Part 875
ထိုကလေးများထဲတွင် ညွှန်မှုးချင်တို့အိမ်မှတစ်ယောက် ၊ လက်ထောက်ညွှန်မှုးလီတို့အိမ်မှတစ်ယောက် ၊ ကောင်းဝေ့တုန်းတို့အိမ်မှနှစ်ယောက် ၊ ညွှန်မှုးဟောင်းအိမ်မှမြေး အပါအ၀င် စုစုပေါင်း အယောက်နှစ်ဆယ်လောက်ရှိသည်။ ထိုကလေးများက နှစ်ဖွဲ့ကွဲနေကြသည်။ တစ်ဖွဲ့က သန်မာချင်ယောင်ဆောင်ကြပြီး ကျန်တစ်ဖွဲ့က မိန်းကလေးများကို ကြောင်ရသည်ကို သဘောကျကြသည်။ ထိုနှစ်ဖွဲ့က ဤဧရိယာတစ်၀ိုက်တွင် အတော်လေး ဆိုးသွမ်းခဲ့ကြလေသည်။
ထိုထဲမှ သန်မာသည်ဟူသည့်အဖွဲ့က တ၀မ်ကို စိန်ခေါ်ပြီး ဖွန်ကြောင်သည့်အဖွဲ့က မိုင်ဆွေ့ကိုကြောင်မိသဖြင့် အဆုံးတွင် တ၀မ်တွယ်ခြင်းကို ခံလိုက်ရသည်။
လင်းလန်က ဖြစ်ဖြစ်ချင်းတွင် မသိဘဲ နောက်မှပြန်သိခဲ့ရတာဖြစ်သည်။ အတွယ်ခံလိုက်ရသည့်ကလေးများသည် မိဘများကို ပြန်မတိုင်ရဲကြပေ ။ အဆောင်၀န်းထဲမှ ကျန်ကလေးများနှင့် သူမကလေးများ တည့်ကြဖို့ကို လင်းလန် မျှော်လင့်မိသည်။
ယခုတော့လည်း အားလုံးအဆင်ပြေနေပါပြီလေ ၊ ထိုကလေးများက တ၀မ်ကိုတွေ့တာနဲ့ ထွက်ထွက်ပြေးနေကြတာကလွဲလို့ပေါ့ ။
" သူက ဓားကိုင်ထားပြီး ငါ့နားရွက်ကိုဖြတ်ပစ်မယ်တဲ့ "
" သူ့မျက်လုံးတွေက ကြောက်ဖို့ကောင်းလွန်းတယ် သူက တကယ် တစ်ချက်တည်းနဲ့ ငါ့လည်ပင်းကို ချိုးပစ်နိုင်လောက်တယ် "
" သူ့ဆီက အကန်မခံချင်တော့ဘူး သူက ဘာလို့အဲ့လောက် ရက်စက်ရတာလဲ ငါ့ကို အားကုန်သုံးပြီး ကန်ပစ်တာ "
အဆောင်၀န်းထဲမှ ကလေးများက သူ့အား ပေါ်တင်တစ်မျိုး ကွယ်ရာတစ်ဖုံ ပြောနေကြသော်လည်း တ၀မ်က ဂရုမစိုက် ။ သူတစ်ယောက်တည်းဖြစ်နေလည်း သူ့ညီလေးညီမလေးတွေ ရှိနေတာပဲဟာ ။
တစ်မိသားစုလုံး ၀ိုင်းဖွဲ့ကာ အသားကင်နေကြသည်။ ဟန်ချင်စုန့်က မီးသွေးများကို မ်ိီးညှိပြီးနောက်တွင် နီနီရဲရဲ မီးသွေးများအပေါ် အကင်ပြားကို တင်လိုက်သည်။ ဘေးတွင် အုတ်ခဲများကို ဆင့်ထားတာဖြစ်သည်။
ကလေးများက သူတို့ဘာသာပဲ အသားများကို တံစို့ထိုးကာ ကင်နေကြသည်။ အကင်တံများက ရှောင်၀မ်၏လက်ချောင်းတစ်လုံးစာလောက်ရှိပြီး အနေတော်ပဲဖြစ်သည်။
ဟန်ချင်စုန့်က လင်းလန်နှင့် သူ့အတွက် ကင်နေသည်။
