရင်ရုပ်ထု ထည့်ထားသည့် စုတ်ပြတ်နေသော အိတ်ကို လွယ်ထားသည့် ကောင်းယန်ကမူ နောက်ကနေ လိုက်ပါလာခဲ့တော့သည်။
နောက်ဆုံး လှေကားထစ်ပေါ်သို့ ခြေချလိုက်စဉ်မှာပင် သူက ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်မိ၏။
ခြောက်ကပ်နေသော စင်္ကြံလမ်းမ၊ ပိတ်ထားသည့် အစိမ်းပုပ်ရောင် တံခါးချပ်များက တိတ်ဆိတ်ငြိမ်သက်လျက် ကျောချမ်းဖွယ်ကောင်းလှသည်။ တံခါးချပ်တိုင်း၏ အပေါ်ဘက်တွင် အပေါက်ငယ်လေးတစ်ခုစီ ရှိနေပြီး အိမ်နေလူများက ထိုချောင်းကြည့်ပေါက်များ၏ အနောက်ကွယ်မှနေ၍ လောဘဇောနှင့် ဆာလောင်မွတ်သိပ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကစားသမားများကို အေးစက်စွာ စိုက်ကြည့်နေကြသကဲ့သို့ပင် ဖြစ်နေလေသည်။
ကောင်းယန်၏ အကြည့်က အောက်ဘက်သို့ အနည်းငယ် ရွေ့လျားသွားရာ အိမ်တိုင်း၏ တံခါးဝတွင် ဆန်စိမ်းတစ်ခွက်စီ ချထားပြီး ထိုဆန်ခွက်ထဲ၌ အမွှေးတိုင်သုံးချောင်းစီ ထိုးစိုက်ထားသည်ကို သတိပြုမိလိုက်လေသည်။ အမွှေးတိုင်များက အဆုံးထိ လောင်ကျွမ်းသွားခဲ့ပြီဖြစ်ရာ အနီရောင် ဝါးရိုးတံ သေးသေးလေးများသာ ကျန်ရစ်တော့၏။
ငါးထပ်မြောက်ကတော့ အပေါ်တည့်တည့်မှာပင် ဖြစ်သည်။ သူတို့သုံးယောက် လှေကားထစ်အဆင်းအတက် တံခါးဝနားတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြတော့၏။
စုကျန်းက “ငါတို့က ငါးထပ်မြောက်ကို ရောက်ဖို့ နှစ်ထပ်ပဲ တက်ခဲ့ရတာ အောက်မှာ နောက်ထပ် နှစ်ထပ် ကျန်သေးတယ်ပေါ့” ဟု ဆို၏။ ယခုတစ်ကြိမ်တွင်မူ သူ အခြေအနေကို လျင်လျင်မြန်မြန်ပင် သဘောပေါက်သွားခဲ့ပြီး “ဒါဆို အဲဒီအောက်ထပ်တွေကို ဘာလို့ မြေအောက် ပထမထပ်နဲ့ ဒုတိယထပ်လို့မခေါ်တာလဲ” ဟု မေးလိုက်သည်။
ကောင်းယန်က ရှေ့သို့ လှမ်းလျှောက်ရင်း “ခေါင်းတလားပုံစံ အဆောက်အအုံမို့လို့လေ။ မြေအောက်က ယင်၊ မြေပြင်ပေါ်က ယန်ပေါ့။ ယင်နဲ့ယန်က ဒွန်တွဲတည်ရှိနေပြီး လူနဲ့သရဲက တစ်နေရာတည်းမှာ အတူတူ နေထိုင်နေကြတာ” ဟု ရှင်းပြလိုက်၏။
စုကျန်းက “ကျောချမ်းစရာကြီးဗျာ” ဟု ရေရွတ်လိုက်သည်။
ရန်မျန်က ကောင်းယန်၏ လောကုတ္တရာဆိုင်ရာ ဗဟုသုတ ကြွယ်ဝမှုကို အံ့ဩမိသလို တစ်ဖက်ကလည်း အလွန် စိုးရိမ်ပူပန်သွားခဲ့ရ၏။
ဤခေါင်းတလားပုံစံ အဆောက်အအုံ၏ ဖုန်းရွှေက အလွန်ပင် နိမိတ်မကောင်းလှပေ။ ထို့ပြင် ဂိမ်းထဲရှိ နတ်ဘုရားအဆင့်ဝင် အဆင့်မြင့် Boss ကြီးတစ်ကောင်နှင့်ပါ သွားရောက်တိုးမိခြင်းကြောင့် ၎င်းတို့မှာ ပတ်ပတ်လည် ပိတ်ဆို့မိနေသကဲ့သို့ ခံစားရပြီး ခက်ခဲမှုအဆင့်ကလည်း ထိုးတက်သွားခဲ့ရတော့သည်။
သူမအနေဖြင့် လူသစ်များအတွက် ရည်ရွယ်သည့် အခြေခံအဆင့် ကစားကွင်းထဲသို့ တကယ်ပဲ ရောက်ရှိနေရခြင်း ဟုတ်မဟုတ်ကိုပင် သံသယဝင်လာမိတော့သည်။
