Chapter 5( ငရဲပြည်သို့ခရီးစဉ် )
Viewers 0

Chapter ( 5 )


သူ၏ လေသံနှင့် အမူအရာက ကမ္ဘာပေါ်တွင် အရိုးရှင်းဆုံးအရာတစ်ခုကို ပြောနေသကဲ့သို့ အေးဆေးတည်ငြိမ်လွန်းလှသဖြင့် အံ့ဩနေစရာပင် မလိုတော့ချေ။


ရန်မျန်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရ၏။ သူမအနေဖြင့် ဆံပင်တူညီမလေးတွေနဲ့ ဆုံရလို့ ဝမ်းမြောက်ရမလိုလို သို့မဟုတ် အချစ်ရေးဈေးကွက်ထဲတွင် အဆင်ပြေမည့် အမျိုးသားများ ရှားပါးလာမှုကိုပဲ ညည်းတွားရမလိုလို ဖြစ်နေခဲ့ရသည်။


ကောင်းယန်က သူ ယူဆောင်လာခဲ့သည့် လက်ပြတ်နေသော လက်မောင်းရှစ်ခုရှိ ကွမ်ရင်ရုပ်ထုကို ကုတင်ခြေရင်းတွင် ချထားလိုက်ပြီး ၎င်း၏ဦးခေါင်းကို ဖုံးအုပ်ထားသော အနီရောင်ပိတ်စကိုမူ မဖယ်ရှားဘဲ ဒီအတိုင်းပဲ ထားလိုက်၏။


စုကျန်းက ထိုပိတ်စကို ဆွဲဖယ်ရန် လက်လှမ်းလိုက်သော်လည်း ကောင်းယန်က လျင်မြန်စွာပင် တားဆီးလိုက်ပြီး “မဖွင့်လိုက်နဲ့” ဟု ဆိုလိုက်လေသည်။


စုကျန်းက လိမ္မာပါးနပ်စွာဖြင့် သူ့လက်ကို ပြန်ရုပ်လိုက်ပြီး “အစ်ကိုကြီး... ဘာအကြောင်းကြောင့်လဲဟင်”


ကောင်းယန်က “အနီရောင်ပိတ်စက မကောင်းဆိုးဝါးတွေကို ပိတ်ဆို့တားဆီးပေးတယ်လေ” ဟု ရှင်းပြလိုက်သည်။


အမှန်တကယ်တော့ ဤရုပ်ထုက ကစားသမားများအတွက် ကောင်းချီးမင်္ဂလာ ဖြစ်လာမလား သို့မဟုတ် ကျိန်စာတစ်ခု ဖြစ်လာမလားဆိုသည်ကို သူကိုယ်တိုင်လည်း သေချာရေရာစွာ မသိရှိသေးပေ။


ရန်မျန်က တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးဖွင့်သံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ အတွေးစတို့ ပြတ်တောက်သွားခဲ့ရ၏။


သူတို့သုံးယောက် မော့ကြည့်လိုက်ရာ တာအိုဝတ်စုံဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် သာမန်ရိုးရိုး ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးတို့ အခန်းနံပါတ် (၃) ၏ တံခါးဝတွင် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။


ထိုလူနှစ်ဦးမှာ စကားပြောဆိုနေကြခြင်းဖြစ်သော်လည်း ကောင်းယန်တို့အဖွဲ့ကို သတိပြုမိသွားသည့်အခါတွင်မူ စကားပြောခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ၎င်းတို့အား အေးစက်စွာ စိုက်ကြည့်နေကြတော့သည်။


ငါးထပ်မြောက်၏ အခန်းဖွဲ့စည်းပုံမှာ (U) ပုံသဏ္ဌာန် ဖြစ်ပြီး အခန်းနံပါတ်များကို လက်ယာရစ်အတိုင်း ပေးထား၏။ ကောင်းယန်နှင့် သူ၏အဖွဲ့က အလယ်တည့်တည့်တွင်ရှိသော အခန်းနံပါတ် (၅) ကို ရွေးချယ်ခဲ့ကြပြီး အခန်းနံပါတ် (၄) နှင့် (၆) တွင်မူ လူမရှိချေ။ ရန်မျန်က အခန်းနံပါတ် (၆) ဆီသို့ ရုတ်တရက် လျှောက်သွားပြီး ဟာလာဟင်းလင်း ပွင့်နေသည့် တံခါးချပ်ကို ပိတ်လိုက်လေသည်။


သူမက တံခါးဝတွင် ရပ်နေရင်း တာအိုဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးကို ဘာစကားမျှမဆိုဘဲ ပြုံး၍ ကြည့်နေခဲ့၏။