ကောင်းယွီ လာပို့သွားသည့်အထုပ်ကို လင်းလန်ဖြည်ကြည့်လိုက်သည်။ " ဇီရာစေ့တွေပဲ "
ဇီရာနဲ့ အသားကင်က တွဲဖက်တွေဖြစ်ပြီး စမှုန်စပါးပါ ထည့်လိုက်ပါက အကောင်းဆုံးပင် ။
စန်း၀မ်နှင့် ရှောင်၀မ်က ပြေးလာသော်လည်း တ၀မ်က ကာထားပြီးတားသည်။ မဟုတ်ပါက ဒီနှစ်ယောက်လက်ချက်ဖြင့် အကုန်ကုန်သွားပေလိမ့်မည် ။
အား၀မ်က ပန်းကန်လုံးယူလာပေးပြီး ဇီရာစေ့များကို ထည့်လိုက်သည်။ " မားမား ဘယ်လိုလုပ်မှာလဲ "
လင်းလန် : " ကျက်တော့မှ အပေါ်က ဖြူးလိုက်လေ အရင်ဆုံး အချဥ်နဲ့ဆီနဲ့ကို အရင်သုတ်ပေးဦးနော် "
အိမ်ထိန်းကြီး အား၀မ်ရှိနေသဖြင့် ကျန်ကလေးများက အချဥ်နှင့် ဆီများကို မဖြုန်းရဲကြပေ ။ အား၀မ်ကသာ ဒိုင်ခံသုတ်ပေးနေသဖြင့် အလေအလွင့် မရှိချေ ။ သုတ်ပြီးနောက် ကင်ကာ အသားကျက်မှ အား၀မ်က ဇိီရာစေ့များကို ဖြူးပေးသည် ။
ရှောင်၀မ် : " အား၀မ် သားကိုလည်း ဖြူးပေးဦး "
အား၀မ်က ကြည့်လိုက်ပြိးနောက်တွင် " မကျက်သေးဘူး အရင်ကင်လိုက်ဦး "
" ဒါကရပြီ " စန်း၀မ်က ကင်ပြီးသွားပြီဖြစ်၍ အား၀မ် ဖြူးပေးလိုက်သည်။
သိုးသားနှင့် ဇီရာစေ့တွဲထားတာဖြစ်၍ အနံ့မွှေးကာ စားလို့လည်း အလွန်ကောင်းပေသည်။ သိုးသား၏ ချိုသည့်အရသာအား ဇီရာစေ့က ပို၍ကောင်းသွားစေ၍ဖြစ်သည်။ စားကြည့်ပြီးနောက်တွင် အတော်လေး လျှာလည်သွားစေသည်။" အရသာရှိတယ် တကယ်ကို စန်း၀မ်က အကင်ကင်တဲ့နေရာမှာ အတော်ဆုံးပဲ " စန်း၀မ်က ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေ၏။
လင်းလန် ပန်ကိတ်များကိုပါ ကင်လိုက်သည်။ ခဏအကြာတွင် ထိုအရာများက အပြင်၌ ကြွပ်ကြွပ်ရွရွလေးဖြစ်လာမည်ဖြစ်ပြီး အထဲတွင်ကား နူးနူးညံ့ညံ့အတိုင်း ရှိနေပေလိမ့်မည် ။ အသားကင်နှင့်အတူ တွဲဖက်စားလို့ကောင်းသည့် အစားအစာပင်ဖြစ်ချေသည်။
ထို့အပြင် လင်းလန်က အာလူးကြော် ၊ ကန်စွန်းဥကြော်နှင့် ဟင်းနုနွယ်ကြော်များကိုပါ အအီပြေစေရန် ပြင်ထားသေးသည်။
ဆောင်းရာသီဖြစ်သော်လည်း အသားကင်က ပူနေသဖြင့် လင်းလန်တို့မိသားစုမှာ ချွေးတစ်လုံးလုံးထွက်နေကြသည်။