ဤနေရာက ဝါရင့်ကစားသမားများနှင့် အသေခံ အရန်အဖွဲ့သားများအတွက် ပြင်ဆင်ထားသည့် အဆင့်မြင့် စိန်ခေါ်မှုကွင်းတစ်ခုနှင့် ပို၍တူနေခဲ့၏။ ဝါရင့်သူများက အတွေ့အကြုံ လာရောက်စုဆောင်းကြပြီး၊ အသေခံသမားများကမူ ကြိုးစားအားထုတ်ကြသည့် သရဲတစ္ဆေများအတွက် အစာအာဟာရအဖြစ် အသုံးတော်ခံကြရသည့် သဘောပင် ဖြစ်ပေသည်။
ငါးထပ်မြောက်တွင် ကစားသမားကိုးဦးအတွက် တစ်ယောက်တစ်ခန်းစီဖြင့် အခန်းပေါင်း ကိုးခန်း ရှိနေ၏။ လှေကားထစ်နှင့် နီးသော အခန်းများကို လူဦးသွားခဲ့ပြီဖြစ်ရာ လူသွားစင်္ကြံ၏ အစွန်းဆုံးဘက်မှ အခန်းသုံးခန်းသာ ကျန်ရစ်တော့သည်။ ထိုအခန်းသုံးခန်း၏ တံခါးများမှာ ဟာလာဟင်းလင်း ပွင့်နေပြီး အခန်းတွင်းပိုင်းတစ်ခုလုံးမှာ လူသားစားသတ္တဝါကြီးများ၏ ပါးစပ်တွင်းကဲ့သို့ မှောင်အတိ ကျနေခဲ့ကာ ကစားသမားများ ရောက်ရှိနေသည့် ကျန်ရှိသော အခန်းခြောက်ခန်းမှာမူ တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြ၏။
စုကျန်းက “ငါတို့ ခွဲနေကြမှာလား” ဟု မေးလိုက်သည်။
ရန်မျန်က “အတူတူပဲ နေကြရအောင် လူများတော့ ပိုပြီး အန္တရာယ်ကင်းတာပေါ့” ဟု ပြန်လည်ဖြေကြားလိုက်လေသည်။
ကောင်းယန်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမထားပေ။ အမှန်တော့ သူနှင့်စုကျန်းမှာ မူလကတည်းက အိမ်ရှင်နှင့် အိမ်ငှား ဆက်ဆံရေးမျှသာ ဖြစ်ကြ၏။
စုကျန်းက နှစ်နှစ်စာ အိမ်ငှားစာချုပ်ချုပ်ဆိုထားပြီး ကောင်းယန်နှင့်အတူ နေထိုင်လာခဲ့သည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သည်။ သူ အပြင်သို့ ခေတ္တရွှေ့ပြောင်းနေထိုင်ခဲ့သည့် တစ်ခုတည်းသော အချိန်မှာ သူ၏အဖော် နိုင်ငံတွင်းသို့ ပြန်လာချိန်ဖြစ်ပြီး ထိုအခါမျိုးတွင် တခြားတစ်နေရာ၌ တစ်လ၊ နှစ်လခန့် သွားရောက်နေထိုင်လေ့ရှိသည်။ ထိုအချိန်မှလွဲ၍ သူက ကောင်းယန်နှင့်သာ အမြဲတူတူနေလေ့ရှိသဖြင့် ကောင်းယန်အနေဖြင့်လည်း တစ်ခန်းတည်း အတူနေရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်စရာဟု မထင်မှတ်ခဲ့ပေ။
သူတို့ကို အံ့ဩသွားစေသည်က ရန်မျန် ဖြစ်သည်။ မိန်းကလေးတစ်ဦးဖြစ်ပြီး တစ်ခန်းတည်း အတူတူနေရန် သူမက စတင်အကြံပြုလာခဲ့ခြင်းပင်။ ဤသည်က ပို၍ အန္တရာယ်ကင်းမည်ဆိုသော်လည်း တကယ်ပင် မျှော်လင့်မထားမိခဲ့ချေ။
ကောင်းယန်နှင့် စုကျန်းတို့က ကန့်ကွက်ရန်မရှိသော်လည်း ရန်မျန်ကမူ စိတ်မသက်မသာ ဖြစ်သွားပုံရ၏။ သူမက “နင်တို့ ငါ့ကို ဖျောင်းဖျဖို့ မကြိုးစားတော့ဘူးလား” ဟု မေးလိုက်လေသည်။
ကောင်းယန်က “ငါတို့ကတော့ ကိစ္စမရှိပါဘူး” ဟု အေးအေးလူလူ ပြောရင်း အနောက်ဘက်ခြမ်းရှိ အခန်းတစ်ခန်းကို ရွေးချယ်ကာ လျှောက်ဝင်သွား၏။ ရန်မျန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မကြားရသဖြင့် သူ အနောက်သို့ လှည့်ကြည့်ကာ “ဩော်... ဒါနဲ့ ငါတို့နှစ်ယောက်စလုံးက ဂေးတွေမို့လို့ စိတ်မပူပါနဲ့” ဟု ထပ်လောင်းပြောကြားလိုက်သည်။