အလတ်တန်းစားအရွယ် တာအိုဆရာက သူတို့၏ တုံ့ပြန်ပုံကို ဂရုတစိုက် စောင့်ကြည့်နေပြီး စိတ်ထဲမှနေ၍ အကဲဖြတ်ဆန်းစစ်ပြီးနောက် ရန်ငြိုးပြေစေရန် စတင်၍ စကားကမ်းလှမ်းလာခဲ့သည်။ “မင်းတို့ အပေါ်ထပ် ဧည့်ကြိုခန်းထဲမှာ တစ်ခုခုများ ရှာတွေ့ခဲ့လဲ” ဟု မေးလိုက်၏။


ကောင်းယန်က “အချက်အလက်ချင်း ဖလှယ်မလို့လား” ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။


တာအိုဆရာမှာ အံ့အားသင့်သွားရပြီး သူ၏မျက်နှာအမူအရာကလည်း မကျေမနပ် ဖြစ်သွားခဲ့ရတော့သည်။


ကောင်းယန်က ဆက်ပြောလိုက်သည်။ "ဒါနဲ့... ခင်ဗျားတို့အဖွဲ့ထဲကနေ ကျွန်တော်တို့သုံးယောက်ကို ဖယ်ထုတ်ထားပြီးသားဆိုတာ သိသာနေတာပဲ။ ဂိမ်းထဲမှာ ကျွန်တော်တို့ သေသွားလိမ့်မယ်လို့ ထင်နေတာမလား။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်အဖွဲ့နဲ့ကိုယ် ဖွဲ့ရုံပဲရှိတာပေါ့" သူက တာအိုဆရာကို ပျင်းရိပျင်းတွဲ ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ဆင်ယင်ကာ "ကျွန်တော်တို့ အောက်ထပ်မှာ တစ်ခုခုတော့ ရှာတွေ့ခဲ့တယ်ဗျ... အဲဒါ... လဲမလား?"


တာအိုဆရာက ကောင်းယန်ကို စိုက်ကြည့်ရင်း ခဏမျှ စဉ်းစားပြီးနောက် "မင်းတို့ဘက်က ပူးပေါင်းဆောင်ရွက်မယ်။ အမိန့်နာခံမယ် ရမ်းကားတာတွေ မလုပ်ဘူး။ ပြီးတော့ စည်းမျဉ်းတွေကို မချိုးဖောက်ဘူးဆိုရင်တော့ မင်းတို့ကို အဖွဲ့ထဲထည့်ပေးဖို့ ငါ အဆင်ပြေပါတယ်"


"မလိုပါဘူး" ကောင်းယန်က ဘာမှတုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။


တာအိုဆရာ ဆွံ့အသွားရသည်။ ကောင်းယန်အနေဖြင့် သူ့ကမ်းလှမ်းချက်ကို စဉ်းစားချင်ယောင်ဆောင်ပြလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း အခုလို ချက်ချင်းလက်ငင်း ငြင်းပယ်ခံလိုက်ရသဖြင့် သူ အရှက်ရသွားရတော့သည်။ တာအိုဆရာသည် ဒေါသတကြီးဖြင့် ကောင်းယန်နှင့် သူ့အဖွဲ့ကို ၎င်းတို့အဖွဲ့ထဲသို့ မည်သည့်အခါမျှ ပေးမဝင်သင့်ကြောင်း ပို၍ပင် အခိုင်အမာ တွေးတောမိလိုက်လေတော့သည်။


တာအိုဆရာသည် ဒေါသတကြီးဖြင့် လှည့်ထွက်သွားချင်သော်လည်း ကောင်းယန် ရှာဖွေတွေ့ရှိခဲ့သည့် သဲလွန်စများကို အလွန်အမင်း သိချင်နေမိသည်။ ထို့ကြောင့် သူက မကျေမချမ်းဖြင့်ပင် လေသံအေးစက်စက်နှင့်  "ကောင်းပြီလေ... သတင်းအချက်အလက်ချင်း လဲကြတာပေါ့။ ဒါပေမဲ့ မင်းက အရင်ပြောရမယ်—မင်း ဘာရှာတွေ့ခဲ့တာလဲ?"