ရှောင်၀မ်က သိုးသားကို တစ်ကိုက်ကိုက်လိုက်ပြီး ပြောသည်။ " အား အရမ်းအရသာရှိတာပဲ ဘယ်တော့မှ ရိုးမသွားဘူး"
မိုင်ဆွေ့ကစသည်။ " ရှောင်၀မ်က အခုကြ မကြောက်တော့ဘူးလား "
ရှောင်၀မ်က ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေသည်။
" ဘယ်တုန်းကမှ မကြောက်ပါဘူး ကြက် ၊ နွားနဲ့ ခွေးသားကိုပဲ မစားရဲတာ ဒါပေမယ့် ၀က်သားနဲ့ သိုးသားကိုတော့ သားက အရမ်းကြိုက်တာ "
ရှောင်၀မ်က အမဲသားမစားပေ ။ ခိုင်းနွားများဖြစ်၍ မစားရက်ဟုဆိုသည်။
စန်း၀မ်က အားရပါးရစားနေသဖြင့် ပါးစပ်၌ဆီကွက်နေသည်။
" ရှောင်၀မ် နောက်ဆိုရင် မင်း အမဲသားစားလို့ရတော့မှာ နွားတွေကို အသားအတွက်ဆိုပြီး အထူးမွေးတဲ့နေရာတွေ ရှိနေပြီတဲ့ သူတို့က အလုပ်လည်း မလုပ်ကြရဘူး " ရှောင်၀မ်နှင့် ကျန်လူများက စိတ်၀င်စားသွားကြသည်။
" အလုပ်မလုပ်ကြရဘူးလား "
" နွားတွေက အလုပ်လုပ်တာတော်တယ်လေ အလုပ်မခိုင်းဘူးဆိုရင် ဘာလို့မွေးကြမှာလဲ "
နွားစာဖိုးက တစ်နှစ်တစ်နှစ် နည်းတာမှမဟုတ်တဲ့ဟာ ။
စန်း၀မ် : " စားဖို့လေ "
" ၀ါးးး ဘယ်သူက အဲ့လိုလုပ်မှာလဲ လူလတ်တန်းစားတွေက အဲ့လိုမလုပ်နိုင်ဘူးလေ "
စန်း၀မ်က ရယ်လိုက်သည်။ " မွေးတဲ့သူကတော့ မွေးကြတာပဲလေ "
ရှောင်၀မ် : " ဒါဆို သူတို့က ဂျုံဖြူခေါက်ဆွဲကိုပါ စားနိုင်တဲ့သူတွေလား "
စန်း၀မ် : " ခေါက်ဆွဲရော ပေါင်မုန့်ရော ဖြစ်ချင်ဖြစ်မှာပေါ့ နောက်ကြမှ ငါ သွားကြည့်ပြီး ပြန်ပြောပြမယ် "
အား၀မ် : " ဟင်နရီက သူတို့မှာ ကြက်အကြီးကြီးတွေ ရှိတယ်လို့လည်း ပြောတယ်ဆို "
" အင်း သူပြောတာတော့ အကြီးကြီးပဲတဲ့ သားတော့ မယုံပါဘူး ကြက်တစ်ကောင်က ဘယ်လောက်ကြီးနိုင်မှာ မို့လို့လဲ တမင်ပြောနေတာပဲနေမှာပါ "
လင်းလန် ရယ်လိုက်မိသည်။ ဟင်နရီက ကြက်ဆင်ကို ပြောနေခြင်းဖြစ်လောက်ပေသည်။ ချဲ့ကားနေတာ မဟုတ်လောက်ပေ ။
သူတို့စကားကောင်းနေစဥ်တွင် တံခါးခေါက်သံကို ကြားလိုက်ကြရသည်။
အား၀မ်က တံခါးဖွင့်ရန် ထသွားသည်။ လမ်းထောင့်၌ မီးလုံးရှိသဖြင့် အရမ်းကြီး မလင်းသော်ငြား ကောင်းကောင်းတော့ မြင်ရသေးပေသည်။
ရောက်လာသူမှာ လျိုဟောင်ကျဲဖြစ်သည်။ " ပိုက်ဆံလာပေးတာ မင်းအဖေနဲ့အမေ အိမ်မှာရှိလား "
အား၀မ်က နှုတ်ဆက်ပြီးနောက်တွင် လျိုဟောင်ကျဲအား အထဲသို့၀င်ခိုင်းသည်။ တံခါးပြန်ပိတ်မည်အလုပ်တွင် အိမ်ပြင်၌ ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးကလည်း အား၀မ်ကို တွေ့သွားပြီး လန့်သွားကာ အကြည့်လွှဲသွားလေ၏။
အား၀မ်လည်း ဒီအတိုင်းပဲနေမှာပါဟု တွေးပြီး တံခါးပြန်ပိတ်မည်လုပ်လိုက်သော်လည်း ထိုတစ်ယောက်က ပြေးလာသည်။
အား၀မ် : " ကိစ္စရှိလို့လား "
ထိုမိန်းကလေးက ပါးများရဲကာ ရှက်နေလေ၏။
" ဟန်-ဟန်၀မ်ကော အိမ်မှာရှိလား "
အား၀မ် အိမ်ထဲသို့ လှမ်းအော်လိုက်သည်။ " အစ်ကိုကြီး အစ်ကိုကြီးကို လာရှာနေတယ် "
တ၀မ်က ချက်ချင်းထွက်လာသည်။ " ဘယ်သူလဲ " ကြည့်လိုက်သည့်အခါတွင် အေးလွန်းလွန်းလို့လားမသိ ပါးများရဲနေသော ကောင်မလေးတစ်ယောက်ကို တ၀မ် တွေ့လိုက်ရသည်။ " ဘာကိစ္စရှိလို့လဲ "
ကောင်မလေးက စိတ်လှုပ်ရှားနေသဖြင့် လက်များတုန်နေပြီး တ၀မ်အား အိတ်တစ်အိတ်ကို ထိုးပေးပြီး ထွက်ပြေးသွားသည်။
တ၀မ် နားမလည်နိုင်ပါ ၊ ဘာလုပ်သွားတာလဲ ။
အား၀မ်က ပြုံးစိစိဖြစ်နေသည်။
တ၀မ်က သူ့ကိုပြုံးစိစိကြည့်နေသော အား၀မ်ထံ အိတ်ကိုပြန်ထိုးပေးသည်။ " မင်း ယူလိုက် "
အား၀မ် : " ဟင့်အင်း အစ်ကိုကြီးကိုပေးသွားတာကို ဘာလို့ ကျွန်တော့်ကိုလာပေးနေတာလဲ "
တ၀မ် : " ရန်ပွဲဆိုရင် ငါ့ဟာ ဒါမျိုးဆိုရင် မင်းဟာပဲ "
Xxxx
Part 876
အား၀မ်မှာ ပွဲကြည့်ချင်၍ ရပ်ကြည့်နေခဲ့တာဖြစ်သော်လည်း အစ်ကိုဖြစ်သူထံမှနေ အတင်းအကြပ် ပစ္စည်းထိုးပေးသည်ကို ခံလိုက်ရသည်။ ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် သတင်းစာပတ်ထားသော ဖိနပ်ခုံကို တွေ့လိုက်ရသဖြင့် " နေပါဦး " ဟု အား၀မ် လှမ်းအော်လိုက်သည်။
ထိုအခါ ကောင်မလေးက ပို၍မြန်မြန်ပင် ထွက်ပြေးသွားသည်။
အား၀မ် : " ....... " ဖိနပ်ခုံကို အားလူပူတစ်ခုလို ဘာလို့သူ့လက်ထဲ လာထည့်ပေးနေကြတာတုန်း ။ မိန်းကလေးများက သဘောကျနေသော ယောက်ျားလေးများကို ချစ်သက်လက်ဆောင်အဖြစ် ပေးကြခြင်းဖြစ်သည်ကို အား၀မ်သိသည်။
" အစ်ကိုကြီး အဲ့ဒါက ဘယ်သူလဲ "