ကောင်းယန်သည် ဖြစ်ပျက်ခဲ့သည့် အစီအစဉ်အသေးစိတ်များကို အချိန်ဆွဲမနေဘဲ ကွမ်ရင်ရုပ်တု၏ နောက်ဆုံးလက်တစ်စုံမှာ သက်ဝင်ယုံကြည်သူတစ်ဦးထံတွင် ရှိနေသည်ဟူသော ဒဏ္ဍာရီနှင့် 'ခေါင်းတလားတိုက်အဆောက်အအုံ' ကို ရှာဖွေတွေ့ရှိခဲ့သည့်အကြောင်းကို ပွင့်ပွင့်လင်းလင်းပင် မျှဝေပေးလိုက်သည်။


တာအိုဝတ်စုံဝတ်ဆင်ထားသည့် ထိုအသက်လတ်ပိုင်းအမျိုးသားသည် ပထမအကြောင်းအရာ (ကွမ်ရင်မယ်တော်အကြောင်း) ကို ကြားရသောအခါ ဘာတုံ့ပြန်မှုမျှ သိပ်မပြခဲ့ချေ။ သို့သော်လည်း 'ခေါင်းတလားတိုက်အဆောက်အအုံ' အကြောင်းကို ကြားလိုက်ရချိန်တွင်မူ သူ၏မျက်နှာရိပ်မျက်နှာကဲမှာ ရုတ်ခြည်းပြောင်းလဲသွားပြီး ပျက်ယွင်းအုံ့မှိုင်းသွားတော့သည်။


ကောင်းယန်က သူ့မေးစေ့ကို အသာပင့်ပြလိုက်ရင်း "ခင်ဗျားအလှည့်ပဲ"


"အိမ်ရှင်ရဲ့အမေက မကြာသေးခင်ကမှ ရောဂါနဲ့ ဆုံးပါးသွားတာ။ သူက ခြောက်ရက်မြောက်နေ့ကျရင် အမေဖြစ်သူရဲ့ ဝိညာဉ်ကို ခေါ်ယူဖို့အတွက် 'ငရဲပြည်ခရီးစဉ်' အခမ်းအနားကို လုပ်လိမ့်မယ်။ ကန်တော့ပွဲနဲ့ ထုံးတမ်းစဉ်လာသုံး ပစ္စည်းတွေကိုတော့ မနက်ဖြန်ကျရင် လာပို့ပေးမှာဖြစ်ပြီး ဆရာဖြစ်သူကတော့ ခြောက်ရက်မြောက်နေ့ကျမှ ရောက်လာလိမ့်မယ်။ အဲဒီ ငရဲပြည်ခရီးစဉ် ထုံးတမ်းစဉ်လာမှာ ကွမ်ရင်မယ်တော်ကို ပူဇော်ပသရတာ ပါဝင်တဲ့အတွက် ငါတို့ ရှာနေတဲ့ ကွမ်ရင်မယ်တော်ရဲ့ လက်က အဲဒီလာပို့မယ့် ပစ္စည်းတွေထဲမှာ ရှိနေရမယ်"


ဒါက တကယ့်ကို အရေးကြီးတဲ့ သတင်းအချက်အလက်ပဲ ဖြစ်သည်။


အသက်လတ်ပိုင်း တာအိုဆရာဘေးက ပိန်ပိန်ပုပုလူကတော့ စင်္ကြံလမ်းတစ်ဖက် မျက်စောင်းထိုးက အခန်းနံပါတ် (၈) ထဲကို အလောတကြီး ဝင်သွားပြီး အသက်လတ်ပိုင်း တာအိုဆရာကလည်း နောက်ကနေ လိုက်ဝင်ကာ တံခါးပိတ်လိုက်လေသည်။ ကြည့်ရတာ သူက လူမသိအောင် လာတွေ့တဲ့သူကို လိုက်ပို့ပေးရင်းနဲ့ ကောင်းယန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးမိသွားပုံရသည်။


ရန်မျန်က စင်္ကြံလမ်းတစ်ဖက်က အခန်းနံပါတ် (၄) တံခါးကို ပိတ်လိုက်ပြီး အခန်းနံပါတ် (၅) ထဲကို ဝင်လာခဲ့သည်။


ကောင်းယန်က တံခါးကို ပိတ်လိုက်ပြီး - "ကျန်းဝေမင်းက သံသယ ဖြစ်စရာပဲ။ မင်းတို့နှစ်ယောက်လုံး သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထားကြ"


ကျန်းဝေမင်းဆိုတာက ထိုအသက်လတ်ပိုင်း တာအိုဆရာရဲ့ နာမည်ဖြစ်သည်။ သူတို့ စောစောက ဧည့်ခန်းမထဲမှာတုန်းက မိတ်ဆက်ထားခဲ့ကြခြင်းဖြစ်သည်။ ကောင်းယန်နှင့် သူ၏ အဖော်နှစ်ယောက်က ထိုနာမည်ကို မှတ်မိနေကြပြီး သူက အိမ်နီးနားချင်း မြို့တစ်မြို့က တာအိုကျောင်းတစ်ခုရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်မှန်းလည်း သိထားကြသည်။


ကောင်းယန်က မှတ်ချက်ချလိုက်သည်။ "ဒီဂိမ်းက Level သိပ်မြင့်လွန်းတယ်။ ဒါကို 'အစပြုသူအဆင့်' လို့ ခေါ်တာက အရင်းအမြစ်တွေကို ဖြုန်းတီးပစ်သလိုပဲ"


စုကျန်းက ဇဝေဇဝါဖြစ်သွားပြီး "ဒါက အစပြုသူအဆင့် မဟုတ်ရင်... ဘာအဆင့်ကြီးလဲဗျ?"