တ၀မ်က ပြန်ဖြေသည်။ " မသိဘူး " အား၀မ် အိမ်ထဲပြန်၀င်လိုက်သည့်အခါတွင် လျိုဟောင်ကျဲက လင်းလန်တို့နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
လင်းလန်က လျိုဟောင်ကျဲအား အသားကင်စားရန် ဖိတ်နေသည်။
လျိုဟောင်ကျဲက ပြုံးပြကာ မစားတော့ဘူးဟုငြင်းသည်။
" မရီး ကျွန်တော် စားပြီးပါပြီ အိမ်မှာက ကလေးတွေရှိတော့ စောစောစားဖြစ်သွားတာ "
လျိုဟောင်ကျဲက ပိုက်ဆံပေးရုံသာ လာခဲ့တာဖြစ်သည်။ လင်းလန်တို့မိသားစုနှင့် ရံဖန်ရံခါ ပွဲများတွင်သာ တွေ့ကြတာဖြစ်ပြီး စကားအနည်းငယ်လောက်သာ ပြောဖူးတာဖြစ်သည်။
လင်းလန်အား ပိုက်ဆံပေးပြီးနောက်တွင် လျိုဟောင်ကျဲက ဟန်ချင်စုန့်ကိုမေးသည်။
" ဟန်ကော စက်ရုံက ကျွန်တော့်၀မ်းကွဲက ရန်ဖြစ်လို့အဖမ်းခံလိုက်ရတယ် ဘယ်လိုလုပ်ရမလဲ "
ဟန်ချင်စုန့် : " ပြည်သူ့လုံခြုံရေးဗျူရိုက်ို သွားမေးကြည့်လိုက် "
သူက အလုပ်အကြောင်းကို အိမ်တွင် ဘယ်တုန်းကမှ မပြောခဲ့ပေ ။ အခြားသူများကလည်း သူ့အကျင့်ကို သိသဖြင့် ဘယ်သူကမှ အစမဖော်ရဲကြ ။ ယခုတွင်မူ သူ့ကိုလာမေးရဲသူတစ်ယောက် ရှိလာပြီဖြစ်သည် ။
လျိုဟောင်ကျဲ : " အထင်မလွဲပါနဲ့ စန်းကော ကျွန်တော်က အဆက်အသွယ်လိုချင်လို့ မဟုတ်ပါဘူး မေးကြည့်ချင်ရုံပါ ရန်ပွဲထဲမပါဘဲ အဖမ်းခံလိုက်ရတာဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိလို့ပါ "
ဟန်ချင်စုန့် : " မပါရင် ဘာလို့အဖမ်းခံရမှာလဲ "
လျိုဟောင်ကျဲက ပြုံးပြကာ ပြန်ဖြေသည်။ " ပြောလည်း မယုံကြဘူးလေ ရင်းနှီးနေကြတော့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုပြီး ပါသွားတာ "
" ပြည်သူ့လုံခြုံရေးဗျူရိုက လျိုကျန်းယွင်ကို သွားရှာကြည့်လိုက် "
လျိုကျန်းယွင်က ခေါင်းဆောင်ဖြစ်နေပြီဖြစ်၍ သူ့တွင် ဆုံးဖြတ်ချက်ချနိုင်သော အာဏာရှိလေသည်။
လျိုဟောင်ကျဲ : " စန်းကော ဒီိကိစ္စက ခရိုင်နဲ့မဆိုင်ဘူး ကွန်မြူနတီလက်အောက်မှာ ဖြစ်သွားတာ " ကွန်မြူနတီနှင့် သက်ဆိုင်သည်ကိုမူ ဟန်ချင်စုန့်က ဆုံးဖြတ်နိုင်သည်။