ရန်မျန်က လေသံအေးစက်စက်ဖြင့် "လူတွေ သေတဲ့အဆင့်ပေါ့။ ဂိမ်းစကတည်းက လူနှစ်ယောက် တန်းသေသွားတာပဲ—ဒါ ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်လဲဆိုတာ မင်း သိသာပါတယ်။ ကျန့်ဝေမင်း ပြောတာမှန်သမျှ ဘာတစ်ခုမှ မယုံနဲ့။ သူက ငါတို့အားလုံးကို တွင်းထဲ ဆွဲချထားတာလည်း ဖြစ်နိုင်တယ်။ ကောင်းယန်က 'ငါတို့သုံးယောက် ဂိမ်းထဲမှာ သေလိမ့်မယ်' လို့ ပြောလိုက်တုန်းက ကျန်းဝေမင်းဘက်က ဘာတုံ့ပြန်မှုမှ မရှိဘူး။ သိသာတာကတော့ သူ့မျက်လုံးထဲမှာ ငါတို့က သေလူတွေ ဖြစ်နေပြီ။ ဒါက ဘယ်သူမှ သေမှာမဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့ စောစောက ပြောစကားနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ"


စုကျန်းက ရုတ်တရက် သဘောပေါက်သွားပြီး ကျန့်ဝေမင်းကို လျှာအရိုးမရှိ တိုင်းထွာဆဲဆိုကာ လူသူတော်ကောင်းယောင်ဆောင်၊ စိတ္တဇစိတ်ဓာတ်နဲ့ လူယုတ်မာကြီးဟု ကင်ပွန်းတပ်လိုက်တော့သည်။


"သူက တကယ်ပဲ တာအိုဆရာကော ဟုတ်ရဲ့လား?! ဘာလို့ အခုထိ မိုးကြိုး အပစ်မခံရသေးတာလဲ မသိဘူး!"


ကောင်းယန်ရဲ့ အကြည့်က အနီရောင်ပိတ်စ အုပ်ထားတဲ့ ကွမ်ရင်မယ်တော် ရုပ်ထုဆီ ကျရောက်သွားကာ သူက ရုတ်တရက် မေးလိုက်၏- "မင်းတို့ မောနေကြပြီလား?"


စုကျန်းကတော့ ပေါက်ကွဲတုန်း ရှိသေးသည် - "ငါ စိတ်တိုလွန်းလို့ မျက်စိတွေတောင် ပွင့်သွားပြီ။ ကျန့်ဝေမင်းရဲ့ နဖူးက ဆံပင်ကျဲကျဲလေးတွေကို ဆွဲပြီး သေချင်းဆိုးကြီးလို့ကို အော်ဆဲပစ်ချင်တာ!"


"ဒါဆိုရင်လည်း သွားပြီး သူ့တံခါးကို ခေါက်လေ။ ငါကတော့ အိပ်တော့မယ်"


"... "


စုကျန်း ချက်ချင်း တွန့်သွားပြီး - "ငါ မင်းနဲ့ပဲ အတူတူအိပ်မယ်၊ ရတယ်မလား?"


ကောင်းယန်က စုကျန်းကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "မင်းနဲ့ တစ်ခုတင်တည်းမှာ အတူအိပ်တာက ငါတို့ကို ကြက်ဥအမြွှာတွဲကြီးလို ဖြစ်စေမှာ ဆိုပေမဲ့လည်း... ငါက မြင့်မြတ်ပြီး ရည်မှန်းချက်ကြီးတဲ့၊ အကောင်မပေါက်သေးတဲ့ ဥလေးကွ။ အိမ်ထောင်သည် 'ဇီးရိုး'တွေဆီက အတူတူအိပ်ဖို့ ဖိတ်ခေါ်ချက်တွေကို ငါ လက်မခံဘူး"


စုကျန်းက သူ့ရဲ့ "ယန်ကော" (အစ်ကိုယန်) ရှေ့မှာ ဒူးထောက်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ဆိုဖာပေါ်မှာပဲ သွားအိပ်လိုက်လေတော့သည်။