လျိုဟောင်ကျဲက သူတို့က အမျိုးတွေပဲမို့ ဘယ်သူမဆို အကူအညီတောင်းရင် ကူညီပေးမှာပဲလို့ တစ်ထစ်ချတွက်ထားတာဖြစ်သည်။ သို့သော်လည်း ဘယ်သူမဆိုဟူသည့် လူစားမျိုးထဲတွင် ဟန်ချင်စုန့်မပါပေ ။
ဟန်ချင်စုန့် : " အဲ့ဒါဆိုရင် လော့ဟိုင်ချန်ကို သွားမေးကြည့်လိုက် "
လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်က ဟန်ချင်စုန့်လက်အောက်မှ ခေါင်းဆောင်များဖြစ်သည်။
ဟန်ချင်စုန့်က တိုက်ရိုက်၀င်မပါချင်ဘူးဆိုသည်ကို သဘောပေါက်သွားသဖြင့် လျိုဟောင်ကျဲလည်း နှုတ်ဆက်ပြီး ထွက်လာလိုက်သည် ။ တ၀မ်က သူ့ကို တံခါးအထိ လိုက်ပို့ပေးသည်။
တ၀မ် တံခါးပြန်ပိတ်ပြီးသွားသည့်အခါတွင် လျိုဟောင်ကျဲ နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ သူက ဒီနှစ်တွေထဲမှာ လင်းလန်တို့နှင့် ပိတ်ရက်များတွင်လည်း တွေ့ဖြစ်ကြသဖြင့် သူတို့ချင်း ရင်းနှီးနေကြပြိိဟု ထင်ထားတာဖြစ်သည်။ သို့သော်လည်း ယခုလို ကိစ္စအသေးလေးကိုပင် မကူညီပေးကြပေ ။ ထူးဆန်းလွန်းသည်။ လင်းလန်က ဖော်ဖော်ရွေရွေလည်းရှိပြီး တော်လှန်ရေးကော်မတီမှ ၀န်ထမ်းများနှင့်လည်း ခဏလေးအတွင်း အံ၀င်ခွင်ကျဖြစ်သွားတာပဲကို ဘာလို့သူကို့ကြ အရမ်းအေးတိအေးစက် ဖြစ်နေရတာလဲ ။
တွေးကြည့်ပြီးနောက်တွင် လျိုဟောင်ကျဲ တတိယထပ်သို့တက်သွားပြီး တံခါးခေါက်လိုက်သည်။
မြောင်ဟုန်ယင်း : " ဘယ်သူလဲ "
လျိုဟောင်ကျဲ ပြုံးပြကာ ပြန်ဖြေလိုက်သည်။ " ကျွန်တော်ပါ မရီး "
မြောင်ဟုန်ယင်း : " စာရေးလျိုပါလား လာလေ "
လက်ထောက်ညွှန်မှုးလီက အိမ်မှာမရှိပေ ။ မြောင်ဟုန်ယင်းနှင့်ကလေးများသာ ညစာစားနေကြတာဖြစ်သည်။
လျိုဟောင်ကျဲ : " သိုးသားနံ့တွေရနေလို့ ကျွန်တော်က တော်လှန်ရေးကော်မတီကလူတွေအကုန် ပွဲကျင်းပနေတာလားလို့ ထင်နေတာ "
ထိုအခါ မြောင်ဟုန်ယင်းက မျက်နှာပျက်သွားသည်။ " နင့်ရဲ့ အစ်ကိုသုံးနဲ့သူ့မိန်းမက ငါတို့ကို မပေးဘူးလေ "
လျိုဟောင်ကျဲ ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်မိသည်။ " မရီးရာ ရှက်တော့ရှက်ပါတယ် ဒါပေမယ့် စန်းကောတို့လင်မယားက လူကောင်းတွေပါ "
မြောင်ဟုန်ယင်း : " ဘာကိစ္စရှိလို့လဲ "
လျိုဟောင်ကျဲ ဟန်ချင်စုန့်ကို ပြောခဲ့သည့်အတိုင်း ပြန်ပြောပြလိုက်သည်။
မြောင်ဟုန်ယင်း : " အဲ့ကိစ္စလောက်နဲ့ ငါ့ဆီရောက်လာတာလား နင့်အစ်ကိုရှိတယ်လေ "
လျိုဟောင်ကျဲ : " စန်းကောအကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့ မရီးရာ သူက ဒီိလိုမျိုးတွေကို ဘယ်တော့မှ မကူညီပေးဘူးလေ "
မြောင်ဟုန်ယင်းက နှာခေါင်းရှုံ့ပြသည်။ " သိတာပေါ့ တစ်ခြားလူတွေကိုကြ သိုးသားပေးပြီး ငါ့ကိုကြ မပေးဘူးလေ သူက သူ့ကိုယ်သူ တော်လှတတ်လှပြီဆိုပြီး ဘ၀င်မြင့်နေတာ အကူအညီလေးတောင်းတာတောင် မကူညီပေးဘူး ငါတို့ရဲ့ လောင်လီကတော့ အဲ့လိုမဟုတ်ပါဘူး "
လျိုဟောင်ကျဲ အ၀တ်ကူပွန်များကိုထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ " အထည်စက်ရုံမှာ အထည်အသစ်တွေ ရောက်လာတယ်တဲ့ နှစ်သစ်ကူးအတွက် အင်္ကျီအသစ်တွေ ချုပ်ဖို့အတော်ပဲပေါ့ မရီးလည်း ညစာဆက်စားတော့လေ ကျွန်တော် မနှောင့်ယှက်တော့ဘူး "
မြောင်ဟုန်ယင်းက သူ့ကိုအပြင်ထိ လိုက်ပို့သည်။ " စိတ်ချ ငါ လောင်လီနဲ့ ပြောထားလိုက်မယ် "
လျိုဟောင်ကျဲ ထွက်လာပြီးနောက် ပလက်ဖောင်းနားတွင် ရပ်လိုက်သည်။ ခြံ၀င်းထဲ၌ အသားကင်အနံ့များအပြင် ဇီရာနံ့များကိုပါ ရနေပြီး ကလေးများ၏ ရယ်မောနေသံများကိုပင် ကြားနေရသည်။ တကယ်ကို ချဥ်းကပ်ဖို့ မလွယ်တာပဲ ။
ဟန်ချင်စုန့်က မကူညီပေးလောက်ဘူးဆိုသည်ကို သူ သိသည်။ လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူတို့ ပြန်တည်ဆောက်ထားသည့် ဆက်ဆံရေးက ဘယ်လိုအခြေအနေရှိသည်ကိုသာ သိချင်ခဲ့တာဖြစ်သည်။ အခုအတိုင်းဆိုရင် အပေါ်ယံကပဲ ပြေလည်နေတာဖြစ်လောက်ပေသည်။
သူက အပေါ်ယံဟု ထင်နေသော်လည်း လင်းလန်အတွက်က ထိုအပေါ်ယံသည်ပင် လွယ်ကူမနေခဲ့ချေ ။
ပြောရပါက သူမက ဟန်ကျင်းယုနှင့် ဘယ်တော့မှ မပတ်သက်ချင်တော့ဘူးဆိုသည်ကို အတည်ပြောခဲ့တာဖြစ်သည်။
စားသောက်ပြီး၍ မီးသွေးများနှင့် ဆော့နေသော ကလေးများကိုကြည့်ရင်း လင်းလန် ဟန်ချင်စုန့်အား ပြောလိုက်သည်။
" စန်းကော အဲ့တုန်းက ကျွန်မ ပြောခဲ့တယ်မလား ရင်းနှီးလာရင် အခွင့်အရေးယူလာလိမ့်မယ်ဆိုတာလေ အခုပဲကြည့်ပါလား "
ကေဒါတစ်ယောက်အတွက် ယခုလိုကိစ္စမျိုးက ခက်ခဲသည်။ မိတ်ဆွေများ ဆွေမျိုးများက ပြဿနာကြုံလာပါက အစားအစာများ ပိုက်ဆံများကို လာချေးငှားခြင်းအပြင် ခုနကလို အကူအညီမျိုးကိုလည်း လာတောင်းတတ်ကြသည်။ သူမတို့က မကူညီဘဲ ငြင်းလိုက်ပါက အသည်းမာသည်ဟု အပြစ်တင်ခံရတတ်ပြီး ကူညီပေးလိုက်ပါကလည်း တစ်ခါကနေနှစ်ခါ နှစ်ခါကနေသုံးခါ ဖြစ်လာတတ်လေသည်။
ဘယ်သူပဲဖြစ်ဖြစ် ထိုသို့လာလုပ်သည်ကို လက်မခံနိုင်သဖြင့် လင်းလန် ဟန်ချင်စုန့်၏ခံယူချက်ကို သဘောကျသည်၏ အေးတိအေးစက်ဖြင့် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘဲ လုပ်စရာရှိသည်ကိုသာ တစ်စိုက်မတ်မတ်လုပ်တတ်တာမျိုးက ကောင်းသည်။ ပြဿနာရှိပါက ပြည်သူ့လုံခြုံရေးဗျူရိုက်ိုသာ သွားခိုင်းတတ်လေသည်။ မိဘများဖြစ်နေလျှင်တောင် အိမ်သို့လာပြီး အခွင့်အရေးယူခွင့်မပေးချေ။
သို့ဖြစ်၍ လင်းလန် စိတ်အေးမိသည်။ သူတို့မိသားစုက အခြားမိသားစုများလို သူလုပ်ငါလုပ်ကို စောင့်နေကြခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထသမားများဖြစ်သည် ။
သူမတို့မိသားစုက အာဏာတွေ ဂုဏ်ထူးရာထူးတွေ မရှိလည်း ယခုလိုပဲ အေးအေးချမ်းချမ်း နေနိုင်ဖို့ လင်းလန်မျှော်လင့်သည်။
ဟန်ချင်စုန့်က ညွှန်မှုးပဲလုပ်လုပ် အသားကင်ပဲရောင်းရောင်း သူမအတွက် အရေးမပါပါ ။ အလုပ်ဖြစ်နေပြီး ကြိုးကြိုးစားစားသာ လုပ်နေမည်ဆိုပါက အားလုံးရသည်။
ဟန်ချင်စုန့် : " လျိုဟောင်ကျဲက မိတ်ဆွေများတယ် "
လင်းလန် : " ဘာဖြစ်လို့လဲ အထည်စက်ရုံမှာ သူ့လိုပဲ အကူအညီလိုနေတဲ့သူတွေ အများကြီးရှိလို့လား "
ဟန်ချင်စုန့်က ပြန်မဖြေပဲ " လမ်းသွားလျှောက်ကြရအောင် " ဟုဆိုသည်။
လင်းလန် : " ရှင် သိပ်လည်းမစားဘဲနဲ့ "
ဟန်ချင်စုန့် : " စားပါတယ် အသားကင်အပြင်ကို ပန်ကိတ်သုံးချပ်ပါ စားလိုက်တာ "
လင်းလန် : " ...... " စားတာမြန်လွန်းလို့ သူမ မမြင်လိုက်တာများလား ။
ဟန်ချင်စုန့်က လင်းလန်အား ကုတ်အင်္ကျီ၀တ်ပေးပြီး သိုးမွှေးလည်ပတ်ကို ပတ်ပေးပြီးမှ လက်ကိုဆွဲကာ ခေါ်သည်။
Xxxx